မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သားသမီးတို့၊ မိဘစကားကိုနားထောင်ကြလော့’

‘သားသမီးတို့၊ မိဘစကားကိုနားထောင်ကြလော့’

‘သားသမီးတို့၊ မိဘစကားကိုနားထောင်ကြလော့’

“သားသမီးတို့၊ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကိုနားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။”—⁠ဧဖက် ၆:၁

ကျွန်ုပ်တို့သည် မိုးသားများတက်လာသည်ကို မြင်ရပြီး မိုးချုန်းသံကိုကြားရသည်။ ထို့နောက် ကြက်သီးမွေးညှင်းထလောက်အောင် လျှပ်စီးများလက်လာသည်။ ဖြစ်လာနိုင်ဖွယ်အန္တရာယ်များကို သိထားသူများအဖို့ ယင်းတို့သည် ကျရောက်တော့မည့် မုန်တိုင်းဘေးမှလွတ်ရာသို့ ထွက်ပြေးရန် သတိပေးချက်ဖြစ်၏။ “ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံ” သော ကိုယ်ခန္ဓာ၏ သတိပေးချက်များကို နာခံသောကြောင့် ကျွန်ုပ်တို့ ယခု အသက်ရှင်နေခြင်းဖြစ်နိုင်ပြီး အခြားသူများမူ နာခံမှုမရှိသောကြောင့် သေဆုံးသွားကြခြင်းဖြစ်နိုင်သည်။—⁠ဆာလံ ၁၃၉:၁၄

ဖြစ်လာနိုင်ဖွယ် အန္တရာယ်များနှင့်ပတ်သက်သော သတိပေးချက်များကို အသင်လူငယ်များလိုအပ်ပြီး မိဘများက ယင်းတို့ကို ပြောပြရန်တာဝန်ရှိသည်။ “မီးဖိုကိုမထိနဲ့၊ ပူတယ်။” “ရေစပ်နားမသွားနဲ့၊ အန္တရာယ်ရှိတယ်။” “လမ်းမကူးခင် ဘယ်ညာကြည့်” စသောသတိပေးချက်များကို သင်မှတ်မိပေမည်။ ဝမ်းနည်းစရာမှာ သားသမီးများသည် သတိပေးချက်ကို မနာခံသောကြောင့် ထိခိုက်ဒဏ်ရာရခဲ့ သို့မဟုတ် သေဆုံးခဲ့ရသည်။ မိဘစကားနားထောင်ခြင်းသည် “တရားသောအမှု” ဖြစ်ပြီး လုပ်သင့်လုပ်ထိုက်ရာဖြစ်သည်။ ပညာရှိလမ်းစဉ်လည်းဖြစ်၏။ (သု. ၈:၃၃) ယင်းသည် သခင်ယေရှု “နှစ်သက်တော်မူသောအမှုဖြစ်၏” ဟုနောက်ကျမ်းတစ်ချက်ကဆိုသည်။ မှန်ပါသည်၊ မိဘစကားကိုနာခံရန် ဘုရားသခင်မိန့်မှာထားသည်။—⁠ကောလောသဲ ၃:၂၀; ၁ ကောရိန္သု ၈:၆

နာခံခြင်း၏ထာဝရအကျိုးကျေးဇူးများ

မိဘကိုနာခံခြင်းသည် သင့်အသက်တာကို ယခုပင် ကာကွယ်ပေးသည့်အပြင် အနာဂတ်တွင်လည်း “မှန်သောအသက်” ရရှိစေနိုင်သည်။ (၁ တိမောသေ ၄:၈; ၆:၁၉) ကျွန်ုပ်တို့အများစုအတွက် မှန်သောအသက်ဟူသည် ဘုရားသခင့်ပညတ်များကို သစ္စာရှိရှိလိုက်နာသူတို့အား ကတိပြုထားသော ကမ္ဘာသစ်တွင် ထာဝစဉ်အသက်ရှင်ခြင်းကို ဆိုလိုသည်။ အရေးကြီးဆုံးပညတ်တစ်ခုမှာ ဤသို့ဖြစ်၏– “‘မိဘကိုရိုသေစွာပြုလော့။’ ဤပညတ်တော်ကား ‘သင်သည် ပြည်တော်၌ကောင်းစား၍ အသက်တာရှည်မည်အကြောင်း’ ဟူ၍ ကတိတော်နှင့်ဆိုင်သော ပထမပညတ်ဖြစ်၏။” ထို့ကြောင့် မိဘစကားကိုနာခံလျှင် သင်ပျော်ရွှင်လိမ့်မည်။ သင့်အနာဂတ်လုံခြုံပြီး မြေကြီးပရဒိသုတွင် ထာဝရအသက်ခံစားရမည်။—⁠ဧဖက် ၆:၂၊ ၃

