မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ယေဟောဝါသက်သေတစ်ဦးသည် သက်သေခံမဟုတ်သူဆွေမျိုး သို့မဟုတ် မိတ်ဆွေတစ်ဦး၏မင်္ဂလာပွဲသို့ သွားသင့်သလော။

မင်္ဂလာပွဲများသည် ပျော်ရွှင်ဖွယ်အခါသမယဖြစ်သောကြောင့် ခရစ်ယာန်တစ်ဦး သွားရောက်လိုခြင်းကို နားလည်နိုင်ပါသည်။ ကလေးများသည် နောက်ဆုံး,ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသူ မိဘ သို့မဟုတ် အုပ်ထိန်းသူများ၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်။ (ဧဖက် ၆:၁-၃) သို့သော် ယေဟောဝါသက်သေမဟုတ်သူတစ်ဦးသည် သူ၏ခရစ်ယာန်ဇနီးကို ချာ့ခ်ျတွင်ကျင်းပသော မင်္ဂလာပွဲသို့လိုက်ရန် ခေါ်မည်ဆိုပါက အသို့နည်း။ ထိုအချိန်တွင်ပြုလုပ်မည့် မည်သည့်ဘာသာရေးထုံးတမ်းတွင်မျှ မပါဝင်ဘဲ တက်ရောက်သူတစ်ဦးအဖြစ်သာသွားရန် သူ၏ကိုယ်ကိုကိုယ်သိစိတ်က ခွင့်ပြုပေမည်။

မင်္ဂလာပွဲတစ်ပွဲသို့ သွားမည်၊ မသွားမည်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်သည်။ သို့သော် ခရစ်ယာန်တစ်ဦးစီသည် ယေဟောဝါနှင့်စာရင်းရှင်းရမည်ဖြစ်ကြောင်း သိထားသင့်သည်။ ထို့ပြင် သက်သေခံမဟုတ်သူ၏ မင်္ဂလာပွဲသို့ သွားခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရာတွင် ကျမ်းစာမူများကိုလည်း ထည့်သွင်းသုံးသပ်သင့်သည်။

ခရစ်ယာန်တစ်ဦးအတွက် အရေးကြီးဆုံးအရာမှာ ဘုရားသခင့်မျက်နှာသာရလိုစိတ်ရှိခြင်းဖြစ်သင့်သည်။ ‘ဘုရားသခင်သည် ဝိညာဉ်ဖြစ်တော်မူ၏။ ကိုယ်တော်ကို ကိုးကွယ်သောသူတို့သည် ဘုရားသခင့်စွမ်းအားတော်၏လမ်းပြမှုကို ခံယူ၍ အမှန်တရားနှင့်အညီ ကိုးကွယ်ရမည်’ ဟုယေရှုမိန့်ဆိုခဲ့သည်။ (ယောဟန် ၄:၂၄ကဘ) ထို့ကြောင့် ယေဟောဝါသက်သေများသည် ကျမ်းစာအမှန်တရားနှင့်ဆန့်ကျင်သည့် ဆုတောင်းခြင်း၊ ထုံးတမ်းများ၊ အခမ်းအနားများကဲ့သို့သော ဘာသာရေးရောနှောမှုများတွင် မပါဝင်ကြပါ။—၂ ကောရိန္သု ၆:၁၄-၁၇

မိမိ၏ဆုံးဖြတ်ချက်သည် အခြားသူများကိုလည်း သက်ရောက်မှုရှိနိုင်ကြောင်း ခရစ်ယာန်တစ်ဦးသိသည်။ သင်တက်ရောက်ရန် ဆုံးဖြတ်မည်ဆိုလျှင် မင်္ဂလာပွဲတွင် အပြည့်အဝမပါဝင်သောကြောင့် သင့်ဆွေမျိုးများ စိတ်ဆိုးမည်လော။ ယုံကြည်သူချင်းများအပေါ် မည်သို့သက်ရောက်မှုရှိမည်ကိုလည်း ထည့်သုံးသပ်သင့်သည်။ (ရောမ ၁၄:၁၃) သင် သို့မဟုတ် သင့်မိသားစုဝင်များက သက်သေခံမဟုတ်သူ၏မင်္ဂလာပွဲကို တက်ရောက်ခြင်းသည် မမှားဟုယူဆသည့်တိုင် ယင်းက အသင်းတော်ရှိညီအစ်ကိုညီအစ်မများကို ထိခိုက်နိုင်မည်လော။ အချို့သူတို့၏ကိုယ်ကိုကိုယ်သိစိတ်ကို ထိခိုက်နိုင်မည်လော။

