မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူသည် စစ်မှန်သောဝတ်ပြုရေးဘက် ရပ်တည်ခဲ့

သူသည် စစ်မှန်သောဝတ်ပြုရေးဘက် ရပ်တည်ခဲ့

သူတို့၏ယုံကြည်ခြင်းကို တုပကြလော့

သူသည် စစ်မှန်သောဝတ်ပြုရေးဘက် ရပ်တည်ခဲ့

ကရမေလတောင်စောင်းကို လေးကန်သောခြေလှမ်းများဖြင့် တက်နေကြသောလူအုပ်ကို ဧလိယလှမ်းကြည့်ခဲ့သည်။ နံနက်အရုဏ်တက်အလင်းရောင်အောက်တွင်ပင် ဆင်းရဲခြင်းနှင့် စားစရာမလောက်ငမှုက ထိုလူအုပ်ကို နှိပ်စက်ခဲ့ကြောင်း အထင်အရှားမြင်ရသည်။ သုံးနှစ်ခွဲကြာ မိုးခေါင်ရေရှားမှုက သူတို့အား အကြီးအကျယ်ထိခိုက်ခဲ့သည်။

ထိုသူတို့ထဲတွင် ထောင်လွှားမောက်မာပြီး ယေဟောဝါ၏ပရောဖက်ဧလိယကို အလွန်မုန်းတီးကြသော ဟန်အပြည့်နှင့်လျှောက်နေကြသည့် ဗာလပရောဖက် ၄၅၀ ပါဝင်၏။ ယေဟောဝါ၏ကျေးကျွန်အများအပြားကို မိဖုရားယေဇဗေလ သတ်ဖြတ်ခဲ့သော်လည်း ဤပုဂ္ဂိုလ်သည် ဗာလဝတ်ပြုရေးတစ်ဖက် မားမားမတ်မတ်ရပ်တည်နေဆဲရှိ၏။ သို့သော် မည်မျှကြာကြာရပ်တည်နိုင်မည်နည်း။ ထိုယဇ်ပုရောဟိတ်များက ဤတစ်ဦးတည်းသောသူသည် သူတို့အားလုံးကို ဆန့်ကျင်ပြီး ဘယ်တော့မျှရပ်တည်နိုင်မည်မဟုတ် ဟုတွေးတောခဲ့ကြပေမည်။ (၃ ဓမ္မရာဇဝင် ၁၈:၃၊ ၁၉၊ ၂၀) ဘုရင်အာဟပ်သည်လည်း သူ၏တော်ဝင်ရထားစီးကာ လာခဲ့သည်။ သူသည်လည်း ဧလိယကို နှစ်သက်သူမဟုတ်ချေ။

ဤတစ်ကိုယ်တည်းဖြစ်နေသောပရောဖက်သည် ရှေ့တွင် ထူးခြားသောအဖြစ်အပျက်များနှင့် ကြုံတွေ့ရတော့မည်။ ဧလိယကြည့်ရှုနေစဉ် လောကတွင် မကြုံစဖူးသော အကောင်းနှင့်အဆိုးစပ်ကြား အထူးခြားဆုံးထိပ်တိုက်ရင်ဆိုင်မှုတစ်ရပ် ဖြစ်ပေါ်လာတော့မည်ဖြစ်သည်။ သူသည် ထိုနေ့အရုဏ်တက်လာသည်နှင့် မည်သို့ခံစားခဲ့မည်နည်း။ “ငါတို့ကဲ့သို့ လောကဓံတရား၌ကျင်လည်သောသူ” အနေနှင့် ကြောက်ရွံ့ခဲ့ပေမည်။ (ယာကုပ် ၅:၁၇) တစ်ခုတော့သေချာသည်– သစ္စာမဲ့သူများ၊ သူတို့၏အယူဖောက်ပြန်သောဘုရင်နှင့် အလွန်ရက်စက်ကြမ်းကြုတ်သော ယဇ်ပုရောဟိတ်များ၏ကြားတွင် ဧလိယသည် တစ်ဦးတည်းကျန်ရစ်သူအဖြစ် ခံစားခဲ့ရ၏။—၃ ဓမ္မရာဇဝင် ၁၈:၂၂

