မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယောဘကျမ်းမှ ပေါ်လွင်ချက်များ

ယောဘကျမ်းမှ ပေါ်လွင်ချက်များ

ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၏

ယောဘ​ကျမ်း​မှ ပေါ်လွင်​ချက်​များ

ယခု အာရေဗျ​ကျွန်းဆွယ်​ဟု​ခေါ်​သော ဥဇ​ပြည်​တွင် ဘိုးဘေး​ယောဘ နေထိုင်​သည်။ ထို​အချိန်တွင် ဣသရေလလူ​မျိုး​များသည် အီဂျစ်​ပြည်​တွင် နေထိုင်​လျက်​ရှိသည်။ ယောဘသည် ဣသရေလ​လူမျိုး​တစ်ဦး​မဟုတ်သော်လည်း ယေဟောဝါ​ဘုရားသခင်​ကို ကိုးကွယ်​သူ​တစ်ဦး​ဖြစ်သည်။ သူနှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​က “မြေကြီး​ပေါ်မှာ သူနှင့်​တူသော​သူ​တစ်ယောက်မျှ​မရှိ။ စုံလင်​ဖြောင့်မတ်​ပေ​၏။ ဘုရားသခင်​ကို ကြောက်ရွံ့​သော​သူ၊ မကောင်းသော​အကျင့်ကို​ရှောင်​သော​သူ​ဖြစ်သည်” ဟု​ဆို​သည်။ (ယောဘ ၁:၈) ယင်းသည် ယေဟောဝါ​၏ ထင်ရှားသော ကျေးကျွန်​နှစ်ဦး​ဖြစ်သည့် ယာကုပ်​သား ယောသပ်​နှင့် ပရောဖက်​မောရှေ​တို့​စပ်ကြား​အချိန်ပိုင်း​တွင် ဖြစ်​ရမည်။

ယောဘ​ကျမ်း​ကို ရေးသားခဲ့​ဖွယ်​ရှိသည့် မောရှေ​သည် ဥဇ​ပြည်​အနီး မိဒျန်​ပြည်​တွင် အနှစ် ၄၀ နေထိုင်​စဉ်​ကာလ​က ယောဘ​အကြောင်း သိရှိ​ခဲ့​ခြင်း​ဖြစ်​နိုင်​သည်။ တောကန္တာရ​တွင် နှစ်ပေါင်း ၄၀ လှည့်လည်​ပြီး​ခါနီး ဥဇ​ပြည်​အနီး​သို့ ဣသရေလလူ​မျိုး​များ​ရောက်ချိန်​တွင် ယောဘ​၏​နောက်ဆုံး​နှစ်များ​အကြောင်း မောရှေ ကြားသိ​ခဲ့​ပေမည်။ * ယောဘ​၏​အဖြစ်အပျက်​ကို အလွန်​လှပ​စွာ​ရေးဖွဲ့ထား​ရာ ဤ​မှတ်တမ်း​ကို အလွန်​လက်ရာမြောက်​သော အရေးအသား​အဖြစ် သတ်မှတ်​ကြသည်။ သို့သော် ထို​ထက်မက​ပါ၊ ယင်းသည် ‘လူကောင်း​များ အဘယ်ကြောင့် ဆင်းရဲခံ​ရသနည်း။ ဆိုးသွမ်းမှု​များ​ကို ယေဟောဝါ အဘယ်ကြောင့် ခွင့်ပြု​ထား​တော်​မူ​သနည်း။ မစုံလင်​သော​လူသားများ​သည် ဘုရားသခင်​အပေါ် သမာဓိ​စောင့်ထိန်း​နိုင်​ပါ​မည်​လော’ စ​သော​မေးခွန်းများကို ဖြေဆို​ပေး​သည်။ ဘုရားသခင့်​မှုတ်သွင်းခံ​နှုတ်မြွက်​စကားတော်​၏ တစ်စိတ်​တစ်ပိုင်း​ဖြစ်သော​ကြောင့် ယောဘ​ကျမ်း​ပါ​အကြောင်းအရာ​သည် ယနေ့​ထိ​တိုင် အသက်ရှင်ပြီး တန်ခိုး​နှင့်​ပြုပြင်​ဆဲ​ဖြစ်​လေ​သည်။—ဟေဗြဲ ၄:၁၂

“ငါ​ဖွား​သော​နေ့ရက် ပျက်စီး​ပါစေ” (ယောဘ ၁:၁–၃:၂၆)

တစ်နေ့​တွင် စာတန်​သည် ဘုရားသခင်​ရှေ့မှောက် ယောဘ​၏​သမာဓိကို စိန်ခေါ်​ခဲ့​သည်။ ယေဟောဝါ​သည် စိန်ခေါ်ချက်​ကို​လက်ခံ​ပြီး ယောဘ​အပေါ် ဘေးဆိုး​တစ်ခု​ပြီး​တစ်ခု ကျရောက်​စေရန် စာတန်​ကို ခွင့်ပြု​ခဲ့​သည်။ သို့သော် ယောဘသည် ‘ဘုရားသခင်​ကို​မစွန့်ပယ်’ ခဲ့​ပေ။—ယောဘ ၂:၉