မိဘစကားကိုနာခံခြင်းဖြင့် ရိုသေမှုတင်ပြခြင်းသည် သူတို့အားနာခံရန် အမိန့်ပေးရှင် ဘုရားသခင်ကိုလည်း ရိုသေရာရောက်သည်။ တစ်ချိန်တည်းတွင် သင်အကျိုးကျေးဇူးခံစားရမည်။ ‘ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်သော သင်၏ဘုရားသခင်ဖြစ်၏’ ဟုကျမ်းစာကဆိုသည်။ (ဟေရှာယ ၄၈:၁၇; ၁ ယောဟန် ၅:⁠၃) နာခံခြင်းက သင့်ကို မည်သို့အကျိုးပြုသနည်း။ သင့်မိဘများကို ပျော်ရွှင်စေပြီး မိဘများကလည်း သင့်ဘဝပျော်ရွှင်စေရန် စွမ်းဆောင်ပေးကြလိမ့်မည်။ (သု. ၂၃:၂၂-၂၅) သို့သော် အရေးကြီးဆုံးမှာ သင့်နာခံမှုက ကောင်းကင်ခမည်းတော်ကို ပျော်ရွှင်စေပြီး သင့်ကို ကိုယ်တော် ကြွယ်ဝစွာဆုချပေလိမ့်မည်။ “နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်” ဟုဆိုခဲ့သော ယေရှုကို ယေဟောဝါမည်သို့ကောင်းချီးပေး၍ ကာကွယ်ခဲ့ကြောင်း ကြည့်ကြစို့။—⁠ယောဟန် ၈:၂၉

လုံ့လရှိသောလုပ်သား ယေရှု

ယေရှုသည်  မာရိ၏သားဦးဖြစ်သည်။ မွေးစားဖခင်ယောသပ်မှာ လက်သမားတစ်ဦးဖြစ်၏။ ယေရှုသည် ယောသပ်ထံမှ လက်သမားအတတ်ကို သင်ယူခဲ့သည်။ (မဿဲ ၁၃:၅၅; မာကု ၆:၃; လုကာ ၁:၂၆-၃၁) ယေရှုသည် မည်သို့သောလက်သမားမျိုးဖြစ်မည်ဟု သင်ထင်သနည်း။ အပျိုစင်၏ဝမ်းတွင် အံ့ဖွယ်နည်းဖြင့် ပဋိသန္ဓေမတည်မီ ကောင်းကင်၌ရှိစဉ် ဉာဏ်ပညာ၏ပြယုဂ်အဖြစ် ယေရှု ဤသို့ဆိုသည်– “ငါသည် ကျွမ်းကျင်လုပ်သားတစ်ဦးကဲ့သို့ [ဘုရားသခင့်]အထံတော်ပါးတွင်ရှိ၏။ တစ်နေ့ထက်တစ်နေ့ ငါသည် ကိုယ်တော်အထူးသဖြင့် ချစ်ခင်သောသူဖြစ်လာ၏။” ဘုရားသခင်ချစ်မြတ်နိုးသော ယေရှုသည် လုံ့လရှိသောလုပ်သားတစ်ဦးဖြစ်၏။ မြေကြီးပေါ်တွင် ကိုယ်တော်ငယ်စဉ်ကလည်း လုံ့လရှိသော လက်သမားကောင်းတစ်ဦးအဖြစ် အလုပ်ကြိုးစားမည်ဟု သင်ထင်သလော။—⁠သု. ၈:၃၀ကဘ; ကောလောသဲ ၁:၁၅၊ ၁၆