သို့သော် ဣသရေလလူမျိုးအပေါ် ဤအကျပ်အတည်းအခြေအနေကို အဘယ်အရာက ဖြစ်စေခဲ့သနည်း။ ထို့ပြင် ဤမှတ်တမ်းမှ ယနေ့ အဘယ်အရာသင်ယူနိုင်သနည်း။ ဘုရားသခင်အပေါ် တည်ကြည်သောကျေးကျွန်များအကြောင်းကို အသေအချာစစ်ဆေးကြည့်ပြီး ‘သူတို့၏ယုံကြည်ခြင်းကို တုပ’ ရန်သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုအားပေးထားသည်။ (ဟေဗြဲ ၁၃:၇) ယခု ဧလိယ၏ပုံသက်သေကို သုံးသပ်ကြည့်ကြစို့။

ကြာမြင့်စွာသောဆိုင်ပြိုင်မှု အထွတ်အထိပ်သို့ရောက်

ဧလိယသည် မိမိ၏မွေးရပ်မြေနှင့် မိမိလူမျိုးအတွက် အကောင်းဆုံးအရာဖြစ်သည့် ယေဟောဝါ၏ဝတ်ပြုရေးသည် လျစ်လျူရှုခံခဲ့ရ၊ ခြေဖြင့်နင်းချေခံခဲ့ရသောအခါ ယင်းကို သူ၏အသက်တာအများစုတွင် မကူညီနိုင်ဘဲ ကြည့်နေခဲ့ရ၏။ ဣသရေလနိုင်ငံသည် စင်ကြယ်သောဝတ်ပြုရေးနှင့် မှားယွင်းသောဝတ်ပြုရေးကြား၊ ယေဟောဝါဘုရားသခင်၏ဝတ်ပြုမှုနှင့် ပတ်ဝန်းကျင်နိုင်ငံများ၏ဝတ်ပြုမှုကြား ကြာရှည်သောဆိုင်ပြိုင်မှုကို ရင်ဆိုင်ခဲ့ရသည်။ ဧလိယခေတ်တွင် ထိုဆိုင်ပြိုင်မှုသည် ပို၍ဆိုးရွားလာခဲ့၏။

ဘုရင်အာဟပ်သည် ဇိဒုန်ဘုရင်၏သမီးတော် ယေဇဗေလကို လက်ထပ်ခဲ့သည်။ ယေဇဗေလသည် ဣသရေလနိုင်ငံတွင် ဗာလဝတ်ပြုရေး ပျံ့နှံ့စေရန်နှင့် ယေဟောဝါ၏ဝတ်ပြုရေးကို အမြစ်ပြတ်သုတ်သင်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။ အာဟပ်သည် ယေဇဗေလ၏သြဇာလွှမ်းမိုးမှု အလျင်အမြန်ခံခဲ့ရ၏။ အာဟပ်သည် ဗာလအတွက် ဝတ်ကျောင်းနှင့် ယဇ်ပလ္လင်တည်ဆောက်ခဲ့ပြီး ဤအယူမှားနတ်ဘုရားအား ဝတ်ပြုကိုးကွယ်ရာတွင် ဦးဆောင်ခဲ့သည်။ သူသည် ယေဟောဝါကို လွန်စွာပြစ်မှားခဲ့သည်။—၃ ဓမ္မရာဇဝင် ၁၆:၃၀-၃၃ *

အဘယ်အရာက ဗာလဝတ်ပြုရေးကို အလွန်မနှစ်မြို့ဖွယ်ဖြစ်စေခဲ့သနည်း။ ယင်းက လူအတော်များများကို မှန်သောဘုရားသခင်ထံမှ ဝေးကွာသွားစေရန် ဖြားယောင်းသွေးဆောင်ခြင်းဖြင့် ဣသရေလနိုင်ငံကို သွေဖည်စေခဲ့သည်။ အကျင့်ပျက်ပြီး ရက်စက်ကြမ်းကြုတ်သောဝတ်ပြုရေးလည်း ဖြစ်၏။ ယင်းတွင် ဝတ်ကျောင်းပြည့်တန်ဆာယောက်ျား၊ မိန်းမများ၊ လိင်မှုဖောက်ပြန်သောပွဲလမ်းများနှင့် ကလေးပူဇော်ခြင်းပင် ပါဝင်ခဲ့သည်။ ယေဟောဝါသည် အာဟပ်ထံ ဧလိယကိုစေလွှတ်ပြီး မိုးခေါင်မည့်အကြောင်း ကြေညာစေခြင်းဖြင့် တုံ့ပြန်ခဲ့၏၊ ဘုရားသခင့်ပရောဖက်က မိုးခေါင်မှုပြီးဆုံးသွားပြီဟု မကြေညာမချင်း ဆက်ရှိနေမည်ဖြစ်သည်။ (၃ ဓမ္မရာဇဝင် ၁၇:၁) လူတို့နှင့် ဗာလပရောဖက်များ ကရမေလတောင်တွင် စုဝေးကြရန် ဧလိယကိုယ်တိုင် အာဟပ်ထံ သွား၍မပြောမီ နှစ်အတော်ကြာကုန်လွန်ခဲ့၏။