ယောဘ​၏​အဖော်​သုံးဦး​ရောက်လာ​ပြီး “သူ့ကို​နှစ်သိမ့်” ပေး​ကြသည်။ (ယောဘ ၂:၁၁) “ငါ​ဖွား​သော​နေ့ရက်​ပျက်စီး​ပါစေ” ဟု ယောဘ​စ​မပြော​မချင်း သူတို့သည် စကား​တစ်ခွန်း​မျှ​မပြော​ဘဲ သူနှင့်​အတူ​ထိုင်​နေကြ​သည်။ (ယောဘ ၃:၃) သူသည် “အလင်း​ကို​မမြင်​ရသော​သူငယ်​ကဲ့သို့” သို့​မဟုတ် လျှော​မွေး​သောက​လေး​တစ်ဦး​ကဲ့သို့ ဖြစ်​လို​ခဲ့​သည်။—ယောဘ ၃:၁၁၊ ၁၆

ကျမ်းစာ​မေးခွန်းများ အဖြေ–

၁:၄—ယောဘ​၏​သားသမီး​များ  မွေးနေ့ပွဲ​ကျင်းပ​ခဲ့​သလော။ မ​ကျင်းပ​ခဲ့​ပါ။ ဤ​အခန်းငယ်​တွင် ဖော်ပြ​ထားသော “နေ့” ၏ မူရင်း​စကားလုံး​ကို အချို့​က “မွေးနေ့” ဟု အဓိပ္ပာယ်​ကောက်​မှား​ကြသည်။ သို့သော် “နေ့” နှင့် “မွေးနေ့” ၏​မူရင်း​ဟေဗြဲ​စကားလုံး​များ​မှာ ကွဲပြား​ပြီး တစ်ခုစီ​တွင် အဓိပ္ပာယ်​တစ်မျိုးစီ​ရှိသည်။ (ကမ္ဘာဦး ၄၀:၂၀) ယောဘ ၁:၄ တွင် “နေ့” ဟူသော​စကားလုံး​ကို​သုံး​ထားပြီး နေ​ထွက်ချိန်​မှ နေဝင်ချိန်​ကြားကာလ​ကို ဖော်ပြ​သည်။ ယောဘ​၏​သား​ခု​နစ်​ယောက်​တို့သည် မိသားစု,စုရုံး​ပွဲ​ကို တစ်နှစ်​တစ်ကြိမ် ခု​နစ်​ရက်​ကျင်းပ​ခဲ့​ပုံ​ရသည်။ ပွဲ​ကျင်းပ​နေစဉ် သား​တစ်ဦးစီ​သည် မိမိ​အလှည့်ကျ​သည့် နေ့တွင် “အသီးအသီး” မိမိတို့​အိမ်​တွင် ဧည့်ခံ​ကြသည်။

၁:၆; ၂:၁—ယေဟောဝါ​၏ ရှေ့တော်မှောက်​သို့ မည်သူ​များ ဝင်ခွင့်​ရသနည်း။ ယေဟောဝါ​ရှေ့​ရပ်နေသူ​များ​တွင် ဘုရားသခင်​၏ တစ်ပါး​တည်း​သော​သားတော်၊ သစ္စာရှိ​ကောင်းကင်တမန်​များ၊ စာတန်​အပါအဝင် မနာခံ​သော​ကောင်းကင် ‘သားများ’ ပါဝင်​သည်။ (ယောဟန် ၁:၁၊ ၁၈) ၁၉၁၄ ခုနှစ်​တွင် ဘုရားသခင့်​နိုင်ငံတော် တည်ထောင်​ပြီး​နောက်ပိုင်း​မှ စာတန်​နှင့်​သူ၏​နတ်ဆိုး​များ​ကို ကောင်းကင်​မှ​နှင်ချ​ခဲ့​သည်။ (ဗျာ. ၁၂:၁-၁၂) ယေဟောဝါ​သည် သူတို့ကို မိမိ​ရှေ့မှောက် ဝင်ရောက်ခွင့်​ပြုခြင်း​ဖြင့် စာတန်​၏​စိန်ခေါ်ချက်​နှင့် ယင်းကြောင့်​ပေါ်ပေါက်​လာသော ပြဿနာ​ကို ဝိညာဉ်​သတ္တဝါများ​အား ကြားသိ​စေ​သည်။

