မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တပည့်ဖြစ်စေရာတွင် အထောက်အကူပြုသော အရည်အသွေးများကို မွေးမြူလော့

တပည့်ဖြစ်စေရာတွင် အထောက်အကူပြုသော အရည်အသွေးများကို မွေးမြူလော့

တပည့်ဖြစ်စေရာတွင် အထောက်အကူပြုသော အရည်အသွေးများကို မွေးမြူလော့

“သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေ . . . ကြလော့။”​—⁠မဿဲ ၂၈:၁၉

၁။ ရှေးခေတ်ဘုရားသခင့်ကျေးကျွန်အချို့တွင် အဘယ်အရည်အသွေးနှင့် သဘောထားများ လိုအပ်ခဲ့သနည်း။

ယေဟောဝါ၏ကျေးကျွန်များသည် ကိုယ်တော့်အလိုတော်ဆောင်နိုင်ရန် ထောက်ကူပေးသော အရည်အသွေးများ၊ သဘောထားများကို မွေးမြူရမည်။ ဥပမာ၊ အာဗြဟံနှင့်စာရာတို့သည် ဘုရားသခင့်အမိန့်အရ ကြွယ်ဝချမ်းသာသောဥရမြို့မှ ထွက်ခွာလာသောအခါ တဲနှင့်နေထိုင်သူများတွင်ရှိရမည့် အရည်အသွေးများရှိဖို့ လိုအပ်သည်။ (ဟေဗြဲ ၁၁:၈၊ ၉၊ ၁၅) ယောရှုသည် ဣသရေလလူမျိုးကို ကတိထားရာပြည်သို့ ဦးဆောင်ခေါ်သွားစဉ် ရဲစွမ်းသတ္တိရှိရန်၊ ယေဟောဝါကို ယုံကြည်ကိုးစားရန်၊ ကိုယ်တော့်ပညတ်တော်များကို သိကျွမ်းရန် မရှိမဖြစ်လိုအပ်သည်။ (ယောရှု ၁:၇-၉) ဘုရားသခင့်စွမ်းအားတော်သည် ဗေဇလေလနှင့် အဟောလျဘတို့တွင်ရှိနိုင်သော မည်သည့်အရည်အသွေးကိုမဆို တိုးတက်စေခဲ့ရာ သူတို့သည် တဲတော်ဆောက်လုပ်ခြင်းတွင် ကောင်းမွန်စွာ ပါဝင်ဦးစီးနိုင်ခဲ့သည်။​—⁠ထွက်မြောက်ရာ ၃၁:၁-၁၁

၂။ တပည့်ဖြစ်စေခြင်းလုပ်ငန်းနှင့်ပတ်သက်သော အဘယ်မေးခွန်းများကို ကျွန်ုပ်တို့ဆွေးနွေးကြမည်နည်း။

ရာစုနှစ်များစွာကြာပြီးနောက် ယေရှုခရစ်သည် မိမိနောက်လိုက်များအား ဤသို့မိန့်မှာခဲ့၏– ‘သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် . . . ငါသည် သင်တို့အား ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသွန်သင်ပေးကြလော့။’ (မဿဲ ၂၈:၁၉၊ ၂၀) ကျွန်ုပ်တို့သည် ထိုတာဝန်ကြီးကိုထမ်းဆောင်ရန် အခွင့်ထူးရရှိထားကြသည်။ တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အဘယ်အရည်အသွေးများ လိုအပ်သနည်း။ ယင်းတို့ကို မည်သို့မွေးမြူနိုင်သနည်း။

