မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ဖက်စပ်၍ထမ်းပိုးတင်သောအရာကို မခွဲမခွာစေနှင့်

ဘုရားသခင်ဖက်စပ်၍ထမ်းပိုးတင်သောအရာကို မခွဲမခွာစေနှင့်

ဘုရားသခင်ဖက်စပ်၍ထမ်းပိုးတင်သောအရာကို မခွဲမခွာစေနှင့်

“လင်မယားတို့သည် နှစ်ဦးမဟုတ် တစ်ဦးတည်းဖြစ်၏။ဘုရားသခင်ဖက်စပ်၍ထမ်းပိုးတင်သောအရာကို လူမခွဲခွာစေနှင့်။”—⁠မဿဲ ၁၉:၆

၁၊ ၂။ အိမ်ထောင်သည်မောင်နှံတို့သည် ရံဖန်ရံခါ ပြဿနာများနှင့်ကြုံရမည်ဟု သမ္မာကျမ်းစာအရရော၊ အဖြစ်မှန်အရပါ အဘယ်ကြောင့်မျှော်လင့်ရသနည်း။

သင်သည် မော်တော်ကားဖြင့် ခရီးရှည်စတင်ထွက်ခွာတော့မည်ဟု မြင်ယောင်ကြည့်ပါ။ လမ်းခရီးတွင် ပြဿနာအခက်အခဲများ ရင်ဆိုင်ရမည်လော။ ရင်ဆိုင်ရမည်မဟုတ်ဟု ယူဆမည်ဆိုလျှင် ပညာမဲ့ရာကျမည်။ ဥပမာ၊ အရှိန်လျှော့ကာ သတိနှင့်သွားဖို့လိုအပ်သော ဆိုးရွားသည့်ရာသီဥတုကို သင်ကြုံတွေ့ရနိုင်သည်။ တစ်ချိန်ချိန်တွင် စက်ချို့ယွင်းမှုနှင့်ကြုံရနိုင်ပြီး ယင်းကို သင်မပြင်တတ်ပေ၊ သို့ဖြင့် လမ်းဘေးချရပ်ထားကာ အကူအညီတောင်းယူဖို့လိုပေမည်။ ထိုအခြေအနေများကြောင့် ခရီးထွက်လာတာ မှားလိုက်လေခြင်းဟု ကောက်ချက်ချကာ ကားကိုစွန့်ပစ်သင့်ပါသလော။ မစွန့်ပစ်သင့်ပါ။ ခရီးဝေးသွားသည့်အခါ ပြဿနာကြုံရမည်ကိုမျှော်လင့်ထားပြီး ယင်းကိုဖြေရှင်းရန် နည်းလမ်းများကို ပညာရှိစွာရှာဖွေကြပါသည်။

အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်လျှင်လည်း အလားတူပင်ဖြစ်သည်။ ပြဿနာများမလွဲဧကန်ဖြစ်လာမည်၊ မောင်နှံစုံသည် အိမ်ထောင်ပြုခြင်းကို ပျော်ရွှင်မှုပြည့်လွှမ်းသည့်အသက်တာဟု မျှော်လင့်ထားပါက ပညာမဲ့ရာရောက်သည်။ သမ္မာကျမ်းစာမှ ၁ ကောရိန္သု ၇:၂၈ တွင် ခင်ပွန်းသည်နှင့်ဇနီးသည်တို့သည် ‘လောကညှဉ်းဆဲခြင်းကိုခံရကြမည်’ ဟု ပွင့်ပွင့်လင်းလင်းဆိုထား၏။ ထိုသို့အဘယ်ကြောင့်ဖြစ်ရသနည်း။ အကျဉ်းချုပ်ပြောရလျှင် ခင်ပွန်းသည်နှင့်ဇနီးသည်တို့သည် မစုံလင်သူများဖြစ်ကြပြီး ကျွန်ုပ်တို့သည် “ခဲယဉ်းသောကာလ” တွင်အသက်ရှင်နေရသောကြောင့်ဖြစ်သည်။ (၂ တိမောသေ ၃:၁; ရောမ ၃:၂၃) သို့ဖြစ်၍ လိုက်ဖက်သော၊ ဝိညာဉ်ရေးစိတ်သဘောထားရှိသော စုံတွဲများပင် ရံဖန်ရံခါ ပြဿနာများနှင့်ကြုံရကြမည်။

၃။ (က) လောကရှိလူများစွာသည် အိမ်ထောင်မင်္ဂလာကို မည်သို့ရှုမြင်ကြသနည်း။ (ခ) ခရစ်ယာန်များသည် မိမိတို့အိမ်ထောင်ခိုင်မြဲရန် အဘယ်ကြောင့် ကြိုးစားကြသနည်း။