၁:၇; ၂:၂—ယေဟောဝါ​သည် စာတန်​ကို  တိုက်ရိုက်​စကားပြော​ခဲ့​သလော။  ဝိညာဉ်​သတ္တဝါများ​နှင့် ယေဟောဝါ မည်သို့​ပြောဆို​ဆက်သွယ်​ကြောင်း သမ္မာကျမ်းစာ​တွင် အသေးစိတ်​မဖော်​ပြ​ထား​ချေ။ သို့သော် ပရောဖက်မိက္ခာ​သည် ကောင်းကင်တမန်​တစ်ပါး​နှင့် ယေဟောဝါ တိုက်ရိုက်​ပြောဆို​ဆက်သွယ်​ခဲ့​သည့် အဆင်းအာရုံ​တစ်ခု​ကို မြင်တွေ့ခဲ့​သည်။ (၃ ဓမ္မ​ရာဇဝင် ၂၂:၁၄၊ ၁၉-၂၃) ထို့​ကြောင့် ယေဟောဝါ​သည် ကြားခံ​ပုဂ္ဂိုလ်​မ​သုံး​ဘဲ စာတန်​နှင့်​တိုက်ရိုက်​ပြောဆို​ခဲ့​ကြောင်း ထင်ရှား​သည်။

၁:၂၁—ယောဘသည် မည်သည့်​နည်းဖြင့် “အမိဝမ်းထဲ​သို့​ပြန်သွား” နိုင်​သနည်း။ ယေဟောဝါ​ဘုရားသခင်​သည် “မြေမှုန့်​ဖြင့်​လူကို​ဖန်ဆင်း” ခဲ့​သောကြောင့် မြေကြီးကို​ရည်ညွှန်း​ရန် “အမိ” ဟူသော​အသုံးအနှုန်း​ကို ပုံဆောင်​သဘောဖြင့်​သုံး​ထား​သည်။—ကမ္ဘာဦး ၂:၇

၂:၉—ဘုရားသခင်​ကို စွန့်ပယ်​၍​သေ​လော့​ဟု ယောဘ​ကို သူ၏​မိန်းမ​ပြော​သောအခါ သူ၏​စိတ်ထဲ​တွင် အဘယ်အရာ​ရှိ​နေနိုင်​သနည်း။ ယောဘ​ခံစား​ရသော ဆုံးရှုံးမှု​များ​ကို သူ၏​မိန်းမလည်း ခံစား​ခဲ့​ရသည်။ တစ်ချိန်က ဖျတ်လတ်​ကျန်းမာ​ခဲ့​သော သူ၏​ခင်ပွန်း စက်ဆုပ်ဖွယ်​ရောဂါ​ခံစား​နေရ​သည်ကို တွေ့မြင်ရ​ခြင်း​က သူ့ကို ဝမ်းနည်း​ကြေကွဲ​စေ​ပေမည်။ သူ​ချစ်​မြတ်နိုး​ရသော သားသမီး​များ​ကိုလည်း ဆုံးရှုံး​ခဲ့​ရသည်။ ထို​အရာအားလုံး​ကြောင့် အလွန်​စိတ်ကယောက်ကယက်​ဖြစ်နေ​နိုင်ရာ အမှန်တကယ် အရေးကြီး​ရာ​ဖြစ်သည့် ဘုရားသခင်​နှင့် သူတို့၏​ဆက်ဆံ​ရေး​အကြောင်း မစဉ်း​စား​နိုင်​တော့​ပေ။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၁:၈-၁၁; ၂:၃-၅ယောဘ​အဖြစ်အပျက်က​ဖော်ပြ​သည့်​အတိုင်း သမာဓိ​စောင့်ထိန်း​နိုင်​ရန် တော်မှန်​သော​အမူအကျင့်​နှင့် အပြောအဆို​တို့​အပြင် ယေဟောဝါ​ကို ဝတ်ပြု​နေခြင်း​နှင့်​ပတ်သက်​၍ မှန်ကန်သော​စေ့ဆော်မှု​ရှိဖို့ လိုအပ်​သည်။

၁:၂၁၊ ၂၂အခွင့်သာ​သည်​ဖြစ်စေ၊ အခွင့်မသာ​သည်​ဖြစ်စေ ယေဟောဝါ​အား သစ္စာ​တည်ကြည်​ခြင်း​ဖြင့် စာတန်​သည် မုသာကောင်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့ သက်သေထူ​နိုင်​သည်။—သု. ၂၇:၁၁

၂:၉၊ ၁၀မိသားစုဝင်​များ​က ကျွန်ုပ်​တို့၏ ဝိညာဉ်​ရေး​လိုက်စားမှု​များ​ကို အထင်အမြင်​သေး​သောအခါ​တွင်​ဖြစ်စေ၊ ယုံကြည်ခြင်းကို စွန့်လွှတ်​ရန် သို့​မဟုတ် အလျှော့ပေး​လိုက်လျော​ရန် တွန်း​အားပေး​သောအခါ​တွင်​ဖြစ်စေ ယောဘ​နည်းတူ ယုံကြည်ခြင်း​တွင် ခိုင်မြဲ​နေ​သင့်​သည်။

၂:၁၃ယောဘ​၏​အဖော်​များ​တွင် ဝိညာဉ်​ရေး​အမြင်​မရှိသော​ကြောင့် ဘုရားသခင်​နှင့် ကိုယ်တော့်​ကတိတော်​များ​ဖြင့် ယောဘ​ကို မ​နှစ်သိမ့်​ပေး​နိုင်​ခဲ့​ကြ​ချေ။

