မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆဲန်ဟီဒရင်၌ လွှတ်အရာရှိတို့ စုဝေးကြ

ဆဲန်ဟီဒရင်၌ လွှတ်အရာရှိတို့ စုဝေးကြ

ဆဲန်ဟီဒရင်​၌ လွှတ်​အရာရှိ​တို့ စုဝေး​ကြ

ယဇ်ပုရောဟိတ်မင်း​နှင့် ဂျူး​ခေါင်းဆောင်​များ အကျပ်ရိုက်​နေကြ​သည်။ ယေရှု​ခရစ်​နှင့်​ပတ်သက်​၍ ရုတ်ရုတ်သဲသဲ​ဖြစ်နေ​ခြင်း​ကို ငြိမ်​သွားစေရန် သူတို့​ဘာလုပ်​နိုင်​မည်​နည်း။ သူတို့သည် ယေရှုကို အောင်မြင်စွာ​ကွပ်မျက်​ခဲ့​ပြီး​ဖြစ်သော်လည်း ယခု ကိုယ်တော်ရှင်​ပြန်ထ​မြောက်​သည့်​အကြောင်းကို တပည့်​များ​က ယေရုရှလင်​မြို့​အနှံ့ ဟောပြောနေကြ​သည်။ သူတို့​နှုတ်ဆိတ်​သွား​အောင် မည်သို့​ပြု​နိုင်​မည်​နည်း။ ယင်းကို​ဆုံးဖြတ်​ရန် ယဇ်ပုရောဟိတ်မင်း​နှင့် သူ၏​အပေါင်းအဖော်​တို့သည် ဂျူး​တရားရုံး​ချုပ် ဆဲန်ဟီဒရင်​၌ ‘လွှတ်​အရာရှိ​တို့ကို စုဝေး​စေ’ သည်။—တမန်​တော် ၅:၂၁

ပထမ​ရာစု​အချိန်​က ဣသရေလ​ပြည်​တွင် ရောမ​ဘုရင်ခံ​ပုန္တိပိလတ်​သည် အမြင့်ဆုံး​အာဏာပိုင်​ဖြစ်သည်။ သို့​ဆိုလျှင် ဆဲန်ဟီဒရင်​သည် ပိလတ်​နှင့် မည်သို့​ပူးပေါင်း​လုပ်ဆောင်ခဲ့​သနည်း။ ဆဲန်ဟီဒရင်​သည် အဘယ်​အတိုင်းအတာ​အထိ တရား​စီရင်ပိုင်​ခွင့်​ရှိ​သနည်း။ ယင်းကို မည်သို့​ဖွဲ့စည်းထား​သနည်း။ ယင်းသည် မည်သို့​လုပ်ဆောင်​သနည်း။

ဆဲန်ဟီဒရင် ဖြစ်ပေါ်​လာပုံ

“ဆဲန်ဟီဒရင်” ဟု​ပြန်ဆို​သော ဂရိ​စကားလုံး​၏​စာသား​အရ​အဓိပ္ပာယ်​မှာ “အတူတကွ​ထိုင်​ခြင်း” ဖြစ်သည်။ စုဝေးမှု သို့​မဟုတ် အစည်းအဝေး​တစ်ခု​အတွက် ယေဘုယျ​သုံးနှုန်း​သော​ဝေါဟာရ​ဖြစ်သည်။ ဂျူး​ဓလေ့​ထုံးတမ်း​တွင်​မူ ဘာသာရေးဆိုင်ရာ တရားရေး​အဖွဲ့ သို့​မဟုတ် တရားရုံး​ကို ရည်ညွှန်းလေ့​ရှိသည်။