မျက်မှောက်ခေတ်တွင် မောင်နှံစုံအချို့သည် ပြဿနာများနှင့်ရင်ဆိုင်ရသည့်အခါ သူတို့ဦးဆုံးတုံ့ပြန်သည်မှာ အိမ်ထောင်ကိုအဆုံးသတ်မည်ဟူ၍ဖြစ်သည်။ ဒေသများစွာတွင် လင်မယားကွာရှင်းနှုန်း မြင့်တက်လျက်ရှိသည်။ သို့သော် စစ်မှန်သောခရစ်ယာန်များသည် အလျင်စလိုကွာရှင်းရန်ရှာကြံကြမည့်အစား ပြဿနာများကို ကိုင်တွယ်ဖြေရှင်းကြသည်။ အဘယ်ကြောင့်နည်း။ အိမ်ထောင်မင်္ဂလာကို ယေဟောဝါထံမှ မြင့်မြတ်သောဆုတစ်ခုအဖြစ် ရှုမြင်ကြသောကြောင့်ဖြစ်သည်။ ယေရှုက အိမ်ထောင်သည်မောင်နှံတို့နှင့်ပတ်သက်၍ ဤသို့မိန့်တော်မူခဲ့၏– “ဘုရားသခင်ဖက်စပ်၍ထမ်းပိုးတင်သောအရာကို လူမခွဲခွာစေနှင့်။” (မဿဲ ၁၉:၆) မှန်ပါသည်၊ ထိုစံနှုန်းနှင့်အညီနေထိုင်ရန်မှာ အမြဲမလွယ်ကူပါ။ ဥပမာ၊ သမ္မာကျမ်းစာမူများကို အသိအမှတ်မပြုကြသော ဆွေမျိုးများနှင့် အခြားသူများ—⁠အိမ်ထောင်ရေးအတိုင်ပင်ခံတချို့အပါအဝင်—⁠သည် မောင်နှံစုံတို့ကို ကျမ်းစာနှင့်မညီသောအကြောင်းပြချက်များဖြင့် ခွဲနေရန် သို့မဟုတ် ကွာရှင်းရန် အားပေးလေ့ရှိကြသည်။ * သို့သော် အိမ်ထောင်ရေးကို အလျင်အမြန်ပြိုကွဲစေမည့်အစား ယင်းကိုပြုပြင်ထိန်းသိမ်းခြင်းသည် ပို၍ကောင်းကြောင်း ခရစ်ယာန်များသိထားကြသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် အစကတည်းက ကိစ္စရပ်များကို အခြားသူများ၏ အကြံဉာဏ်အတိုင်းမဟုတ်ဘဲ ယေဟောဝါ၏နည်းလမ်းအတိုင်းလုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားဖို့ အရေးကြီးသည်။—⁠သု. ၁၄:၁၂

အခက်အခဲများကို ရင်ဆိုင်ကျော်လွှားခြင်း

၄၊ ၅။ (က) အိမ်ထောင်တွင် အဘယ်ပြဿနာများ ကြုံရမည်နည်း။ (ခ) အိမ်ထောင်တွင် ပြဿနာများပေါ်လာသည့်အခါတွင်ပင် ဘုရားသခင့်နှုတ်မြွက်စကားတော်တွင်တွေ့ရသောမူများသည် အဘယ်ကြောင့် အမှန်အကျိုးပြုသနည်း။

အမှန်တရားမှာ အိမ်ထောင်တိုင်းသည် အခါအားလျော်စွာ ပြဿနာကိုင်တွယ်ဖြေရှင်းရန်လိုသည် ဟူသည့်အချက်ဖြစ်သည်။ အများစုသည် အသေးအဖွဲသဘောထားကွဲလွဲမှုများကို ဖြေရှင်းခြင်းဖြစ်ပေမည်။ သို့သော် အိမ်ထောင်အချို့တွင် ဆက်သွယ်ရေးအုတ်မြစ်ကို အန္တရာယ်ဖြစ်စေသည့် ပို၍ကြီးမားသည့်ပြဿနာများ ဖြစ်ပေမည်။ တစ်ခါတစ်ရံ သင်သည် အတွေ့အကြုံရှိသော အိမ်ထောင်သည်ခရစ်ယာန်အကြီးအကဲတစ်ဦးထံမှ အကူအညီတောင်းယူဖို့လိုပေမည်။ သို့သော် ယင်းအခြေအနေများက သင်၏အိမ်ထောင်သည် ပျက်စီးနေပြီဟူသည့် အဓိပ္ပာယ်မသက်ရောက်ပါ။ ပြဿနာဖြေရှင်းရာတွင် သမ္မာကျမ်းစာမူများကို အနီးကပ်လိုက်ရှောက်ခြင်း၏ အရေးကြီးမှုကို ပေါ်လွင်အောင်ဖော်ပြခြင်းသာဖြစ်သည်။

လူသားတို့ကိုဖန်ဆင်းတော်မူသောအရှင်၊ အိမ်ထောင်ကိုအစပြုတော်မူရှင်အနေနှင့် ယေဟောဝါသည် အောင်မြင်သောအိမ်ထောင်ဖြစ်စေရန် အဘယ်အရာလိုအပ်သည်ကို မည်သူမဆိုထက် ပို၍သိတော်မူသည်။ မေးခွန်းမှာ ကျွန်ုပ်တို့သည် ကိုယ်တော့်နှုတ်မြွက်စကားတော်တွင်တွေ့ရသော ဆုံးမစကားများကိုနားထောင်ပြီး ယင်းတို့ကိုနာခံမည်လော ဖြစ်သည်။ နားထောင်နာခံမည်ဆိုပါက အမှန်ပင်အကျိုးရှိမည်။ ယေဟောဝါသည် ကိုယ်တော်၏ရှေးခေတ်မှလူမျိုးတော်ကို ဤသို့မိန့်တော်မူခဲ့၏– “သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။” (ဟေရှာယ ၄၈:၁၈) သမ္မာကျမ်းစာတွင်ချမှတ်ထားသော လမ်းညွှန်ချက်များကို လိုက်လျှောက်ခြင်းသည် အိမ်ထောင်ကို အောင်မြင်စေနိုင်သည်။ ခင်ပွန်းသည်တို့အတွက် သမ္မာကျမ်းစာတွင်ဖော်ပြထားသော ဆုံးမစကားများကို ဦးဆုံးသုံးသပ်ကြည့်ကြစို့။

