မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တပည့်ဖြစ်စေရာတွင် ကြီးမြတ်သောဆရာကို တုပလော့

တပည့်ဖြစ်စေရာတွင် ကြီးမြတ်သောဆရာကို တုပလော့

တပည့်ဖြစ်စေရာတွင် ကြီးမြတ်သောဆရာကို တုပလော့

“သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။”—လုကာ ၈:၁၈

၁၊ ၂။ ဓမ္မအမှုတွင် လူတို့နှင့်ယေရှုဆက်ဆံပုံအကြောင်း သင် အဘယ်ကြောင့် သတိပြုသင့်သနည်း။

ကြီးမြတ်သောဆရာ ယေရှုခရစ်သည် မိမိနောက်လိုက်များအား “သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့” ဟုမိန့်မှာခဲ့၏။ (လုကာ ၈:၁၆-၁၈) ထိုမူသည် ခရစ်ယာန်တစ်ဦးအဖြစ် သင်၏ဓမ္မအမှုနှင့်လည်း သက်ဆိုင်သည်။ သင်သည် ဘုရားသခင်၊ ကိုယ်တော့်ရည်ရွယ်ချက်များနှင့်ပတ်သက်သော သွန်သင်ချက်များကို သတိပြုပါက ယင်းနှင့်အညီ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး သတင်းကောင်းကို ထိရောက်စွာကြွေးကြော်သူ ဖြစ်လိမ့်မည်။ ယနေ့ ယေရှု၏အသံကို မကြားနိုင်သော်လည်း ကိုယ်တော် မိန့်ဆိုရာများနှင့် လုပ်ဆောင်ရာများကို သမ္မာကျမ်းစာတွင် ဖတ်ရှုနိုင်ပါသည်။ ယင်းတို့က ဓမ္မအမှုတွင် လူတို့နှင့်ယေရှုဆက်ဆံပုံအကြောင်း အဘယ်အရာဖော်ပြသနည်း။

ယေရှုသည် သတင်းကောင်းဟောပြောခြင်းနှင့် ကျမ်းစာသွန်သင်ခြင်းတွင် အတော်ဆုံးဆရာတစ်ဦးဖြစ်သည်။ (လုကာ ၈:၁; ယောဟန် ၈:၂၈) တပည့်ဖြစ်စေခြင်းတွင် ဟောပြောခြင်းနှင့်သွန်သင်ခြင်း နှစ်မျိုးစလုံးပါဝင်သည်။ သို့သော် ထိရောက်စွာဟောပြောနိုင်သော ခရစ်ယာန်အချို့သည် ထိရောက်စွာသွန်သင်နိုင်ရန် အခက်တွေ့ကြသည်။ ဟောပြောခြင်းသည် သတင်းတရားကို ကြေညာခြင်းဖြစ်၏။ ယေဟောဝါနှင့်ကိုယ်တော့်ရည်ရွယ်ချက်အကြောင်း သွန်သင်နိုင်ရန်မူကား လူတို့နှင့်ရင်းရင်းနှီးနှီးရှိဖို့လိုသည်။ (မဿဲ ၂၈:၁၉၊ ၂၀) တပည့်ဖြစ်စေခြင်းနှင့် သွန်သင်ခြင်းတွင် ကြီးမြတ်သောစံနမူနာရှင် ယေရှုခရစ်ကို တုပခြင်းဖြင့် ထိုသို့ပြုလုပ်နိုင်သည်။—ယောဟန် ၁၃:၁၃ကဘ။

၃။ ယေရှုကို တုပခြင်းက တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် သင့်ကြိုးစားမှုကို မည်သို့အကျိုးသက်ရောက်နိုင်သနည်း။

ယေရှု၏သွန်သင်နည်းစနစ်များကို သင်တုပပါက တမန်တော်ပေါလု၏ ဤတိုက်တွန်းချက်ကို လိုက်နာနိုင်ပါလိမ့်မည်– “ပြင်ပလူတို့၏မျက်နှာကိုထောက်လျက် ပညာနှင့်ကျင့်ဆောင်၍ ကာလအချိန်ကိုရွေးနုတ်ကြလော့။ လူအသီးအသီးတို့အား အဘယ်သို့ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း သင်တို့စကားသည် ဆားအားဖြင့်ငန်သောအရသာနှင့်ပြည့်စုံလျက် အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။” (ကောလောသဲ ၄:၅၊ ၆) တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ယေရှုကို တုပနိုင်ရန် ကြိုးစားအားထုတ်ဖို့ လိုအပ်သည်။ သို့သော် ယင်းက လူတစ်ဦးစီ၏လိုအပ်ချက်နှင့်အညီ “အဘယ်သို့ပြန်ပြောရမည်ကို” သိစေသောကြောင့် သင် ထိရောက်စွာသွန်သင်နိုင်ပါလိမ့်မည်။