ကလေးများ၏သဘာဝနှင့်ပတ်သက်၍ ကျမ်းစာဆိုသည့်အတိုင်း ယေရှုလည်း ငယ်စဉ်က ကစားခဲ့သောအချိန်များရှိသည်။ (ဇာခရိ ၈:၅; မဿဲ ၁၁:၁၆၊ ၁၇) သို့သော် ဆင်းရဲသောမိသားစုကြီးတွင် သားကြီးအနေနှင့် ကိုယ်တော်သည် ယောသပ်ထံမှ လက်သမားအတတ် သင်ယူရသည့်အပြင် အိမ်မှုကိစ္စများလည်း လုပ်ခဲ့ရမည်မှာသေချာသည်။ နောက်ပိုင်းတွင် ယေရှုသည် ဟောပြောသွန်သင်သူတစ်ဦးဖြစ်လာပြီး ကိုယ်တိုင်သက်သောင့်သက်သာဖြစ်ရေးကို စွန့်လွှတ်ကာ ဓမ္မအမှုတွင်သာ ဘဝကိုနှစ်မြှုပ်ထားသည်။ (လုကာ ၉:၅၈; ယောဟန် ၅:၁၇) သင့်အနေဖြင့် အဘယ်ကဏ္ဍများတွင် ယေရှုကိုတုပနိုင်မည်နည်း။ အခန်းသန့်ရှင်းရေး သို့မဟုတ် အခြားအိမ်မှုကိစ္စများကို သင့်မိဘများ လုပ်ခိုင်းသလော။ ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ခြင်းနှင့် ဟောပြောခြင်းဖြင့် ဘုရားသခင့်ဝတ်ပြုရေးတွင်ပါဝင်ရန် မိဘတို့ အားပေးသလော။ လူငယ်ယေရှုသည် ထိုသို့သောတောင်းဆိုချက်များကို မည်သို့တုံ့ပြန်မည်ဟု သင်ထင်သနည်း။

ကျမ်းစာလေ့လာခြင်းနှင့်ဟောပြောခြင်းတွင် လုံ့လရှိသူ

ဂျူးပွဲတော်သုံးခုအတွင်း ယေဟောဝါအား ဝတ်ပြုကိုးကွယ်ရန် ဝတ်ပြုရာအိမ်တော်သို့သွားရမည်ဟု ဣသရေလမိသားစုမှ ယောက်ျားအားလုံးကို မိန့်မှာထားသည်။ (တရားဟောရာ ၁၆:၁၆) ယေရှုသည် ၁၂ နှစ်အရွယ်တွင် ပသခါပွဲတက်ရန် မိသားစုနှင့်အတူ ယေရုရှလင်မြို့သို့ ခရီးနှင်ခဲ့သည်။ မိတူဖကွဲမောင်နှမများလည်း ပါဝင်ပေမည်။ ယေရှု၏မိသားစုနှင့်အတူ မာရိ၏ညီမရှာလုံ၊ သူ့ခင်ပွန်း ဇေဗေဒဲ၊ သူတို့၏သား ယာကုပ်နှင့်ယောဟန်တို့ ပါဝင်ခဲ့ဖွယ်ရှိသည်။ နောက်ပိုင်းတွင် သူတို့နှစ်ဦးသည် တမန်တော်များဖြစ်လာ၏။ * (မဿဲ ၄:၂၀၊ ၂၁; ၁၃:၅၄-၅၆; ၂၇:၅၆; မာကု ၁၅:၄၀၊ ၄၁; ယောဟန် ၁၉:၂၅) အပြန်ခရီးတွင် ယေရှုသည် ဆွေမျိုးများနှင့်ရှိနေသည်ဟု ထင်သောကြောင့် ယောသပ်နှင့်မာရိတို့က ယေရှုမပါကြောင်း သတိမထားမိကြပေ။ သုံးရက်လွန်မှ ဝတ်ပြုရာအိမ်တော်တွင် “ဆရာများအလယ်မှာထိုင်၍ ထိုသူတို့နှင့်ဆွေးနွေးမေးမြန်းလျက်ရှိသည်ကို” ယောသပ်နှင့်မာရိတို့ တွေ့ကြ၏။—⁠လုကာ ၂:၄၄-၄၆

ယေရှုသည် ဆရာများနှင့် မည်သို့ “ဆွေးနွေးမေးမြန်း” ခဲ့သနည်း။ ကိုယ်တော်၏ဆွေးနွေးမေးမြန်းမှုသည် စူးစမ်းရုံ သို့မဟုတ် အဖြေကိုသိရရုံမျှသာ မဖြစ်နိုင်ပေ။ ဆွေးနွေးမေးမြန်းခြင်းအတွက် ဤတွင်အသုံးပြုထားသော ဂရိစကားလုံးသည် အမှုစစ်ခြင်းကို ဆိုလိုသောကြောင့် တန်ပြန်မေးခွန်းထုတ်ခြင်းလည်း ပါဝင်သည်။ မှန်ပါသည်၊ လူငယ်တစ်ဦးဖြစ်သော ယေရှုသည် ကျမ်းတတ်ဆရာများကိုပင် အံ့သြသွားစေသည့် ကျမ်းစာလေ့လာသူတစ်ဦး ဖြစ်ခဲ့သည်။ “သူ၏စကားကိုကြားသောသူအပေါင်းတို့သည် သူ၏ပညာကိုလည်းကောင်း၊ စကားအဖြေကိုလည်းကောင်း အံ့သြကြ၏” ဟုကျမ်းစာကဆိုသည်။—⁠လုကာ ၂:၄၇

