မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကျောက်သားစံအိမ်” တွင်သတင်းကောင်းဟောပြောခြင်း

“ကျောက်သားစံအိမ်” တွင်သတင်းကောင်းဟောပြောခြင်း

“ကျောက်သားစံအိမ်” တွင်သတင်းကောင်းဟောပြောခြင်း

ဤအာဖရိကနိုင်ငံ၏အမည်မှာ “ကျောက်သားစံအိမ်” ဟုအဓိပ္ပာယ်ရသည်။ ဝိတိုရိယရေတံခွန်နှင့် တောရိုင်းတိရစ္ဆာန်အမျိုးမျိုးကြောင့် လူသိများ၏။ ဆာဟာရတောင်ပိုင်းတွင် အကြီးဆုံးရှေးဟောင်းအဆောက်အအုံများရှိသော နိုင်ငံဖြစ်သည်။ နိုင်ငံ၏ဗဟိုတွင် လိပ်သည်းကျောက်ကုန်းပြင် မြင့်ကြီး ကန့်လန့်ဖြတ်တည်ရှိသည်။ ထိုကုန်းမြင့်ဒေသတွင် ရာသီဥတုမျှတပြီး မြေသြဇာကောင်းကာ စိမ်းလန်းစိုပြည်သည်။ ထိုနိုင်ငံမှာ ဇင်ဘာဘွေနိုင်ငံဖြစ်ပြီး လူဦးရေ ၁၂ သန်းခန့်၏ အမိမြေဖြစ်သည်။

ကျောက်သားစံအိမ်ဟု အဘယ်ကြောင့်ခေါ်တွင်ရသနည်း။ ၁၈၆၇ ခုနှစ်တွင် စူးစမ်းရှာဖွေသူ မုဆိုးအေဒမ်ရန်ဒါသည် ဧက ၁,၈၀၀ ကျော်ကျယ်ပြန့်သော ကျောက်သားအဆောက်အအုံများကို တွေ့ရှိခဲ့သည်။ သူသည် ရွှံ့၊ တိုင်လုံးများ၊ မြက်ခြောက်များဖြင့် အိမ်ဆောက်လေ့ရှိသော အာဖရိကတောင်ပိုင်းတစ်ခွင်တွင် လှည့်လည်ခဲ့သည်။ ထို့နောက် ဂရိတ်ဇင်ဘာဘွေဟု ယနေ့ခေါ်ဝေါ်သော ကြီးမားကျယ်ပြန့်သည့် ကျောက်မြို့ဟောင်းအပျက်အယွင်းများကို တွေ့ရှိခဲ့သည်။

ထိုအပျက်အယွင်းများသည် မာ့စ်ဗင်ဂိုမြို့၏တောင်ဘက်တွင် တည်ရှိသည်။ နံရံအချို့သည် ပေ ၃၀ ကျော်မြင့်ပြီး လိပ်သည်းကျောက်များကို အင်္ဂတေမကိုင်ဘဲ ဆင့်ထားသည်။ ထိုအပျက်အယွင်းများကြားတွင် ထူးခြားသော ကတော့ပုံကျောက်မျှော်စင်ကြီးရှိပြီး ၃၅ ပေမြင့်ကာ အချင်းပေ ၂၀ ရှိသည်။ ယင်းကိုဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်ကို မသိရသေးပေ။ ထိုအပျက်အယွင်းများသည် အေဒီရှစ်ရာစုကဖြစ်သည်ဟုဆိုကြသော်လည်း အထောက်အထားအရ ထိုအချိန်မတိုင်မီ နှစ်ရာချီကတည်းက တည်ရှိခဲ့သည်။