အခြားသူများပြောဆိုလာရန် ယေရှု အားပေးခဲ့

၄။ ယေရှုသည် ကောင်းစွာနားထောင်တတ်သူဖြစ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။

ယေရှုသည် ကလေးဘဝကတည်းက လူတို့ပြောဆိုရာကို နားထောင်ပြီး သူတို့၏ရှုမြင်ပုံကို ထုတ်ပြောရန် အားပေးလေ့ရှိသည်။ ဥပမာ၊ ကိုယ်တော် ၁၂ နှစ်အရွယ်တွင် ဝတ်ပြုရာအိမ်တော်ရှိ ဆရာများအလယ်၌ထိုင်၍ “သူတို့၏စကားကို ကြားနာလျက်၊ မေးမြန်းလျက်နေကြောင်း” မိဘများတွေ့ခဲ့သည်။ (လုကာ ၂:၄၆ကဘ) ယေရှုသည် မိမိ၏အသိပညာဖြင့် ဆရာများ အကျပ်ရိုက်စေမည့်မေးခွန်းများမေးရန် ဝတ်ပြုရာအိမ်တော်သို့ သွားခြင်းမဟုတ်ပေ။ မေးခွန်းများမေးခဲ့သော်လည်း နားထောင်ရန် ကိုယ်တော် သွားခဲ့ခြင်းဖြစ်သည်။ ကိုယ်တော်သည် ကောင်းစွာနားထောင်တတ်သူဖြစ်သောကြောင့် ဘုရားသခင်နှင့်လူတို့ရှေ့ မျက်နှာသာရခဲ့ခြင်းဖြစ်ပေမည်။—လုကာ ၂:၅၂

၅၊ ၆။ ယေရှုသည် မိမိသွန်သင်သူများ၏ ထုတ်ဖော်ပြောဆိုချက်များကို နားထောင်ကြောင်း မည်သို့သိရသနည်း။

ကိုယ်တော်နှစ်ခြင်းခံကာ မေရှိယအဖြစ် ဘိသိက်ပေးခံရပြီးနောက်တွင်ပင် လူတို့ကို ကောင်းစွာနားထောင်ပေးမြဲဖြစ်သည်။ နားထောင်နေသောပရိသတ်ကို မေ့သွားသည်အထိ မိမိသွန်သင်ချက်ကိုသာ အာရုံစိုက်လွန်းခြင်း မဖြစ်ခဲ့ပေ။ မကြာခဏဆိုသလို ရပ်တန့်ပြီး သူတို့၏သဘောထားကိုမေးမြန်းကာ ဂရုစိုက်နားထောင်လေ့ရှိသည်။ (မဿဲ ၁၆:၁၃-၁၅) ဥပမာ၊ မာသ၏မောင် လာဇရုသေဆုံးချိန်တွင် ကိုယ်တော်က “ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်” ဟုဆိုပြီးနောက် “ငါ့စကားကိုယုံသလော” ဟု မာသကိုမေးတော်မူ၏။ ထိုအခါ မာသက “ဟုတ်ပါ၏သခင်။ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော . . . ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကို ကျွန်မယုံပါသည်” ဟုလျှောက်ဆိုချိန်တွင် ကိုယ်တော် ဂရုစိုက်နားထောင်ခဲ့၏။ (ယောဟန် ၁၁:၂၆၊ ၂၇) မိမိယုံကြည်ချက်နှင့်ပတ်သက်၍ မာသ ထိုသို့ထုတ်ပြောသည်ကို ကြားရခြင်းက ကျေနပ်စရာကောင်းလိုက်မည်ဖြစ်ခြင်း!

တပည့်များစွာ ယေရှုကိုစွန့်သွားချိန်တွင် တမန်တော်များ၏သဘောထားကိုလည်း ကိုယ်တော်ကြားလိုခဲ့သည်။ ထို့ကြောင့် “သင်တို့သည်လည်း ထွက်သွားခြင်းငှာအလိုရှိကြသလော” ဟုမေးတော်မူ၏။ ထိုအခါ ရှိမုန်ပေတရုက “သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့သွားရပါမည်နည်း။ ထာဝရအသက်နှင့်ယှဉ်သောစကားသည် ကိုယ်တော်၌တည်ပါ၏။ ကိုယ်တော်သည် [“ဘုရားသခင်၏သန့်ရှင်းတော်မူသောသူဖြစ်ကြောင်း၊” ကဘ] အကျွန်ုပ်တို့ ယုံကြည်သိမှတ်ကြပါသည်” ဟုပြန်ဖြေလေသည်။ (ယောဟန် ၆:၆၆-၆၉) ထိုစကားများကြောင့် ယေရှု မည်မျှဝမ်းမြောက်လိုက်မည်ဖြစ်ခြင်း! အလားတူ၊ ကျမ်းစာသင်သားတစ်ဦးသည် မိမိယုံကြည်ခြင်းကို ထုတ်ပြောချိန်တွင် သင်အမှန်ဝမ်းသာပီတိဖြစ်ပေမည်။

