မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နယပုံပြင်ကျမ်းမှ ပေါ်လွင်ချက်များ

နယပုံပြင်ကျမ်းမှ ပေါ်လွင်ချက်များ

ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၏

နယပုံပြင်​ကျမ်း​မှ ပေါ်လွင်​ချက်​များ

ရှေး​ဣသရေလ​ဘုရင် ရှောလမုန်​သည် ‘ပညာရှိ​စကား​သုံး​ထောင်’ ကို စီရင်​နိုင်​ခဲ့​သည်။ (၃ ဓမ္မ​ရာဇဝင် ၄:၃၂) သူ၏​ပညာရှိ​စကား​များ​ကို ကျွန်ုပ်​တို့​ဖတ်ရှု​လေ့လာ​နိုင်​သလော။ ဖတ်ရှု​လေ့လာ​နိုင်​ပါ​သည်။ ဘီစီ ၇၁၇ ခန့်​တွင် ရေးသား​ပြီးစီး​ခဲ့​သော နယပုံပြင်​ကျမ်း​တွင် ရှောလမုန်​၏​ပညာရှိ​စကား​များစွာ မှတ်တမ်း​တင်ထား​သည်။ နောက်ဆုံး​အခန်းကြီး​နှစ်ခန်း​ကို​သာ အခြား​ကျမ်း​ရေးသူ​များ​ဖြစ်သော ယာ​ကေ​သား အာဂုရ​နှင့် လေ​မွေ​လ​မင်းကြီး​တို့ ရေးသားခဲ့​သည်​ဟု​ဆို​၏။ သို့သော် လေ​မွေ​လ​သည် ရှောလမုန်​၏​နာမည် နောက်​တစ်မျိုး​ဖြစ်သည်ဟု အချို့​ယူဆကြ​၏။

မှုတ်သွင်းခံ​နယပုံပြင်​ကျမ်း​မှ ပညာရှိ​စကား​များ​၏​ဦးတည်ချက်​နှစ်ရပ်​မှာ “ဉာဏ်ပညာ​နှင့် ဆုံးမ​သွန်သင်ခြင်း​ကို သိကျွမ်း” ရန် ဖြစ်သည်။ (သု. ၁:၁သ​မ) ယင်း​ပညာရှိ​စကား​များသည် ကိစ္စရပ်​များ​ကို ရှင်းလင်းစွာ​သိမြင်နိုင်စွမ်း​နှင့် ပြဿနာ​များ​ကို အသိပညာ​ရှိ​ရှိ​ဖြေရှင်း​နိုင်စွမ်း​ဖြစ်သော ဉာဏ်ပညာ​ကို​ရရှိစေ​သည်။ ထို့​ပြင် ဆုံးမ​သွန်သင်မှု သို့​မဟုတ် ကိုယ်ကျင့်တရား​လေ့ကျင့်ပေး​မှု​တို့ကို​လည်း ရရှိစေ​သည်။ ပညာရှိ​စကား​များ​ကို ဂ​ရု​မူ​ကာ ယင်း​အကြံပေး​ချက်​များ​ကို​လိုက်နာခြင်းက စိတ်နှလုံး​ကို​ပုံသွင်း​ပေး​နိုင်​ပြီး ပျော်ရွှင်​အောင်မြင်​စေနိုင်​မည်​ဖြစ်၏။—ဟေဗြဲ ၄:၁၂

‘ပညာ​ကို​ဆည်းပူး​ပြီး ဥပဒေသကို​ကိုင်ဆွဲ​လော့’

(နယပုံပြင် ၁:၁–၉:၁၈)

“ပညာ​သည် ပြင်​မှာ​ကြွေးကြော်​၍ လမ်းခရီး​တို့​၌ မိမိ​စကားသံ​ကို လွှင့်​တတ်၏” ဟု​ရှောလမုန်​ဆို​သည်။ (သု. ၁:၂၀) ယင်း​ကြွေးကြော်​သံ​ကို အဘယ်ကြောင့်​နားထောင်​သင့်​သနည်း။ ဉာဏ်ပညာ​ဆည်းပူးခြင်း​သည် အကျိုးများစွာ​ရှိကြောင်း အခန်းကြီး ၂ တွင်​ဖော်ပြ​၏။ အခန်းကြီး ၃ တွင် ယေဟောဝါ​နှင့်​ရင်းနှီး​ကျွမ်းဝင်​နိုင်​ပုံ​ကို ဖော်ပြ​ထား​သည်။ ထို့နောက် ရှောလမုန် ဤသို့​ဆို​သည်– “ပညာ​သည် အမြတ်​ဆုံးသော​အရာ​ဖြစ်၏။ ပညာ​ကို​ဆည်းပူး​လော့။ ဆည်း​ဖူး​သမျှ​သော​ဥစ္စာ​တို့​တွင် ဉာဏ်​ကို​ဆည်းပူး​လော့။ ဥပဒေသကို​ကိုင်ဆွဲ​လော့။ မလွှတ်​နှင့်။”—သု. ၄:၇၊ ၁၃