ရိုဒီးရှားဟုခေါ်သော ထိုနိုင်ငံသည် ၁၉၈၀ ပြည့်နှစ်တွင် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရပြီးနောက် ဇင်ဘာဘွေဟုအမည်တွင်ခဲ့သည်။ အဓိကလူမျိုးစုနှစ်စုရှိရာ အများစုမှာ ရှိုနာလူမျိုးဖြစ်ပြီး နောက်တစ်စုမှာ နက်ဒ်ဘယ်လ်လူမျိုးဖြစ်သည်။ ယေဟောဝါသက်သေများ၏ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းလုပ်ငန်းတွင် တွေ့ရသည့်အတိုင်း သူတို့သည် ဧည့်ဝတ်ပျူငှာကြ၏။ တစ်ခါတစ်ရံ ဧည့်သည်ကိုမသိသည့်တိုင် တံခါးခေါက်လိုက်သည်နှင့် “လာပါ၊” “ထိုင်ပါ” ဟုချက်ချင်းဖိတ်ခေါ်တတ်ကြသည်။ ဇင်ဘာဘွေလူမျိုးအများစုသည် ကျမ်းစာကို အလွန်လေးစားကြပြီး ကျမ်းစာဆွေးနွေးစဉ် ကလေးများပင် ထိုင်နားထောင်လေ့ရှိသည်။

နှစ်သိမ့်မှုဖြစ်စေသောသတင်း ကြေညာခြင်း

ဇင်ဘာဘွေအကြောင်း သတင်းများတွင် “အေ့ဒ်စ်ရောဂါ” နှင့် “မိုးခေါင်ခြင်း” ဟူသောစကားလုံးများ ကြားရလေ့ရှိသည်။ အေ့ဒ်စ်ရောဂါပျံ့နှံ့မှုက ဆာဟာရတောင်ပိုင်းရှိ အာဖရိကနိုင်ငံများမှ လူများနှင့်စီးပွားရေးကို အကြီးအကျယ်ထိခိုက်လျက်ရှိသည်။ ဆေးရုံတက်ရသူများမှာ အိပ်ခ်ျအိုင်ဗွီကူးစက်ခံရသူများဖြစ်လေ့ရှိသည်။ ထိုရောဂါသည် လူများစွာ၏မိသားစုဘဝကို ဖျက်ဆီးနေ၏။

ကျမ်းစာတွင်ချမှတ်ထားသော ဘုရားသခင့်စံနှုန်းများအတိုင်း အသက်ရှင်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ယေဟောဝါသက်သေများ ကြေညာခြင်းဖြင့် ဇင်ဘာဘွေနိုင်ငံမှလူများကို ကူညီပေးနေကြသည်။ ဥပမာ၊ ဘုရားပေးလက်ဆောင်ဖြစ်သော လိင်ဆက်ဆံခြင်းသည် ဇနီးမောင်နှံများအတွက်သာဖြစ်ကြောင်း၊ လိင်တူဆက်ဆံခြင်းကို ဘုရားသခင်မနှစ်သက်ကြောင်း၊ သွေးသွင်းခြင်းနှင့် မူးယစ်ဆေးသုံးခြင်းကို တားမြစ်ထားကြောင်း သမ္မာကျမ်းစာ သွန်သင်သည်။ (တမန်တော် ၁၅:၂၈၊ ၂၉; ရောမ ၁:၂၄-၂၇; ၁ ကောရိန္သု ၇:၂-၅; ၂ ကောရိန္သု ၇:၁) ဘုရားသခင့်နိုင်ငံတော်သည် အနာဂတ်တွင် ဖျားနာမှုအားလုံးကို ဖယ်ရှားပေးမည်ဟူသည့် မျှော်လင့်ခြင်းသတင်းကိုလည်း သက်သေခံများ ကြေညာလျက်ရှိကြသည်။—⁠ဟေရှာယ ၃၃:၂၄

ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်း

ဇင်ဘာဘွေနိုင်ငံသည် လွန်ခဲ့သောဆယ်စုနှစ်တစ်လျှောက် မိုးခေါင်မှုဒဏ်ကို အလူးအလဲခံခဲ့ရသည်။ အစာရေစာ ငတ်ပြတ်မှုကြောင့် တောရိုင်းတိရစ္ဆာန်များ သေဆုံးကြရသည်။ သိုးနွားအုပ်များ ထောင်သောင်းချီ သေဆုံးခဲ့သည်။ တောမီးလောင်၍ သစ်တောဧကများစွာ ပြုန်းတီးခဲ့သည်။ ကလေးနှင့် သက်ကြီးရွယ်အိုများစွာမှာ အာဟာရချို့တဲ့မှုကြောင့် သေဆုံးခဲ့သည်။ ဇမ်ဘီဇီမြစ်ကြီးတွင် မြစ်ရေလျော့နည်းလာမှုကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၏ လည်ပတ်မှုမှာ အန္တရာယ်ကြုံနေရသည်။