အေဒီ ၇၀ တွင် ယေရုရှလင်​မြို့​ဖျက်ဆီး​ခံရ​ပြီး​နောက် စုဆောင်း​ပြုစု​ခဲ့​သော တာ​လ်​မွတ်​ကျမ်း​ကို ရေးသားသူ​များ​က ဆဲန်ဟီဒရင်​အား ရှေးကျ​သော​အဖွဲ့​တစ်ခု​အဖြစ်​ဖော်ပြ​သည်။ ယင်းသည် ဂျူး​ပညတ်​ကို​ဆွေးနွေး​ရန် စုဝေး​ကြသော ပညာရှင်​များနှင့်​ဖွဲ့စည်းထား​ပြီး ဣသရေလလူ​တို့ကို​ဦးဆောင်​ရာ​တွင် မောရှေ​ကို​ကူညီ​ရန် အသက်ကြီးသူ ၇၀ ကို စုဝေး​စေသည့်​အချိန်​မှ​အစပြု​သည်​ဟု သူတို့ယူဆကြ​သည်။ (တောလည်ရာ ၁၁:၁၆၊ ၁၇) သမိုင်း​ပညာရှင်​များ​မူ ထို​အချက်​ကို​လက်မခံ​ပေ။ သူတို့က ဣသရေလ​နိုင်ငံ​ကို ပါးရှား​ကြီးစိုးချိန်​အထိ ပထမ​ရာစု​ဆဲန်ဟီဒရင်​နှင့်​ဆင်တူ​သည့်​အဖွဲ့ မ​ပေါ်ပေါက်​သေး​ဟူ၍​ဆို​ကြ​၏။ ထို့​ပြင် တာ​လ​မွတ်​ကျမ်း​ရေးသူ​တို့၏ အယူအဆ​သည် ပထမ​ရာစု​ဆဲန်ဟီဒရင်​ထက် ဒုတိယ​နှင့်​တတိယ​ရာစု​ရှိ ရဗ္ဗိ​ပညာတတ်​အုပ်စု​နှင့် ပို​ကိုက်ညီ​သည်​ဟု သမိုင်း​ပညာရှင်​များ ယူမှတ်​ကြ​၏။ သို့​ဆိုလျှင် ဆဲန်ဟီဒရင်​သည် အဘယ်​အချိန်တွင် ဖြစ်ပေါ်​လာ​သနည်း။

ဘီစီ ၅၃၇ ၌​ဗာဗုလုန်​မှ ယုဒပြည်​သို့​ပြန်လာ​ကြသော သုံ့ပန်းများ​သည် အမျိုးသားရေး​အဖွဲ့အစည်း​တစ်ရပ် ဖွဲ့စည်း​ခဲ့​သည်​ဟု သမ္မာကျမ်းစာ​ဖော်ပြ​၏။ နေဟမိ​နှင့်​ဧဇရ​တို့သည် မင်း​များ၊ အသက်ကြီးသူ​များ၊ မှူးမတ်များ၊ မင်း​အရာရှိများ​အကြောင်း​ဖော်ပြ​ခဲ့​ပြီး ယင်းသည် ဆဲန်ဟီဒရင်​၏​အစ​ဖြစ်ပုံရ​သည်။—ဧဇရ ၁၀:၈; နေဟမိ ၅:၇

ဟေဗြဲ​ကျမ်းစာ​အပြီးသတ်​ချိန်​မှ မဿဲ​ခရစ်ဝင်​ကျမ်း စုဆောင်း​ပြုစု​ချိန်​အထိ​သည် ဂျူး​တို့အတွက် ကသောင်းကနင်း​နိုင်သော​ကာလ​တစ်ခု​ဖြစ်​ခဲ့​သည်။ ဘီစီ ၃၃၂ တွင် မဟာ​အလက်ဇန္ဒား​သည် ယုဒနယ်ကို​ထိန်းချုပ်​လိုက်​သည်။ မဟာ​အလက်ဇန္ဒား​ကွယ်လွန်​ပြီး​နောက် ယုဒ​နယ်​သည် ဂရိ​နိုင်ငံ​နှစ်ခု​လက်အောက်​ကျရောက်​ခဲ့​ရာ တော်လမီ​မင်းဆက်​နှင့် နောက်ပိုင်း​တွင် စီ​လူး​ကပ်​စ်​မင်းဆက်​တို့​လက်အောက်​ဖြစ်သည်။ ဘီစီ ၁၉၈ တွင်​စတင်​သော စီ​လူး​ကပ်​စ်​မင်းဆက်​အုပ်ချုပ်မှု​မှတ်တမ်း​တွင် ဂျူး​အထက်​လွှတ်တော်​အကြောင်း ဦးဆုံး​တွေ့ရ​သည်။ ယင်းသည် အခွင့်အာဏာ​အကန့်အသတ်​ရှိ​ပုံ​ရ​သော်လည်း ဂျူး​များ​အတွက် ကိုယ်ပိုင်​အုပ်ချုပ်ရေး​တစ်ခု​သဖွယ်​ဖြစ်​ခဲ့​၏။