“သင်တို့၏ဇနီးသည်များကို ချစ်မြဲချစ်နေကြလော့”

၆။ ခင်ပွန်းသည်တို့အတွက် ကျမ်းစာဆုံးမစကားမှာ အဘယ်နည်း။

ဧဖက်မြို့သားများထံရေးသော တမန်တော်ပေါလု၏စာတွင် ခင်ပွန်းသည်များအတွက်  ရှင်းလင်းသောလမ်းညွှန်ချက်များ ပါရှိသည်။ ပေါလုဤသို့ရေးခဲ့၏– “ခင်ပွန်းသည်တို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်၍ ယင်းအတွက်မိမိကိုယ်ကိုပေးဆက်သကဲ့သို့ သင်တို့၏ဇနီးသည်များကို ချစ်မြဲချစ်နေကြ လော့။ ထိုနည်းတူ ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိဇနီးတို့ကို ချစ်ရကြ မည်။ ဇနီးကိုချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။ ကိုယ်အသားကိုမုန်းသောသူ တစ်ယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကိုကျွေးမွေးပြုစုတော်မူသကဲ့သို့ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ ၏။ သို့ရာတွင် သင်တို့သည် အသီးအသီးကိုယ်ကိုကိုယ်ချစ်သကဲ့သို့ ကိုယ်ဇနီးကိုချစ်ကြလော့။”—⁠ဧဖက် ၅:၂၅၊ ၂၈၊ ၂၉၊ ၃၃ကဘ။

၇။ (က) ခရစ်ယာန်အိမ်ထောင်၏အုတ်မြစ်တွင် အဘယ်အရာသည် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သင့်သနည်း။ (ခ) ခင်ပွန်းသည်တို့သည် ဇနီးသည်တို့ကို မည်သို့ချစ်မြဲချစ်ကြသနည်း။

ခင်ပွန်းသည်နှင့်ဇနီးသည်စပ်ကြား ပေါ်လာနိုင်သည့် ပြဿနာရပ်တိုင်းကို ပေါလုမဖော်ပြထားပါ။ ယင်းအစား ခရစ်ယာန်အိမ်ထောင်တိုင်း၏အုတ်မြစ်တွင် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သင့်သည့်အရာကို ခွဲခြားဖော်ပြခြင်းဖြင့် အိမ်ထောင်ပြဿနာ၏ အခြေခံဖြေရှင်းနည်းကို ဖော်ပြပေးသည်—⁠၎င်းမှာ ချစ်ခြင်းမေတ္တာဖြစ်သည်။ မှန်ပါသည်၊ အထက်ပါအခန်းငယ်များတွင် ချစ်ခြင်းအကြောင်း ရှစ်ကြိမ်ဖော်ပြထားသည်။ ပေါလုက ခင်ပွန်းသည်များအား “သင်တို့၏ဇနီးသည်များကို ချစ်မြဲချစ်နေကြ လော့” ဟုဆိုထားသည်ကိုလည်း သတိပြုပါ။ ဦးဆုံးမေတ္တာသက်ဝင်ခြင်းသည် မေတ္တာကိုထိန်းသိမ်းထားခြင်းထက် ပို၍လွယ်ကူနိုင်ကြောင်း ပေါလုအသိအမှတ်ပြုခဲ့သည်မှာ ရှင်းပါသည်။ များစွာသောသူတို့သည် “ကိုယ်ကိုကိုယ်ချစ်သောသူ” နှင့် “ရန်ငြိုးဖွဲ့သောသူ” သို့မဟုတ် ထော်လော်ကန့်လန့်လုပ်သောသူများဖြစ်ကြသော ဤ “နောက်ဆုံးကာလ” အတွင်းတွင် အထူးသဖြင့် ယင်းသို့ဖြစ်သည်။ (၂ တိမောသေ ၃:၁-၃) ယနေ့အချိန်တွင် အဆိုပါမနှစ်မြို့ဖွယ်အကျင့်များသည် အိမ်ထောင်များစွာကို တိုက်စားနေသည်၊ သို့သော် မေတ္တာရှိသောခင်ပွန်းသည် မိမိ၏စဉ်းစားတွေးတောမှုနှင့် လုပ်ဆောင်မှုတို့တွင် လောက၏တစ်ကိုယ်ကောင်းဆန်သောအကျင့်များ လွှမ်းမိုးခွင့်ပြုမည်မဟုတ်ပါ။—⁠ရောမ ၁၂:၂