ထိုအခြေအနေများကြောင့် ယေဟောဝါသက်သေများသည် နိုင်ငံ၏ဒေသများစွာတွင် ကယ်ဆယ်ရေးကော်မတီရှစ်ခု ဖွဲ့စည်းခဲ့သည်။ အမှန်တကယ်လိုအပ်ရာများကိုသိရှိနိုင်ရန် နယ်လှည့်ကြီးကြပ်မှူးများသည် အသင်းတော်များထံ လည်ပတ်ခဲ့သည်။ သတင်းအချက်အလက်များကို သက်ဆိုင်ရာကယ်ဆယ်ရေးကော်မတီထံ ပို့ပေးသည်။ နယ်လှည့်ကြီးကြပ်မှူးတစ်ဦး ဤသို့ဖော်ပြ၏– “လွန်ခဲ့တဲ့ငါးနှစ်ကျော်အတွင်း ပြောင်းဖူး တန်ချိန်တစ်ထောင်၊ ငါးခြောက် ဆယ်တန်၊ ပဲဆယ်တန်ကို ကျွန်တော်တို့ဝေပေးခဲ့တယ်။ ညီအစ်ကိုတွေက မူဖူရွှာ [ဟင်းရွက်ခြောက်] နှစ်တန် ပို့ပေးတယ်။ လှူဒါန်းထားတဲ့အဝတ်အစားတွေအပြင် ရန်ပုံငွေတွေလည်း ပေးခဲ့ကြတယ်။” နယ်လှည့်ကြီးကြပ်မှူးနောက်တစ်ဦးက ဤသို့ဆိုသည်– “ဇင်ဘာဘွေနဲ့တောင်အာဖရိကကို ကယ်ဆယ်ရေးပစ္စည်းတွေတင်ပို့တဲ့အခါ ကြုံတွေ့ရတဲ့ အခက်အခဲနှစ်ခုက ခွင့်ပြုချက်ရဖို့နဲ့ လောင်စာဆီရှားပါးတာဖြစ်တယ်။ ဒါတွေကို အောင်မြင်ခဲ့တာက ကျွန်တော်တို့ရဲ့လိုအပ်ချက်ကို ကောင်းကင်ခမည်းတော်သိတယ်ဆိုတဲ့ ယေရှုရဲ့အာမခံချက် မှန်ကန်တယ်ဆိုတာ ထင်ရှားတယ်။”—⁠မဿဲ ၆:၃၂

ထိုမိုးခေါင်သည့်ဒေသများတွင် နယ်လှည့်ကြီးကြပ်မှူးများကိုယ်တိုင် မည်သို့အောင်မြင်စွာ အမှုဆောင်ခဲ့ကြသနည်း။ မိမိတို့ကိုယ်တိုင်နှင့် သွားရောက်တည်းခိုမည့်အိမ်မှမိသားစုအတွက်ပါ အစားအစာများ သယ်သွားကြသည်။ ခရစ်ယာန်ညီအစ်မအချို့သည် ဟောပြောခြင်းကိုရပ်ပြီး အစိုးရရိက္ခာကို တန်းစီစောင့်သင့်၊ မစောင့်သင့် အငြင်းအခုံဖြစ်ခဲ့ကြသည်ဟု နယ်လှည့်ကြီးကြပ်မှူးတစ်ဦးကဆိုသည်။ ယေဟောဝါကို ယုံကြည်ကိုးစားရန် သူတို့ဆုံးဖြတ်ခဲ့ကြသည်။ သို့နှင့် ဆက်ဟောပြောပြီး အခြေအနေမည်သို့ဖြစ်လာမည်ကို စောင့်ကြည့်ခဲ့ကြသည်။ ထိုနေ့တွင် အစိုးရထံမှ မည်သည့်ထောက်ပံ့ရေးပစ္စည်းမျှ ရောက်မလာခဲ့ပေ။