ဘုရားသခင်ကို နက်ရှိုင်းစွာချစ်လော့

၃။ တပည့်ဖြစ်စေပါဟူသောအမိန့်က အဘယ်အခွင့်ထူး ရရှိစေသနည်း။

စစ်မှန်သောဘုရားသခင်ယေဟောဝါကို လူတို့ဝတ်ပြုလာရန် ကြိုးစားကူညီရာတွင် ကျွန်ုပ်တို့သည် ကိုယ်တော့်ကိုနက်ရှိုင်းစွာချစ်ဖို့ လိုအပ်၏။ ဣသရေလလူမျိုးသည် ဘုရားသခင့်ပညတ်များကို စိတ်နှလုံးအကြွင်းမဲ့နာခံခြင်း၊ လက်ခံဖွယ်ယဇ်များ ပူဇော်ခြင်း၊ ချီးမွမ်းသီချင်းများ သီဆိုခြင်းဖြင့် ကိုယ်တော့်ကိုချစ်ကြောင်း တင်ပြနိုင်ကြသည်။ (တရားဟောရာ ၁၀:၁၂၊ ၁၃; ၃၀:၁၉၊ ၂၀; ဆာလံ ၂၁:၁၃; ၉၆:၁၊ ၂; ၁၃၈:၅) ကျွန်ုပ်တို့လည်း တပည့်ဖြစ်စေသူများအနေဖြင့် ဘုရားသခင့်ပညတ်များကို လိုက်လျှောက်ကြသည်။ သို့သော် ကိုယ်တော်နှင့်ကိုယ်တော့်ရည်ရွယ်ချက်များအကြောင်း အခြားသူများကို ပြောပြခြင်းဖြင့်လည်း ကျွန်ုပ်တို့၏မေတ္တာကိုတင်ပြကြသည်။ ဘုရားသခင်ပေးသော မျှော်လင့်ချက်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏သဘောထားမှန်ကို ယုံကြည်စိတ်ချစွာပြောဆိုပြီး သင့်တော်သောစကားလုံးများကို ရွေးချယ်ရန် လိုအပ်သည်။​—⁠၁ သက်သာလောနိတ် ၁:၅; ၁ ပေတရု ၃:၁၅

၄။ ယေဟောဝါအကြောင်း လူတို့ကိုသွန်သင်ရာတွင် ယေရှုအဘယ်ကြောင့် ပျော်မွေ့ခဲ့သနည်း။

ယေရှုသည် ယေဟောဝါဘုရားသခင်ကို နက်ရှိုင်းစွာချစ်သောကြောင့် ဘုရားသခင့်ရည်ရွယ်ချက်များ၊ နိုင်ငံတော်နှင့် စစ်မှန်သောဝတ်ပြုရေးအကြောင်း ပြောဆိုရာတွင် အလွန်ပျော်မွေ့ခဲ့သည်။ (လုကာ ၈:၁; ယောဟန် ၄:၂၃၊ ၂၄၊ ၃၁) “ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏” ဟုယေရှုပြောဆိုခဲ့သည်။ (ယောဟန် ၄:၃၄) ‘အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်၏အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာရှိပါ၏။ ဖြောင့်မတ်ခြင်းတရားကို ပရိသတ်ကြီးအလယ်မှာ အကျွန်ုပ်ဟောပါပြီ။ အိုထာဝရဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်နှုတ်ကိုပိတ်၍မနေကြောင်းကို ကိုယ်တော်သိတော်မူ၏’ ဟူသောဆာလံဆရာ၏စကားများသည် ယေရှုကိုရည်ညွှန်းခြင်းဖြစ်၏။​—⁠ဆာလံ ၄၀:၈၊ ၉; ဟေဗြဲ ၁၀:၇-၁၀

၅၊ ၆။ တပည့်ဖြစ်စေသူများအတွက် လိုအပ်သော အဓိကအရည်အသွေးကား အဘယ်နည်း။

ကျမ်းစာသင်ယူခါစ လူသစ်များသည် ဘုရားသခင်ကိုချစ်သောမေတ္တာကြောင့် ကိုယ်တော်နှင့်ကိုယ်တော့်နိုင်ငံတော်အကြောင်း ယုံကြည်စိတ်ချမှုအပြည့်ဖြင့် ပြောဆိုလေ့ရှိသည်။ ထိုအခါ အခြားသူများကိုလည်း ကျမ်းစာလေ့လာရန် ဆွဲဆောင်နိုင်ခဲ့သည်။ (ယောဟန် ၁:၄၁) ဘုရားသခင်ကိုချစ်သောမေတ္တာသည် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ပါဝင်ရန် လှုံ့ဆော်ပေးသော အဓိကအရည်အသွေးဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရှုဆင်ခြင်ခြင်းဖြင့် ထိုမေတ္တာကို ရှင်သန်စေကြပါစို့။​—⁠၁ တိမောသေ ၄:၆၊ ၁၅; ဗျာ. ၂:၄

ယေရှုခရစ်သည် ယေဟောဝါကိုချစ်သောမေတ္တာကြောင့် ထက်သန်သောသွန်သင်သူတစ်ဦးဖြစ်ခဲ့သည်။ သို့သော် ထိုအရည်အသွေးတစ်ခုတည်းကြောင့်သာ မဟုတ်ပေ။ သို့ဆိုလျှင် နောက်ထပ် အဘယ်အရည်အသွေးက တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ယေရှုကို အောင်မြင်စေခဲ့သနည်း။