ဘီစီ ၁၆၇ တွင် စီ​လူး​ကပ်​စ်​မင်းဆက်​မှ စတုတ္ထ​မြောက်​အဲ​န်​တိုင်း​အား​ကပ်​စ် (အီပိဖနစ္စ) သည် ဂျူး​များ​ကို ဂရိ​ယဉ်ကျေးမှု​ထဲ​ဆွဲသွင်း​ရန် ကြိုးစား​ခဲ့​သည်။ သူသည် ယေရုရှလင်​ဝတ်ပြုရာ​အိမ်တော်​ရှိ ယဇ်​ပလ္လင်​တွင် ဇုသ​နတ်​ဘုရား​အတွက် ဝက်​ကို​ပူဇော်​ခြင်း​ဖြင့် မ​ခန့်​လေးစား​ပြု​ခဲ့​သည်။ ထို​ကြောင့် စီ​လူး​ကပ်​စ်​မင်းဆက်​အုပ်စိုးမှု​အောက်​မှ မက္ကဘီး​တို့​ရုန်းထွက်​ချိန်​တွင် ပုန်ကန်မှု​ပေါ်ပေါက်​ခဲ့​ပြီး ဟာစမိုနီယန်​မင်းဆက်​ကို တည်ထောင်​ကြသည်။ * ထို​အချိန်တွင်​ပင် ပုန်ကန်မှု​ကို​အားပေး​ထောက်ခံ​သော ကျမ်းတတ်​များနှင့်​ဖာရိရှဲ​များသည် နိုင်ငံ​စီမံခန့်ခွဲရေး​တွင် အာဏာ​ရလာ​သည့်​အတွက် ယဇ်ပုရောဟိတ်​တို့၏​အာဏာ​ဆုံးရှုံး​ခဲ့​ရသည်။

ဂရိ​ကျမ်းစာ​ပါ ဆဲန်ဟီဒရင် ဖြစ်ပေါ်​လာ​လေ​ပြီ။ ယင်းသည် အမျိုးသား​အုပ်ချုပ်ရေး​ကောင်စီ​ဖြစ်လာ​ပြီး ဂျူး​ပညတ်တရား​များ​ကို​အနက်ဖွင့်ဆို​သော တရားရုံး​ချုပ်​ဖြစ်လာ​သည်။

အခွင့်အာဏာ မျှမျှတတ

ပထမ​ရာစု​တွင် ယုဒနယ်ကို ရောမတို့​သိမ်းပိုက်​လိုက်​သည်။ သို့သော် ဂျူး​များသည် လွတ်လပ်မှု​အတော်အတန်​ရရှိ​ကြသည်။ ရောမ​ပေါ်လစီ​အရ လက်အောက်ခံ​ပြည်သား​များ​ကို ကိုယ်ပိုင်​အုပ်ချုပ်ခွင့်​ပေး​ထား​သည်။ ထို့​ကြောင့် ဒေသခံ​တရားရုံး​များ​၏​လုပ်ဆောင်မှုကို ရောမ​အရာရှိများ ဝင်ရောက်​စွက်ဖက်​ခြင်း​မပြု​သည့်​အပြင် ယဉ်ကျေးမှု​ကွဲပြားခြင်း​ကြောင့် ဖြစ်ပေါ်​လာနိုင်​သည့် ပြဿနာ​များ​ကိုလည်း ရှောင်ရှား​ကြ​၏။ ရည်ရွယ်ချက်မှာ ကိုယ်ပိုင်​ယဉ်ကျေးမှုကို ထိန်းသိမ်း​စောင့်ရှောက်​စေပြီး ကိုယ်ပိုင်​အုပ်ချုပ်ခွင့်​ပေးခြင်း​အားဖြင့် ငြိမ်သက်​အေးချမ်း​စေရန်​နှင့် ရောမတို့​အပေါ် သစ္စာစောင့်သိ​စေရန်​ဖြစ်၏။ ရောမ​တို့သည် ဆဲန်ဟီဒရင်​ကို​ဦးစီး​သော ယဇ်ပုရောဟိတ်မင်း​ကို ခန့်အပ်​ခြင်း၊ ဖြုတ်ချခြင်း​နှင့် အခွန်ကောက်ခြင်း​တို့​မှ​အ​ပ မိမိတို့၏​အခွင့်အာဏာ​နှင့်​အကျိုး​စီးပွား​ကို မထိ​ပါး​သရွေ့ ဂျူး​တို့၏​အရေးကိစ္စ​များ​ကို ဝင်ရောက်​စွက်ဖက်​ခြင်း​မပြု​ကြ​ပေ။ ယေရှု၏​အမှု​စီရင်ခြင်း​တွင်​တွေ့ရ​သည့်​အတိုင်း ရောမ​တို့သည် သေဒဏ်​စီရင်ပိုင်​ခွင့်​အာဏာကို ထိန်းထား​ပုံ​ရသည်။—ယောဟန် ၁၈:၃၁