လောက​၏​အကျင့်​ယိုယွင်း​သည့်​လမ်းစဉ်​များ​ကို အဘယ်အရာက တွန်းလှန်​စေနိုင်​သနည်း။ အခန်းကြီး ၅ တွင် ဤသို့​ဖြေဆို​ထား​သည်– စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​ကို လေ့ကျင့်ပေး​ပါ၊ လောက​၏​နည်း​ပရိယာယ်​များ​ကို သိရှိ​ထား​ပါ။ အကျင့်​ယိုယွင်းခြင်း​၏ ကြောက်မက်​ဖွယ်​ဆိုးကျိုး​များ​ကိုလည်း ထည့်သွင်း​စဉ်းစားပါ။ နောက်​အခန်းကြီး​က ယေဟောဝါ​နှင့်​ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို အန္တရာယ်​ပြု​သည့် အပြု​အမူ၊ သဘောထားများကို​ရှောင်ရန် သတိပေး​ထား​သည်။ အကျင့်ပျက်​ပြား​သူ၏​လုပ်ဆောင်ပုံကို ဖော်ထုတ်​ထားသော အခန်းကြီး ၇ သည် တန်ဖိုး​မ​ဖြတ်​နိုင်သော​ဆုံးမ​စကား​ဖြစ်သည်။ အခန်းကြီး ၈ တွင် ဉာဏ်ပညာ​၏​တန်ဖိုး​နှင့် မေတ္တာ​ရပ်ခံ​ချက်​ကို စိတ်ဝင်စားဖွယ်​ဖော်ပြ​ထား​သည်။ အထက်ပါ​နယပုံပြင်​ကျမ်း​များ​၏ နိဂုံး​ချုပ်​အခန်းကြီး ၉ တွင် ဉာဏ်ပညာ​ဆည်းပူး​ရန် လှုံ့ဆော်ပေး​သော စိတ်​လှုပ်ရှား​ဖွယ်​ပုံဆောင်ချက်​ကို တင်ဆက်​ထား​သည်။

ကျမ်းစာ​မေးခွန်းများ​အဖြေ–

၁:၇; ၉:၁၀က​ဘ—ယေဟောဝါ​ကို​ကြောက်ရွံ့​သော​သဘော​သည် အဘယ်​နည်းဖြင့် “အသိပညာ​၏​အချုပ်အခြာ” နှင့် “ဉာဏ်ပညာ​၏​မူလအမြစ်” ဖြစ်သနည်း။ ယေဟောဝါ​သည် အရာခပ်သိမ်း​ကို​ဖန်ဆင်း​ပြီး သမ္မာကျမ်းစာ​ကိုလည်း မှုတ်သွင်း​ခဲ့​သောကြောင့် ကိုယ်တော်​ကို​မကြောက်ရွံ့​ပါ​က အသိပညာ​လည်း မရှိ​နိုင်​ပေ။ (ရောမ ၁:၂၀; ၂ တိမောသေ ၃:၁၆၊ ၁၇) ကိုယ်တော်​သည် စစ်မှန်သော​အသိပညာ​ခပ်သိမ်း​၏ ရင်းမြစ်​ဖြစ်​တော်​မူ​သည်။ ထို့​ကြောင့် ယေဟောဝါ​ကို​ကြောက်ရွံ့​ရိုသေခြင်း​သည် အသိပညာ​၏​အချုပ်အခြာ​ဖြစ်၏။ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​သည် ဉာဏ်ပညာ​၏​မူလအမြစ်​လည်း ဖြစ်သည်၊ အကြောင်း​မှာ အသိပညာ​မရှိဘဲ ဉာဏ်​ပညာရှိ​နိုင်​မည်​မဟုတ်​ချေ။ ထို့​ပြင် ယေဟောဝါ​ကို​မကြောက်ရွံ့​သူသည် သူ၏​အသိပညာကို ဖန်ဆင်း​ရှင်​အား​ဂုဏ်တင်​ရန် အသုံးပြု​မည်​မဟုတ်ပေ။

