မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အနှိုင်းမဲ့ဖခင်

အနှိုင်းမဲ့ဖခင်

ဘုရားသခင်၌ ချဉ်းကပ်ကြလော့

အနှိုင်းမဲ့ဖခင်

မဿဲ ၃:၁၆၊ ၁၇

“ဖခင်။” စကားလုံးအနည်းငယ်က လူတို့၏နက်ရှိုင်းလှသောစိတ်ခံစားချက်များကို ဖြစ်ပေါ်လာစေ၏။ မိမိကလေးငယ်များအပေါ် အမှန်မေတ္တာရှိသောဖခင်တစ်ဦးသည် သူတို့အောင်မြင်စွာကြီးပြင်းလာကြရန် ကူညီပေး၏။ အကြောင်းကောင်းရှိ၍ သမ္မာကျမ်းစာက ယေဟောဝါဘုရားသခင်ကို ‘ဖခင်’ အဖြစ် ရည်ညွှန်းဖော်ပြထားသည်။ (မဿဲ ၆:၉) ယေဟောဝါသည် မည်သို့သောဖခင်မျိုးနည်း။ ထိုမေးခွန်းကို ဖြေဆိုရန် ယေရှုနှစ်ခြင်းခံချိန်တွင် ယေရှုကို ယေဟောဝါပြောခဲ့သောစကားကို လေ့လာသုံးသပ်ကြည့်ကြစို့။ အမှန်မှာ၊ မိမိကလေးများကို ဖခင်တစ်ဦး၏ပြောဆိုပုံနည်းလမ်းက မိမိသည် မည်သို့သောမိဘမျိုးဖြစ်သည်ကို များစွာဖော်ပြ၏။

အေဒီ ၂၉၊ အောက်တိုဘာလခန့်တွင် ယေရှုသည် ရေနှစ်ခြင်းခံရန် ယော်ဒန်မြစ်သို့ သွားခဲ့သည်။ ဖြစ်ပျက်ခဲ့ပုံကို သမ္မာကျမ်းစာ ဤသို့မှတ်တမ်းတင်ထားသည်– “ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင် ကောင်းကင်ဖွင့်လှစ်သဖြင့် ဘုရားသခင်၏ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ဆင်းသက်၍ ကိုယ်တော်အပေါ်၌နားတော်မူသည်ကို မြင်ရ၍ ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်ကအသံတော်ဖြစ်လေ၏။” * (မဿဲ ၃:၁၆၊ ၁၇) ယေဟောဝါကိုယ်တော်တိုင်မိန့်ဆိုသည့် ကြင်နာမှုပါသောထိုစကားများက ကိုယ်တော်သည် မည်သို့သောဖခင်မျိုးဖြစ်သည်ကို ကျွန်ုပ်တို့အား များစွာပြောပြ၏။ ယေဟောဝါသည် မိမိသားတော်အား ဖော်ပြခဲ့သည့်အရာသုံးခုကို သတိပြုကြည့်ပါ။

ပထမ၊ ‘ဤသူကား ငါ၏သားပေတည်း’ ဟူသောစကားသည် တကယ်တွင် ‘ငါဟာ မင်းအဖေဖြစ်ရတာ ဂုဏ်ယူတယ်’ ဟုပြောဆိုနေခြင်းပင်။ ပိုင်းခြားသိမြင်မှုရှိသောဖခင်တစ်ဦးသည် မိမိ၏ကလေးများလိုချင်တောင့်တသော အသိအမှတ်ပြုခံလိုခြင်းနှင့် ဂရုစိုက်ခံလိုခြင်းတို့ကို ဖြည့်ဆည်းပေး၏။ ကလေးများသည် မိသားစုဝင်တစ်ဦးအဖြစ် တန်ဖိုးထားခံရကြောင်း ယုံကြည်စိတ်ချရန်လိုသည်။ မိမိ၏ဖခင်ထံမှ ထိုသို့သောအသိအမှတ်ပြုခံရခြင်းသည် အရွယ်ရောက်သူတစ်ဦးအနေနှင့်ပင် ယေရှုအတွက် မည်မျှအဓိပ္ပာယ်ရှိလိုက်မည်ကို စဉ်းစားကြည့်ပါ!