ဇနီးသည်ကို မည်သို့ထောက်ပံ့နိုင်သနည်း

၈၊ ၉။ ခရစ်ယာန်အမျိုးသားတစ်ဦးသည် မိမိ၏ဇနီးကို အဘယ်နည်းများဖြင့်ထောက်ပံ့နိုင်သနည်း။

သင်သည် ခရစ်ယာန်ခင်ပွန်းသည်တစ်ဦးဖြစ်လျှင် တစ်ကိုယ်ကောင်းဆန်သောသဘောထားများကို တွန်းလှန်ပြီး သင့်ဇနီးကို အမှန်တကယ်ချစ်ကြောင်း မည်သို့တင်ပြနိုင်သနည်း။ အထက်တွင်ကိုးကားခဲ့သော ဧဖက်မြို့သားများထံရေးသည့်စာတွင် ပေါလုက သင်လုပ်ဆောင်ဖို့လိုသည့် အချက်နှစ်ချက်ကို ဖော်ပြခဲ့သည်—⁠ဇနီး၏လိုအပ်ရာများကို ထောက်ပံ့ရန်နှင့် ကိုယ်အသားကဲ့သို့ သူ့ကိုမြတ်နိုးယုယရန်ဖြစ်သည်။ သင်၏ကြင်ဖော်ကို သင်မည်သို့ထောက်ပံ့နိုင်သနည်း။ တစ်နည်းမှာ သင့်ဇနီး၏ရုပ်ပိုင်းဆိုင်ရာလိုအပ်ရာများကို ထောက်ပံ့ပေးခြင်းအားဖြင့်ဖြစ်သည်။ ပေါလုက တိမောသေထံ ဤသို့ရေးခဲ့၏– “မိမိလူတို့ကိုမပြုစု၊ ထိုမျှမက မိမိအိမ်သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား ယုံကြည်ခြင်းတရားကိုငြင်းပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏။”—⁠၁ တိမောသေ ၅:၈

သို့သော် အစားအစာ၊ အဝတ်အထည်နှင့် နေထိုင်စရာများကို ထောက်ပံ့ပေးခြင်းထက် ပိုလိုအပ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ခင်ပွန်းသည်တစ်ဦးသည် မိမိဇနီး၏ ရုပ်ပိုင်းလိုအပ်ရာများကို အလျှံပယ်ထောက်ပံ့သော်လည်း သူ၏စိတ်ပိုင်းနှင့် ဝိညာဉ်ရေးလိုအပ်ရာတို့ကို ဖြည့်စွက်ပေးရန် ပျက်ကွက်နိုင်သောကြောင့်ဖြစ်သည်။ စိတ်ပိုင်းနှင့် ဝိညာဉ်ရေးလိုအပ်ရာတို့ကို ထောက်ပံ့ပေးခြင်းသည် မရှိမဖြစ်အရေးပါသည်။ မှန်ပါသည်၊ ခရစ်ယာန်အမျိုးသားများစွာသည် အသင်းတော်နှင့်ဆက်နွှယ်သော အလုပ်ကိစ္စများလုပ်ဆောင်ခြင်းတွင် အလွန်အလုပ်များကြသည်။ ခင်ပွန်းသည်တစ်ဦးသည် အရေးကြီးသောအသင်းတော်တာဝန်များလုပ်ဆောင်ခြင်းကြောင့် အိမ်ထောင်ဦးစီးအဖြစ် ဘုရားသခင်ခန့်အပ်ထားသောတာဝန်များကို လျစ်လျူရှုသင့်သည် ဟူသည့်သဘောမသက်ရောက်ပါ။ (၁ တိမောသေ ၃:၅၊ ၁၂) ဤကိစ္စရပ်နှင့်ပတ်သက်၍ လွန်ခဲ့သောနှစ်အနည်းငယ်က ဤဂျာနယ်တွင် ဤသို့ဖော်ပြခဲ့သည်– “ကျမ်းစာတောင်းဆိုချက်များအရ ‘သိုးထိန်းခြင်းသည် အိမ်တွင်းမှစသည်။’ မိမိအိမ်ထောင်ကို အကြီးအကဲလျစ်လျူရှုထားမည်ဆိုလျှင် မိမိ၏ ခန့်အပ်ခြင်းကိုပင် ထိခိုက်စေနိုင်သည်။” * ရှင်းနေသည်မှာ သင့်ဇနီးကို ကာယ၊ စိတ်ပိုင်းနှင့် အရေးအကြီးဆုံးဖြစ်သော ဝိညာဉ်ရေးထောက်ပံ့ပေးရန် အရေးကြီးပါသည်။