ဆဲန်ဟီဒရင်​သည် ဂျူး​ပြည်တွင်းရေး​ကိစ္စ​အတော်များများကို ချုပ်ကိုင်​ထား​သည်။ ဖမ်းဆီးခြင်း​ပြု​ရန် မင်းလုလင်​များလည်း​ရှိသည်။ (ယောဟန် ၇:၃၂) အောက်​တရားရုံး​သည် ရာဇဝတ်မှု​အသေးအမွှား​နှင့် ပြည်တွင်း​အမှုအခင်း​များ​ကို ရောမတို့​အကူအညီ​မပါဘဲ စီရင်​ဆုံးဖြတ်​သည်။ အမှုအခင်း​တစ်ခု​ကို အောက်​တရားရုံး​က မဆုံးဖြတ်​နိုင်​လျှင် အမြင့်ဆုံး​အာဏာ​ရှိသော​ဆဲန်ဟီဒရင်​သို့ လွှဲပြောင်းပေး​ရသည်။

ဆဲန်ဟီဒရင်​သည် ၎င်း​၏​အာဏာ​တည်မြဲ​ရေး​အတွက် ငြိမ်သက်​အေးချမ်းမှု​ကို ထိန်းသိမ်း​ထား​ရပြီး ရောမ​အုပ်ချုပ်ရေး​ကို​ထောက်ခံ​ရသည်။ သို့သော် မသင်္ကာ​ဖွယ်​နိုင်ငံရေး​ပြစ်မှု​များ​ရှိပါက ရောမတို့ လိုအပ်​သလို​ကြားဝင်​ဆောင်ရွက်​သည်။ တမန်​တော်​ပေါလု​ကို ဖမ်းဆီး​သည့်​ကိစ္စ​တွင် ယင်း​သို့​ကြားဝင်​ဆောက်​ရွက်​ခဲ့​ခြင်း​ဖြစ်၏။—တမန်​တော် ၂၁:၃၁-၄၀

တရားရုံး​အဖွဲ့ဝင်​များ

ဆဲန်ဟီဒရင်​တွင် အဖွဲ့ဝင် ၇၁ ဦး​ရှိရာ ယဇ်ပုရောဟိတ်မင်း​တစ်ဦး​နှင့် နိုင်ငံ​၏​အထင်ကရ​ပုဂ္ဂိုလ် ၇၀ တို့​ဖြစ်​ကြသည်။ ရောမ​ခေတ်တွင် ယင်းကို မင်းမျိုး​မင်း​နွယ်​ယဇ်ပုရောဟိတ်​များ (အများအားဖြင့် ဇဒ္ဒုကဲ​များ)၊ အထက်တန်းလွှာ​များ၊ ဖာရိရှဲ​အဖွဲ့ဝင်​ကျမ်းတတ်​များ​ဖြင့် ဖွဲ့စည်းထား​သည်။ အထက်တန်းလွှာ​၏​ထောက်ခံမှု​ရရှိ​ထားသော မင်းမျိုး​မင်း​နွယ်​ယဇ်ပုရောဟိတ်​များသည် တရားရုံး​ကို​ချုပ်ကိုင်​ထား​သည်။ * ဇဒ္ဒုကဲ​များသည် ရှေး​ရိုး​စွဲ​သမားများ​ဖြစ်​ပြီး ဖာရိရှဲ​များ​မူ ပြုပြင်​ပြောင်းလဲမှု​ကို​လိုလားသူ၊ လူ​တို့​အပေါ် အတော်​သြဇာညောင်း​သော သာမန်​ပုဂ္ဂိုလ်​များ​ဖြစ်​ကြသည်။ သမိုင်း​ပညာရှင်​ဂျိုစီဖတ်စ်​အဆို​အရ ဖာရိရှဲ​များ​၏​တောင်းဆိုချက်​တို့ကို ဇဒ္ဒုကဲ​များ တော်ရုံ​လက်မခံ​လို​ပေ။ ပေါလု​သည် ဆဲန်ဟီဒရင်​ရှေ့ မိမိကိုယ်ကို​ခုခံ​ပြောဆို​သောအခါ ထို​အုပ်စု​နှစ်စု​၏​ပြိုင်ဆိုင်မှု​နှင့် ယုံကြည်ချက်​မတူ​မှု​ကို အခွင့်ကောင်း​ယူ​ပြောဆို​ခဲ့​သည်။—တမန်​တော် ၂၃:၆-၉