“ငါသည် သေ​သည့်​တိုင်အောင် ငါ့​သမာဓိကို​မစွန့်​လွှတ်” (ယောဘ ၄:၁–၃၁:၄၀)

ယောဘ​၏​အဖော်​သုံးဦး​ပြောဆို​သည့် အဓိက​အချက်​မှာ ယောဘသည် အလွန်​ဆိုးယုတ်​သော​အမှု​ပြု​ခဲ့​၍ သူ့ကို ဘုရားသခင် ဤမျှ​ပြင်းပြင်းထန်ထန် ဒဏ်ခတ်​ရခြင်း​ဖြစ်သည်။ ဦးဆုံး ဧလိ​ဖတ် စ​ပြော​သည်။ ထို့နောက် ဗိလဒဒ်​က ပို​၍​ခနဲ့တဲ့တဲ့​နိုင်သော​စကား​များ ပြော​ခဲ့​သည်။ ဇောဖာ​မှာ ပို​၍​ပင်​စကား​နာ​ထိုး​ခဲ့​သည်။

ယောဘသည် မိမိ​ထံ​လာလည်​သူများ​၏ မှားယွင်းသော​စွဲချက်​များ​ကို လက်မခံခဲ့​ပါ။ မိမိ​ဆင်းရဲခံ​ရ​ရန် ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြု​ကြောင်း နားမလည်​နိုင်​သဖြင့် မိမိ​ဖြောင့်မတ်​ကြောင်း​ပြ​ရန်​သာ အလွန်အမင်း​အာရုံစိုက်ခဲ့​သည်။ သို့​တိုင် ယောဘသည် ဘုရားသခင်​ကို ချစ်​ပြီး “ငါသည် သေ​သည့်​တိုင်အောင် ငါ့​သမာဓိကို​မစွန့်​လွှတ်” ဟု​ကြွေးကြော်​ခဲ့​သည်။—ယောဘ ၂၇:၅က​ဘ။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၇:၁; ၁၄:၁၄—“ပင်ပန်း​စွာ​အမှုထမ်း​ရ [“မလွဲ​မရှောင်​သာသော​အမှု၊” က​ဘ]” ဟူသည်​မှာ အဘယ်အရာကို​ဆိုလို​သနည်း။ ယောဘသည် အလွန်​စိတ်ထောင်း​ကိုယ်​ကြေ​ဖြစ်နေ​ရာ မိမိ​အသက်ရှင်နေ​ရခြင်း​ကို ခက်ခဲ​ကြမ်းတမ်း​ပြီး ရှောင်လွဲ​၍​မရ​သော ပင်ပန်း​စွာ​အမှုထမ်း​ရခြင်း​အဖြစ် ယူမှတ်ခဲ့​သည်။ (ယောဘ ၁၀:၁၇က​ဘ၊ အောက်ခြေမှတ်ချက်) လူတစ်ဦး​သည် သေဆုံး​ချိန်​မှ ရှင်ပြန်ထမြောက်​ချိန်​အထိ ရှီး​အိုး​လ်​တွင် မဖြစ်​မနေ,နေရ​မည် ဖြစ်သော​ကြောင့် ယင်းကို မလွဲ​မရှောင်​သာသော​အမှု​နှင့် ယောဘ နှိုင်းယှဉ်ခဲ့​သည်။

၇:၉၊ ၁၀; ၁၀:၂၁၊ ၂၂; ၁၆:၂၂—ဤ​ဖော်ပြချက်များ​က ယောဘသည် ရှင်ပြန်ထမြောက်ခြင်း​ကို မယုံ​ကြောင်း ပြသ​လော။ ယင်း​တို့သည် ယောဘ​၏ လက်တစ်ကမ်း​အနာဂတ်​နှင့်​ပတ်သက်သော ဖော်ပြချက်များ​ဖြစ်သည်။ သို့​ဆိုလျှင် သူ​အဘယ်အရာကို ဆိုလို​သနည်း။ ဖြစ်​နိုင်​ခြေ​တစ်ခု​မှာ သူ​သေသွား​လျှင် သူ့​ပတ်ဝန်းကျင်​ရှိ​သူများ သူ့ကို တွေ့ရ​တော့​မည်​မဟုတ်။ သူတို့၏​အမြင်အရ သူသည် မိမိ​အိမ်​သို့​မပြန်​ရတော့။ ဘုရားသခင် သတ်မှတ်​ထားချိန် မရောက်မချင်း အခြား​အသိအမှတ်ပြု​မှု​လည်း မရတော့​ပေ။ မည်သူ​တစ်ဦး​တစ်ယောက်မျှ မိမိ​ဘာသာ ရှီး​အိုး​လ်​မှ ပြန်ထ​လာ၍​မရ​ကြောင်းကို ဆိုလိုခြင်း​လည်း​ဖြစ်​နိုင်​သည်။ ယောဘ ၁၄:၁၃-၁၅ အရ ယောဘသည် အနာဂတ်​ရှင်ပြန်ထမြောက်ခြင်း​ကို မျှော်လင့်​ကြောင်း ထင်ရှား​ပါ​သည်။