ယေရှု တလေးတစားနားထောင်ပေးခဲ့

၇။ ရှမာရိလူတို့သည် ယေရှုကို အဘယ်ကြောင့် ယုံကြည်လာကြသနည်း။

ယေရှုသည် တပည့်ဖြစ်စေရာတွင် ထိရောက်ရသည့် နောက်အကြောင်းရင်းတစ်ခုမှာ လူတို့ကိုဂရုစိုက်ပြီး သူတို့ပြောဆိုရာကို တလေးတစားနားထောင်သောကြောင့်ဖြစ်သည်။ တစ်ကြိမ်တွင်၊ ရှုခါမြို့ရှိ ယာကုပ်ရေတွင်းအနီး၌ ရှမာရိအမျိုးသမီးတစ်ဦးကို ကိုယ်တော် သက်သေခံခဲ့သည်။ ထိုအချိန်တွင် ကိုယ်တော် တစ်ဦးတည်းဒိုင်ခံမပြောဆိုခဲ့ပေ။ ထိုအမျိုးသမီးပြောဆိုရာကိုလည်း နားထောင်ပေးခဲ့သည်။ ထိုသို့နားထောင်သောအခါ သူသည် ဝတ်ပြုရေးကိုစိတ်ဝင်စားကြောင်း ယေရှု သတိပြုမိသည်။ ထို့ကြောင့် သန့်ရှင်းသောစွမ်းအားတော်၏လမ်းပြမှုကို ခံယူ၍ အမှန်တရားနှင့်အညီ ကိုးကွယ်သူများကို ဘုရားသခင်ရှာဖွေနေကြောင်း ယေရှု ပြောပြခဲ့၏။ ထိုအမျိုးသမီးကို ကိုယ်တော် လေးစားပြီး ဂရုစိုက်ခဲ့သည်။ သို့နှင့် ထိုအမျိုးသမီးသည် ကိုယ်တော့်အကြောင်း အခြားသူများကို ပြောပြရာ သူ၏ “စကားကြောင့် ထိုမြို့၌နေသောရှမာရိလူအများတို့သည် ယေရှုကို ယုံကြည်ကြ၏။”—ယောဟန် ၄:၅-၂၉၊ ၃၉-၄၂

၈။ လူတို့သည် မိမိတို့၏သဘောထားကို ထုတ်ဖော်ပြောလိုစိတ်ရှိခြင်းက ဓမ္မအမှုတွင် သူတို့နှင့်စကားစမြည်ပြောရန် မည်သို့ကူညီပေးနိုင်သနည်း။

လူတို့သည် မိမိတို့၏သဘောထားကို ထုတ်ဖော်ပြောလိုကြသည်မှာ သဘာဝပင်။ ဥပမာ၊ ရှေးအေသင်မြို့သားတို့သည် မိမိတို့၏ယူဆချက်များကို ထုတ်ဖော်ပြောဆိုခြင်း၊ အသစ်အဆန်းများ နားထောင်ခြင်းတို့ကို အလွန်ပျော်မွေ့ကြ၏။ ယင်းကြောင့်လည်း တမန်တော်ပေါလုသည် အာရေတောင်ပေါ်တွင် အလွန်ထိရောက်သောဟောပြောချက်ကို ဟောခွင့်ရခဲ့သည်။ (တမန်တော် ၁၇:၁၈-၃၄) ဓမ္မအမှုတွင် အိမ်ရှင်နှင့်စကားစမြည်ပြောစဉ် “ဒီအကြောင်း [အကြောင်းအရာတစ်ခုခု] နဲ့ပတ်သက်ပြီး ခင်ဗျားရဲ့သဘောထားကို ကျွန်တော်သိချင်လို့ လာလည်ပတ်တာပါ” ဟုပြောဆိုနိုင်သည်။ သူ့သဘောထားကို ကောင်းစွာနားထောင်ပြီးနောက် ယင်းကိုအခြေခံကာ ဆက်ပြောပါ သို့မဟုတ် ယင်းနှင့်ပတ်သက်၍ မေးခွန်းမေးပါ။ ထို့နောက် သက်ဆိုင်သည့်ကျမ်းစာအဆိုကို ဆွေးနွေးပါ။