၅:၃—ပြည့်တန်ဆာမ​ကို “အမျိုး​ပျက်​သော [“သူစိမ်း၊” က​ဘ] မိန်းမ” ဟု အဘယ်ကြောင့်​ခေါ်ထား​သနည်း။ နယပုံပြင် ၂:၁၆၊ ၁၇ တွင် ‘သူစိမ်း​မိန်းမ’ ကို “မိမိ​ဘုရားသခင်​၏ ပဋိညာဉ်တရား​ကို​မေ့လျော့​သော မိန်းမ” အဖြစ် ဖော်ပြ​ထား​သည်။ မှားယွင်းသော​ဘုရား​များ​ကို​ဝတ်ပြုသူ သို့​မဟုတ် ပြည့်တန်ဆာ​လုပ်ခြင်း​အပါအဝင် မောရှေ​ပညတ်​ကို လျစ်လျူရှု​သူ မည်သူ​ကို​မဆို အမျိုး​ပျက်​သူ [“သူစိမ်း၊” က​ဘ] ဟု​ခေါ်ထား​သည်။—ယေရမိ ၂:၂၅; ၃:၁၃

၇:၁၊ ၂—“ငါ့​စကား၊” “ငါ့​ပညတ်” တို့​တွင် အဘယ်အရာ​ပါဝင်​သနည်း။ ကျမ်းစာ​သွန်သင်ချက်​များ​အပြင် မိသားစု​ကောင်းကျိုး​အတွက် မိဘတို့​ချမှတ်​ပေး​သော စည်း​မျည်း​စည်းကမ်း​များ​ပါဝင်​သည်။ ယင်း​စည်းကမ်း​များ​အပြင် မိဘများ​၏ ကျမ်းစာ​နှင့်​အညီ သွန်သင်ပေး​မှု​တို့ကို​လည်း သားသမီးတို့​လိုက်နာ​ရမည်။

၈:၃၀က​ဘ“ကျွမ်းကျင်​လုပ်သား” ကား မည်သူ​နည်း။ ဉာဏ်ပညာ​ကို လူ​ပုဂ္ဂိုလ်​သဖွယ်​တင်စား​ကာ ကျွမ်းကျင်​လုပ်သား​အဖြစ် ခေါ်ဆို​ခြင်း​ဖြစ်၏။ ထိုသို့ ပုဂ္ဂိုလ်​သဖွယ်​တင်စားချက်​သည် ဉာဏ်ပညာ​၏​သရုပ်​ကို ဖော်ပြ​ရုံ​မျှ​မ​က​ဘဲ လူသား​ဘဝ​မတိုင်မီ ဘုရားသခင့်​သားဦး​ယေရှု​ခရစ်​ကို ပုံဆောင်​သည်။ ကိုယ်တော်​သည် လူသား​တစ်ဦး​အဖြစ် မွေးဖွား​မလာ​မီ အချိန်​များစွာက​တည်း​က၊ ရှေး​အမှုတော်​တို့ကို​မပြု​မီ​က​ပင် ဘုရားသခင် “ပိုင်တော်မူ” သည်။ (သု. ၈:၂၂) ကိုယ်တော်​သည် အရာခပ်သိမ်း​ကို​ဖန်ဆင်း​ရာ​တွင် “ကျွမ်းကျင်​လုပ်သား” တစ်ဦး​အဖြစ် ခမည်းတော်​နှင့်အတူ တက်ကြွ​စွာ​လုပ်ဆောင်ခဲ့​သည်။—ကောလောသဲ ၁:၁၅-၁၇

၉:၁၇—“ခိုး​သော​ရေ” ကား အဘယ်နည်း၊ အဘယ်ကြောင့် “ချို” ရသနည်း။ သမ္မာကျမ်းစာ​၌ အိမ်ထောင်​တွင်း​လိင်ဆက်ဆံခြင်း​ကို ရေတွင်း​မှ​ခပ်ယူ​သည့် အေးမြ​သော​ရေ​သောက်​ရခြင်း​နှင့် နှိုင်းယှဉ်​ထားသော​ကြောင့် ခိုး​သော​ရေ​မှာ တိတ်​တိတ်​ပုန်း​လိင်​အကျင့်​ယိုယွင်းခြင်း​ကို ပုံဆောင်​သည်။ (သု. ၅:၁၅-၁၇) တိတ်​တိတ်​ပုန်း​အကျင့်​ယိုယွင်းခြင်း​က သူတို့​အတွက် ချိုမြိန်​ဖွယ်​ဖြစ်ပုံရ​သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာ–

၁:၁၀-၁၄ချမ်းသာ​ကြွယ်ဝ​မည်​ဟု လူဆိုး​တို့​ကတိပေး​ခြင်း​ကြောင့် သူတို့၏​ဆိုးညစ်သော​လမ်းစဉ်​ထဲ မကျရောက်​စေရန် သတိထား​သင့်​သည်။