ဒုတိယ၊ ယေဟောဝါသည် သားတော်ကို “ငါ၏ချစ်သား” ဟူ၍ဖော်ပြခြင်းဖြင့် ယေရှုအပေါ်ထားရှိသော မိမိ၏မေတ္တာကို ပွင့်ပွင့်လင်းလင်းဖော်ပြခဲ့သည်။ ဖခင်တစ်ဦးက ‘သားကို အဖေချစ်တယ်’ ဟုပြောနေဘိသကဲ့သို့ဖြစ်၏။ ဖခင်ကောင်းတစ်ဦးသည် မိမိကလေးများကို နှစ်နှစ်ကာကာချစ်ကြောင်း သူတို့ကို ပြောပြ၏။ ပင်ကိုချစ်ခင်စုံမက်မှုနှင့်အတူ ထိုသို့သောစကားများက ကလေးငယ်များအား အောင်မြင်တိုးတက်ရန် အကူအညီဖြစ်စေ၏။ ယေရှုသည် မိမိကိုချစ်မြတ်နိုးကြောင်းဖော်ပြသည့် ဖခင်၏စကားသံကို ကြားရသောအခါ မည်မျှစိတ်ထိမိလိုက်မည်ဖြစ်ခြင်း!

တတိယ၊ ယေဟောဝါသည် မိမိသားတော်အား နှစ်သက်သဘောကျကြောင်း “ငါနှစ်သက်မြတ်နိုးရာ” ဟူသောစကားဖြင့် ဖော်ပြခဲ့သည်။ ‘သား၊ သားလုပ်ခဲ့တဲ့အရာအတွက် အဖေကျေနပ်တယ်’ ဟုယေဟောဝါပြောနေဘိသကဲ့သို့ ဖြစ်၏။ မေတ္တာရှိသောဖခင်တစ်ဦးသည် မိမိကလေးများပြောဆိုသည့် သို့မဟုတ် ပြုလုပ်သည့်ကောင်းသောအရာများအတွက် ကျေနပ်ကြောင်း သူတို့အားသိစေရန် အခွင့်အရေးများ ရှာဖွေ၏။ ကလေးများသည် သူတို့ကို မိဘများနှစ်သက်မြတ်နိုးကြောင်း ထုတ်ဖော်ပြောဆိုသည့်စကားများမှ ခွန်အား၊ သတ္တိရှိလာကြသည်။ မိမိအား ဖခင်နှစ်သက်ကြောင်း ဖခင်၏ဖွင့်ဟပြောဆိုသံကို ကြားရခြင်းက ယေရှုကို အားရှိစေခဲ့မည်မှာ သေချာသည်!

မှန်ပါသည်၊ ယေဟောဝါသည် တုနှိုင်း၍မရသောဖခင်တစ်ဦးဖြစ်၏။ သင့်နှလုံးသည် ထိုသို့သောဖခင်ကို လိုလားတောင့်တပါသလော။ လိုလားတောင့်တသည်ဆိုလျှင် ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေးရရှိနိုင်ကြောင်း သိရခြင်းမှ နှစ်သိမ့်မှုရယူနိုင်သည်။ ကိုယ်တော့်အကြောင်းကို ယုံကြည်ခြင်းဖြင့် သင်ယူလေ့လာပြီး ကိုယ်တော့်အလိုတော်ကို စိတ်ရင်းမှန်ဖြင့်ကြိုးစားလုပ်ဆောင်ပါက ကိုယ်တော်တုံ့ပြန်တော်မူလိမ့်မည်။ သမ္မာကျမ်းစာဤသို့ပြော၏– “ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်။” (ယာကုပ် ၄:၈) စိတ်ကူး၍ရနိုင်သမျှတွင်အကောင်းဆုံးဖခင် ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးသောနှောင်ကြိုးရှိခြင်းထက် အဘယ်အရာက သင့်အား ပို၍လုံခြုံသည်ဟု ခံစားစေနိုင်မည်နည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ကျမ်းပြိုင်မှတ်တမ်းဖြစ်သော လုကာခရစ်ဝင်ကျမ်းအရ ယေဟောဝါသည် ပုဂ္ဂလနာမ်စား “သင်၊” ဟူသောအသုံးအနှုန်းကိုသုံးကာ ဤသို့မိန့်တော်မူခဲ့သည်– “သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။”—လုကာ ၃:၂၂