သို့သော် ဤဆိုင်ပြိုင်မှုသည် ယနေ့ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ကျွန်ုပ်တို့ဝန်းကျင်တွင် ဗာလဝတ်ကျောင်းများနှင့် ယဇ်ပလ္လင်များမတွေ့ရသောကြောင့် ဗာလဝတ်ပြုရေးနှင့်ဆိုင်သောရာဇဝင်သည် ယနေ့အချိန်နှင့် မသက်ဆိုင်ဟု အချို့သူတို့ ယူမှတ်နိုင်သည်။ သို့သော် ဤမှတ်တမ်းသည် ရှေးခေတ်ရာဇဝင်မျှသာမဟုတ်ပါ။ (ရောမ ၁၅:၄) “ဗာလ” ဟူသောစကားလုံးသည် “ပိုင်ရှင်” သို့မဟုတ် “သခင်” ဟုအဓိပ္ပာယ်ရ၏။ ယေဟောဝါက မိမိလူတို့အား သူတို့၏ “ဗာလ၊” သို့မဟုတ် ခင်ပွန်းအဖြစ် မိမိကို ရွေးချယ်သင့်ကြောင်း မိန့်ဆိုခဲ့သည်။ (ဟေရှာယ ၅၄:၅) လူတို့သည် အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်ထက် သခင်အမျိုးမျိုးကို အစေခံနေဆဲဖြစ်ကြောင်း သင်သဘောမတူပေလော။ စင်စစ်၊ လူတို့သည် ငွေကြေး၊ အသက်မွေးဝမ်းကျောင်း၊ အပန်းဖြေမှု၊ လိင်အပျော်အပါးတို့ကို လိုက်စားရာတွင် သို့မဟုတ် ယေဟောဝါအစား မရေတွက်နိုင်သောနတ်ဘုရားများကို အလေးအမြတ်ထားရာတွင် သူတို့၏အသက်တာကို အသုံးပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ သူတို့သည် သခင်တစ်ဦးကို ရွေးချယ်ကြသည်။ (မဿဲ ၆:၂၄; ရောမ ၆:၁၆) ထို့ကြောင့် တစ်နည်းတစ်လမ်းအားဖြင့် ဗာလဝတ်ပြုရေး၏အဓိကသွင်ပြင်လက္ခဏာတို့သည် ယနေ့အချိန်တွင် ရှင်သန်ကြီးထွားနေဆဲဖြစ်သည်။ ယေဟောဝါနှင့် ဗာလစပ်ကြား ရှေးခေတ်ဆိုင်ပြိုင်မှုမှတ်တမ်းက ကျွန်ုပ်တို့မည်သူ့အစေခံမည်ကို ပညာရှိရှိရွေးချယ်မှုပြုရန် အထောက်အကူပေးနိုင်သည်။

