မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘နောက်ဆုံး ကာလ’ကား အဘယ်နည်း

‘နောက်ဆုံး ကာလ’ကား အဘယ်နည်း

‘နောက်ဆုံး ကာလ’ကား အဘယ်နည်း

သင်​နှင့် သင်​ချစ်ရသူ​များ​အတွက် အဘယ်​အနာဂတ်​ရှိ​မည်​ကို စဉ်းစား​နေ​သလော။ လူများစွာ​သည် ကမ္ဘာ့​ဖြစ်ရပ်​များ​က ၎င်းတို့၏​အသက်တာအပေါ် မည်သို့​သက်ရောက်မှု​ရှိကြောင်း​သိနိုင်​ရန် သတင်း​မီဒီယာ​များ​ကို အာရုံစိုက်​လာ​ကြသည်။ သို့သော် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို အာရုံစိုက်​ခြင်း​က​သာ စစ်မှန်သော​ထိုးထွင်း​သိမြင်မှု ရရှိစေ​ပါ​သည်။ အကြောင်း​မှာ သမ္မာကျမ်းစာ​သည် လက်ရှိ​ဖြစ်ရပ်​များ​ကို​သာမက အနာဂတ်​တွင် ဖြစ်ပျက်​မည့်​အရာများ​ကို​ပါ ရှေး​အချိန်​ကတည်းက ကြိုဟော​ထားသော​ကြောင့်​ဖြစ်၏။

သာဓက​အနေ​နှင့် ယေရှု​ခရစ် မြေကြီးပေါ်​ရှိ​စဉ်​က ဘုရားသခင့်​နိုင်ငံတော်​အကြောင်း အကျယ်တဝင့်​ဖော်ပြ​ခဲ့​သည်။ (လုကာ ၄:၄၃) ကိုယ်တော့်​စကား​ကို နားထောင်သူ​များသည် ထို​နိုင်ငံတော်​တည်ထောင်​မည့်​အချိန်ကို အမှန်ပင် သိ​လို​ခဲ့​ကြသည်။ ယေရှု မတရား​သဖြင့် သေဒဏ်​စီရင်​မခံရမီ သုံးရက်​အလို​တွင် နောက်လိုက်​များ​က ဤသို့​မေး​ကြ​၏– ‘ကိုယ်တော်​သည် [ဘုရားသခင့်​နိုင်ငံတော်​အာဏာ​ဖြင့်] ကြွ​လာ၍ ဤ​ကပ်ကမ္ဘာ​ကုန်​သော​နိမိတ်​သည် အဘယ်​နိမိတ်​ဖြစ်​မည်​ကို အမိန့်​ရှိ​တော်​မူ​ပါ။’ (မဿဲ ၂၄:၃) ဘုရားသခင့်​နိုင်ငံတော်​က မြေကြီးကို အပြည့်အဝ​ထိန်းချုပ်​မည့် အချိန်​အတိအကျ​ကို ယေဟောဝါ​ဘုရားသခင်​တစ်ပါး​တည်း​သာ သိတော်မူ​သည်​ဟု ယေရှု​မိန့်ဆိုခဲ့သည်။ (မဿဲ ၂၄:၃၆; မာကု ၁၃:၃၂) သို့သော် ခရစ်တော်​သည် ဘုရားသခင့်​နိုင်ငံတော်​အာဏာ​ဖြင့် အုပ်ချုပ်​နေပြီ​ဖြစ်​ကြောင်း အထောက်အထား​အဖြစ် မြေကြီးပေါ်​တွင် ဖြစ်ပျက်​လာ​မည့် ဖြစ်ရပ်​အချို့​ကို ယေရှု​နှင့် အခြားသူများ ကြို​ဟောခဲ့​ကြသည်။

