မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တရားမမျှတမှုကို သင်ဖြေရှင်းနိုင်

တရားမမျှတမှုကို သင်ဖြေရှင်းနိုင်

တရားမမျှတမှုကို သင်ဖြေရှင်းနိုင်

အသက်တာတစ်လျှောက် တရားမမျှတမှုကို မကြုံဖူးသူ မည်သူရှိသနည်း။ တရားမမျှတမှုအချို့ကို တွေ့မြင်ရရုံသာဖြစ်နိုင်သော်လည်း အချို့ကိုမူ ကိုယ်တွေ့ခံစားရသည်။

တရားမမျှတမှုကို ကြုံရသည့်အချိန်တိုင်း စိတ်ဒဏ်ရာရလေ့ရှိပြီး ဝိညာဉ်ရေးကို ထိခိုက်နိုင်သည်။ ကျွန်ုပ်တို့သည် အခြေအနေကို လုံးဝပြုပြင်တည့်မတ်လိုပေမည်။ အဘယ်ကြောင့်နည်း။ အကြောင်းရင်းတစ်ခုမှာ “တရားမျှတသော” ဖန်ဆင်းရှင်ယေဟောဝါဘုရားသခင်သည် လူတို့တွင် တရားမျှတလိုစိတ်ကို ထည့်သွင်းပေးခဲ့သောကြောင့်ဖြစ်၏။ (တရားဟောရာ ၃၂:၄ကဘ; ကမ္ဘာဦး ၁:၂၆) သို့သော် တရားမမျှတဟုခံစားရသော အခြေအနေများကို ကျွန်ုပ်တို့ရင်ဆိုင်ရနိုင်သည်။ တစ်ခါက ပညာရှိပုဂ္ဂိုလ်တစ်ဦး ဤသို့ဆိုခဲ့၏– “နေအောက်မှာပြုသမျှသော ညှဉ်းဆဲခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကိုခံရသောသူတို့သည် ငိုကြွေးသော်လည်း ချမ်းသာပေးနိုင်သောသူမရှိ။ ညှဉ်းဆဲတတ်သောသူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။” (ဒေ. ၄:၁) သို့ဆိုလျှင် တရားမမျှတမှုကို ဖြေရှင်းနိုင်ပါမည်လော။

တရားမမျှတမှုဟူသည်အမှန်အားဖြင့် အဘယ်အရာနည်း

တရားမမျှတမှုဟူသည်  တရားမျှတသောစံနှုန်းများကို ချိုးဖောက်သောအခြေအနေ သို့မဟုတ် လုပ်ရပ်ဖြစ်သည်။ လူတို့အတွက် တရားမျှတမှုစံနှုန်းမှာ အဘယ်အရာဖြစ်မည်နည်း။ ဖြောင့်မတ်ပြီး မပြောင်းလဲနိုင်သော ဖန်ဆင်းရှင်သည် တရားမျှတမှု၊ မမျှတမှုနှင့်ပတ်သက်သောစံနှုန်းကို ချမှတ်ပိုင်ခွင့်ရှိသည်မှာ ရှင်းနေပါသည်။ “အသက်ရှင်ရာ ပညတ်တရားလမ်းသို့လိုက်” ခြင်းတွင် ‘မတရားမှုကိုမပြု’ ခြင်းပါဝင်သည်ဟု ကိုယ်တော်ရှုမြင်တော်မူ၏။ (ယေဇကျေလ ၃၃:၁၅) ထို့ကြောင့် ယေဟောဝါသည် ပထမလူယောက်ျားကို ဖန်ဆင်းသည့်အခါ အမှားအမှန်ကို ပိုင်းခြားသိရှိစေနိုင်သော ကိုယ်ကိုကိုယ်သိစိတ် ထည့်သွင်းပေးခဲ့သည်။ (ရောမ ၂:၁၄၊ ၁၅) ထို့ပြင် ယေဟောဝါသည် တရားမျှတသော သို့မဟုတ် တရားမမျှတသောအရာနှင့်ပတ်သက်၍လည်း သမ္မာကျမ်းစာတွင် ဖော်ပြပေးထားသည်။