‘ဒွိဟဖြစ်နေခြင်း’—မည်သို့အားဖြင့်နည်း

လေထန်သောကရမေလတောင်ထိပ်မှနေ၍ အောက်ဘက်ရှိ ပင်လယ်ကြီး (မြေထဲပင်လယ်) အနီး၊ ကိရှုန်တောင်ကျချောင်းချိုင့်ဝှမ်းမှသည် အလှမ်းဝေးသောမြောက်ဘက်မိုးကုပ်စက်ဝိုင်းရှိ လေဗနုန်တောင်တန်းများအထိ ဣသရေလနိုင်ငံကို ကျယ်ပြန့်စွာမြင်နိုင်သည်။ * သို့သော် ဤအထွတ်အထိပ်နေ့တွင် နေထွက်လာသောအခါ မြင်ကွင်းမှာ စိတ်ပျက်စရာပင်။ ယေဟောဝါသည် အာဗြဟံ၏ဆွေစဉ်မျိုးဆက်ကိုပေးခဲ့သည့် တစ်ချိန်က မြေသြဇာကောင်းသောပြည်သည် ယခု ဖြစ်ထွန်းအောင်မြင်မှုမရှိတော့။ ယခု ချစ်ချစ်တောက်နေပူရှိန်ကြောင့် မြေကြီးတို့သည် မာကျောကာ ဘုရားသခင့်လူမျိုးတို့၏ မိုက်မဲမှုကြောင့် ပြည်တော်သည် ပျက်စီးခဲ့ရသည်! ထိုလူတို့သည် အုပ်လိုက်စုဝေးကြသောအခါ ဧလိယက သူတို့ထံချဉ်းကပ်၍ ဤသို့ပြောခဲ့သည်– “သင်တို့သည် ယူဆချက်နှစ်ခုစပ်ကြား မည်မျှကြာ နုန့်နဲ့စွာ ဒွိဟဖြစ်နေကြမည်နည်း။ ယေဟောဝါသည် စစ်မှန်သောဘုရားသခင်မှန်လျှင် ယေဟောဝါနောက်သို့လိုက်ကြလော့။ ဗာလသည် ဘုရားသခင်မှန်လျှင် ဗာလနောက်သို့လိုက်ကြလော့။”—၃ ဓမ္မရာဇဝင် ၁၈:၂၁ကဘ။

ဧလိယက “ယူဆချက်နှစ်ခုစပ်ကြား . . . နုန့်နဲ့စွာ ဒွိဟဖြစ်နေကြ” ဟုဆိုရာတွင် အဘယ်အရာဆိုလိုခဲ့သနည်း။ ထိုလူတို့သည် ယေဟောဝါ၏ဝတ်ပြုရေးနှင့် ဗာလဝတ်ပြုရေးစပ်ကြား တစ်ခုခုရွေးချယ်မှုပြုရမည်ကို သူတို့သဘောမပေါက်ခဲ့ကြချေ။ သူတို့က နှစ်ခုစလုံးဝတ်ပြုနိုင်သည်ဟု ယူဆကြသည်၊ စက်ဆုပ်ရွံရှာဖွယ်ထုံးထမ်းဓလေ့များဖြင့် ဗာလကို ကျေနပ်အောင်ပြုနိုင်ပြီး တစ်ချိန်တည်းတွင် ယေဟောဝါဘုရားသခင်၏မျက်နှာသာတော်ရဖို့ တောင်းလျှောက်နိုင်သည်ဟု ယူဆခဲ့ကြသည်။ “ဗိုလ်ခြေတို့၏ဘုရားသခင်” က စစ်ပွဲတွင် သူတို့အားကာကွယ်ပေးနေစဉ် သူတို့၏ကောက်ပဲသီးနှံများနှင့် တိရစ္ဆာန်များကို ဗာလကောင်းချီးပေးလိမ့်မည်ဟု ဆင်ခြင်ခဲ့ကြဟန်တူ၏။ (၁ ဓမ္မရာဇဝင် ၁၇:၄၅) ယနေ့ထိတိုင် လူအများသဘောမပေါက်သေးသည့် အခြေခံအမှန်တရားကို သူတို့မေ့လျော့သွားခဲ့ကြသည်၊ ယင်းမှာ ယေဟောဝါသည် အခြားနတ်ဘုရားများနှင့် ရောနှောဝတ်ပြုမှုကို လက်မခံဟူသည့်အချက်ပင်။ ကိုယ်တော်သည် အကြွင်းမဲ့ဝတ်ပြုခြင်းကို တောင်းဆိုထားပြီး ထိုသို့ဝတ်ပြုမှုကို ရထိုက်သောအရှင်လည်း ဖြစ်တော်မူ၏။ အခြားသောဝတ်ပြုမှုပုံစံအချို့နှင့် ရောနှောသည့်မည်သည့်ဝတ်ပြုမှုမဆိုသည် ကိုယ်တော့်အတွက် မနှစ်မြို့ဖွယ်၊ စက်ဆုပ်ရွံရှာဖွယ်ပင်ဖြစ်၏!—ထွက်မြောက်ရာ ၂၀:၅

