မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နက်ရှိုင်းပြီး တာရှည်သော ဝမ်းနည်းကြေကွဲမှု

နက်ရှိုင်းပြီး တာရှည်သော ဝမ်းနည်းကြေကွဲမှု

နက်ရှိုင်းပြီး တာရှည်သော ဝမ်းနည်းကြေကွဲမှု

ချစ်မြတ်နိုးရသူများ သေဆုံးသွားခြင်းကြောင့် ပူဆွေးနေသူတို့အပေါ် ကုန်လွန်သွားသောအချိန်က မည်သို့သက်ရောက်မှုရှိကြောင်း မကြာသေးမီက လူတစ်ဦးလေ့လာခဲ့သည်။ သူသည် ယခင်နှစ်အတော်ကြာကြာက မိမိတို့ကလေးများသေဆုံးခဲ့ကြသော မိဘအတော်များများထံ စစ်တမ်းမေးခွန်းလွှာများ ပေးပို့ခဲ့သည်။ မိဘအားလုံး မတုံ့ပြန်ခဲ့ကြချေ။ လွန်ခဲ့သောငါးနှစ်က သားဆုံးပါးခဲ့သော ဗာလာဒီမာအမည်ရှိ ဖခင်တစ်ဦးက သားအကြောင်းပြန်ပြောသည့်အခါ ဝမ်းနည်းနေတုန်းပင်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ *

ထိုသို့တာရှည်ခံစားရသည့် ဝမ်းနည်းကြေကွဲမှုသည် ပူဆွေးကျန်ရစ်သောမိဘများအတွက် အဆန်းမဟုတ်ပါ။ လွန်ခဲ့သောဆယ်နှစ်က ၁၈ နှစ်အရွယ်ရှိ မိမိ၏သား ရေနစ်သေဆုံးခဲ့သော ဝီလျံက ဤသို့ရေးသည်– “ထိုသို့ဆုံးရှုံးရ၍ ခံစားရသည့်ဝမ်းနည်းကြေကွဲမှုသည် ယနေ့တိုင်ရှိနေတုန်းပင်၊ ကျွန်တော်အသက်ရှင်နေသမျှကာလပတ်လုံး ဝမ်းနည်းကြေကွဲနေမည်သာဖြစ်သည်။” ရုတ်တရက်ဖျားနာခြင်းကြောင့် မိမိသားကို လူစီဆုံးရှုံးရပြီး ငါးနှစ်အကြာတွင် သူဤသို့ရေးခဲ့သည်– “အစပိုင်းရက်အနည်းငယ်တွင် ‘ဒါမဖြစ်နိုင်ဘူး’ ဟူ၍ ကျွန်မစဉ်းစားသည်။ အိပ်မက်ဆိုးမက်နေသကဲ့သို့ဖြစ်ပြီး မကြာမီ နိုးလာလိမ့်မည်ဟု ကျွန်မခံစားခဲ့သည်။ သားအိမ်ပြန်မလာသောကြောင့် အိပ်မက်မဟုတ်မှန်း အချိန်အတန်ကြာပြီးနောက်မှ ကျွန်မအသိတရားရလာသည်။ လွန်ခဲ့သောငါးနှစ်က ကျွန်မသားသေဆုံးခဲ့သည်၊ သို့သော် ကျွန်မတစ်ယောက်တည်းရှိနေချိန်တွင် သူ့ကို သတိရပြီး တစ်ခါတစ်ရံ ကျွန်မငိုသေးသည်။”

ဗာလာဒီမာ၊ ဝီလျံနှင့် လူစီတို့ကဲ့သို့သော ပူဆွေးကျန်ရစ်သောမိဘများသည် နက်ရှိုင်းပြီးတာရှည်သောဝမ်းနည်းကြေကွဲမှုကို အဘယ်ကြောင့် ခံစားကြရသနည်း။ အကြောင်းရင်းတချို့ကို သုံးသပ်ကြည့်ကြစို့။

အဘယ်ကြောင့် အလွန်ဝမ်းနည်းရသနည်း

မိသားစုတစ်စုတွင် ကလေးတစ်ဦးမွေးဖွားလာသောအခါ မိဘများသည် လူ့ပေါင်းသင်းဆက်ဆံရေးတွင် နှိုင်းယှဉ်မရသော စိတ်လှုပ်ရှားမှုကို တွေ့ကြုံခံစားကြရသည်။ သူတို့၏ကလေးကို ပွေ့ဖက်ခြင်း၊ သူအိပ်ပျော်နေသည်ကို ကြည့်ခြင်း သို့မဟုတ် ကလေးငယ်လေး ပြုံးရယ်သည်ကိုမြင်ရခြင်းက သူတို့ကို ပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုများစွာ ဖြစ်စေသည်။ မေတ္တာရှိသောမိဘများသည် မိမိတို့၏ကလေးများကို မြတ်နိုးကြသည်။ မိဘများက သူတို့လျောက်ပတ်စွာပြုမူကျင့်ကြံရန်နှင့် ယဉ်ယဉ်ကျေးကျေးရှိရန် လေ့ကျင့်ပေးကြသည်။ (၁ သက်သာလောနိတ် ၂:၇; ၁၁) ဤသို့လေ့ကျင့်ထားသည့်အတိုင်း ကလေးများကြီးပြင်းလာသောအခါ မိဘများသည် သူတို့အတွက် ဂုဏ်ယူသည့်ပြင် သူတို့နှင့်ပတ်သက်၍ မျှော်လင့်ချက်ကြီးကြီးမားမားထားကြတော့သည်။