အထက်တန်းလွှာ​များ​သာ​ဖြစ်သော ဆဲန်ဟီဒရင်​အဖွဲ့ဝင်​များသည် ရာသက်ပန်​အဖွဲ့ဝင်​များ​ဖြစ်ဖွယ်​ရှိ၍ ရာထူး​လစ်လပ်​ခဲ့​လျှင် လက်ရှိ​အဖွဲ့ဝင်​များ​က အသစ်​ခန့်အပ်​သည်။ မစ်ရှ်နာ​အရ အဖွဲ့ဝင်​အသစ်များ​သည် “ယဇ်ပုရောဟိတ်၊ လေဝိ၊ ယဇ်ပုရောဟိတ်​နှင့်​ထိမ်းမြား​ခွင့်​ရှိသော သမီး​များ​ရှိသည့် ဣသရေလလူ​များ” ဖြစ်​ရမည်။ ထို​သူတို့သည် ဆွေစဉ်မျိုးဆက်​မှတ်တမ်း​ဖြင့် ဂျူး​လူမျိုး​စစ်​ကြောင်း သက်သေပြ​နိုင်​ရမည်။ နိုင်ငံတစ်ဝန်း​ရှိ​တရား​စီရင်​ရေး​ကို အထက်​တရားရုံး​က ကြီးကြပ်​သောကြောင့် အောက်​တရားရုံး​များ​မှ နာမည်​ကောင်း​ရှိသူ​များ​ကို ဆဲန်ဟီဒရင်​သို့ ခေါ်ယူ​ခန့်အပ်​ခြင်း​သည် ဆီလျော်​ပုံ​ရသည်။

တရား​စီရင်ပိုင်​ခွင့်​နှင့် အခွင့်အာဏာ

ဂျူး​တို့သည် ဆဲန်ဟီဒရင်​ကို အလွန်​လေးစား​ကြ​ပြီး အောက်​တရားရုံး​များ​မှ တရားသူကြီး​များသည် ၎င်း​၏​အုပ်စိုးမှု​ကို​လက်ခံရ​သည်။ သို့​မဟုတ်လျှင် သေဒဏ်​စီရင်ခံ​ရ​ပေမည်။ ယဇ်ပုရောဟိတ်​များ​၏​အရည်အချင်း​ပြည့်မီ​မှု၊ ယေရုရှလင်၊ ဝတ်ပြုရာ​အိမ်တော်၊ ယင်း​တွင် ဝတ်ပြု​ကိုးကွယ်​ခြင်း​နှင့်​ဆိုင်သော​အမှုအခင်း​များ​ကို တရားရုံး​က အထူး​အာရုံစိုက်​သည်။ အမှန်​ဆို​ရ​လျှင် ဆဲန်ဟီဒရင်​သည် ယုဒ​နယ်​တစ်ခု​တည်း​ကို​သာ တရား​စီရင်ပိုင်​ခွင့်​ရှိသည်။ သို့သော် ၎င်း​သည် ပညတ်တရား​ကို အနက်ဖွင့်ဆို​ပိုင်ခွင့်​အရှိဆုံး​အဖြစ် ယူမှတ်​ခံရ​သောကြောင့် ကမ္ဘာ​တစ်ဝန်း​ရှိ ဂျူး​အသိုင်းအဝိုင်း​အတွက် ကိုယ်ကျင့်တရား​စံနှုန်း​ချမှတ်​ပိုင်ခွင့်​အာဏာ​ရှိသည်။ ဥပမာ၊ ယဇ်ပုရောဟိတ်မင်း​နှင့် သူ၏​အပေါင်းအပါ​တို့သည် ခရစ်တော်​၏​နောက်လိုက်​များ​ကို ဖမ်းဆီး​ရာ​တွင် မိမိတို့​နှင့်​ပူးပေါင်း​လုပ်ဆောင်ရန် ဒမာသက်​မြို့ရှိ တရား​ဇရပ်မှူး​များ​ကို ညွှန်ကြား​ခဲ့​ကြသည်။ (တမန်​တော် ၉:၁၊ ၂; ၂၂:၄၊ ၅; ၂၆:၁၂) အလားတူ၊ ပွဲတော်​များ​တက်ရောက်​ရန် ယေရုရှလင်​မြို့​သို့​ရောက်လာ​သော ဂျူး​များသည် ဆဲန်ဟီဒရင်​၏​စီရင်ချက်​သတင်း​များ​ကို အိမ်​သို့​သယ်ဆောင်​သွား​ပုံ​ပေါ်​သည်။

မစ်ရှ်နာ​အရ ဆဲန်ဟီဒရင်​သည် အမျိုးသားရေး​ဆိုင်ရာ အရေးကြီးသော​အမှုအခင်း​များ၊ ၎င်း​၏​ဆုံးဖြတ်ချက်​များ​ကို​အာခံ​သော တရားသူကြီး​များ၊ ပရောဖက်​အတုအယောင်​များ​ကို တရား​စီရင်ပိုင်​ခွင့်​ရှိသည်။ ယေရှု​နှင့်​သတေဖန်​ကို ဘုရားသခင်​အား​လွန်ကျူး​ပြောဆိုသူ​များ၊ ပေတရု​နှင့်​ယောဟန်​ကို နိုင်ငံ​၏​အဖျက်​အမှော​က်​သမားများ၊ ပေါလု​ကို​မူ ဝတ်ပြုရာ​အိမ်တော်ကို​ရှုတ်ချသူ​အဖြစ်​စွပ်စွဲ​ကာ တရားရုံး​တင်​ခဲ့​ကြသည်။—မာကု ၁၄:၆၄; တမန်​တော် ၄:၁၅-၁၇; ၆:၁၁; ၂၃:၁; ၂၄:၆