တရားမမျှတစွာဆက်ဆံခံရသည်ဟု ကျွန်ုပ်တို့ခံစားရလျှင်ကော အသို့နည်း။ အမှန်ပင် တရားမမျှတမှုဟုတ်မဟုတ် သိနိုင်ရန် ကိစ္စရပ်ကို ဘက်မလိုက်တမ်းသုံးသပ်သင့်သည်။ ဥပမာ၊ ပရောဖက်ယောနကိုယ်တိုင်ကြုံတွေ့ရသော အခြေအနေကို သုံးသပ်ကြည့်ပါ။ ကျရောက်တော့မည့် ဖျက်ဆီးခြင်းဘေးအကြောင်း နိနဝေမြို့သားများကို သတိပေးရန် သူ့ကို ယေဟောဝါမိန့်မှာသည်။ အစပိုင်းတွင် ယောနသည် တာဝန်ကိုမထမ်းဆောင်ဘဲ ထွက်ပြေးခဲ့သည်။ သို့သော် နောက်ဆုံးတွင် နိနဝေမြို့သို့ပြန်လာပြီး ကျရောက်တော့မည့်ဘေးဆိုးအကြောင်း သတိပေးခဲ့သည်။ မြို့သားများသည် ကောင်းစွာတုံ့ပြန်သောကြောင့် မြို့ကိုမဖျက်ဆီးရန်နှင့် မြို့သားများကိုအသက်ချမ်းသာပေးရန် ယေဟောဝါဆုံးဖြတ်ခဲ့သည်။ ယောန မည်သို့ခံစားခဲ့ရသနည်း။ “ယောနသည် အလွန်စိတ်ညစ်၍ အမျက်ထွက်” လေ၏။ (ယောန ၄:၁) ယေဟောဝါသည် မိမိကိုအလွန်မမျှမတဆက်ဆံသည်ဟု သူခံစားရသည်။

အမှန်မှာ၊ စိတ်နှလုံးကိုစစ်ဆေးနိုင်ပြီး “ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းကိုနှစ်သက်တော်မူ” သော ယေဟောဝါသည် လုံးဝမမှားပေ။ (ဆာလံ ၃၃:၅) ယေဟောဝါသည် စုံလင်သောတရားမျှတမှုနှင့်အညီ ဆုံးဖြတ်ခဲ့ကြောင်း ယောန နားလည်ဖို့သာလိုသည်။ ကျွန်ုပ်တို့လည်း တရားမမျှတစွာ ဆက်ဆံခံရသည်ဟု ခံစားရသည့်အခါ ‘ဒီကိစ္စကို ယေဟောဝါနောက်တစ်မျိုးရှုမြင်တာ ဖြစ်နိုင်မလား’ ဟုကိုယ့်ကိုယ်ကိုမေးနိုင်သည်။

တရားမမျှတမှုကို တွေ့ကြုံခံစားရခြင်း

တရားမမျှတမှုကို တွေ့ကြုံခံစားခဲ့ရသူများစွာအကြောင်း သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည်။ အခက်အခဲပြဿနာများကို သူတို့ မည်သို့ရင်ဆိုင်ခဲ့ကြောင်း ဆန်းစစ်ခြင်းဖြင့် ကျွန်ုပ်တို့ များစွာသင်ယူနိုင်ပါသည်။ ယောသပ်၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ မနာလိုသောအစ်ကိုများက သူ့ကို အီဂျစ်ပြည်တွင်ကျွန်ဘဝရောက်သွားစေရန် ရောင်းစားခဲ့သည်။ အီဂျစ်ပြည်တွင် သခင်၏မယားက အကျင့်ယိုယွင်းရန် သွေးဆောင်ခဲ့၏။ ယောသပ်ငြင်းပယ်သောအခါ သခင်မက မိမိကိုမတရားပြုကျင့်သည်ဟု မဟုတ်မမှန်စွပ်စွဲလေ၏။ ယင်းကြောင့် ယောသပ်ထောင်ချခံရသည်။ သို့တိုင် သူ၏ယုံကြည်ခြင်းမှာ သူ့ကိုတုပ်နှောင်ထားသည့်သံခြေချင်းထက်ပင် ပို၍ခိုင်မာ၏။ တရားမမျှတမှုခံစားရသောကြောင့် ဝိညာဉ်ရေးကျဆင်းသွားခြင်း၊ ယေဟောဝါအပေါ် ယုံကြည်ကိုးစားမှုလျော့နည်းသွားခြင်း မရှိခဲ့ပေ။—ကမ္ဘာဦး ၃၇:၁၈-၂၈; ၃၉:၄-၂၀; ဆာလံ ၁၀၅:၁၇-၁၉