ဂရုစိုက်တတ်သောမိဘများသည် မိမိတို့ကလေးများ၏ လိုအပ်ရာများအတွက် ကြိုးစားအလုပ်လုပ်ကြသည်။ မိဘများသည် အချိန်တန်သောအခါ မိမိတို့ကလေးများ ကိုယ်ပိုင်မိသားစုတည်ထောင်ရန် ကူညီပေးနိုင်ဖို့ ငွေကြေး သို့မဟုတ် ပစ္စည်းဥစ္စာများကို ပုံမှန်စုဆောင်းထားပေမည်။ (၂ ကောရိန္သု ၁၂:၁၄) စိတ်ပိုင်း၊ အချိန်၊ အားထုတ်မှုနှင့် ငွေကြေး များစွာကုန်ကျခြင်းက မိဘများသည် မိမိတို့၏ကလေးများ သေဆုံးရန်မဟုတ်ဘဲ အသက်ရှင်ရန် မွေးမြူပျိုးထောင်ခြင်းဖြစ်သည်ဟူသော အချက်ကို ထင်ရှားစေသည်။ ကလေးတစ်ဦးသေဆုံးသောအခါ သူ့ကို ပြုစုမွေးမြူရသည့်အလုပ်မှာ မပြီးမပြတ်ဖြစ်နေပြီး သူနှင့်ပတ်သက်သော မိဘများ၏မျှော်လင့်ချက်များ ပြိုကွဲပျက်ပြားကုန်သည်။ ကလေးအပေါ်ထားသော မိဘများ၏နွေးထွေးသောမေတ္တာနှင့် ကြင်နာမှုကို ကျောက်နံရံကြီးပမာ သေခြင်းတရားက ဖြတ်တောက်၊ တားဆီးလိုက်သည်။ တစ်ချိန်က မိဘများ၏နှလုံးသားတွင် သူတို့၏သား သို့မဟုတ် သမီးက နေရာယူခဲ့သည်၊ ယခုသော် ဟာလာဟင်းလင်းဖြစ်သွားသည်။ မိဘများသည် လွယ်လွယ်ဖြင့်မေ့ပျောက်မရသော အလွန်ဝမ်းနည်းကြေကွဲမှု ခံစားကြရသည်။

ပူဆွေးကျန်ရစ်သောမိဘများသည် ပြင်းထန်ပြီးတာရှည်သောဝမ်းနည်းကြေကွဲမှု ခံစားကြရသည်ကို သမ္မာကျမ်းစာက အတည်ပြုထားသည်။ ဘိုးဘေးယာကုပ်သည် မိမိသားယောသပ် အသတ်ခံရသည်ကို ကြားသိချိန်တွင် ဖြစ်ပျက်ရာကို သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “မိမိအဝတ်ကိုဆွဲဆုတ်၍၊ လျှော်တေအဝတ်ကိုပတ်စည်းသဖြင့် အင်တန်ကာလပတ်လုံး သားကြောင့်စိတ်မသာညည်းတွားလျက် နေလေ၏။ သားသမီးအပေါင်းတို့သည် အဘကိုနှစ်သိမ့်စေခြင်းငှာ ကြိုးစားသော်လည်း သူသည်နှစ်သိမ့်စေသောစကားကို နားမထောင်ဘဲ ငါ့သားရှိရာမရဏာနိုင်ငံ [သို့မဟုတ် သင်္ချိုင်း] သို့ စိတ်မသာညည်းတွားလျက် ဆင်းသက်တော့မည်ဟု ဆိုလေ၏။” နောက်ပိုင်းနှစ်များတွင် ယာကုပ်သည် သေဆုံးသွားပြီဟု သူယူဆသောသားအတွက် ဝမ်းနည်းပူဆွေးနေဆဲဖြစ်ခဲ့သည်။ (ကမ္ဘာဦး ၃၇:၃၄၊ ၃၅; ၄၂:၃၆-၃၈) သမ္မာကျမ်းစာပါ နောက်ဥပမာတွင် မိမိသားနှစ်ယောက်ကို သေခြင်းတွင် ဆုံးရှုံးခဲ့သော နောမိအမည်ရှိ တည်ကြည်သောအမျိုးသမီးတစ်ဦးလည်း ပါဝင်သည်။ သူသည် အလွန့်အလွန်ဝမ်းနည်းသောကြောင့် “ကျွန်ုပ်၏သာယာခြင်း” ဟုအဓိပ္ပာယ်ရှိသော မိမိနာမည်နောမိ မှ “ခါးသီးခြင်း” အဓိပ္ပာယ်ရှိသည့် မာရ ဟူ၍ ပြောင်းလဲလိုခဲ့သည်။—⁠ရုသ ၁:၃-၅၊ ၂၀၊ ၂၁

သို့သော် သမ္မာကျမ်းစာသည် မိဘများခံစားရသော ဝမ်းနည်းပူဆွေးမှုကို အသိအမှတ်ပြုရုံထက်မက ဖော်ပြထားသည်။ ယင်းတွင် ဝမ်းနည်းပူဆွေးနေသူတို့ကို ယေဟောဝါမည်သို့ခွန်အားပေးသည်ကိုပါ ဖော်ပြထားသည်။ နောက်ဆောင်းပါးတွင် ထိုဝမ်းနည်းကြေကွဲသူတို့အား ဘုရားသခင်နှစ်သိမ့်မှုပေးသည့်နည်းတချို့ကို ကျွန်ုပ်တို့သုံးသပ်ပါမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 နာမည်တချို့ပြောင်းထားသည်။