ယေရှုသည် လူငယ်တစ်ဦးအနေနှင့် ကျမ်းတတ်များကို အံ့သြသွားစေလောက်သည့် ကျမ်းစာအသိပညာ အဘယ်ကြောင့်ရှိခဲ့သည်ဟု သင်ထင်သနည်း။ ဘုရားသခင်ကို ကြောက်ရွံ့သောမိဘများက သူ့ကို နို့စို့အရွယ်မှစ၍ သင်ကြားလေ့ကျင့်ပေးခဲ့ခြင်းကြောင့်ဖြစ်၏။ (ထွက်မြောက်ရာ ၁၂:၂၄-၂၇; တရားဟောရာ ၆:၆-၉; မဿဲ ၁:၁၈-၂၀) ယောသပ်သည် လူငယ်ယေရှုကို ကျမ်းစာဖတ်ရှုဆွေးနွေးသော တရားဇရပ်သို့ခေါ်သွားမည်မှာ သေချာသည်။ သင့်မိဘများလည်း သင့်ကို ကျမ်းစာသင်ပေးပြီး ခရစ်ယာန်အစည်းအဝေးများသို့ ခေါ်သွားလေ့ရှိသလော။ သင်သည် ယေရှုနည်းတူ မိဘ၏လေ့ကျင့်သွန်သင်မှုကို တန်ဖိုးထားလေးမြတ်ပါသလော။ သင်ယူသိရှိခဲ့ရာများကို ယေရှုနည်းတူ အခြားသူများအား ဟောပြောပါသလော။

ယေရှု လက်အောက်ခံခဲ့

၁၀ ယေရှုကို သုံးရက်ကြာမှ ဝတ်ပြုရာအိမ်တော်တွင် ရှာတွေ့သောအခါ ယောသပ်နှင့်မာရိတို့ မည်သို့ခံစားရမည်ဟု သင်ထင်သနည်း။ အလွန်စိတ်သက်သာရာရခဲ့မည်မှာ သေချာပါသည်။ သို့သော် ယေရှုက မိမိအဘယ်တွင်ရှိမည်ကို မိဘများမသိ၍ အံ့သြခဲ့သည်။ ယေရှုသည် အံ့ဖွယ်နည်းဖြင့်မွေးဖွားလာကြောင်း သူတို့သိကြ၏။ ထို့ပြင် သူတို့သည် ကယ်တင်ရှင်နှင့် ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် ယေရှု၏အနာဂတ်အခန်းကဏ္ဍအကြောင်း အသေးစိတ်မဟုတ်သည့်တိုင် အကြမ်းဖျင်းသိရှိခဲ့ပေမည်။ (မဿဲ ၁:၂၁; လုကာ ၁:၃၂-၃၅; ၂:၁၁) ထို့ကြောင့် ယေရှုက “အဘယ်ကြောင့် အကျွန်ုပ်ကိုရှာရပါသနည်း။ အကျွန်ုပ်သည် အဘ၏အိမ်၌နေရသည်ကို မသိပါသလော” ဟုမေးလေသည်။ သို့သော် မိဘများနှင့်အတူ နာဇရက်မြို့အိမ်သို့ နာခံမှုရှိစွာ ပြန်သွားခဲ့သည်။ ထို့နောက် “သူတို့စကားကိုနားထောင်လျက်နေလေ၏။ ထိုအကြောင်းအရာအလုံးစုံတို့ကို မယ်တော်သည် နှလုံးထဲ၌မှတ်ကျုံးလေ၏” ဟုကျမ်းစာကဆို၏။—⁠လုကာ ၂:၄၈-၅၁