၁၀:၁၀—ယေဟောဝါ​သည် ယောဘ​ကို မည်သို့ “နို့ကဲ့သို့​သွန်းလောင်း​၍ ဒိန်​ခဲ​ကဲ့သို့​ခဲ​စေတော်မူ” ခဲ့​သနည်း။ ယင်းက ယောဘသည် အမိ​ဝမ်း​အတွင်း​တွင် မည်သို့​ဖြစ်တည်​လာ​ကြောင်းကို ကဗျာ​ဆန်​ဆန် ဖော်ပြ​ထားခြင်း​ဖြစ်သည်။

၁၉:၂၀က​ဘ—“ငါ့​သွား​၏​အရေပြား​သာ​ပါ​လျက် ငါ​ပြေး​လွတ်​ရ၏” ဟု​ယောဘ​ဖော်ပြ​ရာ​တွင် သူ​ဘာကို​ဆိုလို​သနည်း။ အရေပြား​ရှိ​ပုံ​မရ​သည့်​အရာတစ်ခု​၏ အရေပြား​ပါ​လျက် လွတ်မြောက်​သည်​ဟု​ပြော​ခြင်း​ဖြင့် အဘယ်အရာ​တစ်ခု​မျှ​မပါဘဲ  ကိုယ်​ချည်း​လွတ်မြောက်​ခဲ့​သည်​ဟု ပြောနေခြင်း​ဖြစ်​နိုင်​သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၄:၇၊ ၈; ၈:၅၊ ၆; ၁၁:၁၃-၁၅ဆင်းရဲခံ​နေရသူ​တစ်ဦး​သည် စိုက်​သည်​အတိုင်း​ရိတ်​နေရ​ခြင်း​ဖြစ်​ပြီး ဘုရားသခင့်​မျက်နှာသာတော် မရရှိ​ဟု ကျွန်ုပ်​တို့ အလျင်စလို ကောက်ချက်​မချရ​ပါ။

၄:၁၈၊ ၁၉; ၂၂:၂၊ ၃ကျွန်ုပ်​တို့၏ အကြံပြုချက်​သည် ကိုယ်ပိုင်​အယူအဆ​ပေါ်​မဟုတ်ဘဲ ကျမ်းစာ​အပေါ် အခြေပြု​သင့်​သည်။—၂ တိမောသေ ၃:၁၆

၁၀:၁စိတ်နာ​ကြည်း​မှု​က ယောဘ​၏​မျက်စိ​ကို​ကွယ်​စေ​ရာ မိမိ​ဆင်းရဲခံ​ရခြင်း​၏ အခြား​ဖြစ်​နိုင်​ခြေ​အကြောင်းရင်း​များ​ကို မမြင်နိုင်​တော့​ပေ။ ကျွန်ုပ်​တို့​လည်း ဆင်းရဲခံ​ရသည့်​အခါ အထူးသဖြင့် ကျွန်ုပ်​တို့​ပါဝင်​ပတ်သက်​သည့် အရေးကိစ္စကို ရှင်းလင်းစွာ​နားလည်​ထားသော​ကြောင့် စိတ်​မ​နာကြည်း​ရ​ပါ။

၁၄:၇၊ ၁၃-၁၅; ၁၉:၂၅; ၃၃:၂၄ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်​က ကျွန်ုပ်​တို့​အပေါ် စာတန်​ကျရောက်​စေသော မည်သည့်​စမ်းသပ်မှု​ကို​မဆို ခံရပ်​စေနိုင်​သည်။

၁၆:၅; ၁၉:၁၊၂ကျွန်ုပ်​တို့၏ အပြောအဆို​က အခြားသူများ​အတွက် အားပေး​တည်ဆောက်မှု​ဖြစ်စေ​သင့်​ပြီး စိတ်​အနှောင့်အယှက်​မဖြစ်စေ​သင့်​ပါ။—သု. ၁၈:၂၁

၂၂:၅-၇ခိုင်လုံ​သော သက်သေ​အထောက်အထား​မရှိသည့်​စွဲချက်​ပေါ် အခြေပြု​သော သွန်သင်ချက်​သည် တန်ဖိုး​မရှိ၊ ပျက်စီး​စေ​တတ်​သည်။

၂၇:၂; ၃၀:၂၀၊ ၂၁သမာဓိ​စောင့်ထိန်း​နိုင်​ရန် စုံလင်သူ​ဖြစ်စရာ​မလိုပါ။ ယောဘသည် ဘုရားသခင်​ကို မှားယွင်းစွာ ပြစ်တင်​ဝေဖန်​ခဲ့​သည်။

