မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ငါတို့သည် ယေရှုအကြောင်း မဟောမပြောဘဲမနေနိုင်’

‘ငါတို့သည် ယေရှုအကြောင်း မဟောမပြောဘဲမနေနိုင်’

“လူ​၏​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို နားထောင်​သင့်​ပါ​၏”

‘ငါ​တို့သည် ယေရှု​အကြောင်း မ​ဟော​မပြော​ဘဲ​မနေနိုင်’

အချိန်​ကား အေဒီ ၃၃ ဖြစ်​ပြီး နေရာမှာ ယေရုရှလင်​မြို့ရှိ ဂျူး​အမျိုးသား ခုံရုံး​၏ ခမ်းနား​ထည်ဝါ​သော​တရားရုံး​ခန်း​တွင်​ဖြစ်သည်။ ဆဲန်ဟီဒရင်​သည် ယေရှု​ခရစ်​၏​နောက်လိုက် ၁၂ ဦး​ကို စစ်ကြော​မေးမြန်း​နေသည်။ အဘယ်ကြောင့်​နည်း။ သူတို့သည် ယေရှု​အကြောင်း ဟောပြောကြ​၍​ဖြစ်၏။ ဤသို့​ရုံးတင်​ခံရ​ခြင်း​မှာ တမန်​တော်​များ​ဖြစ်သော ပေတရု​နှင့်​ယောဟန်​အတွက် ဒုတိယ​အကြိမ်​ဖြစ်​ပြီး အခြား​တမန်​တော်​များ​အတွက်​မူ ဦးဆုံး​အကြိမ်​ဖြစ်သည်။

ယဇ်ပုရောဟိတ်မင်း​သည် တမန်​တော် ၁၂ ပါး​ကို ယခင်​အကြိမ် တရားရုံး​မှ​ထုတ်ဆင့်​သည့်​အမိန့်​အကြောင်း ပြောဆို​နေသည်။ ယေရှု​အကြောင်း​မဟောပြော​ရန် အမိန့်ထုတ်​ခဲ့​ချိန်​က တမန်​တော်​ပေတရု​နှင့်​ယောဟန်တို့ ဤသို့​ဖြေဆို​ခဲ့​ကြ​၏– “ဘုရားသခင်​၏​စကားတော်​ကို နားထောင်​သည်ထက် သင်တို့၏​စကား​ကို သာ၍​နားထောင်​သော် ဘုရားသခင့်​ရှေ့မှာ ကောင်း​မည်​မကောင်း​မည်​ကို ဆင်ခြင်​၍​စီရင်​ကြလော့။ ငါ​တို့သည် ကြား​လျက်၊ မြင်​လျက်​ရှိသော​အရာ​တို့ကို မ​ဟော​မပြော​ဘဲ​မနေနိုင်။” ယေရှု၏​တပည့်​များသည် ရဲစွမ်းသတ္တိ​ရှိ​ရန် ဆုတောင်း​ပြီး​နောက် သတင်းကောင်း ဆက်​ဟောခဲ့​ကြသည်။—တမန်​တော် ၄:၁၈-၃၁

ယခင်​ခြိမ်းခြောက်​ပြောဆိုမှု​များ မအောင်မြင်​သည့်​အခါ ဤ​ဒုတိယ​အကြိမ် အမှုစစ်ဆေး​ချိန်​တွင် ယဇ်ပုရောဟိတ်​မင်းကြီး​က ဤသို့​ပြောဆို​လေ​၏– “ထို​နာမကို​အမှီပြု၍​မဆုံးမ၊ မသွန်သင်​မည်​အကြောင်း ငါ​တို့သည် သင်တို့အား ကျပ်တည်း​စွာ စီရင်​မှာ​ထား​သည်မဟုတ်​လော။ ယခု​ကြည့်​ကြ။ ယေရုရှလင်​မြို့ကို သင်တို့​အယူဝါဒ​နှင့်​ပြည့်စေ​သည်​ဖြစ်၍ ငါ​တို့​အပေါ်​သို့ ထို​သူ၏​အသွေးကို​ရောက်​စေခြင်း​ငှာ သင်တို့​ကြံစည်​ပါ​သည်​တကား။”—တမန်​တော် ၅:၂၈