ဇနီးကိုမြတ်နိုးယုယခြင်းသည်အဘယ်အရာကိုဆိုလိုသနည်း

၁၀။ ခင်ပွန်းသည်တစ်ဦးသည်  သူ၏ဇနီးကို  မည်သို့  မြတ်နိုးယုယနိုင်သနည်း။

၁၀ သင်သည် သင့်ဇနီးကို မြတ်နိုးယုယပါက သူ့ကိုသင်ချစ်သောကြောင့် သူ့ကိုကောင်းစွာဂရုစိုက်သည်။ ထိုသို့သင်ပြုလုပ်နိုင်သည့် နည်းများစွာရှိပါသည်။ ဦးဆုံး၊ သင့်ကြင်ဖော်နှင့် အချိန်အလုံအလောက်အသုံးပြုပါ။ ဤကိစ္စကို သင်လျစ်လျူရှုပါက သင့်ကိုချစ်သည့်သူ၏မေတ္တာ အေးစက်လာနိုင်သည်။ သင့်ဇနီးလိုအပ်သည်ဟု သင်ယူမှတ်သော အချိန်နှင့်အာရုံစိုက်မှုပမာဏသည် ဇနီးသည်အနေနှင့် သူလိုအပ်နေသည်ဟု ခံစားရသည့်အရာ မဟုတ်ဘဲဖြစ်နိုင်သည်။ သင့်ဇနီးကို သင်မြတ်နိုးပါသည်ဟု အပြောလောက်ဖြင့်မပြီးပါ။ ယုယမြတ်နိုးခြင်းခံရသည်ဟု သင့်ဇနီးခံစားစေရမည်ဖြစ်သည်။ ပေါလုဤသို့ရေးခဲ့၏– “ကိုယ်အကျိုးကိုအဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကိုလူတိုင်းရှာစေ။” (၁ ကောရိန္သု ၁၀:၂၄) မေတ္တာရှိသောခင်ပွန်းတစ်ဦးအနေနှင့် သင်သည် မိမိဇနီးအမှန်တကယ်လိုအပ်ရာများကို နားလည်ကြောင်း သေချာအောင်ပြုဖို့လိုသည်။—⁠ဖိလိပ္ပိ ၂:၄

၁၁။ ခင်ပွန်းသည်တစ်ဦး မိမိဇနီးနှင့်ဆက်ဆံပုံသည် သူနှင့်ဘုရားသခင်၊ သူနှင့်အသင်းတော်၏ဆက်ဆံရေးကို မည်သို့ထိခိုက်သနည်း။

၁၁ သင့်ဇနီးကို မြတ်နိုးယုယနိုင်သည့် နောက်ထပ်နည်းတစ်နည်းမှာ အပြောအားဖြင့်ရော အပြုအမူအားဖြင့်ပါ နူးညံ့ကြင်နာစွာ ဆက်ဆံခြင်းအားဖြင့်ဖြစ်သည်။ (သု. ၁၂:၁၈) ကောလောသဲမြို့သားများအား ပေါလုဤသို့ရေးခဲ့၏– “အချင်းယောက်ျားတို့ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ ကြမ်းတမ်းစွာမပြုကြနှင့်။” (ကောလောသဲ ၃:၁၉) စာအုပ်တစ်အုပ်၏အဆိုအရ ပေါလု၏ထိုဖော်ပြချက်ပါ ဒုတိယအပိုင်းကို “အိမ်ဖော်တစ်ဦးကဲ့သို့ မဆက်ဆံနှင့်” သို့မဟုတ် “သူ့ကို ကျွန်မတစ်ဦး မဖြစ်စေနှင့်” စသဖြင့် ပြန်ဆိုနိုင်သည်။ သီးသန့်အချိန်တွင်ဖြစ်စေ၊ လူပုံအလယ်တွင်ဖြစ်စေ နိုင်လိုမင်းထက်ပြုမူတတ်သော ခင်ပွန်းသည်သည် မိမိ၏ဇနီးကို မြတ်နိုးယုယကြောင်း တင်ပြနေခြင်းမဟုတ်သည်မှာ သေချာသည်။ ဇနီးကို ကြမ်းတမ်းစွာဆက်ဆံခြင်းဖြင့် ဘုရားသခင်နှင့် သူ၏ဆက်ဆံရေး ထိခိုက်စေနိုင်သည်။ တမန်တော်ပေတရုက ခင်ပွန်းသည်များအား ဤသို့ရေးခဲ့၏– “ယောက်ျားတို့၊ ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှာ အသက်ရှင်ခြင်းကျေးဇူးတော်ကိုဆက်ဆံ၍ အမွေခံရသောသူချင်းကဲ့သို့ သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ အားနည်းသောသူကိုပြုသင့်သည်အတိုင်း သူ့ကိုစောင့်မပြုစုကြလော့။” *—⁠၁ ပေတရု ၃:၇

၁၂။ ခရစ်ယာန်ခင်ပွန်းသည်တစ်ဦးသည် ခရစ်ယာန်အသင်းတော်ကို ယေရှုပြုမူဆက်ဆံခဲ့ပုံမှ အဘယ်အရာသင်ယူနိုင်သနည်း။