တရားမမျှတမှုကို တွေ့ကြုံခံစားရသူနောက်တစ်ဦးမှာ နာဗုတ်ဖြစ်သည်။ ဣသရေလဘုရင်အာဟပ်၏ မိဖုရားယေဇဗေလသည် သူ့ကို အလွန့်အလွန် တရားမမျှတစွာဆက်ဆံခဲ့လေသည်။ ဘုရင်သည် နန်းတော်ဘေးရှိ နာဗုတ်၏အမွေမြေကို လိုချင်သည်။ ဣသရေလလူတစ်ဦးသည် မိမိအမွေမြေကို အခြားသူတစ်ဦးအား အပြီးအပိုင်ရောင်းချ၍ မရသောကြောင့် မြေဝယ်ရန် ဘုရင့်ကမ်းလှမ်းချက်ကို နာဗုတ် ငြင်းပယ်ခဲ့သည်။ (ဝတ်ပြုရာ ၂၅:၂၃) ထိုအခါ အာဟပ်၏မိဖုရားဆိုးသည် ဘုရားသခင်နှင့်ဘုရင်ကို နာဗုတ်ကျိန်ဆဲသည်ဟု စွပ်စွဲသော သက်သေအတုများကို စီစဉ်ခဲ့သည်။ ထို့ကြောင့် နာဗုတ်နှင့်သူ၏သားများ အသတ်ခံခဲ့ရသည်။ မိမိကို လူများကျောက်ခဲနှင့်ပေါက်သတ်ချိန်တွင် နာဗုတ် မည်သို့ခံစားခဲ့ရမည်ကို မြင်ယောင်ကြည့်ပါ!—၃ ဓမ္မရာဇဝင် ၂၁:၁-၁၄; ၄ ဓမ္မရာဇဝင် ၉:၂၆

သို့သော် ယင်းတို့သည် ယေရှုခရစ်ခံစားခဲ့ရသော တရားမမျှတမှုနှင့်ယှဉ်လျှင် ဘာမျှမဟုတ်ပေ။ မဟုတ်မမှန်ထွက်ဆိုချက်များနှင့် တရားမဝင်စစ်ဆေးမှုတို့ဖြင့် ကိုယ်တော့်ကိုသေဒဏ်ချမှတ်ခဲ့သည်။ တရားပလ္လင်တွင်ထိုင်သော ရောမဘုရင်ခံသည် ဟုတ်မှန်သည်ဟု မိမိမြင်သောအရာအတွက် မရပ်တည်ရဲပေ။ (ယောဟန် ၁၈:၃၈-၄၀) မှန်ပါသည်၊ မည်သူမျှမခံစားခဲ့ဖူးသည့် အဆိုးရွားဆုံးတရားမမျှတမှုကို ယေရှုခရစ်ခံစားရရန် စာတန်ပြုလုပ်ခဲ့သည်။

ထိုအဖြစ်အပျက်များက ယေဟောဝါသည် တရားမမျှတမှုကို လျစ်လျူရှုထားသည်ဟု ဆိုလိုပါသလော။ မဆိုလိုပါ။ ယေဟောဝါသည် ထိုဖြစ်ရပ်များကို လူ့ရှုထောင့်မှမကြည့်မြင်ပေ။ (ဟေရှာယ ၅၅:၈၊ ၉) ယောသပ်သည် ကျွန်အဖြစ်ရောင်းစားခံရသောကြောင့် သူ၏မိသားစုကို ကယ်တင်နိုင်ခဲ့သည်။ သူ၏မိသားစု အငတ်ဘေးမဆိုက်မီ သူသည် အီဂျစ်ပြည်တွင် ရိက္ခာဝန်ဖြစ်နေသည်။ စဉ်းစားကြည့်ပါ၊ တရားမမျှတမှုကို ယေဟောဝါခွင့်မပြုခဲ့ပါက ယောသပ်ထောင်ကျမည်မဟုတ်။ ထိုတွင် အကျဉ်းသားအဖော်နှစ်ဦး၏ အိပ်မက်များကို အနက်ပြန်ပြီး နောက်ပိုင်း သူတို့ထဲမှတစ်ဦးမှာ ယောသပ်အကြောင်းကို ဖာရောအားပြောပြသောကြောင့် သူရိက္ခာဝန်ဖြစ်လာခြင်းဖြစ်သည်။—ကမ္ဘာဦး ၄၀:၁; ၄၁:၉-၁၄; ၄၅:၄-၈