၁၁ ယေရှုကိုတုပကာ မိဘများကို အစဉ်နာခံရန် လွယ်ကူသည်ဟု  သင်ထင်သလော။  သို့မဟုတ်  ယနေ့လောကအကြောင်း သူတို့ထက် သင်ပိုသိသည်ဟု ခံစားရလေ့ရှိသလော။ မှန်ပါသည်၊ ဆဲလ်ဖုန်း၊ ကွန်ပျူတာ သို့မဟုတ် အခြားနောက်ဆုံးပေါ်ကိရိယာများအကြောင်း သူတို့ထက် သင်ပိုသိပေမည်။ သို့သော် ယေရှုကိုစဉ်းစားကြည့်ပါ။ ကျမ်းတတ်များသည် “သူ၏ပညာကိုလည်းကောင်း၊ စကားအဖြေကိုလည်းကောင်း” အံ့သြခဲ့ကြသည်။ ကိုယ်တော်နှင့်ယှဉ်လျှင် သင့်အသိပညာမှာ မဆိုစလောက်သာဖြစ်ကြောင်း သင်သဘောတူပေမည်။ သို့တိုင် ယေရှုသည် မိဘများကိုနာခံခဲ့သည်။ ယင်းက သူတို့ဆုံးဖြတ်ချက်များကို အမြဲသဘောတူခဲ့သည်ဟု မဆိုလိုပါ။ သို့သော် ဆယ်ကျော်သက်အရွယ်တစ်လျှောက်လုံး “သူတို့စကားကိုနားထောင်လျက်နေလေ၏။” ကိုယ်တော့်ပုံသက်သေမှ အဘယ်အရာသင်ယူနိုင်သည်ဟု သင်ထင်သနည်း။—⁠တရားဟောရာ ၅:၁၆၊ ၂၉

နာခံမှုတင်ပြခြင်းသည် စိန်ခေါ်ချက်ဖြစ်

၁၂ နာခံမှုတင်ပြရန် အမြဲမလွယ်ကူပေ။ လွန်ခဲ့သောနှစ်အနည်းငယ်က မိန်းကလေးနှစ်ဦးသည် ခြောက်လမ်းသွားအဝေးပြေးလမ်းမကို  လူကူးတံတားမှမဟုတ်ဘဲ ကားလမ်းပေါ်မှ ဖြတ်ပြေးခဲ့ကြသည်။ လူကူးတံတားမှဖြတ်ရန် သွားနေသော သူငယ်ချင်းဖြစ်သူဂျွန်ကိုလည်း “ငါတို့နဲ့အတူလိုက်ခဲ့စမ်းပါ” ဟုပြောသည်။ တွန့်ဆုတ်နေသောဂျွန်ကို မိန်းကလေးတစ်ဦးက “ငကြောက်ပဲ” ဟု သရော်လိုက်သည်။ ဂျွန်ကမကြောက်သော်လည်း “ငါအမေ့စကားနားထောင်ရမယ်” ဟုပြန်ပြောခဲ့သည်။ မကြာမီ ကျယ်လောင်သော ကားဘရိတ်အုပ်သံကြားရ၍ အောက်သို့ငုံ့ကြည့်လိုက်ရာ မိန်းကလေးနှစ်ဦး ကားတိုက်ခံလိုက်ရခြင်းဖြစ်၏။ တစ်ဦးမှာသေဆုံးသွားပြီး နောက်တစ်ဦးမှာ ခြေထောက်ဖြတ်လိုက်ရသည်။ လူကူးတံတားမှဖြတ်ရန် အတန်တန်သတိပေးခဲ့သော မိန်းကလေးများ၏မိခင်က ဂျွန်၏မိခင်ကို “သူတို့သာ ရှင့်သားလို နားထောင်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ” ဟုပြောခဲ့သည်။—⁠ဧဖက် ၆:၁

၁၃ ‘သားသမီးတို့၊ မိဘစကားကိုနားထောင်ကြလော့’ ဟုဘုရားသခင် အဘယ်ကြောင့်မိန့်မှာရသနည်း။ မိဘစကားကိုနာခံခြင်းက ဘုရားသခင်ကို နာခံရာရောက်သည်။ ထို့ပြင် မိဘများသည် သင့်ထက် အတွေ့အကြုံပိုရင့်ကျက်သည်။ ဥပမာ၊ အထက်ပါကားတိုက်မှုမဖြစ်မီ ငါးနှစ်တွင် မိမိသူငယ်ချင်း၏သားဖြစ်သူသည် ထိုအဝေးပြေးလမ်းမကိုဖြတ်ကူးရင်း ကားတိုက်သေဆုံးသွားသည်ကို ဂျွန်၏မိခင်ကြုံခဲ့ရသည်။ မိဘစကားကိုနာခံရန် အမြဲမလွယ်ကူသည်မှာ မှန်သော်လည်း သင်ထိုသို့ပြုသင့်သည်ဟု ဘုရားသခင်မိန့်မှာ၏။ သို့သော် သင့်မိဘများ သို့မဟုတ် အခြားသူများက သင့်ကို လိမ်လည်ရန်၊ ခိုးရန်၊ ဘုရားသခင်မနှစ်သက်ရာများကို ပြုလုပ်ရန် ပြောလာပါက “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကိုနားထောင်” ရမည်။ ထို့ကြောင့်လည်း “မိဘစကားကိုနားထောင်ကြလော့” ဟုမပြောမီ “သခင်ဘုရား၏အလိုတော်နှင့်အညီ” ဟုကျမ်းစာကဆိုသည်။ ယင်းက ဘုရားသခင်ပညတ်နှင့်ကိုက်ညီရာမှန်သမျှတွင် မိဘကိုနာခံခြင်းဖြစ်၏။—⁠တမန်တော် ၅:၂၉