၃:၃ကျွန်ုပ်​တို့သည် ကရုဏာ​တရား သို့​မဟုတ် ချစ်ခင်​ကြင်နာ​ခြင်း​ကို အလွန်​တန်ဖိုး​ထား​သင့်​ပြီး အဖိုးထိုက်​သော​လည်ဆွဲ​သဖွယ် အထင်အရှား​တင်ပြ​သင့်​သည်။ ထို​အရည်အသွေးများ​ကို မရှိမဖြစ်​သော​အရာများ​အဖြစ် နှလုံး​သွင်း​ရမည်။

၄:၁၈ဝိညာဉ်​ရေး​အသိပညာ​သည် တိုး၍​ထွန်းလင်း​နေသည်။ ထို​အလင်း​နှင့်​အညီ ဆက်လျှောက်​လှမ်း​နိုင်​ရန် နှိမ့်ချမှု​နှင့်​စိတ်​နူးညံ့မှု​ကို တင်ပြ​နေရ​မည်။

၅:၈တေးဂီတ၊ အပန်းဖြေမှု၊ အင်တာနက်၊ စာအုပ်၊ မဂ္ဂဇင်း​များ​မှ​လာသော အကျင့်​ယိုယွင်းမှု​များ​ကို ဝေးဝေးရှောင်​ရမည်။

၅:၂၁ယေဟောဝါ​ကို​ချစ်​မြတ်နိုးသူ​များသည် ခေတ္တ​သာယာမှု​ရ​ရန် ကိုယ်တော်​နှင့်​အဖိုးထိုက်​ဆက်ဆံ​ရေး​ကို အဆုံးရှုံး​ခံ​မည်​လော။ ဝေးလေစွ။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​လမ်းစဉ်​ကို​သိတော်မူပြီး ကျွန်ုပ်​တို့ကို စာရင်း​ရှင်း​တော်​မူ​မည်​ဖြစ်​ကြောင်း​သိရှိခြင်းက ကိုယ်ကျင့်တရား​စင်ကြယ်​နေ​ရန် အဓိက​တွန်း​အားပေး​သည်။

၆:၁-၅ဤ​အခန်းငယ်​များ​တွင် အခြားသူများ​အတွက် ‘အာမခံ​ပေး’ ခြင်း သို့​မဟုတ် ငွေကြေး​အရ​တာဝန်ခံ​ပေးခြင်း​ကို​ရှောင်ရန် အကြံဉာဏ်​ကောင်း ပါရှိ​သည်။ ကျွန်ုပ်​တို့၏​လုပ်ရပ်​ကို ပြန်​ဆန်းစစ်​ကြည့်​သောအခါ ပညာ​မဲ့​ပုံ​ပေါ်​ပါ​က ချက်ချင်း​ပင် “အဆွေ​ခင်ပွန်း” ထံ​သွား​၍ ဇွဲ​မလျှော့​တမ်း “နှိုးဆော်” တောင်းပန်​သင့်​ပြီး ကိစ္စရပ်​များ ပုံမှန်​ပြန်​ဖြစ်စေ​ရန် အတတ်နိုင်ဆုံး​လုပ်ဆောင်​ရမည်။

၆:၁၆-၁၉ဤ​တွင်​ပါ​သော အခြေခံ​အမျိုးအစား​ခု​နစ်​မျိုး​သည် မကောင်းမှု​အားလုံးနီးပါး​နှင့် ပတ်သက်​နေသည်။ ယင်း​တို့ကို ရွံမုန်း​သင့်​သည်။

၆:၂၀-၂၄ကျမ်းစာ​၏​သွန်သင်​ပဲ့ပြင်​မှု​သည် အကျင့်​ယိုယွင်းမှု​ထောင်ချောက်​ထဲ မကျရောက်​စေရန် ကာကွယ်​ပေး​နိုင်​သည်။ ထိုသို့​သွန်သင်လေ့​ကျင့်ပေး​ခြင်း​ကို မိဘတို့​လျစ်လျူ​မ​ရှု​သင့်​ပေ။

၇:၄ဉာဏ်ပညာ​နှင့်​သိနားလည်မှုကို နှစ်သက်​လာအောင် ပြုစု​ပျိုးထောင်​သင့်​သည်။

ပညာရှိ​စကား​တစ်ခုစီ​က ကျွန်ုပ်​တို့ကို​လမ်းညွှန်​ပေး

(နယပုံပြင် ၁၀:၁–၂၉:၂၇)

ရှောလမုန်​၏​ပညာရှိ​စကား​များ​မှ သတိပေး​ချက်​သည် လိုရင်းတိုရှင်း​စကားပုံ​များ​ဖြစ်၏။ အထူးသဖြင့် ခြားနား​ချက်​များ၊ နှိုင်းယှဉ်​ချက်​များ၊ ဥပမာ​များ​ကို​တင်ဆက်​ပြီး ယင်း​တို့သည် အပြု​အမူ၊ အပြောအဆို​နှင့် သဘောထား​တို့အတွက် ထိရောက်​သော​သင်ခန်းစာများ​ဖြစ်သည်။