ယေရှု​နှင့်​တပည့်​များ​ကို တရား​စီရင်ခြင်း

ဆဲန်ဟီဒရင်​သည် ဥပုသ်​နေ့​နှင့်​သန့်ရှင်း​ရာ​နေ့​များ​မှ​လွဲ​၍ နေ့စဉ် နံနက်​ယံ​ယဇ်​ပူဇော်​ချိန်​မှ ညဦးယံ​ယဇ်​ပူဇော်​ချိန်​တိုင် ရုံး​ထိုင်​ကြသည်။ နေ့​အချိန်တွင်​သာ အမှု​ကြားနာ​စစ်ဆေး​ကြသည်။ သေ​ပြစ်​ထိုက်​သော​အမှု​များ​ကို အမှု​ကြားနာ​စစ်ဆေး​ပြီး နောက်​တစ်နေ့​တွင် ကြေညာ​သောကြောင့် ထို​အမှု​များ​ကို ဥပုသ်​နေ့​အကြိုနေ့ သို့​မဟုတ် ပွဲတော်​မတိုင်မီ​နေ့တွင် မ​စစ်ဆေး​ရ​ပါ။ အပြစ်မဲ့​သူ၏​အသွေးသွန်းခြင်း​သည် အလွန်​အပြစ်ကြီး​လေး​ကြောင်း သက်သေ​ထွက်ဆို​သူများကို ပြင်းထန်​စွာ​သတိပေး​သည်။ ထို့​ကြောင့် ယေရှုကို ည​အချိန်တွင်​အမှုစစ်ဆေး​ခြင်း၊ ပွဲတော်​နေ့​မတိုင်မီ ကယာဖ​အိမ်​တွင် ပြစ်ဒဏ်​စီရင်ခြင်း​သည် တရား​မဝင်​ပေ။ ပို​ဆိုး​သည်​မှာ တရားသူကြီး​များ​ကိုယ်တိုင် မဟုတ်မမှန်​သက်သေ​ရှာကြံ​ကာ ယေရှု​အား​ကွပ်မျက်​ရန် ပိလတ်​ကို နားချ​စည်းရုံး​ခဲ့​ခြင်း​ဖြစ်၏။—မဿဲ ၂၆:၅၇-၅၉; ယောဟန် ၁၁:၄၇-၅၃; ၁၉:၃၁

သေ​ပြစ်​ထိုက်သည့်​အမှု​များ​ကို​စစ်ဆေး​ရသော တရားသူကြီး​များသည် အမှုစစ်ဆေး​ချိန်​တွင် တရားခံ​ကို အမှန်​သေ​ပြစ်​ထိုက်​မထိုက် အသေအချာ​စစ်ဆေး​ကြသည်​ဟု တာ​လ်​မွတ်​ကျမ်း​က​ဆို​သည်။ သို့သော် သတေဖန်​သည် ယေရှု​နည်းတူ အသေအချာ​စစ်ဆေးခြင်း​မခံခဲ့​ရ​ပေ။ သူသည် ဆဲန်ဟီဒရင်​ရှေ့တွင်​ခုခံ​ပြောဆို​ခဲ့​ရာ လူအုပ်​က ကျောက်ခဲ​နှင့်​ပေါက်သတ်​လေ​သည်။ ရောမတို့​သာ ကြားဝင်​ဆောင်ရွက်ခြင်း​မ​ရှိလျှင် တမန်​တော်​ပေါလု​လည်း အလားတူ အသတ်ခံရ​နိုင်​ဖွယ်​ရှိသည်။ အမှန်​မှာ ဆဲန်ဟီဒရင်​တရားသူကြီး​များသည် ပေါလု​ကို​လုပ်ကြံ​ရန် ပူးပေါင်း​ကြံစည်​ခဲ့​ကြသည်။—တမန်​တော် ၆:၁၂; ၇:၅၈; ၂၃:၆-၁၅