နောက်တစ်နေ့တွင် ခရစ်ယာန်အစည်းအဝေးတစ်ခုရှိသောကြောင့် ထိုညီအစ်မများ ဆုံးဖြတ်ချက်ချရပြန်သည်။ အစည်းအဝေးတက်မည်လော၊ ထောက်ပံ့ရေးပစ္စည်းများကို သွားစောင့်မည်လော။ အစည်းအဝေးတက်ခြင်းကို သူတို့ ဦးစားပေးခဲ့ကြသည်။ (မဿဲ ၆:၃၃) နိဂုံးချုပ်သီချင်းဆိုနေစဉ် ထရပ်ကားတစ်စင်း၏အသံကို ကြားရသည်။ ကယ်ဆယ်ရေးကော်မတီရှိ ညီအစ်ကိုများမှတစ်ဆင့် ကယ်ဆယ်ရေးပစ္စည်းများ ရောက်လာခြင်းဖြစ်၏။ ထိုအစည်းအဝေးတက်ရောက်ခဲ့သော သစ္စာရှိသက်သေခံများ ကျေးဇူးတင်ဝမ်းမြောက်လိုက်ကြသည်ဖြစ်ခြင်း!

မေတ္တာသည် တည်ဆောက်တတ်

ခရစ်ယာန်အသင်းတော်ပြင်ပရှိသူများကို ကြင်နာမှုပြခြင်းက သက်သေခံရန် အခွင့်အလမ်းပွင့်စေသည်။ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးသည် ဒေသခံသက်သေခံအချို့နှင့်အတူ မာ့စ်ဗင်ဂိုမြို့တွင် ဟောပြောခဲ့သည်။ လမ်းဘေးတွင် မိန်းမငယ်တစ်ဦးလဲနေသည်ကို သူသတိပြုမိသည်။ ထိုမိန်းမငယ်မှာ စကားပင်ပီအောင်မပြောနိုင်ဘဲ ကတုန်ကယင်ဖြစ်နေရာ အလွန်ဖျားနေကြောင်း သက်သေခံများ သိသွားကြသည်။ မိန်းကလေး၏နာမည်မှာ ဟာမူန်ယာရီဖြစ်ပြီး ရှိုနာစကားအရ “မင်းမရှက်ဘူးလား” ဟုအဓိပ္ပာယ်ရသည်။ တောင်များတွင်ကျင်းပသည့် ဘာသာရေးအခမ်းအနားတစ်ခုသို့သွားသော သူ၏ချာ့ခ်ျအသင်းသားများက ပစ်ထားခဲ့ကြောင်း ညီအစ်ကိုများ သိလိုက်ရ၏။ သို့နှင့် သက်သေခံများသည် မိန်းမငယ်ကို ကူညီပေးပြီး အနီးအနားရှိရွာတစ်ရွာသို့ ပို့ပေးခဲ့ကြသည်။

ဟာမူန်ယာရီကိုသိသော လူအချို့က သူ၏ဆွေမျိုးများကို အသိပေးလိုက်သည်။ “ဒါမှ တကယ့်စစ်မှန်တဲ့ဘာသာပဲ၊ ခရစ်ယာန်တွေပြသင့်တဲ့ မေတ္တာဆိုတာ ဒါမျိုးပေါ့” ဟုရွာသားများဆို၏။ (ယောဟန် ၁၃:၃၅) ညီအစ်ကိုများသည် ဟာမူန်ယာရီကို သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော ဟူသောဝေစာ ပေးခဲ့ကြသည်။ *

နောက်တစ်ပတ်တွင် ဟာမူန်ယာရီနေသောရွာရှိ အသင်းတော်သို့ နယ်လှည့်ကြီးကြပ်မှူး လည်ပတ်စဉ် ဟာမူန်ယာရီ အိမ်သို့ချောချောမောမော ရောက်,မရောက် သွားကြည့်ခဲ့သည်။ သူနှင့်ညီအစ်ကိုများကိုတွေ့သည့်အခါ မိသားစုတစ်စုလုံး အလွန်ဝမ်းသာကြသည်။ မိဘများက ဤသို့ဆို၏– “ခင်ဗျားတို့ဘာသာက စစ်မှန်တဲ့ဘာသာပဲ။ လမ်းပေါ်သေလုမြောပါးဖြစ်နေတဲ့ ကျွန်တော်တို့ရဲ့သမီးကို ခင်ဗျားတို့ကယ်ခဲ့တာ။” ချာ့ခ်ျအသင်းသားများကို သူတို့က “ငါတို့သမီးကို သေလုမြောပါးပစ်ထားခဲ့တာ မင်းတို့မရှက်ဘူးလား” ဟုမေးခဲ့ကြသည်။ သက်သေခံများသည် သူ့မိသားစုနှင့် ကျမ်းစာဆွေးနွေးပြီး စာပေများ ဝေငှခဲ့သည်။ သူတို့ထံပြန်လာပြီး ကျမ်းစာသင်ပေးရန် ညီအစ်ကိုများကို ဖိတ်ခေါ်ခဲ့သည်။ သက်သေခံများကိုဆန့်ကျင်သော မိသားစုဝင်အချို့ပင် အမြင်ပြောင်းသွားကြသည်။ ဟာမူန်ယာရီ၏ခဲအိုမှာ ချာ့ခ်ျခေါင်းဆောင်တစ်ဦးဖြစ်သည်။ သူလည်း ကျမ်းစာသင်အံမှုလက်ခံခဲ့သည်။