အခန်းကြီး ၁၀ မှ ၂၄ တွင် ဘုရားသခင်​အား ရိုသေ​ခန့်ညား​ခြင်း​၏​တန်ဖိုး​ကို အသားပေး​ထား​သည်။ အခန်းကြီး ၂၅ မှ ၂၉ ရှိ ပညာရှိ​စကား​များ​ကို “ယုဒ​ရှင်ဘုရင်​ဟေဇကိ​လူ​တို့” ကူးရေး​ခဲ့​သည်။ (သု. ၂၅:၁) ထို​ပညာရှိ​စကား​များ​က ယေဟောဝါ​ကို​မှီခို​အားထား​တတ်​စေပြီး အခြား​အရေးကြီး​သင်ခန်းစာများ​ကို ရရှိစေ​သည်။

ကျမ်းစာ​မေးခွန်းများ​အဖြေ–

၁၀:၆—‘မတရားသော​သူ၏​နှုတ်​ကို ညှဉ်းဆဲခြင်း​အပြစ်’ နှင့် မည်သို့​ဖုံး​ပိတ်​ထား​သနည်း။ ဆိုးညစ်သူ​သည် တစ်ဖက်သား​အား ထိခိုက်​နစ်နာ​စေသည့် မလို​တ​မာ​အကြံအစည်​ကို အပြော​ချို​ချို​နှင့် ဖုံး​ပိတ်​ထား​သည့်​သဘော​ဖြစ်​နိုင်​သည်။ သို့​မဟုတ် ဆိုးညစ်သူ​တို့သည် ရန်ငြိုး​ထား​ခံ​ရလေ့​ရှိသောကြောင့် သူတစ်ပါး​၏​တန်ပြန်​ရန်လိုမှု​က သူတို့ကို​နှုတ်ဆိတ်​သွား​စေခြင်း​လည်း ဖြစ်​နိုင်​သည်။

၁၀:၁၀—“မျက်စိမှိတ်​သော​သူသည်” မည်သို့​စိတ်ပူ​ပင်​စေ​သနည်း။ “ဆိုးယုတ်​သော​သူ” သည် “ကောက်လိမ်​သော​စကား” ဖြင့်​သာမက မျက်စိမှိတ်​ခြင်း သို့​မဟုတ် မျက်​တောင်​ခတ်​ခြင်း​အစ​ရှိသည့် အမူအရာ​ဖြင့်​လည်း သူ၏​စိတ်ရင်း​ကို​ဖုံးကွယ်​ထား​သည်။ (သု. ၆:၁၂၊ ၁၃) ထို​လှည့်စား​နည်း​သည် တစ်ဖက်သားကို အလွန်​စိတ်ပူ​ပင်​သောကရောက်​စေနိုင်​သည်။

၁၀:၂၉—‘ယေဟောဝါ​၏​တရားလမ်း’ ကား အဘယ်နည်း။ ယင်းသည် ကျွန်ုပ်​တို့​လိုက်လျှောက်သင့်​သည့်​ဘဝ​လမ်းစဉ်​ကို မဟုတ်ဘဲ လူသား​တို့​နှင့်​ယေဟောဝါ​ဆက်ဆံပုံ​ကို ပြောနေခြင်း​ဖြစ်သည်။ လူသား​တို့​နှင့်​ဘုရားသခင်​ဆက်ဆံပုံ​တွင် အပြစ်မဲ့​သူများကို​ကာကွယ်​ပေးခြင်း​နှင့် ဆိုးညစ်သူ​များ​ကို​ဖျက်ဆီးခြင်း ပါဝင်​သည်။

၁၁:၃၁—မတရားသော​သူသည် ဖြောင့်မတ်​သော​သူ​ထက် အဘယ်ကြောင့် အပြစ်ဒဏ် ပို​၍​ခံ​သင့်​သနည်း။ ဤ​တွင်​ဖော်ပြ​ထားသော အပြစ်ဒဏ်​သည် ၎င်း​တို့​အသီးသီး​ခံရ​သော ဆုံးမ​ပဲ့ပြင်​ခြင်း​အပြစ်ဒဏ်​ဖြစ်သည်။ ဖြောင့်မတ်​သူသည် အမှား​ပြု​မိ​သည့်​အခါ ဆုံးမ​ပဲ့ပြင်​ခြင်း​အပြစ်ဒဏ်​ကို ခံရ​သည်။ မတရားသော​သူ​မူ​ကား တမင်တကာ​အပြစ်​ကျူးလွန်​ပြီး လမ်းမှန်​ကို ပြန်လှည့်​မလာ​လို​ပေ။ ထို့​ကြောင့် သူသည် ပြင်းထန်သော​အပြစ်ဒဏ်​ကို ခံထိုက်​သည်။