လူတို့ကို မေတ္တာဖြင့်ဂရုစိုက်လော့

၇၊ ၈။ လူတို့ကို ယေရှု မည်သို့ ရှုမြင်ခဲ့သနည်း။

ယေရှုသည် လူတို့ကိုဂရုစိုက်ပြီး အလွန်စိတ်ဝင်စားမှုပြခဲ့၏။ ဘုရားသခင်၏ “ကျွမ်းကျင်လုပ်သား” အဖြစ် လူသားဘဝမတိုင်မီအသက်တာတွင်ပင် လူသားတို့နှင့်ပေါင်းဖော်ရခြင်းကို နှစ်သက်ပျော်မွေ့ခဲ့သည်။ (သု. ၈:၃၀၊ ၃၁ကဘ) လူသားတစ်ဦးအဖြစ် မြေကြီးပေါ်အသက်ရှင်စဉ် လူတို့ကိုမေတ္တာကရုဏာစိတ်ရှိပြီး မိမိထံလာသူများကို လန်းဆန်းစေခဲ့သည်။ (မဿဲ ၁၁:၂၈-၃၀) ယေရှုသည် ယေဟောဝါ၏မေတ္တာနှင့်ကရုဏာကို တုပပြီး ယင်းက စစ်မှန်၍တစ်ဆူတည်းသောဘုရားသခင်ကို လူတို့ဝတ်ပြုလာရန် ဆွဲဆောင်သည်။ လူတို့ကို မေတ္တာဖြင့်ဂရုစိုက်သောကြောင့် လူတန်းစားအသီးသီးမှ လူတို့သည် ယေရှုစကားကိုနားထောင်ကြသည်။​—⁠လုကာ ၇:၃၆-၅၀; ၁၈:၁၅-၁၇; ၁၉:၁-၁၀

ထာဝရအသက်ရရန် အဘယ်အရာပြုလုပ်ရမည်နည်းဟု လူတစ်ဦးမေးသောအခါ “ယေရှုသည် ထိုသူကိုကြည့်ရှုလျက် ချစ်သောစိတ်ရှိ” တော်မူ၏။ (မာကု ၁၀:၁၇-၂၁) ကိုယ်တော်သည် ဗေသနိရွာမှ မိမိသွန်သင်ပေးသူများဖြစ်သော “မာသကိုလည်းကောင်း၊ သူ၏ညီမနှင့်လာဇရုကိုလည်းကောင်း ချစ်တော်မူ၏။” (ယောဟန် ၁၁:၁၊) ထို့ပြင် လူတို့ကိုအလွန်ဂရုစိုက်သောကြောင့် မိမိအနားယူချိန်ကိုပင် စွန့်လွှတ်ပြီး သူတို့ကိုသွန်သင်ပေးခဲ့သည်။ (မာကု ၆:၃၀-၃၄) ထိုသို့ လူသားချင်းကိုနက်ရှိုင်းစွာချစ်ပြီး ဂရုစိုက်ခြင်းကြောင့် စစ်မှန်သောဝတ်ပြုရေးသို့ လူတို့ကို ဆွဲဆောင်ရာတွင် အခြားသူတို့ထက် ပို၍ထိရောက်ရခြင်းဖြစ်သည်။

၉။ တပည့်ဖြစ်စေသူတစ်ဦးအနေဖြင့် ပေါလုတွင် အဘယ်သဘောထားရှိသနည်း။

တမန်တော်ပေါလုလည်း မိမိဟောပြောသောသူတို့ကို အလွန်စိတ်ဝင်စားခဲ့သည်။ ဥပမာ၊ သက်သာလောနိတ်မြို့မှ ခရစ်ယာန်ဖြစ်လာသူများကို ဤသို့ပြော၏– “သင်တို့ကိုချစ်သောကြောင့် . . . ငါတို့သည် သင်တို့ကိုနှမြောစုံမက်ခြင်းနှင့်တကွ ဘုရားသခင်၏ဧဝံဂေလိတရားကိုမျှမက ကိုယ်အသက်ကိုပင်ပေးချင်သော စေတနာစိတ်ရှိကြ၏။” ပေါလု၏ မေတ္တာဖြင့်ကြိုးစားလုပ်ဆောင်မှုကြောင့် သက်သာလောနိတ်ရှိလူအချို့သည် ‘ရုပ်ပုံတို့ကိုပစ်ပယ်၍ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲကြသည်။’ (၁ သက်သာလောနိတ် ၁:၁၀; ၂:​၇၊ ၈) ယေရှုနှင့်ပေါလုကဲ့သို့ ကျွန်ုပ်တို့လည်း လူတို့ကိုမေတ္တာဖြင့်ဂရုစိုက်ပါက “ထာဝရအသက်ကို တလိုတလားရှိသူအားလုံး” ၏စိတ်နှလုံးသို့ သတင်းကောင်းရောက်ရှိသည်ကို မြင်တွေ့ ခွင့်ရရှိကြပေမည်။​—⁠တမန်တော် ၁၃:​၄၈ကဘ။