ကျွန်ုပ်​တို့သည် လက်ရှိ​အစီအစဉ်​စနစ်​၏ ‘နောက်ဆုံး​ကာလ’ တွင် အသက်ရှင်နေ​ကြောင်း ဖော်ပြ​သည့် မျက်မြင်ရ​အထောက်အထား​များ​ကို မဆန်းစစ်​မီ ကောင်းကင်​တွင်​ဖြစ်ပျက်​ခဲ့​သည့် အရေးကြီး​ဖြစ်ရပ်​များ​ကို အကျဉ်းချုပ်​သုံးသပ်ကြည့်​ကြ​စို့။ (၂ တိမောသေ ၃:၁) ၁၉၁၄ ခုနှစ်​တွင် ကောင်းကင်​၌ ယေရှု​ခရစ် ဘုရင်​ဖြစ်လာ​သည်။ * (ဒံယေလ ၇:၁၃၊ ၁၄) ယေရှုသည် ဘုရားသခင့်​နိုင်ငံတော်​အာဏာ​ရရှိ​ပြီး​သည်​နှင့်​တစ်ပြိုင်နက် အရေးယူ​လုပ်ဆောင်မှု​တစ်ရပ် ပြုလုပ်​ခဲ့​၏။ ထို​အကြောင်းကို သမ္မာကျမ်းစာ​က ဤသို့​ဖော်ပြ​သည်– “ကောင်းကင်​၌​စစ်​ဖြစ်၏။ မိက္ခေလ​နှင့် သူ၏​ကောင်းကင်တမန်​တို့သည် နဂါး​ကို​စစ်တိုက်​ကြ​၏။” (ဗျာ. ၁၂:၇) “မိက္ခေလ” ဟူသည် ယေရှု​ခရစ်​၏ ကောင်းကင်​ရာထူး​ဖြစ်သည်။ * (ယုဒ ၉; ၁ သက်သာလောနိတ် ၄:၁၆) နဂါး​သည် စာတန်​ဖြစ်သည်။ စစ်ပွဲ​တွင် စာတန်​နှင့် ၎င်း​၏​နောက်လိုက် နတ်ဆိုး​များ အဘယ်​အခြေအနေ​ရှိ​သနည်း။ သူတို့​စစ်ရှုံး​ပြီး ကောင်းကင်​မှ မြေကြီး​သို့ ‘ချပစ်’ ခံရ​သည် သို့​မဟုတ် နှင်ချ​ခံရ​သည်။ (ဗျာ. ၁၂:၉) ယင်းကြောင့် “ကောင်းကင်​နှင့် ကောင်းကင်သား​တို့၊” တစ်နည်း​အားဖြင့် ဘုရားသခင်​၏ သစ္စာရှိ​ဝိညာဉ်​သားတို့ ရွှင်လန်း​ခဲ့​ကြ​လေ​သည်။ လူသားများ​မူ ထို​ရွှင်လန်းမှု​မျိုး မခံစား​ရ​ချေ။ ယင်းအစား သမ္မာကျမ်းစာ​က ဤသို့​ကြိုဟော​သည်– ‘မြေကြီး​နှင့်​ပင်လယ်​သည် အမင်္ဂလာ​ရှိ၏။ အကြောင်း​မူ​ကား၊ စာတန်​သည် မိမိ​ကာလ​တစ်ခဏ​သာ​ရှိသည်​ကို​သိ၍ ပြင်းစွာ​သော​ဒေါသ​အမျက်​နှင့်​တကွ သင်တို့​ရှိရာသို့​ဆင်း​လေ​ပြီ။’—ဗျာ. ၁၂:၁၂

ဒေါသူပုန်​ထ​နေသော စာတန်​သည် မြေကြီးသား​တို့​အပေါ် အမင်္ဂလာ​များ​ဖြစ်သော ဆင်းရဲ​ခက်ခဲ​မှုများ​နှင့် ဘေးဆိုးများ ကျရောက်​စေ​ခဲ့​သည်။ သို့သော် ထို​အမင်္ဂလာ​များသည် “ကာလ​တစ်ခဏ​သာ” ဖြစ်​လိမ့်​မည်။ သမ္မာကျမ်းစာ​က ထို​အချိန်ကာလ​ကို ‘နောက်ဆုံး​ကာလ’ ဟု​ဖော်ပြ​၏။ မကြာမီ စာတန်​၏​စိုးမိုး​ခြယ်လှယ်​မှု​ကို မြေကြီးပေါ်​မှ လုံးဝ​ဖယ်ရှား​မည်​ဖြစ်​ရာ ကျွန်ုပ်​တို့ ရွှင်လန်း​နိုင်​ကြ​ပါ​သည်။ သို့ရာတွင် နောက်ဆုံး​ကာလ​၌ ကျွန်ုပ်​တို့​အသက်ရှင်နေ​ကြောင်း အဘယ်​အထောက်အထား​များ​ရှိ​သနည်း။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 4 ထပ်ဆင့်​အချက်အလက်​များ​ကို ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော သမ္မာကျမ်းစာ အမှန်တကယ်​သွန်သင်ရာ​မှာ အဘယ်နည်း စာအုပ်၊ စာမျက်နှာ ၂၁၈-၁၉ တွင်​ရှု။