၁၂:၂၃—လူတစ်ဦး​သည် “မိမိ​သိ​သော​အရာ​ကို​ပင်” မည်သို့ “ထိမ်ဝှက်” ထား​သနည်း။ မိမိ​သိ​သော​အရာ​ကို​ထိမ်ဝှက်​ခြင်း​ဟူသည် လုံးဝ​မဖော်​ပြ​ခြင်း​ကို မဆိုလို​ပါ။ ယင်းအစား သိရှိ​ထား​ရာ​ကို ဟိတ်​ဟန်​ထုတ်​ကြွားဝါ​မည်​မဟုတ်ဘဲ ပညာသတိ​ရှိ​ရှိ​ထုတ်ဖော်ခြင်း​ကို ဆိုလို​၏။

၁၄:၁၇—“မကောင်းသော​အကြံ​ကို​ကြံ​သော [“စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​ရှိ၊” က​ဘ] သူ” သည် အဘယ်​နည်းဖြင့် မုန်းတီး​ခံရ​သနည်း။ “စဉ်းစား​ဆင်ခြင်​နိုင်စွမ်း” ဟူ၍​ပြန်ဆို​ထားသော ဟေဗြဲ​စကားလုံး​သည် ပိုင်းခြား​သိမြင်မှု သို့​မဟုတ် မကောင်းသော​အကြံ​ဟူ၍ အဓိပ္ပာယ်​နှစ်မျိုး​ရှိ​နိုင်​သည်။ မကောင်းသော​အကြံအစည်​ရှိသူ​သည် အမှန်ပင် မုန်းတီး​ခံရ​သည်။ သို့သော် စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​ရှိပြီး ‘ဤ​လောက​နှင့်​မဆက်ဆံ​သော’ ပိုင်းခြား​သိမြင်​တတ်​သူလည်း မုန်းတီးခြင်း​ခံရ​၏။—ယောဟန် ၁၅:၁၉

၁၈:၁၉—“အငြိုး​ထားသော​ညီအစ်ကို​သည်” အဘယ်​နည်းဖြင့် “ခိုင်ခံ့​သော​မြို့​ထက်​သာ၍​ခက်” သနည်း။ ထိုသို့​သော​သူသည် အဝိုင်း​ခံ​ထား​ရသည့် “ခိုင်ခံ့​သော​မြို့” ကဲ့သို့ လွယ်လွယ်​နှင့်​အလျှော့မပေး​တတ်​ပေ။ သူနှင့်​ပြစ်မှားသူ​တို့​စပ်ကြား က​တောက်​က​ဆ​ဖြစ်မှု​သည် “ရဲတိုက်​တံခါး​ကျင်​ကဲ့သို့” အတားအဆီး​ကြီး ဖြစ်လာ​နိုင်​သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၁၀:၁၁-၁၄ကျွန်ုပ်​တို့၏​စကား​များသည် တည်ဆောက်မှု​ဖြစ်​ရန် ကျွန်ုပ်​တို့၏​စိတ်​တွင် တိကျ​မှန်ကန်သော​အသိပညာ​များ ပြည့်နေ​သင့်​သည်။ ကျွန်ုပ်​တို့၏​နှလုံး​သည် မေတ္တာ​၏​စေ့ဆော်မှု​ခံရ​သင့်​သည်။ ဉာဏ်​ပညာရှိရှိ ပြောဆို​သင့်​သည်။

၁၀:၁၉; ၁၂:၁၈; ၁၃:၃; ၁၅:၂၈; ၁၇:၂၈ကျွန်ုပ်​တို့သည် စကား​များများ​ပြောသူ​မဖြစ်​သင့်​ဘဲ သေချာ​စွာ​စဉ်းစား​ပြောဆို​ရမည်။

၁၁:၁; ၁၆:၁၁; ၂၀:၁၀၊ ၂၃ကျွန်ုပ်​တို့​စီးပွား​ရှာ​ရာ​တွင် ရိုးသား​ရန် ယေဟောဝါ​လိုလား​တော်​မူ​သည်။

၁၁:၄ကိုယ်ပိုင်​ကျမ်းစာ​လေ့လာခြင်း၊ အစည်းအဝေး​တက်ရောက်ခြင်း၊ ဆုတောင်းခြင်း​နှင့် လယ်ကွင်း​လုပ်ငန်း​တွင်​ပါဝင်ခြင်း​တို့ကို လျစ်လျူရှု​၍ စည်းစိမ်ဥစ္စာ​လိုက်စားခြင်း​သည် မိုက်မဲ​လှ​သည်။