ကိုယ်ကျိုးစွန့်စိတ်ဓာတ် တင်ပြလော့

၁၀၊ ၁၁။ တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ကိုယ်ကျိုးစွန့်စိတ်ဓာတ် အဘယ်ကြောင့်လိုအပ်သနည်း။

၁၀ တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အောင်မြင်သူတို့သည် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိ၏။ ချမ်းသာကြွယ်ဝရေးသာ အရေးကြီးဆုံးဖြစ်သည်ဟု သူတို့ မရှုမြင်ကြပေ။ “ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏” ဟုမိမိတပည့်များကို ယေရှုမိန့်ဆိုခဲ့၏။ ထိုစကားကိုကြားလျှင် တပည့်တို့သည် အံ့သြကြ၏။ ယေရှုကဆက်၍ “ငါ့သားတို့၊ မိမိဥစ္စာကိုမှီခိုသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။ ကုလားအုတ်သည် အပ်နဖားကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ခဲသည်” ဟုမိန့်ဆိုတော်မူ၏။ (မာကု ၁၀:၂၃-၂၅) တပည့်ဖြစ်စေခြင်းလုပ်ငန်းကို အာရုံစိုက်လုပ်ကိုင်နိုင်ရန် ရိုးရှင်းသောအသက်တာဖြင့်နေထိုင်ဖို့ နောက်လိုက်များကို ယေရှုအကြံပြုသည်။ (မဿဲ ၆:၂၂-၂၄၊ ၃၃) ကိုယ်ကျိုးစွန့်စိတ်ဓာတ်သည် တပည့်ဖြစ်စေရာတွင် အဘယ်ကြောင့် အထောက်အကူပြုသနည်း။

၁၁ ယေရှုပေးသမျှသောပညတ်တော်တို့ကို သွန်သင်ပေးနိုင်ရန် များစွာကြိုးစားအားထုတ်ဖို့လို၏။ တပည့်ဖြစ်စေသူတစ်ဦးသည် များသောအားဖြင့် စိတ်ဝင်စားသူတစ်ဦးနှင့်အတူ အပတ်စဉ် ကျမ်းစာသင်အံမှုကျင်းပသည်။ သတင်းကောင်းကြွေးကြော်သူအချို့သည် စိတ်ရိုးဖြောင့်သူများကို ပို၍တွေ့ရှိနိုင်ရန် အချိန်ပြည့်အလုပ်မှ အချိန်ပိုင်းအလုပ် ပြောင်းလုပ်ကြသည်။ များစွာသောသူတို့သည် မိမိတို့ဒေသရှိ အချို့သောလူမျိုးစုများကို ဟောနိုင်ရန် ဘာသာစကားနောက်တစ်မျိုးကို သင်ယူကြသည်။ အခြားသူတို့သည် ရိတ်သိမ်းခြင်းလုပ်ငန်းတွင် အပြည့်အဝပါဝင်နိုင်ရန် မိမိတို့အိမ်ကိုစွန့်ကာ အခြားဒေသ သို့မဟုတ် နိုင်ငံသို့ပြောင်းရွှေ့ခဲ့ကြသည်။ (မဿဲ ၉:၃၇၊ ၃၈) ယင်းတို့အားလုံးကိုပြုလုပ်နိုင်ရန် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိဖို့လို၏။ သို့သော် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အောင်မြင်နိုင်ရန် ထို့ထက်ပို၍လိုအပ်သေးသည်။

စိတ်ရှည်သော်လည်း အချိန်မဖြုန်းတီးနှင့်

၁၂၊ ၁၃။ တပည့်ဖြစ်စေရာတွင် စိတ်ရှည်ခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