အဘယ်အရာပြောဆိုရမည်ကို ယေရှု ကောင်းစွာသိ

၉။ ကလောဖနှင့်သူ့အဖော်အား “ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ” မဖော်ပြမီ ယေရှု အဘယ်အရာပြုခဲ့သနည်း။

ယေရှုသည် ဘာပြောရမှန်းမသိသည့် အခြေအနေမျိုး လုံးဝမဖြစ်ခဲ့ပေ။ ကိုယ်တော်သည် ကောင်းစွာနားထောင်သူဖြစ်သည့်အပြင် လူတို့ အဘယ်အရာစဉ်းစားနေကြောင်း၊ မိမိအဘယ်အရာပြောဆိုရမည်ဖြစ်ကြောင်း သိတော်မူသည်။ (မဿဲ ၉:၄; ၁၂:၂၂-၃၀; လုကာ ၉:၄၆၊ ၄၇) ဥပမာ၊ ယေရှုထမြောက်ပြီးနောက် မကြာမီ တပည့်နှစ်ဦးသည် ယေရုရှလင်မှဧမောက်သို့ ခရီးသွားနေသည်။ သူတို့သည် “ဖြစ်ခဲ့ပြီးသောအကြောင်းအရာအလုံးစုံတို့ကို အချင်းချင်းဆွေးနွေးပြောဆိုကြ၏။ ထိုသို့ဆွေးနွေးပြောဆိုကြစဉ်တွင် ယေရှုသည် ချဉ်းကပ်၍ သူတို့နှင့်အတူကြွတော်မူ၏။ ထိုသူတို့သည် မျက်စိချုပ်လျက်ရှိ၍ ကိုယ်တော်ဖြစ်သည်ကိုမသိကြ။ ကိုယ်တော်ကလည်း ‘သင်တို့သည် ခရီးသွားလျက် အချင်းချင်းဆွေးနွေးသောစကား,ကား အဘယ်သို့သောစကားနည်း။ အဘယ်ကြောင့်မျက်နှာညှိုးငယ်ကြသနည်း’ ဟုမေးတော်မူလျှင် သူတို့တွင် ကလောဖအမည်ရှိသောသူက ‘သင်သည် ယေရုရှလင်မြို့၌ ဧည့်သည်ဖြစ်လျက်သာ ယခုအခါ ထိုမြို့၌ဖြစ်ခဲ့ပြီးသော အကြောင်းအရာတို့ကိုမသိသလော’ ဟုပြောဆို၏။ ကိုယ်တော်ကလည်း ‘အဘယ်အကြောင်းအရာနည်း’” ဟုမေးတော်မူ၏။ ထိုအခါ သူတို့က နာဇရက်မြို့သားယေရှုသည် လူတို့ကိုသွန်သင်ပေးကြောင်း၊ အံ့ဖွယ်အမှုများပြုကြောင်း၊ အသတ်ခံရကြောင်း၊ ယခု ထမြောက်ပြီဟု အချို့သူတို့ပြောဆိုနေကြောင်းတို့ကို ရှင်းပြကြသည်။ ထိုသို့ရှင်းပြစဉ် ကြီးမြတ်သောဆရာသည် နားထောင်တော်မူ၏။ ယေရှုသည် ကလောဖနှင့်သူ့အဖော်အား ထုတ်ဖော်ပြောဆိုခွင့်ပေးခဲ့၏။ ထို့နောက် သူတို့သိရန်လိုအပ်သော “ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာဖော်ပြတော်မူ၏။”—လုကာ ၂၄:၁၃-၂၇၊ ၃၂