သက်သေခံမဟုတ်သောဆွေမျိုးများ၏ မင်္ဂလာပွဲများသည် သင့်ကို အခက်တွေ့စေနိုင်၏။ သူတို့က သင့်ကို အပျိုရံ/လူပျိုရံလုပ်ဖို့ တောင်းဆိုလာလျှင်ကော။ သို့မဟုတ် သက်သေခံမဟုတ်သော သင့်အိမ်ထောင်ဖက်သည် မင်္ဂလာပွဲတွင် အပြည့်အဝပါဝင်လိုလျှင်ကော။ တရားသူကြီး သို့မဟုတ် အစိုးရအရာရှိတစ်ဦး ဦးစီးဆောင်ရွက်သည့် တရားရုံးတွင်လက်မှတ်ထိုးခြင်းဖြစ်ပါက သက်သေအဖြစ် တက်ရောက်ရုံသာဖြစ်ပေမည်။

သို့သော် ဘာသာရေးအဆောက်အအုံတွင် ကျင်းပသော သို့မဟုတ် ခရစ်ယာန်ဘုန်းကြီးတစ်ဦး ဦးစီးဆောင်ရွက်သော မင်္ဂလာပွဲဖြစ်မည်ဆိုပါက ထပ်ဆင့်သုံးသပ်ရန် လိုသည်။ ကျမ်းစာဖြင့်လေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိစိတ်နှင့်အညီ လုပ်ဆောင်ပြီး သင့်ဘာသာရေးယုံကြည်ချက်ကို အလျှော့ပေးလိုက်လျောခြင်းမပြုမိရန် သို့မဟုတ် မင်္ဂလာမောင်နှံနှင့် သူတို့၏မိသားစုများကို စိတ်အနှောင့်အယှက်မဖြစ်စေရန် မတက်ရောက်ဖို့ သင်ဆုံးဖြတ်ပေမည်။ (သု. ၂၂:၃) သင့်ကျမ်းစာအခြေပြုယုံကြည်ချက်ကို ကြိုတင်ရှင်းပြထားခြင်း၊ မည်သည့်အတိုင်းအတာအထိ ပါဝင်လိုကြောင်း ပြောပြခြင်း သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုကို အကြံပြုခြင်းဖြင့် သင်ကိုယ်တိုင်နှင့်မိသားစုအတွက် ဖိစီးမှုဖြစ်မည်မဟုတ်ပေ။

ခရစ်ယာန်အချို့သည် ကိစ္စရပ်အားလုံးကို အသေအချာသုံးသပ်ပြီးနောက် သက်သေခံမဟုတ်သူတစ်ဦး၏ မင်္ဂလာပွဲသို့ တက်ရောက်အားပေးသူအဖြစ် သွားရောက်နိုင်သည်ဟု ဆုံးဖြတ်ပေမည်။ တစ်ဖက်တွင် ထိုသို့တက်ရောက်ခြင်းသည် ကျမ်းစာမူများကို အလျှော့ပေးမိစေနိုင်သောကြောင့် ကောင်းကျိုးထက် ဆိုးကျိုးပိုများသည်ဟု ခရစ်ယာန်တစ်ဦး ယူဆပေမည်။ သူသည် မင်္ဂလာပွဲ မတက်ရောက်သော်လည်း မင်္ဂလာပွဲပြီးနောက် အခြားလုပ်ဆောင်မှုများသို့သွားရန် ဆုံးဖြတ်မည်ဆိုပါက ‘ဘုရားသခင်၏ဘုန်းကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြု’ ရန် စိတ်ပိုင်းဖြတ်သင့်သည်။ (၁ ကောရိန္သု ၁၀:၃၁) ထိုသို့သောဆုံးဖြတ်ချက်များချရာတွင် “လူအသီးအသီးတို့သည် မိမိတို့ဝန်ကိုဆောင်ရွက်ရကြမည်။” (ဂလာတိ ၆:၅) ထို့ကြောင့် သင်မည်သို့ပင်ဆုံးဖြတ်ပါစေ ယေဟောဝါဘုရားသခင်ရှေ့ ကိုယ်ကိုကိုယ်သိစိတ်ကြည်လင်နေခြင်းသည် အရေးကြီးဆုံးဖြစ်ကြောင်း အမှတ်ရပါလေ။