၁၂ တပည့်ဖြစ်စေရာတွင် အထောက်အကူပြုသော နောက်အရည်အသွေးတစ်ခုမှာ စိတ်ရှည်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ ခရစ်ယာန်သတင်းတရားကို အရေးတကြီးဟောပြောဖို့ လိုသော်လည်း တပည့်ဖြစ်စေရန်မူကား အတော်အတန်အချိန်ပေးဖို့နှင့် စိတ်ရှည်ဖို့ လိုသည်။ (၁ ကောရိန္သု ၇:၂၉) ယေရှုသည် မိမိ၏မိတူဖကွဲညီယာကုပ်ကို စိတ်ရှည်ခဲ့သည်။ ယာကုပ်သည် ယေရှု၏ဟောပြောခြင်းလုပ်ငန်းအကြောင်း ကောင်းစွာသိသော်လည်း တစ်စုံတစ်ရာသောအကြောင်းကြောင့် အချိန်အတန်ကြာအထိ တပည့်ဖြစ်မလာပေ။ (ယောဟန် ၇:​၃-၅) သို့သော် ယာကုပ်သည် ခရစ်တော်သေဆုံးချိန်နှင့် အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့ကြား အချိန်တိုအတွင်းတွင် တပည့်တစ်ဦးဖြစ်လာပုံရသည်။ အကြောင်းမှာ သူသည် မိခင်၊ ညီအစ်ကိုများ၊ တမန်တော်များနှင့်အတူ ဆုတောင်းနေသည်ဟု ကျမ်းစာကအရိပ်အမြွက်ဖော်ပြသောကြောင့်ဖြစ်၏။ (တမန်တော် ၁:၁၃၊ ၁၄) ယာကုပ်သည် တပည့်တစ်ဦးအဖြစ် ကောင်းစွာတိုးတက်လာသည်။ နောက်ပိုင်း ခရစ်ယာန်အသင်းတော်တွင် ကြီးလေးသောတာဝန်များကို ထမ်းဆောင်ခဲ့သည်။​—⁠တမန်တော် ၁၅:၁၃; ၁ ကောရိန္သု ၁၅:၇

၁၃ လယ်သမားများစိုက်ပျိုးသောအရာသည် တဖြည်းဖြည်းကြီးထွားလာသည့်နည်းတူ သမ္မာကျမ်းစာကို သိနားလည်မှု၊ ယေဟောဝါကိုချစ်မြတ်နိုးမှုနှင့် ခရစ်တော်ကဲ့သို့သောစိတ်သဘောတို့သည်လည်း တဖြည်းဖြည်းတိုးများလာသည်။ ထို့ကြောင့် ယင်းတို့ကို ပြုစုပျိုးထောင်ရာတွင် စိတ်ရှည်မှုလို၏။ “ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည်တိုင်အောင် [“စိတ်ရှည်၊” ကဘ] ကြလော့။ အကယ်၍ လယ်လုပ်သောသူသည် အရင်မိုး၊ နောက်မိုးကိုရသည်တိုင်အောင် အဖိုးထိုက်သောမြေအသီးကို [“စိတ်ရှည်စွာ၊” ကဘ] မျှော်လင့်တတ်၏။ သင်တို့သည်လည်း [“စိတ်ရှည်၊” ကဘ] ကြလော့။ ကိုယ်စိတ်နှလုံးကို မြဲမြံစေကြလော့။ သခင်ဘုရားကြွလာတော်မူသောအချိန် ရောက်လုနီးပြီ” ဟုယာကုပ်ရေးခဲ့သည်။ (ယာကုပ် ၅:၇၊ ၈) “သခင်ဘုရားကြွလာတော်မူသည်တိုင်အောင် စိတ်ရှည်” နေရန် ယုံကြည်သူချင်းများကို ယာကုပ်တိုက်တွန်းခဲ့သည်။ တပည့်များသည် အကြောင်းအရာတစ်ခုခုကို နားမလည်သောအခါ ယင်းတို့ကို ယေရှုစိတ်ရှည်စွာရှင်းပြခဲ့သည်။ (မဿဲ ၁၃:၁၀-၂၃; လုကာ ၁၉:၁၁; ၂၁:၇; တမန်တော် ၁:၆-၈) ထို့ကြောင့် သခင်ကြွလာပြီဖြစ်သော ယခုအချိန်၌ တပည့်ဖြစ်စေဖို့ကြိုးစားရာတွင် အလားတူ စိတ်ရှည်မှုတင်ပြဖို့လို၏။ ယနေ့ ယေရှု၏နောက်လိုက်ဖြစ်လာသူတို့ကို စိတ်ရှည်စွာသင်ကြားပေးဖို့လိုသည်။​—⁠ယောဟန် ၁၄:၉

၁၄။ ကျွန်ုပ်တို့သည် စိတ်ရှည်သော်လည်း တပည့်ဖြစ်စေရာတွင် အချိန်ကို မည်သို့ပညာရှိစွာအသုံးပြုနိုင်မည်နည်း။