ဝတ်ပြုရာအိမ်များ ဆောက်လုပ်ခြင်း

ရှေးအချိန်မှ မှုတ်သွင်းခံကဗျာဆရာတစ်ဦး ဤသို့ရေးဖွဲ့ခဲ့သည်– “အိုဘုရားသခင် . . . ရေမရှိသွေ့ခြောက်သောလွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကိုငတ်ပါ၏။” (ဆာလံ ၆၃:⁠၁) ဇင်ဘာဘွေနိုင်ငံရှိ လူများစွာအတွက် ထိုစကားများ မှန်လိုက်လေခြင်း! ပကတိမိုးခေါင်မှုဒဏ် ခံနေရသကဲ့သို့ ဝိညာဉ်ရေးအရလည်း ဘုရားသခင်နှင့် ကိုယ်တော့်ကောင်းမြတ်မှုများကို သူတို့ငတ်မွတ်နေကြသည်။ ယေဟောဝါသက်သေများ၏ ခရစ်ယာန်ဓမ္မအမှုလုပ်ငန်းကို ကြည့်ခြင်းဖြင့် ယင်းကိုသိရှိနိုင်သည်။ ၁၉၈၀ ပြည့်နှစ်တွင် ဇင်ဘာဘွေနိုင်ငံ လွတ်လပ်ရေးရသည့်အခါ သက်သေခံ ၁၀,၀၀၀ သည် အသင်းတော် ၄၇၆ ခုတွင် အမှုဆောင်လျက်ရှိသည်။ ၂၇ နှစ်ကြာပြီးနောက် ယခု သက်သေခံအရေအတွက် သုံးဆတိုးများလာပြီး အသင်းတော်အရေအတွက် နှစ်ဆနီးပါးရှိလာသည်။

သို့သော် အသင်းတော်အချို့သာ ကိုယ်ပိုင်ဝတ်ပြုရာနေရာများရှိကြသည်။ ၂၀၀၁၊ ဇန်နဝါရီတွင် ဇင်ဘာဘွေရှိ အသင်းတော် ၈၀၀ ကျော်အနက် ၉၈ ခုသာ ကိုယ်ပိုင်ခန်းမရှိကြသည်။ အသင်းတော်အများစုမှာ သစ်ပင်များအောက်တွင်၊ မြက်မိုးထားသောရွှံ့တဲကုပ်များတွင် အစည်းအဝေးများ ကျင်းပကြရသည်။

ကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန်ညီအစ်ကိုအသင်းအပင်း၏ ရက်ရက်ရောရောလှူဒါန်းမှုများနှင့် ဇွဲရှိသော စေတနာ့ဝန်ထမ်းများကြောင့် ဇင်ဘာဘွေရှိသက်သေခံများသည် အသင်းတော်များစွာအတွက် ရိုးရှင်းပြီးအသရေရှိသော ခန်းမများဆောက်လုပ်ရန် စတင်စီစဉ်ခဲ့ကြသည်။ ဆောက်လုပ်ရေးကျွမ်းကျင်သော ပြည်ပမှသက်သေခံများစွာသည် ဇင်ဘာဘွေသို့ရောက်လာပြီး ဒေသခံစေတနာ့ဝန်ထမ်းများနှင့်အတူ လုပ်ဆောင်ခဲ့ကြသည်။ ဒေသခံသက်သေခံတစ်ဦး ဤသို့ရေး၏– “လှပတဲ့ဘုရားသခင့်နိုင်ငံတော်ခန်းမတွေ ဝိုင်းဝန်းဆောက်လုပ်ဖို့ ဇင်ဘာဘွေကိုလာခဲ့တဲ့ နိုင်ငံများစွာက ညီအစ်ကိုညီအစ်မအားလုံးကို ကျွန်တော်တို့ အရမ်းကျေးဇူးတင်ကြတယ်။ ပြီးတော့ ဒီလုပ်ငန်းလုပ်ဆောင်နိုင်ဖို့ ခန်းမရန်ပုံငွေ ထည့်ဝင်ခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။”