ခိုင်မာ​သော​စိတ်ပိုင်းဖြတ်​ချက်

ထို​အခါ “ပေတရု​နှင့် အခြားသော​တမန်​တော်​တို့​က​လည်း ‘လူ​၏​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို နားထောင်​သင့်​ပါ​၏’” ဟု ရဲရင့်စွာ​တုံ့ပြန်​ခဲ့​ကြသည်။ (တမန်​တော် ၅:၂၉) မှန်ပါသည်၊ လူတို့၏​တောင်းဆိုချက်​များသည် ယေဟောဝါ​၏​ပညတ်​နှင့် ဆန့်ကျင်​သောအခါ လူ့​စကား​ထက် ဘုရားသခင်​၏​စကား​ကို ကျွန်ုပ်​တို့​နားထောင်​ရမည်။ *

ဘုရားသခင်​အပေါ် သစ္စာစောင့်သိမှုကို အခိုင်အမာ​ဖော်ပြ​သော တမန်​တော်​တို့၏​စကား​များ​ကို ဆဲန်ဟီဒရင်​အဖွဲ့ဝင်​များ သဘောကျ​သင့်​သည်။ ဘုရားသခင်​အား​နာခံခြင်း​နှင့်​ပတ်သက်​၍ ဤ​ဂျူး​ခေါင်းဆောင်​များ​ကို မေးမြန်း​ကြည့်​ပါ​က “ဘုရားသခင့်​စကား​ကို နာခံ​ပါ” ဟူ၍ တညီတညွတ်​တည်း​ဖြေဆို​ကြ​ပေမည်။ ဘုရားသခင်​ကို အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်​အဖြစ် သူတို့ အမှန်​လက်ခံ​ကြသည်​မဟုတ်လော။

ခရစ်ယာန်​ဓမ္မ​အမှု​နှင့်​ပတ်သက်​လျှင် လူ့​စကား​ထက် ဘုရားသခင်​၏​စကား​ကို​နာခံ​မည်​ဟူ၍ တမန်​တော်​များ​ကိုယ်စား ပေတရု​ပြောဆို​ခဲ့​ပုံ​ရသည်။ သို့ဖြင့် တမန်​တော်​များ နာခံမှု​မရှိ​ဟူသော​စွဲချက်​ကို ပျက်ပြယ်​စေ​သည်။ ဂျူး​သမိုင်း​အရ လူ့​စကား​ထက် ဘုရားသခင်​၏​စကား​ကို နာခံ​သင့်​သည့်​အချိန်​များ​ရှိခဲ့​ကြောင်း ဆဲန်ဟီဒရင်​အဖွဲ့ဝင်​များ သိထားကြသည်။ အီဂျစ်​ပြည်​တွင် ဝမ်းဆွဲမ​နှစ်ဦး​သည် ဖာရော​ထက် ဘုရားသခင်​ကို​ကြောက်ရွံ့​သောကြောင့် ဟေဗြဲ​အမျိုးသမီးများ​ဖွားမြင်​သော သား​ယောက်ျား​တို့ကို အသက်​ချမ်းသာပေး​ခဲ့​သည်။ (ထွက်မြောက်ရာ ၁:၁၅-၁၇) ဟေဇကိ​မင်း​သည် လက်နက်​ချ​အညံ့​ခံရန် ဖိအား​ပေး​ခံရ​သည့်​အခါ ဘုရင်​သနာခရိပ်​၏​စကား​ထက် ယေဟောဝါ​၏​စကား​ကို နာခံ​ခဲ့​သည်။ (၄ ဓမ္မ​ရာဇဝင် ၁၉:၁၄-၃၇) ဆဲန်ဟီဒရင်​အဖွဲ့ဝင်​များ အကျွမ်းဝင်​နေသည့် ဟေဗြဲ​ကျမ်း​များ​က ယေဟောဝါ​သည် မိမိလူ​များ မိမိကို​နာခံ​စေ​လို​ကြောင်း အလေးပေး​ဖော်ပြ​သည်။—၁ ဓမ္မ​ရာဇဝင် ၁၅:၂၂၊ ၂၃