၁၃:၄အသင်းတော်​တာဝန်​များ သို့​မဟုတ် ကမ္ဘာသစ်​တွင်​ရရှိ​မည့်​အသက်တာကို “တောင့်တ” နေ​ရုံ​နှင့် မလုံလောက်​ပေ။ လိုအပ်သော​အရည်အချင်းများ​ပြည့်မီ​ရန် ဇွဲ​လုံ့လထုတ်​ကြိုးစား​ရမည်။

၁၃:၂၄; ၂၉:၁၅၊ ၂၁။ မေတ္တာ​ရှိသော​မိဘ​သည် ကလေး​ကို အလိုလိုက်​လွန်း​မည်​မဟုတ်။ သူ၏​ဉာဉ်ဆိုး​များ​ကို မသိကျိုးကျွန်​ပြု​မည်​မဟုတ်။ ယင်းအစား မိခင် သို့​မဟုတ် ဖခင်​သည် ကလေး​၏​ဉာဉ်ဆိုး​များ​အမြစ်​မ​စွဲမီ ဖယ်ရှား​နိုင်​ရန် ဆုံးမ​ပဲ့ပြင်​ပေး​မည်​ဖြစ်သည်။

၁၄:၁၀အချိန်တိုင်း ကျွန်ုပ်​တို့၏​ရင်တွင်း​ခံစားချက်​ကို အတိအကျ​မပြောပြ​နိုင်​သည့်​နည်းတူ လူတိုင်း​လည်း အမြဲ​နားလည်​ပေး​နိုင်​မည်​မဟုတ်သောကြောင့် အခြားသူများ​ပေး​နိုင်​သည့် နှစ်သိမ့်မှု​သည် အကန့်အသတ်​သာ​ရှိ​နိုင်​သည်။ ယေဟောဝါ​ကို အကြွင်းမဲ့​မှီခို​အားထားခြင်း​ဖြင့်​သာ အခက်အခဲ​အချို့​ကို ခံရပ်​နိုင်​ပေမည်။

၁၅:၇လယ်သမား​တစ်ဦး​သည် တစ်​နေရာ​တည်း​တွင် မျိုးစေ့​အားလုံး ကြဲ​မည်​မဟုတ်သည့်​နည်းတူ လူတစ်ဦးကို ကျွန်ုပ်​တို့​သိထား​သမျှ တစ်​ထိုင်​တည်း​ဖြင့် အိတ်သွန်ဖာမှောက်​မပြော​ဆို​သင့်​ပေ။ ပညာရှိ​သူသည် မိမိ၏​အသိပညာကို လိုအပ်​သလို နည်းနည်းချင်း​စီ ဝေမျှ​သွား​မည်​ဖြစ်သည်။

၁၅:၁၅; ၁၈:၁၄အပြုသဘော​ထိန်းထား​ခြင်း​က စိတ်​ဆင်းရဲ​စ​ရာ​အခြေအနေ​များ​ကြုံ​ရ​ငြား ပျော်ရွှင်​နေ​စေ​သည်။

၁၇:၂၄အရေးကြီးသော​ကိစ္စ​များ​ကို အာရုံစိုက်​မည့်​အစား နေရာအနှံ့​မျက်စိ​ကစား​ပြီး စိတ်​ပျံ့လွင့်​နေသည့် “မိုက်​သော​သူ” နှင့်​မတူဘဲ သိနားလည်မှု​ရှိ​ရန် ကြိုးစား​ခြင်း​ဖြင့် ဉာဏ်​ပညာရှိရှိ​ပြုမူ​နိုင်​မည်​ဖြစ်သည်။

၂၃:၆-၈ကျွန်ုပ်​တို့သည် လူ​မြင်​ကောင်း​အောင် ဧည့်ဝတ်​ပျူ​ငှာ​ဟန်ဆောင်ခြင်း​ကို ရှောင်ကြဉ်​သင့်​သည်။

၂၇:၂၁ချီးမွမ်း​ခြင်း​က ကျွန်ုပ်​တို့​အဘယ်​လူစားမျိုး​ဖြစ်​ကြောင်း ဖော်ပြ​နိုင်​သည်။ နှိမ့်ချမှု​ရှိပါက ချီးမွမ်း​ခံရ​ချိန်​တွင် ယေဟောဝါ​ထံ​အကြွေးတင်​နေကြောင်း အသိအမှတ်ပြု​ကာ ကိုယ်တော်​အား ဆက်​ဝတ်ပြု​သွား​မည်​ဖြစ်သည်။ နှိမ့်ချမှု​မရှိပါ​က ချီးမွမ်း​ခံရ​သည့်​အခါ စိတ်​ကြီး​ဝင်လာ​သည်။

