မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

ခရစ်ယာန်​ယာဉ်မောင်း​တစ်ဦး​ကြောင့် ယာဉ်တိုက်မှု​ဖြစ်​ပြီး အခြားသူများ​သေဆုံး​သွားခဲ့လျှင် အသင်းတော်၌ မည်သည့်​တာဝန်​ရှိ​သနည်း။

အသင်းတော်သည် သွေးပြစ်​ကျူးလွန်​မှု​အတွက် ဘုံ​လူစု​တာဝန်​ကို ရှောင်ရှား​ဖို့​လို​သောကြောင့် သွေးပြစ်ကင်း,မကင်း သေချာ​သုံးသပ်​ဖို့​လို​ပါ​သည်။ (တရားဟောရာ ၂၁:၁-၉; ၂၂:၈) ယာဉ်မောင်း​၏ ပေါ့ဆမှု​ကြောင့် သို့​မဟုတ် အစိုးရ​ပြဋ္ဌာန်း​သော ယာဉ်​စည်းကမ်း​ဥပဒေ​များ​ကို တမင်​ချိုးဖောက်​မှု​ကြောင့် သေဆုံးမှု​ဖြစ်ပွား​သည်​ဆိုလျှင် သူသည် သွေးပြစ်​ကျူးလွန်​ရာ ရောက်​ပေမည်။ (မာကု ၁၂:၁၄) သို့သော် အခြား​သုံးသပ်​စ​ရာ​အချက်များ ရှိပါ​သေး​သည်။

ဣသရေလ​နိုင်ငံ​ရှိ ခိုလှုံရာ​မြို့များ​သို့​ပြေး​သော လူသတ်သမား​တစ်ဦး​သည် အမှုစစ်ဆေး​ခံရ​၏။ သူသည် အမှတ်တမဲ့ လူသတ်​မိ​လျှင် လက်စားချေ​သူ၏​လက်​မှ​လွတ်​ရန် ခိုလှုံရာ​မြို့တွင်​နေခွင့်​ရသည်။ (တောလည်ရာ ၃၅:၆-၂၅) ထို့​ကြောင့် ခရစ်ယာန်​တစ်ဦး​ကြောင့် ယာဉ်တိုက်မှု​ဖြစ်​ပြီး တစ်ဦးဦး​သေဆုံး​သွားခဲ့လျှင် အကြီးအကဲ​များ​အနေ​ဖြင့် သူသည် သွေးပြစ်​ကျူးလွန်​မှု​ရှိ,မရှိ စုံစမ်း​စစ်ဆေး​သင့်​သည်။ သို့သော် အသင်းတော်​၏​လုပ်ဆောင်မှု​သည် အာဏာပိုင်​များ သို့​မဟုတ် တရားရုံး​၏ ဆုံးဖြတ်ချက်​အပေါ် လုံးလုံး​မ​မူတည်​ပါ။

သာဓက​အနေ​ဖြင့် သူသည် ယာဉ်​စည်းကမ်း​ဥပဒေ​များ​ကို ချိုးဖောက်​သောကြောင့် အပြစ်ရှိ​သည်​ဟု တရားရုံး​က ဆုံးဖြတ်​ပေမည်။ သို့သော် ထို​အမှုကို စုံစမ်း​စစ်ဆေး​သော အကြီးအကဲ​များ​က​မူ သူသည် သေဆုံးမှု​ဖြစ်ပွား​သော အခြေအနေ​များ​ကို လုံးဝ​မထိန်းချုပ်​နိုင်သော​ကြောင့် သွေးပြစ်​မသင့်​ဟု ဆုံးဖြတ်​ပေမည်။ တစ်ဖက်​တွင် တရားရုံး​က အမှုကို​ပ​လ​ပ်​လိုက်​သည့်​တိုင် အကြီးအကဲ​များ​က​မူ သူသည် သွေးပြစ်​သင့်​သည်​ဟု ဆုံးဖြတ်​ပေမည်။