၁၂ သင်သည် သင့်ဇနီး၏မေတ္တာကို အလိုလိုရရှိမည်ဟု ဘယ်တော့မျှမယူမှတ်ပါနှင့်။ သူ့ကိုချစ်မြဲချစ်နေကြောင်း သူ့အားစိတ်ချစေပါ။ ယေရှုသည် ခရစ်ယာန်အသင်းတော်နှင့်ဆက်ဆံခဲ့ရာတွင် ခရစ်ယာန်ခင်ပွန်းသည်တို့အတွက် ပုံသက်သေချမှတ်ခဲ့သည်။ ကိုယ်တော်၏နောက်လိုက်များသည် အပျက်သဘောထားများကို ထပ်ခါတလဲ တင်ပြချိန်တွင်ပင် ကိုယ်တော်သည် နူးညံ့သိမ်မွေ့မှု၊ ကြင်နာမှုနှင့် ခွင့်လွှတ်မှုတင်ပြခဲ့သည်။ ထို့ကြောင့် အခြားသူများကို ယေရှုဤသို့ပြောနိုင်ခဲ့ခြင်းဖြစ်သည်– “ငါ့ထံသို့လာကြလော့။ . . . ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။” (မဿဲ ၁၁:၂၈၊ ၂၉) ခရစ်ယာန်ခင်ပွန်းသည်သည် ယေရှုကိုတုပရာတွင် အသင်းတော်ကို ယေရှုပြုမူဆက်ဆံပုံနည်းလမ်းအတိုင်း မိမိ၏ဇနီးကို ပြုမူဆက်ဆံသည်။ စကားအားဖြင့်ရော အပြုအမူအားဖြင့်ပါ ဇနီးကိုအမှန်တကယ်မြတ်နိုးယုယကြောင်းတင်ပြသူ အမျိုးသားတစ်ဦးသည် ဇနီးကို လန်းဆန်းမှုဖြစ်စေသည့်ရင်းမြစ် အမှန်ဖြစ်ပါလိမ့်မည်။

ကျမ်းစာမူများနှင့်အညီနေထိုင်သော ဇနီးသည်များ

၁၃။ သမ္မာကျမ်းစာတွင် ဇနီးသည်များကို အထောက်အကူပြုနိုင်သော အဘယ်ကျမ်းစာမူများ ပါရှိသနည်း။

၁၃ သမ္မာကျမ်းစာတွင် ဇနီးသည်များကို အထောက်အကူပြုနိုင်သော ကျမ်းစာမူများလည်း ပါရှိသည်။ ဧဖက် ၅:၂၂-၂၄၊ ၃၃ တွင်ဤသို့ဆိုထား၏– “အချင်းမိန်းမတို့ သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကိုဝန်ခံသကဲ့သို့ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း မိမိကိုယ်ကို ကယ်တင်သောသူဖြစ်တော်မူ၏။ အသင်းတော်သည် ခရစ်တော်၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို အရာရာ၌ဝန်ခံရကြမည်။ . . . မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို [“အလွန့်အလွန်၊” ကဘ] ရိုသေခြင်းရှိစေလော့။”

၁၄။ လက်အောက်ခံခြင်းနှင့်ပတ်သက်သော ကျမ်းစာမူသည် အဘယ်ကြောင့် အမျိုးသမီးများကိုနှိမ်ခြင်းမဟုတ်သနည်း။

၁၄ ပေါလုသည် ဝန်ခံခြင်း သို့မဟုတ် လက်အောက်ခံခြင်းနှင့် ရိုသေခြင်းကို အလေးပေးဖော်ပြထားသည်ကို သတိပြုပါ။ ဇနီးသည်သည် မိမိခင်ပွန်းကို လက်အောက်ခံရန် သတိပေးထားသည်။ ယင်းသည် ဘုရားသခင့်အစီအစဉ်နှင့်အညီဖြစ်သည်။ ကောင်းကင်ပေါ်၊ မြေကြီးပေါ်ရှိ သက်ရှိသတ္တဝါတိုင်းသည် တစ်ဦးတစ်ယောက်ကို လက်အောက်ခံကြသည်။ ယေရှုပင်လျှင် ယေဟောဝါဘုရားသခင်ကို လက်အောက်ခံသည်။ (၁ ကောရိန္သု ၁၁:၃) မှန်ပါသည်၊ တော်လျော်သည့်နည်းဖြင့် ဦးစီးမှုကိုကျင့်သုံးသော ခင်ပွန်းသည်ကို ဇနီးသည်သည် လက်အောက်ခံရန် လွယ်ကူမည်။

၁၅။ ဇနီးသည်များအတွက် သမ္မာကျမ်းစာတွင်တွေ့ရသော ဆုံးမစကားအချို့မှာ အဘယ်နည်း။

၁၅ ပေါလုက ဇနီးသည်သည် “ကိုယ်ခင်ပွန်းကို အလွန့်အလွန်ရိုသေခြင်းရှိစေလော့” ဟူ၍လည်းဆိုခဲ့သည်။ ခရစ်ယာန်ဇနီးသည်တစ်ဦးသည် မိမိခင်ပွန်းအား မာနကြီးစွာကလန်ကဆန်လုပ်ခြင်း သို့မဟုတ် လက်အောက်မခံသည့်လမ်းစဉ်လိုက်ခြင်းတို့ကိုမပြုဘဲ “နူးညံ့ငြိမ်သက်ခြင်းသဘော” တင်ပြသင့်သည်။ (၁ ပေတရု ၃:၄) ဘုရားသခင်ကိုရိုသေသောဇနီးသည်သည် အိမ်သူအိမ်သားတို့၏ကောင်းကျိုးအတွက် ကြိုးစားလုပ်ဆောင်ခြင်းဖြင့် အိမ်ထောင်ဦးစီးကို ဂုဏ်တင်သည်။ (တိတု ၂:၄၊ ၅) မိမိခင်ပွန်းအကြောင်းပြောဆိုရာတွင် နှစ်သက်ဖွယ်စကားများဖြစ်ရန်ကြိုးစားခြင်းဖြင့် အခြားသူများ သူ၏ခင်ပွန်းကို မလေးမစားဖြစ်စေသည့် မည်သည့်အရာကိုမျှ ပြောဆိုမည်မဟုတ်ပါ။ ခင်ပွန်း၏ဆုံးဖြတ်ချက်များ အထမြောက်အောင်မြင်စေရန် ကြိုးစားလုပ်ဆောင်မည်ဖြစ်သည်။—⁠သု. ၁၄:၁