နာဗုတ်အဖြစ်အပျက်ကော။ ထိုကိစ္စကိုလည်း ယေဟောဝါနည်းတူ ရှုမြင်ရန်ကြိုးစားပါ။ နာဗုတ်၏အလောင်းသည် မြေကြီးထဲတွင်ရှိနေသော်လည်း သေသူများကို ရှင်ပြန်ထမြောက်ပေးနိုင်သော ယေဟောဝါ၏မှတ်ဉာဏ်တွင် သူအသက်ရှင်ဆဲဖြစ်၏။ (၃ ဓမ္မရာဇဝင် ၂၁:၁၉; လုကာ ၂၀:၃၇၊ ၃၈) ယေဟောဝါထမြောက်ပေးမည့်အချိန်တိုင် နာဗုတ်စောင့်ရမည်ဖြစ်သော်လည်း သေသောသူသည် အဘယ်အရာကိုမျှမသိသောကြောင့် ထိုအချိန်မှာ သူ့အတွက်တစ်ခဏသာဖြစ်သည်။ (ဒေ. ၉:၅) ထို့ပြင် ယေဟောဝါသည် အာဟပ်နှင့်တစ်အိမ်ထောင်လုံးကို ပြစ်ဒဏ်စီရင်ခြင်းဖြင့် နာဗုတ်အတွက် လက်စားချေပေးခဲ့သည်။—၄ ဓမ္မရာဇဝင် ၉:၂၁၊ ၂၄၊ ၂၆၊ ၃၅၊ ၃၆; ၁၀:၁-၁၁; ယောဟန် ၅:၂၈၊ ၂၉

ယေရှုလည်း သေဆုံးခဲ့ရသည်။ သို့တိုင် ဘုရားသခင်သည် ကိုယ်တော်အား ရှင်ပြန်ထမြောက်စေပြီး “အထွတ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ၍ . . . ဘွဲ့နာမအလုံးစုံတို့အထက် . . . အလွန်မြင့်မြတ်သောနေရာကို” ပေးကာ ချီးမြှောက်တော်မူ၏။ (ဧဖက် ၁:၂၀၊ ၂၁) ယေရှုခရစ်အပေါ် စာတန်ကျရောက်စေခဲ့သော တရားမမျှတမှုသည် ကိုယ်တော်အား ယေဟောဝါချီးမြှောက်ခြင်းကို မတားဆီးနိုင်ပါ။ မတရားဖမ်းဆီးခံရသည့် တရားမမျှတမှုကို ဖယ်ရှားပေးရန် ယေဟောဝါအလိုရှိပါက ချက်ချင်းဖယ်ရှားပေးနိုင်ကြောင်း ယေရှုယုံကြည်သည်။ သို့သော် ကျမ်းစာကိုပြည့်စုံစေရန်နှင့် တရားမမျှတမှုမှန်သမျှကိုဖယ်ရှားရန် ယေဟောဝါ အချိန်သတ်မှတ်ထားကြောင်းကိုလည်း ခရစ်တော်သိရှိသည်။

စာတန်နှင့်သူ့ဘက်တော်သားများသည် ဖြောင့်မတ်သူတို့အပေါ် တရားမမျှတမှုများ သင့်ရောက်စေသည်မှန်သော်လည်း အဆုံးတွင် ယေဟောဝါသည် ကိစ္စရပ်ကိုပြုပြင်တည့်မတ်ကာ တရားမမျှတမှုကို အပြီးအပိုင်ဖယ်ရှားပေလိမ့်မည်။ ထို့ကြောင့် တရားမမျှတမှုကိုပြုပြင်တည့်မတ်ပေးရန် ဘုရားသခင်အား ကျွန်ုပ်တို့စောင့်ဆိုင်းရမည်။—တရားဟောရာ ၂၅:၁၆; ရောမ ၁၂:၁၇-၁၉