အဖွဲ့ဝင်​အနည်းစု​မှာ ဖြောင့်မတ်​သူများ​ဖြစ်ပုံရ​သည်။ ယေရှု​နှင့်​စကားပြော​ဆို​ခဲ့​သော ဂျူး​အရာရှိငယ်​တစ်ဦး​သည် ဆဲန်ဟီဒရင်​အဖွဲ့ဝင်​ဖြစ်​ခဲ့​ပေမည်။ ထို​လုလင်​၏​ချမ်းသာ​ကြွယ်ဝမှု​က အဟန့်အတား​တစ်ခု​ဖြစ်သော်လည်း ယေရှု​နောက်လိုက်​ရန် ဖိတ်ခေါ်​ခံရ​သောကြောင့် သူသည် ကိုယ်ကျင့်တရား​ကောင်းမွန်​သူ​ဖြစ်​ရ​ပေမည်။—မဿဲ ၁၉:၁၆-၂၂; လုကာ ၁၈:၁၈၊ ၂၂

“ယုဒ​လူ​တို့​တွင် အရာရှိ​ဖြစ်သော” နိကောဒင်​သည် သူ၏​လုပ်ဖော်ဆောင်ဖက်​များ မည်သို့​ထင်​မည်​ကို​စိုးရိမ်​သောကြောင့် ည​အချိန်တွင် ယေရှု​ထံ​လာ​ခြင်း​ဖြစ်​နိုင်​သည်။ သို့သော် နိကောဒင်​သည် “ငါ​တို့​တရားသည် လူကို​မ​စစ်၊ သူ့​အမှုကို​မသိ​မီ​က​ပင် ရှေ့​မ​ဆွ​က​ဆုံးဖြတ်​တတ်​သလော” ဟု​ယေရှု​ဘက်​မှ ခုခံ​ပြောဆို​ခဲ့​၏။ နောက်ပိုင်း​တွင် ယေရှု၏​အလောင်း​တော်​ကို​ပြင်ဆင်​ရန် “မုရန်​နှင့်​အ​ကျော်​ကို​ရောနှော​သော နံ့သာ​ပျောင်း​ကို” ဆောင်​ခဲ့​သည်။—ယောဟန် ၃:၁၊ ၂; ၇:၅၁၊ ၅၂; ၁၉:၃၉

ဆဲန်ဟီဒရင်​အဖွဲ့ဝင်​တစ်ဦး​ဖြစ်သော အရိ​မဿဲ​မြို့သား​ယောသပ်​သည် ယေရှု​အလောင်း​တော်​ကို သင်္ချိုင်းတွင်း​သစ်​၌​မြှုပ်​ရန် ပိလတ်​အား ရဲရင့်စွာ​တောင်းဆို​ခဲ့​သည်။ ယောသပ်​သည် “ဘုရားသခင်​၏​နိုင်ငံတော်​ကို မျှော်လင့်​သော​သူ​ဖြစ်” သော်လည်း ဂျူး​များ​ကို​ကြောက်​သောကြောင့် ယေရှု၏​တပည့်​တစ်ဦး​ဖြစ်​ကြောင်း မထုတ်ဖော်​ဝံ့​ချေ။ သို့သော် ယေရှုကို​ကွပ်မျက်​ရန် ဆဲန်ဟီဒရင်​၏​ကြံစည်​မှု​တွင် ယောသပ်​မပါ​ခဲ့​ပေ။—မာကု ၁၅:၄၃-၄၆; မဿဲ ၂၇:၅၇-၆၀; လုကာ ၂၃:၅၀-၅၃; ယောဟန် ၁၉:၃၈