ထို့ကြောင့် ထိုဣသရေလလူမျိုးတို့သည် တစ်ချိန်တည်းတွင် လမ်းနှစ်သွယ်လိုက်ဖို့ ကြိုးစားနေသူတစ်ဦးကဲ့သို့ “ဒွိဟ” ဖြစ်နေခဲ့ကြသည်။ ယနေ့ လူများစွာသည် မိမိတို့အသက်တာတွင် အခြားသော “ဗာလများ” ဝင်ရောက်ရန် ခွင့်ပြုပြီး ဘုရားသခင်အား ဝတ်ပြုခြင်းကို ဘေးဖယ်ထားခြင်းဖြင့် ထပ်တူအမှားမျိုး ပြုလုပ်ကြသည်တကား! ဒွိဟဖြစ်မနေတော့ရန် ဧလိယ၏အရေးတကြီးပြတ်သားသည့်ပြောဆိုချက်က ကျွန်ုပ်တို့၏ဦးစားထားရာများနှင့် ဝတ်ပြုရာတို့ကို ပြန်လည်ဆန်းစစ်ရန် အထောက်အကူပြုနိုင်သည်။

စမ်းသပ်မှုအထွတ်အထိပ်

ထို့နောက် ဧလိယသည် စမ်းသပ်မှုတစ်ခုကို အဆိုပြုလိုက်သည်။ ယင်းသည် ရိုးရိုးလေးပင် ဖြစ်၏။ ဗာလယဇ်ပုရောဟိတ်များသည် ယဇ်ပလ္လင်တစ်ခုတည်ပြီး ၎င်းပေါ်တွင် ပူဇော်ရာယဇ်ကို တင်ရန်ဖြစ်သည်၊ ထို့နောက် မီးကျလောင်ကျွမ်းရန် သူတို့၏ဘုရားသခင်ထံ ဆုတောင်းကြဖို့ဖြစ်၏။ ဧလိယသည်လည်း အလားတူပြုလုပ်မည်ဖြစ်သည်။ သူဤသို့ပြော၏– ‘မီးဖြင့်ထူးတော်မူသောဘုရားသခင်သည် ဘုရားသခင်မှန်ပါစေ။’ မည်သူသည် စစ်မှန်သောဘုရားသခင်ဖြစ်သည်ကို ဧလိယကောင်းစွာသိ၏။ သူ၏ယုံကြည်ခြင်း ခိုင်မြဲသောကြောင့် ထိုဗာလပရောဖက်များအား ဦးစွာဆုတောင်းခွင့်ပြုခဲ့သည်။ ဧလိယသည် မိမိပြိုင်ဘက်များကို ယဇ်ပူဇော်ရန် နွားတစ်ကောင်ရွေးစေပြီး ဗာလထံ ဦးစွာချဉ်းကပ်စေခြင်းဖြင့် အခွင့်သာသည့်အခြေအနေမှန်သမျှ ပေးခဲ့သည်။ *၃ ဓမ္မရာဇဝင် ၁၈:၂၄၊ ၂၅

အံ့ဖွယ်အမှုများပြုလုပ်သည့်ခေတ်တွင် ကျွန်ုပ်တို့အသက်မရှင်ကြပါ။ သို့သော် ယေဟောဝါသည် ပြောင်းလဲတော်မမူခဲ့။ ကိုယ်တော့်အပေါ် ဧလိယယုံကြည်စိတ်ချသကဲ့သို့ ကျွန်ုပ်တို့လည်း အလားတူယုံကြည်စိတ်ချနိုင်၏။ ဥပမာ၊ သမ္မာကျမ်းစာသွန်သင်ရာများကို အခြားသူတို့သဘောမတူသောအခါ ကျွန်ုပ်တို့သည် စိုးရိမ်စရာမလိုဘဲ သူတို့ကို ဦးစွာပြောဆိုခွင့်ပြုမည်။ ဧလိယကဲ့သို့ပင် ကိစ္စရပ်ကို စစ်မှန်သောဘုရားသခင်ဖြေရှင်းပေးရန် ကျွန်ုပ်တို့မျှော်ကိုးကြပေမည်။ မိမိကိုယ်ကိုမဟုတ်ဘဲ “ဖြောင့်မတ်စွာပြုပြင်ခြင်း” ကိုပြုတတ်သော ကိုယ်တော်၏နှုတ်မြွက်စကားတော်အပေါ် မှီခိုခြင်းဖြင့် ကျွန်ုပ်တို့ထိုသို့ပြုကြသည်။—၂ တိမောသေ ၃:၁၇