အမှုကို စုံစမ်း​စစ်ဆေး​သော အကြီးအကဲ​များ​၏ ဆုံးဖြတ်ချက်​သည် သမ္မာကျမ်းစာ​ပေါ် အခြေပြု​သင့်​သည်။ ထို့​ပြင် ခြေမြစ်​ခိုင်လုံ​သော အချက်များ​ဖြစ်သည့် ယာဉ်မောင်း​၏​ဝန်ခံချက် သို့​မဟုတ် ယုံကြည်​စိတ်ချ​ရသည့် မျက်မြင်​သက်သေ​နှစ်ဦး/သုံးဦး​၏ ထွက်ဆိုချက်​တို့​အပေါ် အခြေပြု​သင့်​သည်။ (တရားဟောရာ ၁၇:၆; မဿဲ ၁၈:၁၅၊ ၁၆) သွေးပြစ်​ကျူးလွန်​သည်​ဆိုပါ​က တရားရေး​ကော်မတီ​ဖွဲ့​သင့်​သည်။ သွေးပြစ်​ကျူးလွန်​သူသည် နောင်တ​ရသည်​ဟု ကော်မတီ​က ဆုံးဖြတ်​လျှင် သူ့ကို ကျမ်းစာ​နှင့်​အညီ ဆုံးမ​ပဲ့ပြင်​မည်​ဖြစ်​ပြီး အသင်းတော်​တာဝန်​များ​ကို ကန့်သတ်​မည်​ဖြစ်သည်။ သူသည် အကြီးအကဲ၊ ဓမ္မ​အမှုထမ်း​အဖြစ် အမှုထမ်းခွင့်​ရမည်​မဟုတ်​ချေ။ အခြား​ကန့်သတ်ချက်​များလည်း ရှိ​ဦး​မည်​ဖြစ်သည်။ ထို့​ပြင် သူ့​ပေါ့ဆမှု​ကြောင့် ယာဉ်တိုက်မှု​ဖြစ်​ပြီး သေ​ကြေ​ပျက်စီး​ခဲ့​ရ​သဖြင့် ဘုရားသခင်​ရှေ့တွင် စာရင်း​ရှင်း​ရမည်။—ဂလာတိ ၆:၅၊

ယာဉ်တိုက်မှု​ဖြစ်​ချိန်​တွင် ရာသီဥတု​ဆိုးရွား​နေသည်​ဆိုပါစို့။ ယာဉ်မောင်း​သည် အလွန်​သတိရှိ​နေ​သင့်​သည်။ သူ​အိပ်ငိုက်​နေသည်​ဆိုလျှင် ကား​ရပ်​ပြီး ခဏ​အနားယူ​သင့်​သည်။ သို့​မဟုတ် အခြား​တစ်ဦး​ကို မောင်း​ခိုင်း​သင့်​သည်။

သတ်မှတ်​နှုန်း​ထက်​ပို​၍ အရှိန်​ပြင်းပြင်း မောင်း​နေသည်​ဆိုပါစို့။ ထိုသို့​မောင်းနှင်​သူ ခရစ်ယာန်​တိုင်း​သည် “ကဲသာ​ဘုရင်​၏​ဥစ္စာ​ကို ကဲသာ​ဘုရင်​အားဆက်​ပေး” ရန် ပျက်ကွက်​နေခြင်း​ဖြစ်သည်။ ထို့​ပြင် ယင်းသည် သေဆုံးမှု​များ​ဖြစ်စေ​နိုင်သော​ကြောင့် အသက်​၏​မြင့်မြတ်မှု​ကို တန်ဖိုး​မထား​ရာ​ရောက်​သည်။ (မဿဲ ၂၂:၂၁) ထိုသို့​သော​ကိစ္စ​တွင် ထပ်ဆင့်​သုံးသပ်​ဖို့​လို​သည်။ အကြီးအကဲ​တစ်ဦး​သည် အစိုးရ​၏ ယာဉ်​စည်းကမ်း​ဥပဒေ​များ​ကို ဂရုမစိုက်၊ တမင်​ချိုးဖောက်​နေလျှင် သိုးတော်စု​ရှေ့ မည်သို့သော ပုံသက်သေ​ကို​ပြ​နေခြင်း ဖြစ်​မည်​နည်း။—၁ ပေတရု ၅:၃

ခရစ်ယာန်​များသည် ချိန်းဆိုမှု​ပြု​ရာ​တွင် အခြားသူများ သတ်မှတ်​နှုန်း​ထက် ပို​မောင်း​ရသော​အခြေအနေ​မျိုး​ရောက်​အောင် အချိန်​မသတ်မှတ်​သင့်​ပေ။ သို့သော် အများအားဖြင့် ကားမောင်း​ချိန် လုံလောက်​စွာ​ရနိုင်​ရန် စောစော​ထွက်​နိုင်​သည် သို့​မဟုတ် အချိန်ဇယား​ပြောင်း​နိုင်​သည်။ ထိုသို့​လုပ်ဆောင်ပါ​က သတ်မှတ်​နှုန်း​ထက် ပို​မောင်း​မိ​မည်​မဟုတ်သည့်​အပြင် “အစိုး​ရသော​မင်း​အာဏာစက်” ချမှတ်​ထား​သည့် ယာဉ်​စည်းကမ်း​ကို လိုက်နာ​နိုင်​မည်​ဖြစ်သည်။ (ရောမ ၁၃:၁၊) ယင်းက ယာဉ်မောင်း​ဖြစ်သူကို သွေးပြစ်​သင့်​စေသော သေ​ကြေ​မှုများ​မှ ကာကွယ်​ပေး​မည်။ ထို့​ပြင် ပုံသက်သေ​ကောင်း ချမှတ်​နိုင်​မည်​ဖြစ်​ပြီး ကိုယ်ကိုကိုယ်သိစိတ် ကြည်လင်​နေ​မည်​ဖြစ်သည်။—၁ ပေတရု ၃:၁၆