၁၄ ကျွန်ုပ်တို့စိတ်ရှည်သော်လည်း ကျမ်းစာသင်သားအများစုသည် တရားစကားကိုကြားပြီး အသီးမသီးကြပေ။ (မဿဲ ၁၃:၁၈-၂၃) ထိုသူတို့ကို အတိုင်းအတာတစ်ခုအထိ ကြိုးစားကူညီပေးပြီးနောက် သူတို့နှင့်ဆက်အချိန်ဖြုန်းမနေဘဲ ကျမ်းစာအမှန်တရားကို ပိုတန်ဖိုးထားမည့်သူများကိုရှာဖွေခြင်းက ပညာရှိသည်။ (ဒေ. ၃:၁၊) သို့သော် အမှန်တရားကိုတန်ဖိုးထားသူများပင် သူတို့၏အမြင်၊ သဘောထားနှင့် ဦးစားထားရာများကို ပြောင်းလဲနိုင်ရန် အကူအညီလိုအပ်ပေမည်။ ထို့ကြောင့် သဘောထားမှန်ရှိလာရန် အခက်တွေ့သောတပည့်များကို ယေရှုစိတ်ရှည်ခဲ့သည့်နည်းတူ ကျွန်ုပ်တို့လည်း စိတ်ရှည်ဖို့လိုသည်။​—⁠မာကု ၉:၃၃-၃၇; ၁၀:၃၅-၄၅

သွန်သင်ခြင်းအတတ်ပညာကို တိုးတက်စေလော့

၁၅၊ ၁၆။ တပည့်ဖြစ်စေခြင်းတွင် ရိုးရှင်းမှုနှင့် ကောင်းစွာပြင်ဆင်မှုသည် အဘယ်ကြောင့် အရေးကြီးသနည်း။

၁၅ ဘုရားသခင်ကိုချစ်ခြင်း၊ လူတို့ကိုမေတ္တာဖြင့် ဂရုစိုက်ခြင်း၊ ကိုယ်ကျိုးစွန့်ခြင်းနှင့် စိတ်ရှည်ခြင်းတို့သည် တပည့်ဖြစ်စေရာတွင် အောင်မြင်စေသော အရေးကြီးသည့်အချက်များဖြစ်၏။ ထို့ပြင် ကိစ္စရပ်များကို ရိုးရှင်း၍နားလည်လွယ်သောနည်းဖြင့် ရှင်းပြနိုင်ရန် သွန်သင်ခြင်းအတတ်ပညာကို တိုးတက်စေဖို့လည်း လိုသည်။ ဥပမာ၊ ကြီးမြတ်သောဆရာယေရှုခရစ်၏ သွန်သင်ချက်များစွာသည် ရိုးရှင်းသောကြောင့် အလွန်ထိရောက်ခဲ့သည်။ “ကောင်းကင်ဘုံ၌ဘဏ္ဍာကို ဆည်းပူးကြလော့။” “ဖြူစင်သောအရာကို ခွေးတို့အားမပေးကြနှင့်။” “ပညာတရားသည် မိမိသားတို့တွင် ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်ကင်းလွတ်သည်။” “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အားဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကိုကား ဘုရားသခင်အား ဆက်ပေးကြလော့” စသည့်သွန်သင်ချက်များကို သင်အမှတ်ရပေမည်။ (မဿဲ ၆:၂၀; ၇:၆; ၁၁:၁၉; ၂၂:၂၁) သို့သော် ယေရှုသည် တိုတိုတုတ်တုတ်သာ အမြဲမပြောဆိုခဲ့ပေ။ လိုအပ်ပါက ရိုးရှင်းသည့်နည်းဖြင့် ရှင်းပြခဲ့သည်။ ယေရှု၏သွန်သင်နည်းစနစ်ကို သင်မည်သို့တုပနိုင်သနည်း။

၁၆ ရိုးရှင်း၍နားလည်လွယ်သောနည်းဖြင့် သွန်သင်နိုင်ရန် ကောင်းစွာပြင်ဆင်မှု မရှိမဖြစ်လိုအပ်သည်။ ပြင်ဆင်မှုမရှိသော သွန်သင်သူတစ်ဦးသည် စကားများများပြောလေ့ရှိသည်။ အကြောင်းအရာတစ်ခုနှင့်ပတ်သက်၍ မိမိသိထားသမျှကိုပြောပြပြီး အဓိကအချက်များ မပေါ်လွင်ဘဲ ပျောက်သွားသည့်အထိ စကားများများပြောခြင်းဖြစ်ပေမည်။ ကောင်းစွာပြင်ဆင်သော သွန်သင်သူတစ်ဦးမူကား သင်သားကို ထည့်စဉ်းစားသည်၊ အကြောင်းအရာကို တွေးတောဆင်ခြင်သည်၊ လိုအပ်သည့်အချက်ကိုသာ ရှင်းရှင်းလင်းလင်း ပြောပြသည်။ (သု. ၁၅:၂၈; ၁ ကောရိန္သု ၂:၁၊ ၂) အကြောင်းအရာတစ်ခုကို သင်သားမည်မျှသိထားသည်၊ လေ့လာနေစဉ် အဘယ်အချက်များကို အလေးပေးသင့်သည်တို့ကို သူသေချာသုံးသပ်၏။ သူသည် အကြောင်းအရာနှင့်ပတ်သက်သော စိတ်ဝင်စားဖွယ်အချက်များစွာကို သိကောင်းသိပေမည်၊ သို့သော် မလိုအပ်သောအချက်များကို မပြောခြင်းဖြင့် ရိုးရှင်းစွာသွန်သင်ပေးပါသည်။