၁၆။ ခရစ်ယာန်ဇနီးသည်များသည် စာရာနှင့် ရေဗက္ကတို့၏ပုံနမူနာမှ အဘယ်အရာသင်ယူနိုင်သနည်း။

၁၆ ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် နူးညံ့ငြိမ်သက်ခြင်းသဘောကိုတင်ပြရသောကြောင့် သူ၏ထင်မြင်ယူဆချက်များ သို့မဟုတ်  သူ၏စိတ်ကူးစိတ်သန်းများသည် အရေးမပါဟူသည့် အဓိပ္ပာယ်မသက်ရောက်ပါ။ စာရာ၊ ရေဗက္ကတို့ကဲ့သို့သော ရှေးခေတ်က ဘုရားသခင်ကိုကြောက်ရွံ့သောအမျိုးသမီးများသည် ကိစ္စရပ်နှင့်ပတ်သက်၍ မိမိတို့၏စိုးရိမ်ပူပန်မှုကို အစပြုထုတ်ဖော်ပြောဆိုခဲ့ကြပြီး ယေဟောဝါသည် သူတို့၏ထိုလုပ်ဆောင်မှုတို့ကို လက်ခံတော်မူခဲ့ကြောင်း သမ္မာကျမ်းစာမှတ်တမ်းက ဖော်ပြသည်။ (ကမ္ဘာဦး ၂၁:၈-၁၂; ၂၇:၄၆–၂၈:၄) ခရစ်ယာန်အမျိုးသမီးများလည်း မိမိတို့၏ခံစားချက်ကို ဖော်ပြနိုင်ပါသည်။ သို့သော် ထိုသို့ဖော်ပြသည့်အခါ အရိုအသေမဲ့သည့်အသံဖြင့်မဟုတ်ဘဲ ပညာသတိနှင့်ပြောသင့်သည်။ သို့ဖြင့် ထိုသို့သောဆက်ဆံရေးသည် ပို၍နှစ်သက်ဖွယ်ကောင်းပြီး အကျိုးဖြစ်ထွန်းကြောင်း တွေ့ရှိရမည်။

ကတိခံဝန်ချက်၏အခန်းကဏ္ဍ

၁၇၊ ၁၈။ ခင်ပွန်းသည်နှင့်ဇနီးသည်တို့သည် အိမ်ထောင်နှောင်ဖွဲ့မှုကိုဖျက်ဆီးရန် စာတန်၏ကြိုးစားမှုများကို တွန်းလှန်နိုင်သည့် နည်းလမ်းအချို့မှာ အဘယ်နည်း။

၁၇ အိမ်ထောင်ရေးသည် ရာသက်ပန်ပေါင်းဖို့ ကတိကဝတ်ပြုထားခြင်းဖြစ်သည်။ ထို့ကြောင့် ခင်ပွန်းသည်နှင့်ဇနီးသည် နှစ်ဦးစလုံးတွင် အောင်မြင်သောအိမ်ထောင်ဖြစ်လိုသည့် ဆန္ဒအမှန်ရှိသင့်သည်။ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်သွယ်မှုမရှိပါက ပြဿနာများကို ပို၍ကြီးမား၊ ပြင်းထန်သွားစေနိုင်သည်။ မကြာခဏဆိုသလိုပင် အိမ်ထောင်ဖက်များသည် ပြဿနာပေါ်ပေါက်လာသည့်အခါ ပြောဆိုဆက်သွယ်မှုမရှိတော့ဘဲ စိတ်နာကြည်းမှုကို ဖြစ်စေကြသည်။ အချို့သူတို့သည် အိမ်ထောင်ရေးကိုအဆုံးသတ်ရန် နည်းလမ်းကိုပင်ရှာကြံကြသည်၊ အိမ်ထောင်ပြင်ပရှိ အခြားသူအပေါ် မတော်မလျော်စိတ်ဝင်စားခြင်းအားဖြင့် ဖြစ်နိုင်သည်။ ယေရှုဤသို့သတိပေးခဲ့၏– “ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်သောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ။”—⁠မဿဲ ၅:၂၈