ဆဲန်ဟီဒရင်​အဖွဲ့ဝင်​ဂါမလျေလ​သည် လုပ်ဖော်ဆောင်ဖက်​တရားသူကြီး​တို့အား ယေရှု၏​တပည့်​များ​ကို အနှောင့်အယှက်​မပေး​ရန် ပညာရှိ​စွာ​အကြံပေး​ခဲ့​သည်။ “သင်တို့သည် ဘုရားသခင်​၏​အာဏာတော်​ကို ဆန်​သော​သူ​မဖြစ်​မည်​အကြောင်း သတိပြု​ကြလော့” ဟု​သူ​ပြောဆို​လေ​၏။ (တမန်​တော် ၅:၃၄-၃၉) ယေရှု​နှင့်​ကိုယ်တော့်​တပည့်​များ​ကို ဘုရားသခင်​ကူညီ​နေကြောင်း အထက်​တရားရုံး​က အဘယ်ကြောင့်​အသိအမှတ်​မပြု​ခဲ့​သနည်း။ ယေရှု၏​အံ့ဖွယ်အမှု​များ​ကို အသိအမှတ်ပြု​မည့်​အစား ဆဲန်ဟီဒရင်​ဤသို့​ဆင်ခြင်​သည်– “ငါ​တို့သည် အဘယ်​သို့​ပြုလျက်​နေကြ​သနည်း။ ထို​သူသည် များစွာသော​နိမိတ်​လက္ခဏာကို​ပြ​၏။ သူ့ကို​ဤသို့​အလွတ်​ထား​လျှင် လူ​ခပ်သိမ်း​တို့သည် ယုံကြည်​ကြလိမ့်မည်။ ရောမ​လူတို့သည်​လည်း လာ၍ ငါ​တို့​အရပ်ဌာန​ကိုလည်း​ကောင်း၊ ငါ​တို့​အမျိုး​ကိုလည်း​ကောင်း သုတ်သင်​ပယ်ရှင်း​ကြလိမ့်မည်။” (ယောဟန် ၁၁:၄၇၊ ၄၈) အာဏာမက်​မော​ခြင်း​ကြောင့် ဂျူး​တရားရုံး​သည် တရား​မျှတမှုကို မျက်ကွယ်​ပြု​ခဲ့​သည်။ အလားတူ ယေရှု၏​တပည့်​များ​က လူနာများ​ကို​ကုသ​ပေး​သည့်​အခါ ဘာသာရေး​ခေါင်းဆောင်​များသည် ဝမ်းမြောက်​မည့်​အစား “ဒေါသ​အမျက်​နှင့်​ပြည့်​ကြ” သည်။ (တမန်​တော် ၅:၁၇) တရားသူကြီး​များ​အနေ​နှင့် သူတို့သည် ဘုရားသခင်​ကို​ကြောက်ရွံ့​သူ၊ တရား​မျှတ​သူ​ဖြစ်​သင့်​သော်လည်း အများစုမှာ အ​ဂ​တိ​လိုက်စား​ပြီး မရိုးသား​သူများ​ဖြစ်​ကြသည်။—ထွက်မြောက်ရာ ၁၈:၂၁; တရားဟောရာ ၁၆:၁၈-၂၀

ဘုရားသခင့်​တရား​စီရင်ချက်

ပညတ်တရား​ကို​မနာခံခြင်း၊ မေရှိယကို​ငြင်းပယ်​ခြင်း​ကြောင့် ဣသရေလလူ​တို့ကို မိမိ​ရွေးချယ်​ထားသော​လူမျိုး​အဖြစ်​မှ ယေဟောဝါ​ငြင်းပယ်​လိုက်​သည်။ အေဒီ ၇၀ တွင် ယေရုရှလင်​မြို့​နှင့်​ဝတ်ပြုရာ​အိမ်တော်ကို ရောမတို့​ဖျက်ဆီး​လိုက်ပြီး ဂျူး​စနစ်​တစ်ခုလုံး​နှင့် ဆဲန်ဟီဒရင်​လည်း အဆုံးတိုင်​သွားလေသည်။

ယေဟောဝါ​ခန့်အပ်​ထားသော တရားသူကြီး​ယေရှု​ခရစ်​သည် ပထမ​ရာစု​ရှိ ဆဲန်ဟီဒရင်​အဖွဲ့ဝင်​များ​မှ မည်သူသည် ရှင်ပြန်ထမြောက်​ထိုက်​ပြီး မည်သူသည် သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ပြစ်မှားသူ​ဖြစ်သည်​ကို ဆုံးဖြတ်​ပါ​လိမ့်​မည်။ (မာကု ၃:၂၉; ယောဟန် ၅:၂၂၊ ၂၃) ထိုသို့​ဆုံးဖြတ်​ရာ​တွင် ယေရှုသည် လုံးဝ​တရား​မျှတ​မည်​ဖြစ်​ကြောင်း ကျွန်​ပ်​တို့​စိတ်ချ​နိုင်​ကြ​ပါ​သည်။—ဟေရှာယ ၁၁:၃-၅

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 9 မက္ကဘီး​နှင့်​ဟာစမိုနီယန်​အကြောင်းကို ကင်းမျှော်စင် ၁၉၉၈၊ နိုဝင်ဘာ ၁၅၊ စာမျက်နှာ ၂၁-၄ နှင့် ၂၀၀၁၊ ဇွန် ၁၅၊ စာမျက်နှာ ၂၇-၃၀ တွင်​ရှု။

^ အပိုဒ်၊ 16 “ယဇ်ပုရောဟိတ်​အကြီး​တို့” ဟု​ကျမ်းစာ​ဆို​ရာ​တွင် လက်ရှိ​နှင့်​ယခင်​ယဇ်ပုရောဟိတ်မင်း​များ၊ ယဇ်ပုရောဟိတ်​ရာထူးကို​ဆက်ခံ​ရန် အရည်အချင်း​ပြည့်မီ​သူ​အဖွဲ့ဝင်​များ​ကို ဆိုလို​၏။—မဿဲ ၂၁:၂၃