၁၀။ ဓမ္မအမှုတွင် တွေ့ဆုံရသူတစ်ဦး၏ ဘာသာရေးခံယူချက်ကို မည်သို့သိရှိနိုင်သနည်း။

၁၀ သင်သည် အိမ်ရှင်တစ်ဦး၏ ဘာသာရေးခံယူချက်ကို လုံးဝမသိဘဲဖြစ်နိုင်သည်။ ယင်းကိုသိရှိနိုင်ရန် သင့်အနေဖြင့် ဆုတောင်းခြင်းနှင့်ပတ်သက်သော လူတို့၏သဘောထားကို သိလိုသည်ဟု ပြောနိုင်သည်။ ထို့နောက် “ဆုတောင်းချက်တွေကို တစ်ဦးတစ်ယောက်က တကယ်နားထောင်တယ်လို့ ထင်သလား” ဟုမေးနိုင်သည်။ အဖြေတွင် သူ၏ရှုမြင်ပုံနှင့် ဘာသာရေးနောက်ခံအကြောင်း များစွာပါဝင်ပေမည်။ သူသည် ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပါက “ဆုတောင်းချက်အားလုံးကို ဘုရားသခင်နားထောင်တယ်လို့ ထင်သလား ဒါမှမဟုတ် ဘုရားသခင်မနှစ်သက်တဲ့ ဆုတောင်းချက်မျိုးရှိနိုင်သလား” ဟုမေးခြင်းဖြင့် သူ့အမြင်ကို ပို၍သိလာနိုင်သည်။ ထိုမေးခွန်းများက အိမ်ရှင်နှင့် ကောင်းမွန်စွာ စကားစမြည်ပြောဆိုစေနိုင်သည်။ ကျမ်းစာအဆိုကို ဆွေးနွေးရန် သင့်လျော်ပါက ထိုသူ၏ယုံကြည်ချက်ကို မထိခိုက်ဘဲ လိမ္မာပါးနပ်စွာ ဆွေးနွေးနိုင်သည်။ သူကောင်းစွာနားထောင်ပါက သင်နောက်တစ်ကြိမ်လည်ပတ်သည့်အခါ လက်ခံပေလိမ့်မည်။ သို့သော် အိမ်ရှင်သည် သင်မဖြေဆိုနိုင်သောမေးခွန်းကို မေးသည်ဆိုပါစို့။ ရှာဖွေလေ့လာ၍ ကောင်းစွာပြင်ဆင်ပြီး ပြန်သွားပါ။ ဤနည်းဖြင့် ‘သင့်မျှော်လင့်ခြင်း၏အကြောင်းကို နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြော’ နိုင်ပါလိမ့်မည်။—၁ ပေတရု ၃:၁၅

ထိုက်တန်သူများကို ယေရှု သွန်သင်ပေးခဲ့

၁၁။ သွန်သင်ပေးထိုက်သူများကို သင်တွေ့ရှိနိုင်ရန် အဘယ်အရာက ကူညီပေးမည်နည်း။

၁၁ စုံလင်သူယေရှုတွင် သွန်သင်ပေးထိုက်သူများကို ခွဲခြားသိနိုင်စွမ်းရှိတော်မူ၏။ ကျွန်ုပ်တို့မူ “ထာဝရအသက်ကို တလိုတလားရှိသူ” များအား တွေ့ရှိရန် အလွန်ခက်ခဲသည်။ (တမန်တော် ၁၃:၄၈ကဘ) တမန်တော်များလည်း အလားတူဖြစ်သောကြောင့် “မည်သည့်မြို့ မည်သည့်ရွာသို့ဝင်လျှင် ထိုမြို့ရွာ၌ အဘယ်မည်သောသူသည် ထိုက်တန်သနည်းဟု [“ရှာဖွေ၊” ကဘ]” ကြရန် ယေရှုမိန့်ဆိုခဲ့သည်။ (မဿဲ ၁၀:၁၁) ယေရှု၏တမန်တော်များနည်းတူ သင်လည်း နားထောင်လိုသူများနှင့် ကျမ်းစာအမှန်တရား သင်ယူလိုသူများကို ရှာဖွေရမည်။ လူတို့စကားပြောစဉ် ကောင်းစွာနားထောင်ခြင်း၊ တစ်ဦးစီ၏သဘောထားကို သတိပြုခြင်းဖြင့် ထိုက်တန်သူများကို ရှာဖွေနိုင်ပါသည်။

၁၂။ စိတ်ဝင်စားသူတစ်ဦးကို သင်မည်သို့ ဆက်ကူညီနိုင်သနည်း။

၁၂ သတင်းကောင်းစိတ်ဝင်စားသူတစ်ဦးကို သင်တွေ့ဆုံပြီးနောက် အဘယ်ကျမ်းစာအမှန်တရားအကြောင်း သူသင်ယူဖို့လိုသနည်းဟု ဆက်တွေးတောပါ။ တစ်စုံတစ်ဦးကို သတင်းကောင်းဟောပြော၍ စကားစမြည်ပြောဆိုပြီးနောက် သင် သိရှိလာသောအချက်များကို ချရေးပါ။ ဤနည်းဖြင့် ထိုသူ ကျမ်းစာအမှန်တရားသင်ယူနိုင်ရန် သင် ဆက်ကူညီပေးနိုင်ပါလိမ့်မည်။ ထိုသူ၏ယုံကြည်ချက်၊ သဘောထား၊ အခြေအနေများကို ပိုသိနိုင်ရန် ပြန်လည်ပတ်မှုများပြုလုပ်စဉ် ဂရုစိုက်နားထောင်ဖို့လိုအပ်သည်။