၁၈ တမန်တော်ပေါလုက အိမ်ထောင်သည်ခရစ်ယာန်များအပါအဝင် ခရစ်ယာန်အားလုံးကို ဤသို့အကြံပေးခဲ့၏– ‘အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။ စာတန်ကိုအခွင့်မပေးကြနှင့်။’ (ဧဖက် ၄:၂၆၊ ၂၇) ကျွန်ုပ်တို့၏ရန်သူကြီးစာတန်သည် ခရစ်ယာန်များကြား ပေါ်ပေါက်လာနိုင်သည့် သဘောထားကွဲလွဲမှုများကို အခွင့်ကောင်းယူရန်ကြိုးစားသည်။ စာတန်ကို အခွင့်မပေးပါနှင့်။ ပြဿနာပေါ်ပေါက်လာသည့်အခါ ကျမ်းစာအခြေပြုစာပေများကို အသုံးပြုကာ ကိစ္စရပ်များအပေါ် ယေဟောဝါမည်သို့ရှုမြင်ကြောင်းနှင့်ပတ်သက်သော သမ္မာကျမ်းစာမိန့်ဆိုရာကို ရှာဖွေပါ။ သဘောထားကွဲလွဲမှုများကို အေးဆေးတည်ငြိမ်စွာ၊ ရိုးသားပွင့်လင်းစွာ ဆွေးနွေးပါ။ ယေဟောဝါ၏စံနှုန်းများနှင့်စပ်လျဉ်း၍ သင်သိထားရာနှင့် သင်အမှန်တကယ်ပြုကျင့်ရာစပ်ကြား မည်သည့်ကွာဟမှုကိုမဆို သဟဇာတဖြစ်အောင်ပြုလုပ်ပါ။ (ယာကုပ် ၁:၂၂-၂၅) ယင်းသို့သောပြဿနာ သင့်အိမ်ထောင်တွင်ပေါ်ပေါက်လာပါက ဇနီးမောင်နှံနှစ်ဦးစလုံး ဘုရားသခင်နှင့်အတူလျှောက်လှမ်းရန် ဆုံးဖြတ်ထားပါ၊ ဘုရားသခင်တွဲဖက်၍ ထမ်းပိုးတင်ထားရာကို ခွဲခွာရန် မည်သူ့ကို သို့မဟုတ် မည်သည့်အရာကိုမျှ ခွင့်မပြုပါနှင့်။—⁠မိက္ခာ ၆:၈

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 ယေဟောဝါသက်သေများထုတ်ဝေသည့် နိုးလော့! ဖေဖော်ဝါရီ ၈၊ ၂၀၀၃၊ စာမျက်နှာ ၁၀ ပါ “ကွာရှင်းခြင်းနှင့် ခွဲနေခြင်း” လေးထောင့်ကွက်ကိုရှု။

^ အပိုဒ်၊ 9 ကင်းမျှော်စင်၊ မေ ၁၅၊ ၁၉၉၀၊ စာမျက်နှာ ၁၀ တွင်ကြည့်ပါ။

^ အပိုဒ်၊ 11 ခရစ်ယာန်အသင်းတော် အခွင့်ထူးများရယူဖို့ အရည်အချင်းပြည့်မီရန် အမျိုးသားတစ်ဦးသည် “သူတစ်ပါးကိုရိုက်ပုတ်သူ” မဖြစ်ရပါ—⁠ဆိုလိုသည်မှာ သူသည် ကိုယ်ထိလက်ရောက်ရိုက်ပုတ်သူ သို့မဟုတ် စကားဖြင့်နိုင်လိုမင်းထက်ပြုသူမဖြစ်ရပါ။ ထို့ကြောင့် ၁၉၉၁၊ နိုဝင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်စာမျက်နှာ ၁၇ တွင်ဤသို့ဆိုထား၏– “ပြင်ပ၌ဘုရားတရားနှင့်အညီပြုမူပြီး အိမ်တွင်း၌မူကား ကြမ်းကြုတ်ခက်ထန်သူဖြစ်မည်ဆိုလျှင် မထိုက်တန်ပါ။”—⁠၁ တိမောသေ ၃:၂-၅၊ ၁၂

သင်မှတ်မိသလော

• ခရစ်ယာန်အိမ်ထောင်သည်များပင် အဘယ်ကြောင့် ပြဿနာများ ကြုံရနိုင်သနည်း။

• ခင်ပွန်းသည်တစ်ဦးသည် မိမိဇနီးကို မည်သို့ထောက်ပံ့နိုင်ပြီး သူ့ကိုမြတ်နိုးယုယကြောင်း မည်သို့တင်ပြနိုင်သနည်း။

• ဇနီးသည်တစ်ဦးသည် မိမိခင်ပွန်းကို အလွန့်အလွန်ရိုသေကြောင်း တင်ပြရန် အဘယ်အရာလုပ်ဆောင်နိုင်သနည်း။

• ခင်ပွန်းသည်နှင့် ဇနီးသည်သည် မိမိတို့၏ကတိခံဝန်ချက်ကို မည်သို့ ခိုင်ခံ့မြဲမြံစေနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ခင်ပွန်းသည်သည် ဇနီးသည်ကို ရုပ်ပိုင်းလောက်သာမဟုတ်ဘဲဝိညာဉ်ရေးကိုပါ ကောင်းစွာထောက်ပံ့သူ ဖြစ်သင့်

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ဇနီးကိုမြတ်နိုးယုယသော အမျိုးသားတစ်ဦးသည်ဇနီးကို လန်းဆန်းမှုဖြစ်စေသည့် ရင်းမြစ်ဖြစ်

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ခရစ်ယာန်ဇနီးများသည် မိမိတို့၏ခံစားချက်များကိုရိုသေလေးစားစွာ အသိပေးကြ