၂၇:၅လူတစ်ဦး​၏​သမာဓိ​စောင့်ထိန်းမှု​သည် ထို​သူ၏ ဘုရားသခင်​ကို​ချစ်​သည့် မေတ္တာ​ပေါ်​မူတည်​သည်​ဖြစ်​ရာ ယောဘ​၏​သမာဓိကို ချိုးဖျက်​နိုင်​သူ​မှာ ယောဘ​ကိုယ်တိုင်​သာ​ဖြစ်သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့​လည်း ယေဟောဝါ​ကို ချစ်​သည့်​မေတ္တာ ခိုင်မာ​လာ​စေရန် ပြုစု​ပျိုးထောင်​သင့်​သည်။

၂၈:၁-၂၈မြေကြီး​ဘဏ္ဍာများ​ရှိသည့်​နေရာကို လူသားများ​သိ​သည်။ ယင်း​တို့ကို​ရှာဖွေ​စဉ် သူတို့၏​ဉာဏ်စွမ်း​ဉာဏ်​စ​က အဝေး​သို့​မြင်နိုင်စွမ်း​ရှိသော အဘယ်​ငှက်​ရဲ​မျှ မမြင်နိုင်​သော မြေအောက်​လမ်းများ​ကို မြင်တွေ့​စေ​သည်။ သို့သော် ယေဟောဝါ​ကို ကြောက်ရွံ့​ခြင်း​ဖြင့်​သာ ဘုရားသခင်​ရေးရာ​ဉာဏ်ပညာ​ကို ရရှိနိုင်​သည်။

၂၉:၁၂-၁၅ကျွန်ုပ်​တို့သည် လိုအပ်​နေ​သူများကို စိတ်ရောကိုယ်ပါ ချစ်ခင်​ကြင်နာ​မှု​ပြ​သင့်​သည်။

၃၁:၁၊ ၉-၂၈ယောဘသည် ပရောပရည်​လုပ်ခြင်း၊ သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း၊ အခြား​သူတို့ကို မတရား​စွာ၊ အကြင်နာမဲ့​စွာ ဆက်ဆံခြင်း၊ ရုပ်​ဝါဒ​လိုက်စားခြင်း​နှင့် ရုပ်ပုံ​ကိုးကွယ်​ခြင်း​တို့ကို ရှောင်ခြင်း​ဖြင့် ကျွန်ုပ်​တို့အတွက် ပုံသက်သေ​ချမှတ်​ခဲ့​သည်။

“မြေမှုန့်​နှင့် မီးဖို​ပြာ​၌​ထိုင်၍ နောင်တ​ရ​ပါ​၏” (ယောဘ ၃၂:၁–၄၂:၁၇)

ဘေး​မှ​ရပ်ကြည့်​နေ​သူ လူငယ်​ဧလိဟု​သည် သူတို့၏​စကား​စစ်​ထိုး​မှု​ကို စိတ်ရှည်​စွာ နားထောင်​နေသည်။ ယခု သူ​စ​ပြော​လေ​သည်။ ယောဘ​နှင့် စကား​နာ​ထိုး​သူ​သုံးဦး​ကို သူ​တည့်မတ်​ပေး​သည်။

ဧလိဟု​ပြော​ပြီး​သည်​နှင့် ယေဟောဝါ​သည် လေမုန်တိုင်း​ထဲ​က ပြန်​ပြော​တော်​မူ​၏။ ယောဘ​ဆင်းရဲခံ​ရခြင်း​ကို ကိုယ်တော် ဖြေရှင်းချက်​မပေးခဲ့​ချေ။ သို့သော် အတိုင်းအဆမဲ့​တန်ခိုးရှင်​သည် ယောဘ​ကို မေးခွန်း​တစ်​သီ​ကြီး​မေး​ခြင်း​ဖြင့် မိမိ၏​စိုးရွံ့ဖွယ်​တန်ခိုးတော်​နှင့် ဉာဏ်ပညာ​တို့ကို သိမြင်​စေ​ခဲ့​သည်။ ယောဘသည် မိမိ​နားမလည်​ဘဲ​ပြော​ခဲ့​ကြောင်း ဝန်ခံ​ပြီး “အကျွန်ုပ်သည် ကိုယ်ကို​ရွံရှာ​ပါ​၏။ မြေမှုန့်​နှင့် မီးဖို​ပြာ​၌​ထိုင်၍ နောင်တ​ရ​ပါ​၏​ဟု လျှောက်​လေ​၏။” (ယောဘ ၄၂:၆) ယောဘ စမ်းသပ်မှု​ခံရ​ပြီး​သောအခါ သူ၏​သမာဓိ​အတွက် ဆုချ​ခံ​ခဲ့​ရသည်။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၃၂:၁-၃—အဘယ်​အချိန်တွင် ဧလိဟု ရောက်လာ​သနည်း။ သူတို့​ပြော​ခဲ့​သမျှ​အားလုံး​ကို ဧလိဟု​ကြား​သောကြောင့် ယောဘ​၏​အဖော်​သုံးဦး​တို့ ခု​နစ်​ရက်​တိတ်ဆိတ်​စွာ​နေခြင်း​ကို အဆုံးသတ်​စေသော ယောဘ​စကား​စ​မပြော​မီ​တွင် ကြား​နိုင်​လောက်​သော​နေရာ၌ သူ​ထိုင်​နေခြင်း​ဖြစ်​ရမည်။