၁၃။ ကျမ်းစာနှင့်ပတ်သက်သော လူတစ်ဦး၏သဘောထားကို မည်သို့သိရှိနိုင်သနည်း။

၁၃ ကျမ်းစာနှင့်ပတ်သက်သော သဘောထားကို ထုတ်ပြောရန် လူတို့ကို မည်သို့အားပေးနိုင်သနည်း။ “ကျမ်းစာက နားလည်ရခက်တယ်လို့ ထင်သလား” ဟုမေးခြင်းသည် ဒေသအချို့တွင် ထိရောက်မှုရှိ၏။ အဖြေက ကျမ်းစာနှင့်ပတ်သက်သော ထိုသူ၏သဘောထားကို သိရှိစေနိုင်သည်။ နောက်တစ်နည်းမှာ ကျမ်းချက်တစ်ချက်ဖတ်ပြီး “ဒီကျမ်းချက်ကို မိတ်ဆွေ ဘယ်လိုသဘောရသလဲ” ဟုမေးပါ။ ယေရှုနည်းတူ ထိရောက်သောမေးခွန်းများကိုမေးခြင်းဖြင့် သင်လည်း ဓမ္မအမှုတွင် အောင်မြင်ပါလိမ့်မည်။ သို့သော် သတိပြုရမည့်အချက်ရှိသည်။

မေးခွန်းများကို ယေရှုထိရောက်စွာအသုံးပြုခဲ့

၁၄။ လူတို့အကြောင်း မစပ်စုဘဲ သူတို့၏သဘောထားကို သိလိုကြောင်း မည်သို့ဖော်ပြနိုင်သနည်း။

၁၄ အခြားသူများ၏သဘောထားကို သိလိုကြောင်း ဖော်ပြရာတွင် သူတို့ကို စိတ်ကသိကအောက်မဖြစ်စေပါနှင့်။ ယေရှု၏နည်းစနစ်ကို လိုက်နာပါ။ ကိုယ်တော်သည် လိမ္မာပါးနပ်မှုမသုံးဘဲ မေးခွန်းမမေးခဲ့ပါ။ စဉ်းစားစေသောမေးခွန်းများကို မေးခဲ့သည်။ ထို့ပြင် ကောင်းစွာနားထောင်ပေးခြင်းဖြင့် စိတ်ရင်းမှန်သူများကို လန်းဆန်းစေပြီး သက်သောင့်သက်သာရှိစေသည်။ (မဿဲ ၁၁:၂၈) လူတန်းစားအားလုံးသည် ကိုယ်တော့်ထံချဉ်းကပ်ပြီး မိမိတို့၏ပြဿနာများကို ပွင့်ပွင့်လင်းလင်းပြောဆိုကြသည်။ (မာကု ၁:၄၀; ၅:၃၅၊ ၃၆; ၁၀:၁၃၊ ၁၇၊ ၄၆၊ ၄၇) ကျမ်းစာ၊ ကျမ်းစာသွန်သင်ချက်များနှင့်ပတ်သက်သော လူတို့၏သဘောထားကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောစေလိုပါက စပ်စုသောမေးခွန်းများကို ရှောင်ရမည်။

၁၅၊ ၁၆။ ဘာသာတရားနှင့်ပတ်သက်၍ မည်သို့ စကားစမြည်ပြောဆိုနိုင်သနည်း။

၁၅ ထိရောက်သောမေးခွန်းများ အသုံးပြုခြင်းအပြင် စိတ်ဝင်စားဖွယ်အကြောင်းအရာတစ်ခု ပြောဆိုခြင်းဖြင့်လည်း စကားစမြည်ပြောနိုင်သည်။ ထို့နောက် ကောင်းစွာနားထောင်ပေးပါ။ ဥပမာ၊ နိကောဒင်အား ယေရှုက “ဒုတိယမွေးခြင်းကိုမခံသောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်ရ” ဟုမိန့်ဆိုခဲ့၏။ (ယောဟန် ၃:၃) ထိုစကားများသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းရာ နိကောဒင်သည် ချက်ချင်းတုံ့ပြန်ပြောဆိုပြီး ယေရှု၏စကားကို နားထောင်ခဲ့လေသည်။ (ယောဟန် ၃:၄-၂၀) သင်လည်း ထပ်တူနည်းကို အသုံးပြုခြင်းဖြင့် လူတို့နှင့်စကားစမြည်ပြောဆိုနိုင်ပေမည်။