၁၄ သင်သည် ယေရှုကဲ့သို့ “အညစ်အကြေးနှင့်ကင်းလွတ်လျက် အပြစ်ရှိသောသူတို့နှင့်မဆက်ဆံ” သော စုံလင်သူဖြစ်လျှင် မိဘစကားနားထောင်ရန် ပိုလွယ်ကူမည်ဟု ထင်သလော။ (ဟေဗြဲ ၇:၂၆) သင်သာ စုံလင်သူဖြစ်လျှင် ယခုကဲ့သို့ မကောင်းမှုပြုလိုစိတ် ရှိမည်မဟုတ်ပေ။ (ကမ္ဘာဦး ၈:၂၁; ဆာလံ ၅၁:၅) သို့သော် ယေရှုပင် နာခံတတ်ရန် သင်ယူခဲ့ရသည်။ ယေရှုသည် ‘ဘုရားသခင်၏သားတော်မှန်သော်လည်း ဆင်းရဲဝေဒနာကိုခံသောအားဖြင့် နာခံခြင်းအကျိုးအကြောင်းကို သင်တော်မူ၏’ ဟုကျမ်းစာကဆိုသည်။ (ဟေဗြဲ ၅:⁠၈) ထိုဆင်းရဲဝေဒနာက ကောင်းကင်တွင် သင်ယူခွင့်မရခဲ့သည့် နာခံမှုကိုသင်ယူနိုင်ရန် ယေရှုကို မည်သို့ကူညီပေးသနည်း။

၁၅ ယေဟောဝါ၏ညွှန်ကြားမှုဖြင့် ယောသပ်နှင့်မာရိသည် နို့စို့အရွယ်ယေရှုကို အသက်အန္တရာယ်မှ ကာကွယ်ပေးခဲ့သည်။ (မဿဲ ၂:၇-၂၃) သို့သော် နောက်ပိုင်းတွင် ဘုရားသခင်သည် ယေရှုကို အံ့ဖွယ်နည်းဖြင့် မကာကွယ်ပေးတော့ပေ။ ယေရှုသည် စိတ်ပိုင်းနှင့်ကာယပိုင်းအရ အကြီးအကျယ်ဝေဒနာခံစားခဲ့ရာ “ကြီးစွာသောကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်း” ခဲ့သည်ဟု ကျမ်းစာကဆို၏။ (ဟေဗြဲ ၅:⁠၇) အဘယ်အချိန်တွင် ထိုသို့ဖြစ်ပျက်ခဲ့သနည်း။

၁၆ မြေကြီးအသက်တာ ကုန်ဆုံးတော့မည့်အချိန်အတွင်း ကိုယ်တော်၏သမာဓိကို  ချိုးဖျက်ရန်  စာတန်အစွမ်းကုန်ကြိုးပမ်းခဲ့စဉ်က ဖြစ်သည်။ လူဆိုးတစ်ဦးအဖြစ်အထင်ခံရပြီး သေဆုံးခြင်းက ခမည်းတော်၏နာမ ရှုတ်ချစရာဖြစ်စေမည်လောဟူသည့်  စိုးရိမ်စိတ်ကြောင့်  ယေရှုသည် ဂေသရှေမန်ဥယျာဉ်တွင် “အထူးသဖြင့်ကြိုးစား၍ ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား မြေပေါ်၌ကျသော သွေးစက်ခဲကဲ့သို့ဖြစ်သတည်း။” ထို့နောက် ညှဉ်းဆဲရာနှက်တိုင်ပေါ် အသက်ချုပ်စဉ် ဝေဒနာပြင်းပြလွန်းရကား မျက်ရည်နှင့်တကွ “ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။” (လုကာ ၂၂:၄၂-၄၄; မာကု ၁၅:၃၄) ဤသို့ဖြင့် ကိုယ်တော်သည် ‘ဆင်းရဲဝေဒနာကိုခံသောအားဖြင့် နာခံခြင်းအကျိုးအကြောင်းကို သင်တော်မူ’ ပြီး ခမည်းတော်၏စိတ်ကို ရွှင်လန်းစေခဲ့သည်။ ယခု ကောင်းကင်တွင်ရှိနေသော ယေရှုသည် ကျွန်ုပ်တို့ကြိုးစား၍ နာခံမှုတင်ပြစဉ် ခံစားရသောဝေဒနာများကို စာနာပေးနေတော်မူသည်။—⁠သု. ၂၇:၁၁; ဟေဗြဲ ၂:၁၈; ၄:၁၅