၃၄:၇—ယောဘသည် အဘယ်​နည်းဖြင့် “ရေ​ကို​သောက်​သကဲ့သို့ ကဲ့ရဲ့​ခြင်း​ကို​မျို​တတ်” သူ​ဖြစ်သနည်း။ ယောဘ​၏​အဖော်​သုံးဦးသည် အမှန်​အားဖြင့် ဘုရားသခင်​ကို ဆန့်ကျင်​ပြီး​ပြော​နေကြ​သော်လည်း သူတို့၏ သရော်​သော​စကား​များသည် မိမိကို​တိုက်ရိုက်​ပြော​နေသည့်​အလား ယောဘ ယူမှတ်ခဲ့​သည်။ (ယောဘ ၄၂:၇) ထို့​ကြောင့် လူတစ်ဦး​သည် ရေ​ကို​နှစ်ခြိုက်​စွာ​သောက်​သည်​နည်းတူ ယောဘသည် ကဲ့ရဲ့​ခြင်း​ကို သောက်​ခြင်း​ဖြစ်သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၃၂:၈၊ ၉ဉာဏ်ပညာ​သည် အသက်အရွယ်​ကြီးရင့်​မှု​တစ်ခု​တည်း​နှင့်​သာ မဆိုင်​ပါ။ ဘုရားသခင့်​နှုတ်မြွက်တော်​ကို နားလည်ခြင်း​နှင့် ကိုယ်တော့်​ဝိညာဉ်​တော် လမ်းညွှန်မှု​တို့ လိုအပ်​သည်။

၃၄:၃၆တစ်နည်း​နည်း​နှင့် “အဆုံးတိုင်အောင်​စုံစမ်း” ခံရ​ခြင်း​ဖြင့် ကျွန်ုပ်​တို့၏​သမာဓိကို သက်သေပြ​နိုင်​သည်။

၃၅:၂ဧလိဟု​သည် စကား​မပြော​မီ သေချာ​ဂရုစိုက်​နားထောင်ပြီး အဓိက​ပြဿနာ​ကို အတိအကျ​ထောက်ပြ​သည်။ (ယောဘ ၁၀:၇; ၁၆:၇; ၃၄:၅) ခရစ်ယာန်​ကြီးကြပ်မှူး​များလည်း သွန်သင်ချက်​မပေး​မီ ဂရုစိုက်​နားထောင်ပြီး အချက်အလက်​များ​ကို ရယူ​ကာ ပတ်သက်​နေသော​ကိစ္စရပ်​များ​ကို အသေအချာ​နားလည်အောင်​ပြုလုပ်​ရမည်။—သု. ၁၈:၁၃

၃၇:၁၄; ၃၈:၁–၃၉:၃၀ယေဟောဝါ​၏ တန်ခိုးတော်​နှင့်​ဉာဏ်ပညာ ဖော်ပြချက်များ​ဖြစ်သော ကိုယ်တော်​၏​အံ့ဖွယ်​လက်ရာများ​ကို တွေးတော​ဆင်ခြင်ခြင်း​က ကျွန်ုပ်​တို့ကို နှိမ့်ချ​စေပြီး ကိုယ်တော်​၏ ပိုင်သ​အုပ်စိုးမှု သံသယ​ကင်းရှင်းရေး​သည် ကျွန်ုပ်​တို့၏ မည်သည့်​ကိုယ်ရေးကိုယ်တာ​ကိစ္စ​များ​ထက်​မဆို ပို​အရေးကြီးကြောင်း မြင်နိုင်​ရန်​ထောက်ကူ​ပေး​သည်။—မဿဲ ၆:၉၊ ၁၀

၄၀:၁-၄အတိုင်းအဆမဲ့​တန်ခိုးရှင်​ကို ပြစ်တင်​လို​စိတ်​ပေါ်လာ​သောအခါ ကျွန်ုပ်​တို့သည် “ကိုယ်​နှုတ်​ကို ကိုယ်လက်​နှင့်​ပိတ်” သင့်​သည်။

၄၀:၁၅–၄၁:၃၄ဗေဟမုတ် (ရေမြင်း) နှင့်​လဝိသန် (မိ​ချောင်း) သည် အလွန်​ခွန်အား​ကြီး​လှ​ပေ​သည်! ဘုရားသခင့်​လုပ်ငန်းတော်တွင် ခံနိုင်ရည်​ရှိ​ရန် ကျွန်ုပ်​တို့ကို ခွန်အား​နှင့်​ပြည့်စုံ​စေတော်မူ​သော၊ ဤ​ခွန်အား​ကြီး​တိရစ္ဆာန်​များ​ကို ဖန်ဆင်း​တော်​မူ​သော​အရှင်​ထံ​မှ အစွမ်း​ခွန်အား​လိုအပ်​သည်။—ဖိလိပ္ပိ ၄:၁၃