နာခံမှု​သည် အကျိုး​ဖြစ်ထွန်း

“လူ့​စကား​ထက် ဘုရားသခင်​၏​စကား​ကို နားထောင်​သင့်​ပါ​၏” ဟူသော​စကား​ကြောင့် အထက်​တရားရုံး​အဖွဲ့ဝင်​တစ်ဦး စိတ်ထိမိ​သွား​ပုံ​ရသည်။ ထို​သူ​မှာ ဂါမလျေလ​ဖြစ်​ပြီး ဆဲန်ဟီဒရင်​တွင် အလွန်​လေးစား​ခံရ​သော တရားသူကြီး​ဖြစ်သည်။ လွှတ်တော်​အစည်းအဝေး​တွင် သူ​ပေး​သော​အကြံဉာဏ်​ကို တရားရုံး​က လက်ခံခဲ့သည်။ ဂါမလျေလ​သည် အတိတ်​မှ​နမူနာ​များ​ကိုကိုး​ကား​၍ တမန်​တော်​တို့၏​လုပ်ငန်း​ကို နှောင့်ယှက်ခြင်း​သည် ပညာ​မဲ့​ကြောင်း ထောက်ပြ​လေ​၏။ “ဤသူတို့ကို​ရှောင်ရှား​၍ အလိုအလျောက်​ရှိကြပါ​စေ။ . . . သင်တို့သည် ဘုရားသခင်​၏​အာဏာတော်​ကို​ဆန်​သော​သူ မဖြစ်​မည်​အကြောင်း သတိပြု​ကြလော့” ဟူ၍ သူ​ပြောဆို​ခဲ့​သည်။—တမန်​တော် ၅:၃၄-၃၉

ဂါမလျေလ​၏​ယုတ္တိ​ရှိသော​စကား​များ​ကြောင့် အထက်​တရားရုံး​က တမန်​တော်​များ​ကို လွှတ်​ပေး​လိုက်​သည်။ တမန်​တော်​များသည် ပြင်းထန်​စွာ​ရိုက်နှက်​ခံရ​သော်လည်း ထိတ်လန့်​မသွားကြ​ပေ။ ယင်းအစား ကျမ်းစာ​က​ဤသို့​ဆို​သည်– ‘ဝတ်ပြုရာ​အိမ်တော်၌​လည်းကောင်း၊ အိမ်​၌​လည်းကောင်း နေ့တိုင်း​အစဉ်​ဆုံးမ​သွန်သင်​လျက် ယေရှုသည် ခရစ်တော်​ဖြစ်၏​ဟူ၍ ဧဝံဂေလိတရား​ကို မပြတ်​ဟောပြောလျက်​နေကြ၏။’—တမန်​တော် ၅: ၄၂

တမန်​တော်​များသည် ဘုရားသခင်​ကို အမြင့်ဆုံး​အာဏာပိုင်​အဖြစ် ထောက်ခံ​သည့်​အတွက် ကောင်းချီး​များစွာ​ခံစား​ခဲ့​ရသည်။ ယနေ့​ခရစ်ယာန်စစ်​များလည်း အလားတူ​စိတ်ထား​ရှိကြသည်။ ယေဟောဝါသက်သေ​များသည် ယေဟောဝါ​ကို အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်​အဖြစ် ထောက်ခံ​နေဆဲ​ပင်။ ဘုရားသခင်​၏​ညွှန်ကြားချက်​များ​ကို ဆန့်ကျင်​ရန် အမိန့်ပေး​ခံရ​ပါ​က တမန်​တော်​များ​နည်းတူ “လူ​၏​စကား​ထက် ဘုရားသခင်​၏​စကား​ကို နားထောင်​သင့်​ပါ​၏” ဟူ၍ သူတို့​တုံ့ပြန်​ကြသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ယေဟောဝါသက်သေ​များ​၏ ၂၀၀၆ ခုနှစ် ပြက္ခဒိန် စက်တင်ဘာ/အောက်တိုဘာ​လ​ကို​ရှု။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

သင်​စဉ်းစား​ဖူး​သလော

ဆဲန်ဟီဒရင် လွှတ်တော်​အစည်းအဝေး​တွင် ဂါမလျေလ​ပြောဆို​သော​စကား​များ​ကို ကျမ်း​ရေးသူ​လုကာ မည်သို့​သိရှိ​ခဲ့​သနည်း။ ဂါမလျေလ​၏​စကား​များ​ကို ဘုရားသခင်​ဖော်ပြ​ခဲ့​ခြင်း​ဖြစ်​ပေမည်။ (ဂါမလျေလ​၏​တပည့်​ဟောင်း) ပေါလု​သည် ဂါမလျေလ​၏​စကား​များ​ကို လုကာ​အား အသိပေးခဲ့​ခြင်း​လည်း ဖြစ်​နိုင်​သည်။ သို့​မဟုတ် စိတ်ရင်းကောင်း​သော အထက်​တရားရုံး​အဖွဲ့ဝင်​တစ်ဦးထံ​မှ သိရှိ​ခဲ့​ခြင်း​ဖြစ်​ပေမည်။