၁၇။ ကျမ်းစာကို တွေးတောဆင်ခြင်နိုင်ရန် လူတို့အား မည်သို့ကူညီပေးနိုင်သနည်း။

၁၇ ယေရှုသည် အချက်အလက်များကို အသိပေးရုံသာပြုမည့်အစား တွေးတောဆင်ခြင်နိုင်ရန်လည်း ကူညီပေးခဲ့သည်။ ဥပမာ၊ ကိုယ်တော်က ‘အချင်းရှိမုန်၊ သင်သည် အဘယ်သို့ထင်သနည်း။ လောကရှင်ဘုရင်တို့သည် အဘယ်သူမှာအခွန်ကိုခံကြသနည်း။ မိမိသားမှာခံကြသလော။ သူတစ်ပါးမှာခံကြသလော’ ဟုမေးတော်မူ၏။ (မဿဲ ၁၇:၂၅) ကျွန်ုပ်တို့သည် ကျမ်းစာအကြောင်း ရှင်းပြရသည်ကို အလွန်နှစ်သက်ပေမည်။ သို့သော် ဤကိစ္စတွင် မိမိကိုယ်ကိုချုပ်တည်းပြီး သင်အံမှုတွင် သင်သားကိုလည်း ပါဝင်စေပါ သို့မဟုတ် လေ့လာနေသောအကြောင်းအရာကို ရှင်းပြစေပါ။ သို့သော် တစ်ချိန်လုံး မေးခွန်းများမေးနေခြင်း မဖြစ်သင့်ပေ။ လိမ္မာပါးနပ်မှု၊ ထိရောက်သောဥပမာ၊ စဉ်းစားစေသောမေးခွန်းတို့ဖြင့် စာပေတွင်ဆွေးနွေးထားသော အဓိကအချက်များကို သူတို့နားလည်လာရန် ကူညီပေးနိုင်သည်။

၁၈။ “သွန်သင်ခြင်းအတတ်ပညာ” တွင်အဘယ်အရာပါဝင်သနည်း။

၁၈ သမ္မာကျမ်းစာက “သွန်သင်ခြင်း အတတ်ပညာ” အကြောင်း ဖော်ပြထားသည်။ (၂ တိမောသေ ၄:​၂ကဘ; တိတု ၁:​၉ကဘ) ထိုအတတ်ပညာတွင် လူတစ်ဦးကို အချက်အလက်များ မှတ်မိစေရုံထက်မက များစွာပါဝင်သည်။ သင်သားသည် အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုး၊ ပညာရှိခြင်းနှင့်ပညာမဲ့ခြင်းတို့၏ ခြားနားချက်များကို နားလည်လာရန် ကျွန်ုပ်တို့ ကူညီပေးသင့်သည်။ ထိုသို့ကူညီပြီး သူ့နှလုံးတွင် ယေဟောဝါအား ချစ်သည့်မေတ္တာကို ပြုစုပျိုးထောင်ပေးမည်ဆိုလျှင် ကိုယ်တော်ကို အဘယ်ကြောင့်နာခံသင့်ကြောင်း သူနားလည်လာပေမည်။

တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ဇွဲထက်သန်စွာပါဝင်လော့

၁၉။ တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ခရစ်ယာန်အားလုံး မည်သို့ပါဝင်ကြသနည်း။