ဗာလပရောဖက်တို့သည် သူတို့၏ယဇ်ကောင်ကို တင်ပြီး သူတို့၏ဘုရားသခင်ကို ဟစ်ခေါ်ကြတော့သည်။ ‘အိုဗာလ အကျွန်ုပ်တို့အား ထူးတော်မူပါ’ ဟုအကြိမ်ကြိမ်ဟစ်ခေါ်ကြ၏။ မိနစ်နှင့်နာရီလွန်သွားသည်နှင့်အမျှ မပြတ်ဟစ်အော်ကြ၏။ ‘သို့ရာတွင် ထူးသံမရှိ။ ထူးသောသူလည်းမရှိ’ ဟုကျမ်းစာဆိုသည်။ မွန်းတည့်ချိန်၌ ဧလိယက သူတို့ကို စတင်ပြက်ရယ်ပြုလေသည်၊ ဗာလသည် သူတို့ကို မဖြေကြားနိုင်လောက်အောင် အလွန်အလုပ်များနေ၍ ဖြစ်ရမည်၊ သူသည် တပိုတပါးသွားနေ၍ဖြစ်မည်၊ သို့တည်းမဟုတ် အိပ်နေသောကြောင့် တစ်စုံတစ်ယောက်သည် သူ့အားနှိုးဖို့လိုမည်ဟူ၍ ခနဲ့တဲ့တဲ့ပြောလိုက်သည်။ “ကျယ်သောအသံနှင့်ဟစ်ကြလော့” ဟုဧလိယက ထိုအယောင်အဆောင်သမားများကို တိုက်တွန်းခဲ့သည်။ ရှင်းနေသည်မှာ၊ ဤဗာလဝတ်ပြုရေးသည် သရော်ဖွယ်ကောင်းသောအတုအယောင်ဖြစ်ကြောင်း သူတွေ့မြင်ခဲ့ပြီး ယင်းသည် လှည့်ဖြားမှုအမှန်ဖြစ်ကြောင်းကို ဘုရားသခင့်လူတို့အား တွေ့မြင်စေလိုခဲ့၏။—၃ ဓမ္မရာဇဝင် ၁၈:၂၆၊ ၂၇

တုံ့ပြန်သည့်အနေနှင့် ဗာလယဇ်ပုရောဟိတ်များသည် ပို၍ပင်သွေးရူးသွေးတန်းဖြစ်လာကြကာ “ကျယ်သောအသံနှင့်ဟစ်၍ ထုံးစံရှိသည်အတိုင်း ကိုယ်အသွေးနှင့်ကိုယ်ကိုလူးခြင်းငှာ ဓား၊ သံစူးနှင့် ကိုယ်ကိုရှစေကြ၏။” အရာရာသည် အချည်းနှီးသာဖြစ်၏! ‘ထူးသံမရှိ။ ထူးသောသူ၊ အမှုထားသောသူလည်းမရှိ။’ (၃ ဓမ္မရာဇဝင် ၁၈:၂၈၊ ၂၉) အမှန်မှာ၊ ဗာလဟူ၍မရှိပါ။ ယေဟောဝါထံမှ လူတို့ကို သွေးဆောင်ဖြားယောင်းရန် စာတန်တီထွင်ဖန်တီးသည့်အရာဖြစ်၏။ အတိတ်ကကဲ့သို့ပင် ယနေ့တွင်လည်း ယေဟောဝါထက် အခြားမည်သည့်သခင်ကိုမဆို ရွေးချယ်ခြင်းသည် စိတ်ပျက်စရာဖြစ်ရုံမက ရှက်ဖွယ်ပင်ဖြစ်သည်။—ဆာလံ ၂၅:၃; ၁၁၅:၄-၈

အဖြေ

မွန်းလွဲနှောင်းပိုင်းတွင် ဧလိယအလှည့်ရောက်လာသည်။ သူသည် စင်ကြယ်သောဝတ်ပြုရေး၏ရန်သူများ ဖြိုဖျက်ခဲ့ကြောင်းသေချာသည့် ယေဟောဝါ၏ယဇ်ပလ္လင်ကို ပြန်ပြုပြင်ခဲ့သည်။ ကျောက် ၁၂ လုံးကို အသုံးပြုခဲ့သည်၊ ၁၂ နွယ်လုံးအား ပေးခဲ့သောပညတ်တရားသည် ဣသရေလ ၁၀ နွယ်နိုင်ငံရှိလူတို့လည်း နာခံရန်တာဝန်ရှိဆဲဖြစ်ကြောင်း ထိုနိုင်ငံရှိများစွာသောသူတို့ကို ပြန်သတိပေးခြင်းဖြစ်နိုင်၏။ ထို့နောက် ပူဇော်သောယဇ်ကောင်ကို တင်ထားပြီး အနီးရှိမြေထဲပင်လယ်မှ ရရှိခြင်းဖြစ်နိုင်သည့် ရေဖြင့် အားလုံးအပေါ်လောင်းချခဲ့သည်။ ယဇ်ပလ္လင်ပတ်လည်၌ ကျုံးကိုပင် တူး၍ ရေဖြည့်လိုက်သေးသည်။ ဗာလပရောဖက်များကို အခွင့်သာသည့်အခြေအနေမှန်သမျှကို ပေးခဲ့ပြီးဖြစ်သကဲ့သို့ ယေဟောဝါအား အခွင့်မသာသည့်အခြေအနေမှန်သမျှကို ပေးခဲ့၏၊ ထိုသို့ပြုရခြင်းမှာ မိမိဘုရားသခင်အပေါ် ယုံကြည်စိတ်ချမှုရှိသောကြောင့်တည်း။—၃ ဓမ္မရာဇဝင် ၁၈:၃၀-၃၅