နိုင်ငံအရှေ့ပိုင်းရှိ ဗေအိုဗတ်သစ်ပင်ကြီးအောက်တွင် အစည်းအဝေးကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၅၀ ခန့်ရှိပေပြီ။ ဝတ်ပြုရာအိမ်ဆောက်မည်ဟု ခရစ်ယာန်အကြီးအကဲများကို ပြောပြသောအခါ တစ်ဦးက မျက်ရည်မဆည်နိုင်အောင်ဖြစ်ခဲ့သည်။ အနီးအနားအသင်းတော်မှ ၉၁ နှစ်အရွယ် အကြီးအကဲတစ်ဦးက “ဒီလိုဖြစ်လာဖို့ ယေဟောဝါဆီ မျက်ရည်ကျပြီးဆုတောင်းခဲ့တာ ကြာပြီ” ဟုပြောခဲ့သည်။

ထိုလှပသောအဆောက်အအုံများ အလျင်အမြန်ဆောက်လုပ်ပြီးစီးခဲ့သည့်အတွက်လည်း ချီးကျူးခဲ့ကြသည်။ “နေ့ဘက်မှာ ခင်ဗျားတို့ဆောက်ပြီး ညဘက်မှာတော့ ဘုရားသခင် လာဆောက်ပေးတာပဲဖြစ်ရမယ်” ဟုလူတစ်ဦးကဆိုသည်။ လုပ်သားများ၏ စည်းလုံးမှုနှင့်ပျော်ရွှင်မှုသည်လည်း မှတ်သားဖွယ်ပင်။ ယနေ့အထိ ခန်းမအသစ် ၃၅၀ ကျော် ဆောက်လုပ်ပြီးစီးခဲ့ပြီ။ ယင်းကြောင့် အသင်းတော်ပေါင်း ၅၃၄ ခုသည် အုတ်ဖြင့်ဆောက်လုပ်ထားသော ခန်းမများတွင် စုဝေးနိုင်ကြပြီ။

ဇင်ဘာဘွေနိုင်ငံတွင် သာ၍အရေးပါသော ဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်လျက်ရှိသည်။ အောင်မြင်ပြီးမြောက်ခဲ့ရာများကို တွေးကြည့်လိုက်လျှင် ထိုကောင်းချီးများအတွက် ယေဟောဝါအား ကျေးဇူးတင်စရာပင်။ မှန်ပါသည်၊ ယေဟောဝါသည် “အိမ်ကိုဆောက်တော်မမူလျှင် ဆောက်သောသူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။”—⁠ဆာလံ ၁၂၇:၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 16 ယေဟောဝါသက်သေများ ထုတ်ဝေသည်။

[စာမျက်နှာ ၉ ပါ မြေပုံများ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ဇင်ဘာဘွေ

ဟာရာရေ

မာ့စ်ဗင်ဂို

ဂရိတ်ဇင်ဘာဘွေ

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ကတော့ပုံကျောက်မျှော်စင်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ကော်န်စက်ရှင် အသင်းတော်၏ဘုရားသခင့်နိုင်ငံတော်ခန်းမအသစ်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

လင်ဒေးလ်အသင်းတော် ခန်းမအပြင်ဘက်မှညီအစ်ကိုညီအစ်မများ

[Picture Credit Lines on page 9]

Ruins with steps: ©Chris van der Merwe/​AAI Fotostock/​age fotostock; tower inset: ©Ingrid van den Berg/​AAI Fotostock/​age fotostock