၄၂:၁-၆ယောဘသည် ဘုရားသခင့်​စကားတော်​ကို ကြား​ရခြင်း​နှင့် ကိုယ်တော့်​တန်ခိုးတော် သိသာ​ထင်ရှား​စွာ​ပြသမှု​ကို သတိပေး​ခံရ​ခြင်း​က “ဘုရားသခင်​ကို​မြင်” ရန် သို့​မဟုတ် ကိုယ်တော်​နှင့်​ပတ်သက်သော အမှန်တရားကို မြင်နိုင်​ရန် သူ့ကို​ထောက်ကူ​ပေး​ခဲ့​သည်။ (ယောဘ ၁၉:၂၆) ယင်းက သူ၏​တွေးခေါ်ပုံ​ကို ပြောင်းလဲ​စေ​ခဲ့​သည်။ ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​ဖြင့် တည့်မတ်​ပေး​ခံရ​ပါ​က မိမိ​အမှား​ကို လိုလိုလားလား အသိအမှတ်​ပြုပြီး ပြုပြင်​သင့်​သည်။

‘ယောဘ​၏ ခံနိုင်ရည်’ ကို​ပြုစု​ပျိုးထောင်​လော့

လူသားများ​၏ ဆင်းရဲခြင်း​ဝေဒနာ​အတွက် ဘုရားသခင်​တွင် တာဝန်​မရှိကြောင်း ယောဘ​ကျမ်း​က ရှင်းလင်းစွာ​ဖော်ပြ​သည်။ စာတန်​တွင်​သာ တာဝန်​ရှိသည်။ မြေကြီးပေါ်​တွင် ဆိုးသွမ်းမှု​ကို ဘုရားသခင် ခွင့်ပြု​ထားခြင်း​က ယေဟောဝါ​၏ ပိုင်သ​အုပ်စိုးမှု​နှင့် ကျွန်ုပ်​တို့၏​သမာဓိ​စောင့်ထိန်းမှု​ကိစ္စ​တွင် မည်သည့်​ဘက်၌ ကျွန်ုပ်​တို့​ရပ်တည်​ကြောင်း ကိုယ်တိုင်​ဖြေဆို​ခွင့်​ရရှိစေ​သည်။

ယောဘ​နည်းတူ ယေဟောဝါ​ကို ချစ်​မြတ်နိုးသူ​အားလုံး စမ်းသပ်ခံ​ရ​ပါ​လိမ့်​မည်။ ယောဘ​မှတ်တမ်းက ယင်းကို ကျွန်ုပ်​တို့​ခံရပ်​နိုင်​ကြောင်း ယုံကြည်​စိတ်ချ​စေ​သည်။ ကျွန်ုပ်​တို့၏ ပြဿနာ​များသည် ထာဝစဉ်​တည်ရှိ​သွား​မည်​မဟုတ်​ကြောင်း အမှတ်ရ​စေ​သည်။ ‘ယောဘ​မည်သို့​ခံနိုင်ရည်​ရှိသည်​ကို သင်တို့​ကြားသိ​ခဲ့​ကြ​လေ​ပြီ။ နောက်ဆုံး​၌ သူ့​အား ထာဝရ​ဘုရားသခင် အဘယ်​သို့ ကြည့်ရှု​တော်​မူ​ကြောင်းကို​လည်း သင်တို့​သိ​ကြ​၏’ ဟု ယာကုပ် ၅:၁၁ (သတင်းကောင်း) က​ဆို​သည်။ ယောဘ​၏​သမာဓိ​စောင့်ထိန်းမှု​ကြောင့် သူ့ကို ယေဟောဝါ ဆုချ​တော်​မူ​ခဲ့​သည်။ (ယောဘ ၄၂:၁၀-၁၇) ပရဒိသု​မြေကြီးပေါ်​တွင် ထာဝစဉ်​အသက်ရှင်​ရန်ဖြစ်​သည့် အလွန်​ထူးမြတ်​လှ​သော မျှော်လင့်ချက် ကျွန်ုပ်​တို့​ရှေ့တွင်​ရှိသည်။ ထို့​ကြောင့် ယောဘ​နည်းတူ ကျွန်ုပ်​တို့၏​သမာဓိကို ဆက်​စောင့်ထိန်း​သွား​ရန် သန္နိ​ဋ္ဌာန်​ချ​ကြပါစို့။—ဟေဗြဲ ၁၁:၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ယောဘ​ကျမ်း​သည် ဘီစီ ၁၆၅၇ ခုနှစ်​မှ ၁၄၇၃ ခုနှစ်​ကြား နှစ်ပေါင်း ၁၄၀ ကျော်​ကာလ​ကို ငုံ​မိ​သည်။

[စာမျက်နှာ ပါ ရုပ်ပုံ]

‘ယောဘ​၏​ခံနိုင်ရည်’ မှ​ကျွန်ုပ်​တို့ အဘယ်အရာ​သင်ယူနိုင်​သနည်း။