၁၆ ယနေ့ ဘာသာတရားအသစ်များစွာပေါ်လာခြင်းသည် အာဖရိက၊ အရှေ့ဥရောပနှင့် လက်တင်အမေရိကကဲ့သို့သောဒေသများတွင် စကားစမြည်စတင်ပြောဆိုနိုင်သည့်အချက်ဖြစ်၏။ ထိုသို့သောဒေသများတွင် သင်ဤသို့ပြောဆိုနိုင်သည်– “ဘာသာတရားအသစ်တွေ အများကြီးပေါ်လာတာတွေ့ရလို့ ရင်လေးမိတယ်။ ဒါပေမဲ့ မကြာခင် လူမျိုးအားလုံး စစ်မှန်တဲ့ဝတ်ပြုရေးမှာ တစ်စည်းတစ်လုံးတည်းဖြစ်လာမယ်လို့ ကျွန်တော်မျှော်လင့်တယ်။ ခင်ဗျားကော အဲဒီလိုမျှော်လင့်သလား။” သင့်မျှော်လင့်ချက်နှင့်ပတ်သက်၍ ထူးခြားချက်တစ်ခုကို ပြောပြခြင်းဖြင့် အခြားသူများလည်း သူတို့၏သဘောထားကို ထုတ်ဖော်လာစေနိုင်သည်။ ဖြစ်နိုင်ခြေရှိသောအဖြေနှစ်မျိုးပါဝင်သည့် မေးခွန်းများသည် ဖြေဆိုရပိုလွယ်ကူသည်။ (မဿဲ ၁၇:၂၅) မေးခွန်းကို အိမ်ရှင်ဖြေဆိုပြီးနောက် ကျမ်းချက်တစ်ချက်၊ နှစ်ချက်သုံးပြီး အဖြေမှန်ကိုရှင်းပြပါ။ (ဟေရှာယ ၁၁:၉; ဇေဖနိ ၃:၉) ဂရုစိုက်နားထောင်ပြီး ထိုသူ၏တုံ့ပြန်ပုံကို မှတ်သားခြင်းဖြင့် နောက်တစ်ကြိမ်လည်ပတ်ချိန်တွင် အဘယ်အရာဆွေးနွေးမည်ကို သင်သိရှိနိုင်ပေမည်။

ကလေးများ၏စကားကို ယေရှုနားထောင်ပေးခဲ့

၁၇။ ကလေးများကို ယေရှုစိတ်ဝင်စားကြောင်း မည်သို့သိနိုင်သနည်း။

၁၇ ယေရှုသည် လူကြီးများကိုသာမက ကလေးများကိုလည်း စိတ်ဝင်စားခဲ့၏။ ကလေးတို့၏ ကစားနည်းများ၊ ပြောဆိုရာများကို ကိုယ်တော်သိတော်မူသည်။ သူတို့ကို မိမိထံလာရန် ဖိတ်ခေါ်ခဲ့သည်။ (လုကာ ၇:၃၁၊ ၃၂; ၁၈:၁၅-၁၇) ယေရှု၏စကားကိုနားထောင်သော လူအုပ်တွင် ကလေးများစွာပါဝင်သည်။ သူငယ်တို့က မေရှိယကို ချီးမွမ်းကြွေးကြော်သောအခါ ကိုယ်တော် သတိပြုမိပြီး ယင်းသည် ကျမ်းစာပြည့်စုံချက်ဖြစ်ကြောင်း ဖော်ပြခဲ့၏။ (မဿဲ ၁၄:၂၁; ၁၅:၃၈; ၂၁:၁၅၊ ၁၆) ယနေ့လည်း ကလေးများစွာသည် ယေရှု၏တပည့်များဖြစ်လာနေကြ၏။ ထို့ကြောင့် သူတို့ကို သင်မည်သို့ကူညီနိုင်သနည်း။

၁၈၊ ၁၉။ သင့်ကလေးကို ယေရှု၏တပည့်ဖြစ်လာစေရန် မည်သို့ကူညီပေးနိုင်သနည်း။

၁၈ သင့်ကလေးကို ယေရှု၏တပည့်ဖြစ်လာစေရန် ကူညီပေးသည့်အခါ သူပြောဆိုရာကို ကောင်းစွာနားထောင်ပေးရမည်။ ယေဟောဝါ၏တွေးခေါ်ပုံနှင့် မကိုက်ညီသော အဘယ်အတွေးအခေါ်များ သူ့တွင်ရှိနေသည်ကို သင်နားလည်ဖို့လို၏။ ထို့ကြောင့် သင့်ကလေး အဘယ်အရာပြောဆိုပါစေ ဦးဆုံး သူ့ကိုချီးမွမ်းပေးပါ။ ထို့နောက် ကိစ္စရပ်များနှင့်ပတ်သက်သော ယေဟောဝါ၏ရှုမြင်ပုံကို သူနားလည်နိုင်ရန် သက်ဆိုင်ရာကျမ်းချက်များကိုသုံး၍ ကူညီပေးနိုင်သည်။