အရာရာအသင့်ဖြစ်ပြီးသည့်အခါ ဧလိယ ဆုတောင်းလေ၏။ ရိုးရှင်းထိမိသည့် သူ၏ဆုတောင်းချက်တွင် ဧလိယဦးစားထားရာများကို ရှင်းလင်းစွာဖော်ပြခဲ့သည်။ ဦးဆုံးနှင့်အရေးကြီးဆုံးမှာ ဗာလမဟုတ်ဘဲ ယေဟောဝါသည် “ဣသရေလအမျိုး၏ဘုရားသခင်” ဖြစ်ကြောင်း သိစေလိုခဲ့သည်။ ဒုတိယအနေနှင့် သူသည် ယေဟောဝါ၏ကျေးကျွန်ဖြစ်သည်ဟူသော သူ၏အခန်းကဏ္ဍကို အသိပေးခြင်းဖြင့် ဂုဏ်တင်ချီးမြှင့်မှုမှန်သမျှ ဘုရားသခင်ရသင့်ကြောင်း လူတိုင်းကို သိစေလိုခဲ့သည်။ နောက်ဆုံးအနေဖြင့် ယေဟောဝါသည် “လူတို့စိတ်သဘောကို ပြောင်းလဲစေ” ရန် သူအလွန်မြင်တွေ့လိုခြင်းက သူ့လူမျိုးနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင့်ကြဆဲဖြစ်ကြောင်း သူပြသခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၈:၃၆၊ ၃၇) သူတို့၏မတည်ကြည်မှုကြောင့် စိတ်ဆင်းရဲမှုများစွာဖြစ်ပေါ်ခဲ့သော်လည်း သူတို့ကို ဧလိယ ချစ်ဆဲဖြစ်သည်။ ဘုရားသခင်ထံတောင်းလျှောက်သော ကျွန်ုပ်တို့၏ဆုတောင်းချက်များတွင် ဘုရားသခင့်နာမတော်အတွက် အလားတူစိုးရိမ်မကင်းဖြစ်ကြောင်းနှင့် နှိမ့်ချမှုရှိကြောင်း၊ အကူအညီလိုအပ်နေသူတို့အား ထောက်ထားစာနာကြောင်း ကျွန်ုပ်တို့ဖော်ပြနိုင်သလော။

ဧလိယဆုမတောင်းမီ ထိုတွင်ရှိလူအုပ်သည် ယေဟောဝါလည်း ဗာလကဲ့သို့ပင် မုသာသက်သက်သာဖြစ်လေမလားဟု တွေးထင်ခဲ့ကြပေမည်။ သို့သော် ဆုတောင်းပြီးနောက် တွေးထင်ချိန်ပင်မရခဲ့ပါ။ မှတ်တမ်းကဤသို့ဆို၏– ‘ထိုအခါ ယေဟောဝါ၏မီးသည်ကျသဖြင့် မီးရှို့ရာယဇ်အစရှိသော ထင်း၊ ကျောက်၊ မြေမှုန့်ကိုလောင်၍ ကျုံး၌ရှိသောရေကိုလည်း ခန်းခြောက်စေ၏။’ (၃ ဓမ္မရာဇဝင် ၁၈:၃၈) အံ့မခန်းဖွယ် ဖြေကြားချက်ပင်! ထို့နောက် လူတို့မည်သို့တုံ့ပြန်ခဲ့ကြသနည်း။