၁၉ ခရစ်ယာန်အသင်းတော်သည် တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ဖွဲ့စည်းထားခြင်းဖြစ်၏။ လူသစ်တစ်ဦး တပည့်ဖြစ်လာသောအခါ သူ့ကိုကျမ်းစာသင်ပေးပြီး ကူညီပေးသူတစ်ဦးတည်းသာ ပျော်ရွှင်သည်မဟုတ်ပေ။ ဥပမာ၊ ပျောက်သွားသောကလေးတစ်ဦးကို ရှာဖွေပေးသောအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးကသာ ထိုကလေးကို ရှာတွေ့ ခြင်းဖြစ်ပေမည်။ သို့သော် ကလေးနှင့်မိဘ ပြန်တွေ့သည့်အခါ ရှာဖွေပေးသောအဖွဲ့တွင် ပါဝင်သူအားလုံးက ပျော်ရွှင်ကြသည်။ (လုကာ ၁၅:၆၊ ၇) အလားတူ၊ တပည့်ဖြစ်စေခြင်းလုပ်ငန်းသည်လည်း အုပ်စုလိုက်ပူးပေါင်းဆောင်ရွက်ရသော လုပ်ငန်းဖြစ်၏။ ယေရှု၏တပည့်ဖြစ်လာမည့်သူများကို ရှာဖွေရာတွင် ခရစ်ယာန်အားလုံး ပါဝင်ကြသည်။ လူသစ်တစ်ဦး အစည်းအဝေးများ စတင်တက်ရောက်လာသည့်အခါ စစ်မှန်သောဝတ်ပြုရေးကို ထိုသူပို၍တန်ဖိုးထားမြတ်နိုးလာစေရန် ခရစ်ယာန်အားလုံး ဝိုင်းဝန်းကူညီပေးကြသည်။ (၁ ကောရိန္သု ၁၄:၂၄၊ ၂၅) ထို့ကြောင့် နှစ်စဉ် ထောင်နှင့်ချီသောသူများ တပည့်သစ်များဖြစ်လာနေသည်ကို တွေ့ မြင်ရသောအခါ ခရစ်ယာန်အားလုံး ပျော်ရွှင်နိုင်ကြပါသည်။

၂၀။ အခြားသူများကို ကျမ်းစာအမှန်တရား သွန်သင်ပေးလိုပါက သင်ဘာလုပ်သင့်သနည်း။

၂၀ သစ္စာရှိခရစ်ယာန်များစွာသည်  တစ်စုံတစ်ဦးအား ယေဟောဝါနှင့် စစ်မှန်သောဝတ်ပြုရေးအကြောင်း သွန်သင်ပေးရသည်ကို နှစ်သက်ပျော်မွေ့ ကြ၏။ သို့သော် သူတို့အကောင်းဆုံးကြိုးစားသော်လည်း မအောင်မြင်သည့်အခါများ ရှိပေမည်။ သင် ထိုသို့ကြုံရပါက ယေဟောဝါအားချစ်သည့်မေတ္တာကို ဆက်ရှင်သန်စေပါ၊ လူတို့ကို မေတ္တာဖြင့်ဂရုစိုက်ပါ၊ ကိုယ်ကျိုးစွန့်စိတ်ဓာတ် တင်ပြပါ၊ စိတ်ရှည်ပါ၊ သွန်သင်ခြင်းအတတ်ပညာကို ဆက်တိုးတက်စေပါ။ အရေးကြီးဆုံးကား အခြားသူများကို အမှန်တရားသွန်သင်ပေးလိုသည့် သင့်ဆန္ဒနှင့်ပတ်သက်၍ ဘုရားသခင်ထံ ဆုတောင်းပါ။ (ဒေ. ၁၁:၁) ယေဟောဝါ၏လုပ်ငန်းတော်တွင် သင်လုပ်ဆောင်သမျှသည် ကိုယ်တော့်အားဂုဏ်တင်သော တပည့်ဖြစ်စေခြင်းလုပ်ငန်းကို တစ်နည်းတစ်ဖုံထောက်ကူပေးနေသည်ဟူသော အသိစိတ်မှ နှစ်သိမ့်မှုခံစားရပါလိမ့်မည်။

သင်ရှင်းပြနိုင်မည်လော

• တပည့်ဖြစ်စေခြင်းလုပ်ငန်းက ဘုရားသခင်အားချစ်သောမေတ္တာကို အဘယ်ကြောင့် စမ်းသပ်ရာရောက်သနည်း။

• တပည့်ဖြစ်စေသူများတွင် အဘယ်အရည်အသွေးများရှိဖို့လိုသနည်း။

• “သွန်သင်ခြင်းအတတ်ပညာ” တွင် အဘယ်အရာပါဝင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ခရစ်ယာန်များသည် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ပါဝင်ခြင်းဖြင့် ဘုရားသခင်ကိုနက်ရှိုင်းစွာချစ်ကြောင်း ဖော်ပြကြ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

တပည့်ဖြစ်စေသူများသည် အခြားသူများကို အဘယ်ကြောင့် စိတ်ဝင်စားမှုပြရမည်နည်း

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

တပည့်ဖြစ်စေသူများ လိုအပ်သောအရည်အသွေးအချို့ကား အဘယ်နည်း

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

တပည့်ဖြစ်စေခြင်းလုပ်ငန်း၏ ရလဒ်ကောင်းများကို တွေ့  မြင်ရသောအခါ ခရစ်ယာန်အားလုံး အလွန်ပျော်ရွှင်ကြ