နာခံတတ်ရန် သင်ယူခြင်း

၁၇ “အဘမဆုံးမသောသား တစ်စုံတစ်ယောက်ရှိသလော” ဟုကျမ်းစာကဆိုသည်။ မိဘများ သင့်ကိုဆုံးမရခြင်းမှာ သင့်ကောင်းကျိုးကိုလိုလားပြီး သင့်ကိုချစ်မြတ်နိုးသောကြောင့်ဖြစ်၏။ မိဘများသာ သင့်ကိုမချစ်လျှင် အချိန်ကုန်ခံ ဆုံးမနေမည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် ဝမ်းနည်းစရာမဟုတ်ပေလော။ ယေဟောဝါသည်လည်း ကျွန်ုပ်တို့ကို ချစ်တော်မူသောကြောင့် ဆုံးမခြင်းဖြစ်သည်။ “ဆုံးမခြင်းမည်သည်ကား ခံရစဉ်အခါဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော်လည်း ဆုံးမခြင်းကိုခံရသောသူတို့သည် နောက်မှ ငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။”—⁠ဟေဗြဲ ၁၂:၇-၁၁

၁၈ ယေရှုဖော်ပြခဲ့သော ဣသရေလဉာဏ်ကြီးရှင် ဘုရင်တစ်ပါးက မိဘတို့၏ မေတ္တာပါပါ ပဲ့ပြင်ဆုံးမမှုလိုအပ်ကြောင်း မိန့်ဆိုခဲ့သည်။ “ကြိမ်လုံးကိုမသုံးသောသူသည် မိမိသားကိုမုန်းရာသို့ရောက်၏။ သားကိုချစ်သောသူမူကား ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏” ဟုရှောလမုန်ရေးခဲ့သည်။ မေတ္တာပါပါဆုံးမပဲ့ပြင်ခံရသူတစ်ဦးသည် သူ၏အသက်ကို သေခြင်းမှကယ်နုတ်နိုင်သည်ဟုပင် ရှောလမုန်ဆို၏။ (သု. ၁၃:၂၄; ၂၃:၁၃၊ ၁၄; မဿဲ ၁၂:၄၂) ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် သူငယ်စဉ်က အစည်းအဝေးများတွင် လိမ်လိမ်မာမာမနေလျှင် အိမ်ပြန်ရောက်သည့်အခါ ဆုံးမခံရမည်ဟု ဖခင်ကပြောလေ့ရှိကြောင်း ပြောပြသည်။ ယခု၊ ဖခင်၏မေတ္တာပါပါဆုံးမမှုက သူ့အသက်တာကို ကောင်းစားစေသည့်အတွက် ဖခင်ကိုအမှတ်ရတမ်းတလျက်ရှိသည်။

၁၉ သင့်မိဘများက သင့်ကိုချစ်၍ အချိန်ကုန်ခံ ဆုံးမပဲ့ပြင်သည့်အခါ ကျေးဇူးတင်လေးမြတ်ပါ။ သခင်ယေရှုခရစ်ပင် ယောသပ်နှင့်မာရိကို နာခံခဲ့သည့်နည်းတူ သင်လည်း မိဘများကိုနာခံပါ။ အထူးသဖြင့် ယေဟောဝါဘုရားသခင်က ထိုသို့နာခံရန် မိန့်မှာထားသောကြောင့်ဖြစ်၏။ သို့ဖြင့် သင်အကျိုးကျေးဇူးခံစားရကာ “ပြည်တော်၌ကောင်းစား၍ အသက်တာရှည်” ပေလိမ့်မည်။—⁠ဧဖက် ၆:၂၊၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင်စာအုပ် [လိပ်] အတွဲ ၂၊ စာမျက်နှာ ၈၄၁ ကိုရှု။

သင်မည်သို့ဖြေဆိုမည်နည်း

• မိဘများကိုနာခံခြင်းဖြင့် သားသမီးတို့ အဘယ်အကျိုးကျေးဇူးများ ခံစားရမည်နည်း။

• ယေရှုငယ်စဉ်က မိဘများကိုနာခံရာတွင် အဘယ်ပုံသက်သေချမှတ်ခဲ့သနည်း။

• ယေရှုသည် နာခံမှုကို မည်သို့သင်ယူခဲ့သနည်း။

[လေ့လာရန်မေးခွန်းများ]