၂၇:၂၃-၂၇ကျေးလက်​ဘဝ​နောက်ခံ​ကို အသုံးပြု​ထား​သည့် ဤ​ပညာရှိ​စကား​သည် အလုပ်​ကြိုးစား​ပြီး ရိုးရှင်း​သော​ဘဝတွင် ရောင့်ရဲ​နေခြင်း​၏​တန်ဖိုး​ကို အလေးပေး​ထား​သည်။ ဘုရားသခင်​ကို​သာ မှီခို​အားထားဖို့လို​ကြောင်း အထူး​အလေးပေး​သည်။ *

၂၈:၅။ ကျွန်ုပ်​တို့သည် ဆုတောင်းခြင်း၊ ကျမ်းစာ​လေ့လာခြင်း​အားဖြင့် ‘ယေဟောဝါ​ကို​ရှာ’ ပါ​က ကိုယ်တော်​နှစ်သက်​လက်ခံသည့်​နည်းဖြင့် ဝတ်ပြု​နိုင်​ရန် လိုအပ်​သည့်​အရာအားလုံးကို “နားလည်” နိုင်​ပေ​သည်။

“ဆုံးမ​သော​တရား​စကား”

(နယပုံပြင် ၃၀:၁–၃၁:၃၁)

နယပုံပြင်​ကျမ်း​ကို “ဆုံးမ​သော​တရား​စကား” နှစ်မျိုး​ဖြင့် နိဂုံး​ချုပ်​ထား​သည်။ (သု. ၃၀:၁; ၃၁:၁) အာဂုရ​၏​တရား​စကား​များ​တွင် လို​ဘ​မပြေ​နိုင်​ခြင်း​ကို စဉ်းစား​တွေးတော​စေသော​ဥပမာ​များ​ဖြင့် ပုံဖော်​၍ အပျို​မ​တစ်ဦး​အား သွေးဆောင်​ဖြားယောင်း​ပုံ​ကို ခြေရာ​ခံ​ဖို့ မည်မျှ​ခက်​ကြောင်း ဖော်ပြ​ထား​သည်။ * ကိုယ့်​ကိုယ်ကို​ချီးမြှောက်​ခြင်း​နှင့် ဒေါသတကြီး​ပြောဆိုခြင်း​တို့ကို​လည်း သတိပေး​ထား​သည်။

မိခင်​ထံ​မှ လေ​မွေ​လ​ရရှိသော တရား​စကား​များ​တွင် စပျစ်​ရည်​နှင့်​သေ​ရည်​သေ​ရက် သောက်သုံးခြင်း​အပြင် ဖြောင့်မတ်​စွာ​စီရင်ခြင်း​နှင့်​ပတ်သက်​၍ အကြံဉာဏ်​ကောင်း​များ ပါရှိ​သည်။ သီလ​နှင့်​ပြည့်စုံသော​မိန်းမ​အကြောင်း​ဖော်ပြချက်​ကို ဤသို့​အဆုံးသတ်​ထား​သည်– “ထိုသို့​သော​မိန်းမ​ကျင့်​ရာ အကျိုးကို​ပေး​လော့။ သူ​ပြုသော​အမှုသည် မြို့တံခါး​တို့​၌ သူ၏​အသရေ​ကို​ထင်ရှားစေ​သတည်း။”—သု. ၃၁:၃၁

ဉာဏ်ပညာ​ကို ရယူပါ၊ ဆုံးမ​သွန်သင်မှု​ကို လက်ခံပါ၊ ဘုရားသခင်​အား​ကြောက်ရွံ့​စိတ်​ကို ပျိုးထောင်​ပါ၊ ယေဟောဝါ​ကို မှီခို​အားထားပါ။ အလွန်​အဖိုးထိုက်​လှ​သော သင်ခန်းစာများ​ပါ​တကား! သို့​ဖြစ်၍ ထို​အကြံပေး​ချက်​ကို ကျင့်သုံး​ခြင်း​ဖြင့် ‘ယေဟောဝါ​ကို​ကြောက်ရွံ့​သော​သူ’ ရရှိ​သည့် ပျော်ရွှင်မှု​ကို ခံစား​ကြပါစို့။—ဆာလံ ၁၁၂:၁

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 12 ၁၉၉၁၊ ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၃၁ ကို​ရှု။

^ အပိုဒ်၊ 14 ၁၉၉၂၊ ဇူလိုင် ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၃၁ ကို​ရှု။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် စစ်မှန်သော​အသိပညာ​ခပ်သိမ်း​၏ ရင်းမြစ်​ဖြစ်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

“ပညာ​အတတ်ကို​စွန့်ကြဲ” ခြင်း​ဟူသည် အဘယ်အရာကို ဆိုလို​သနည်း