၁၉ မေးခွန်းများသည် သူ့နေရာနှင့်သူ အရေးပါ၏။ သို့သော် လူကြီးများကဲ့သို့ပင် ကလေးများလည်း မေးမြန်းစပ်စုခြင်းကို မကြိုက်ကြပါ။ ထို့ကြောင့် သင့်ကလေးကို ဖြေရခက်သောမေးခွန်းများ မေးမည့်အစား သင်နှင့်ပတ်သက်သောအကြောင်းတစ်ခုခုကို ပြောဆိုပါလေ။ ပြောဆိုနေသည့်အကြောင်းအရာအပေါ်မူတည်၍ သင့်ခံစားချက်ကို ပြောပြပြီးနောက် အဘယ်ကြောင့် ထိုသို့ခံစားခဲ့ရကြောင်း ရှင်းပြနိုင်သည်။ ထို့နောက် “သား/သမီးကော အဲဒီလိုပဲ ခံစားရသလား” ဟုမေးနိုင်သည်။ သင့်ကလေး၏တုံ့ပြန်ပုံသည် အကျိုးရှိပြီးအားပေးမှုဖြစ်စေသော ကျမ်းစာအကြောင်းအရာတစ်ခု ဆွေးနွေးရန် လမ်းဖွင့်ပေးနိုင်သည်။

ကြီးမြတ်သောဆရာကို ဆက်၍တုပလော့

၂၀၊ ၂၁။ တပည့်ဖြစ်စေသူတစ်ဦးအနေဖြင့် သင်သည် အဘယ်ကြောင့် ကောင်းစွာနားထောင်သင့်သနည်း။

၂၀ သင်သည် သင့်ကလေး သို့မဟုတ် အခြားသူတစ်ဦးနှင့် အကြောင်းအရာတစ်ခုကိုဆွေးနွေးသည့်အခါ ဂရုစိုက်နားထောင်ခြင်း မရှိမဖြစ်လိုအပ်သည်။ အမှန်မှာ၊ ယင်းသည် မေတ္တာပြခြင်းဖြစ်၏။ နားထောင်ခြင်းဖြင့် သင်သည် နှိမ့်ချမှုရှိကြောင်း၊ ပြောဆိုသူကို လေးစားကြောင်း၊ မေတ္တာဖြင့်ဂရုစိုက်ကြောင်း တင်ပြနေသည်။ မှန်ပါသည်၊ ဂရုစိုက်နားထောင်နိုင်ရန် လူတို့ပြောဆိုရာကို သတိပြုဖို့လိုသည်။

၂၁ ခရစ်ယာန်ဓမ္မအမှုတွင် ပါဝင်သောအခါ အိမ်ရှင်ပြောဆိုရာကို ဂရုစိုက်နားထောင်ပါ။ သူတို့ပြောဆိုရာကို ကောင်းစွာသတိပြုပါက အဘယ်ကျမ်းစာအမှန်တရားသည် သူတို့အတွက် အထူးနှစ်သက်ဖွယ်ဖြစ်မည်ကို သင် ပိုင်းခြားသိမြင်နိုင်ပေမည်။ ထို့နောက် ယေရှု၏သွန်သင်နည်းစနစ်များကို လက်တွေ့ကျင့်သုံးပြီး သူတို့ကို ကူညီပေးပါ။ ထိုသို့ပြုခြင်းသည် ကြီးမြတ်သောဆရာကို တုပရာရောက်သောကြောင့် သင် ကျေနပ်ပျော်ရွှင်မှု ခံစားရပါလိမ့်မည်။

သင်မည်သို့ဖြေဆိုမည်နည်း

• လူတို့၏ရှုမြင်ပုံကို ထုတ်ပြောရန် ယေရှု မည်သို့အားပေးသနည်း။

• ယေရှုသည် မိမိသွန်သင်ပေးသူများ ပြောဆိုရာကို အဘယ်ကြောင့် နားထောင်ပေးသနည်း။

• ဓမ္မအမှုတွင် မေးခွန်းများကို မည်သို့အသုံးပြုနိုင်သနည်း။

• ကလေးများ ယေရှု၏တပည့်ဖြစ်လာရန် သင်မည်သို့ကူညီနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ဟောပြောခြင်းလုပ်ငန်းတွင် ဂရုစိုက်နားထောင်ပါ

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ကလေးများ တပည့်ဖြစ်လာရန် ကျွန်ုပ်တို့ကူညီပေးသည့်အခါ ယေရှုကိုတုပကြ