တရားမမျှတမှုကို ယေဟောဝါ ခွင့်ပြုရသည့်အကြောင်းရင်းများရှိနိုင်

ယေဟောဝါတွင် အခြေအနေတစ်ခုကို မတည့်မတ်ပေးရသည့် အကြောင်းရင်းများ ရှိနိုင်သည်။ ခရစ်ယာန်လေ့ကျင့်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် တရားမမျှတမှုကို ကျွန်ုပ်တို့တွေ့ကြုံခံစားရန် ကိုယ်တော်ခွင့်ပြုပေမည်။ အမှန်မှာ၊ ‘ကိုယ်တော်သည် အဘယ်သူကိုမျှ အပြစ်သို့သွေးဆောင်တော်မမူပါ။’ (ယာကုပ် ၁:၁၃) သို့တိုင် ကိုယ်တော်သည် အခြေအနေတစ်ခုကို ကြားဝင်ဆောင်ရွက်ခြင်းမရှိဘဲ ခွင့်ပြုထားနိုင်ပြီး ထိုလေ့ကျင့်မှုကိုလက်ခံသူများအား ထောက်မပေးနိုင်သည်။ “ခပ်သိမ်းသောကျေးဇူးကိုပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကို စုံလင်တည်ကြည် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်” ဟုကျမ်းစာက အာမခံသည်။—၁ ပေတရု ၅:၁၀

ထို့ပြင် တရားမမျှတမှုတစ်ခုကို ယေဟောဝါခွင့်ပြုထားခြင်းက ဆန့်ကျင်သူများနောင်တရရန် အချိန်ပေးခြင်းဖြစ်ပေမည်။ ယေရှုကွပ်မျက်ခံရပြီး အပတ်အနည်းငယ်အကြာတွင် ပေတရု၏ဆုံးမတိုက်တွန်းချက်ကို ကြားနာသူဂျူးအချို့သည် “စိတ်နှလုံးပူပန်ခြင်း” ရှိကြ၏။ သို့နှင့် သူတို့သည် ဘုရားသခင့်စကားတော်ကိုနှလုံးသွင်းပြီး နှစ်ခြင်းခံခဲ့ကြသည်။—တမန်တော် ၂:၃၆-၄၂

သို့သော် တရားမမျှတသူမှန်သမျှ နောင်တရလိမ့်မည်ဟု မဆိုလိုပါ။ အချို့မှာ အလွန်အကျွံတရားမမျှတမှုများကို ပို၍လုပ်ဆောင်ကြပေမည်။ သို့တိုင် “အထပ်ထပ်ဆုံးမခြင်းကိုခံသော်လည်း မိမိလည်ပင်းကိုခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက်ပျက်စီးလိမ့်မည်” ဟု နယပုံပြင် ၂၉:၁ တွင်ဆိုထား၏။ နောက်ဆုံးတွင် ယေဟောဝါသည် အရေးယူလုပ်ဆောင်ကာ မှားယွင်းသောအကျင့် ဆက်ပြုကျင့်နေသူများကို ဖယ်ရှားပေလိမ့်မည်။—ဒေ. ၈:၁၁-၁၃

တရားမမျှတမှုခံစားခဲ့ရခြင်းမှ ပြန်နာလန်ထူနိုင်ရန် အချိန်မည်မျှပင်ကြာပါစေ၊ ကျွန်ုပ်တို့နာလန်ထူနိုင်ရန် မည်သို့ထောက်ကူပေးရမည်ကို ယေဟောဝါသိရှိတော်မူကြောင်း စိတ်ချနိုင်ပါသည်။ ဤအစီအစဉ်စနစ်ဆိုးတွင် ကျွန်ုပ်တို့ခံစားရနိုင်သော တရားမမျှတမှုမှန်သမျှကို ကိုယ်တော်ဖယ်ရှားပေးမည်မှာ သေချာသည်။ ထို့ပြင် ကျွန်ုပ်တို့အား “ဖြောင့်မတ်ခြင်းတရားတည်နေရာ” ကမ္ဘာသစ်တွင် ထာဝရအသက်တည်းဟူသော အပြီးသတ်ဆုကျေးဇူးကိုပေးမည်ဟု ကိုယ်တော်ကတိထားတော်မူသည်။—၂ ပေတရု ၃:၁၃

[စာမျက်နှာ ၁၈၊ ၁၉ ပါ ရုပ်ပုံ]

နာဗုတ်သည် အလွန်အကျွံတရားမမျှတမှုကို တွေ့ ကြုံရသည့်အခါ မည်သို့ခံစားခဲ့ရမည်နည်း