၁။ နာခံမှုက သင့်ကို မည်သို့ကာကွယ်ပေးနိုင်သနည်း။

၂။ သတိပေးချက်များကို သားသမီးများ အဘယ်ကြောင့်လိုအပ်သနည်း။ မိဘစကားကို အဘယ်ကြောင့် နားထောင်သင့်သနည်း။

၃။ ကျွန်ုပ်တို့အများစုအတွက် “မှန်သောအသက်” ဟူသည် အဘယ်နည်း။ ယင်းကို ကလေးများ မည်သို့ရရှိနိုင်သနည်း။

၄။ ကလေးများသည် ဘုရားသခင်ကိုရိုသေကြောင်း မည်သို့တင်ပြနိုင်ပြီး မည်သည့်အကျိုးကျေးဇူးများ ရနိုင်သနည်း။

၅။ ယေရှုသည် လုံ့လရှိသောလုပ်သားတစ်ဦးဖြစ်ကြောင်း အဘယ်ကြောင့် ယုံကြည်နိုင်သနည်း။

၆။ (က) ကလေးတစ်ဦးအနေဖြင့် ယေရှုသည် အိမ်မှုကိစ္စများလုပ်ခဲ့ရမည်ဟု သင်အဘယ်ကြောင့်ထင်သနည်း။ (ခ) ကလေးများသည် ယေရှုကို အဘယ်နည်းများဖြင့် တုပနိုင်သနည်း။

၇။ (က) ယေရှုသည် ပသခါပွဲသို့ မည်သူတို့နှင့်အတူ သွားခဲ့ဖွယ်ရှိသနည်း။ (ခ) အခြားသူများ အိမ်ပြန်ကြစဉ် ယေရှု အဘယ်နေရာတွင် ရှိနေသနည်း၊ အဘယ်ကြောင့်နည်း။

၈။ ဝတ်ပြုရာအိမ်တော်တွင် ယေရှု အဘယ်အရာပြုလုပ်ခဲ့သနည်း။ လူများ အဘယ်ကြောင့် အံ့အားသင့်ခဲ့ကြသနည်း။

၉။ ကျမ်းစာလေ့လာရာတွင် ယေရှု၏ပုံသက်သေကို မည်သို့တုပနိုင်သနည်း။

၁၀။ (က) ယေရှုရှိနေမည့်နေရာကို မိဘများ အဘယ်ကြောင့်သိသင့်သနည်း။ (ခ) ကလေးများအတွက် ယေရှု အဘယ်ပုံသက်သေကောင်း ချမှတ်ခဲ့သနည်း။

၁၁။ နာခံခြင်းနှင့်ပတ်သက်၍ ယေရှုထံမှ အဘယ်အရာသင်ယူနိုင်သနည်း။

၁၂။ နာခံမှုက သင့်အသက်ကို မည်သို့ကယ်တင်နိုင်သနည်း။

၁၃။ (က) သင့်မိဘများကို အဘယ်ကြောင့်နာခံသင့်သနည်း။ (ခ) အဘယ်အချိန်တွင် မိဘစကားနားမထောင်ခြင်းက သင့်လျော်သနည်း။

၁၄။ စုံလင်သူတစ်ဦးအနေနှင့် နာခံမှုပြရန် အဘယ်ကြောင့်ပိုလွယ်ကူသနည်း။ သို့တိုင် ထိုသို့နာခံတတ်ရန် အဘယ်ကြောင့်သင်ယူဖို့လိုသနည်း။

၁၅၊ ၁၆။ ယေရှုသည် နာခံမှုကို မည်သို့သင်ယူခဲ့သနည်း။

၁၇။ ဆုံးမပဲ့ပြင်ခံရသောအခါ မည်သို့သဘောထားသင့်သနည်း။

၁၈။ (က) မေတ္တာပါပါဆုံးမပဲ့ပြင်မှုက အဘယ်အရာကို ဖော်ပြသနည်း။ (ခ) ထိုသို့သောဆုံးမမှုက လူတို့၏အသက်တာကို အဘယ်နည်းများဖြင့် ကောင်းစားစေကြောင်း သင်တွေ့မြင်ခဲ့ရသနည်း။

၁၉။ အထူးသဖြင့် မိဘများကို အဘယ်ကြောင့်နာခံသင့်သနည်း။

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ဆယ့်နှစ်နှစ်အရွယ်ယေရှုသည်ကျမ်းစာကို နှံ့စပ်ကျွမ်းကျင်

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ယေရှုသည် ဆင်းရဲဝေဒနာခံစားခြင်းဖြင့် နာခံမှုကို မည်သို့သင်ယူခဲ့သနည်း