‘ယေဟောဝါသည် ဘုရားသခင်ဖြစ်တော်မူ၏။ ယေဟောဝါသည် ဘုရားသခင်ဖြစ်တော်မူ၏’ ဟူ၍ သူတို့အားလုံး ကြွေးကြော်ကြ၏။ (၃ ဓမ္မရာဇဝင် ၁၈:၃၉) နောက်ဆုံးသော် အမှန်တရားကို သူတို့တွေ့ရှိခဲ့ကြသည်။ သို့သော် သူတို့သည် ယုံကြည်ကြောင်း ဘာတစ်ခုမျှ မတင်ပြရသေးချေ။ ပွင့်လင်းစွာဆိုရသော်၊ ဆုတောင်းချက်ကိုတုံ့ပြန်သည့်အနေနှင့် ကောင်းကင်မှမီးကျသည်ကို မြင်ရပြီးနောက် ယေဟောဝါသည် စစ်မှန်သောဘုရားသခင်ဖြစ်ကြောင်း ဝန်ခံခြင်းသည် အထင်ကြီးလောက်သည့် ယုံကြည်ခြင်းတင်ပြမှုမဟုတ်ပါ။ ထို့ကြောင့် ဧလိယသည် သူတို့၏ယုံကြည်ခြင်းကို တခြားနည်းဖြင့်တင်ပြရန် တောင်းဆို၏။ ယေဟောဝါ၏ပညတ်တရားကို နာခံခြင်းတည်းဟူသော အစောပိုင်းနှစ်များစွာကတည်းက သူတို့လုပ်သင့်သည့်အရာကို လုပ်ရန် သူတို့ကို တောင်းဆိုခဲ့သည်။ အယူမှားပရောဖက်များနှင့် အယူမှားဝတ်ပြုသူတို့သည် အသေသတ်ခြင်းခံရမည်ဟု ဘုရားသခင့်ပညတ်တရားက ဆိုခဲ့၏။ (တရားဟောရာ ၁၃:၅-၉) ထိုဗာလယဇ်ပုရောဟိတ်များသည် ယေဟောဝါဘုရားသခင်၏ရည်ရွယ်ချက်များကို တမင်ဆန့်ကျင်ခဲ့ကြသော အပြစ်ကျူးလွန်သည့်ရန်သူများဖြစ်ခဲ့ကြသည်။ သူတို့သည် သနားကြင်နာမှု ခံစားထိုက်သလော။ အပြစ်မဲ့သောကလေးများကို ဗာလထံ ပူဇော်ရာယဇ်အဖြစ် အရှင်လတ်လတ်မီးရှို့ခဲ့ကြသော ထိုသူအားလုံးတို့သည် သနားကြင်နာမှုခံစားထိုက်ပါမည်လော။ (သု. ၂၁:၁၃; ယေရမိ ၁၉:၅) ထိုသူတို့သည် သနားကြင်နာမှု လုံးလုံးမခံထိုက်သူများဖြစ်ကြသည်။ ထို့ကြောင့် သူတို့သည် ကွပ်မျက်ခံရမည်ဟု ဧလိယမိန့်ဆိုပြီး တကယ်လည်း ကွပ်မျက်ခံခဲ့ကြရသည်။—၃ ဓမ္မရာဇဝင် ၁၈:၄၀

ခေတ်သစ်ဝေဖန်ရေးသမားတချို့က ကရမေလတောင်ပေါ်တွင်ဖြစ်ပျက်ခဲ့သည့် ဤအဖြစ်အပျက်၏အဆုံးသတ်ပုံကို အပြစ်တင်ဝေဖန်ခဲ့ကြသည်။ ဝတ်ပြုရေးတွင် အစွန်းရောက်သူတို့က ဝတ်ပြုရေးတစ်ယူသန်မှုနှင့်ပတ်သက်သည့် အကြမ်းဖက်လုပ်ရပ်များသည် မှန်ကန်တရားမျှတကြောင်းပြရန် ယင်းအဖြစ်အပျက်ကို အသုံးပြုမည်ကို အချို့သူတို့စိုးရိမ်ကြပေမည်။ ယနေ့ ရက်စက်ကြမ်းတမ်းသော ဝတ်ပြုရေးတစ်ယူသန်များ အလွန်များပြားလာခြင်းမှာ ဝမ်းနည်းစရာပင်။ သို့သော် ဧလိယသည် တစ်ယူသန်သမားမဟုတ်ပါ။ သူသည် ယေဟောဝါကိုယ်စား ဖြောင့်မတ်သောတရားစီရင်ခြင်းကို ပြုလုပ်နေခြင်းဖြစ်၏။ ထို့ပြင် စစ်မှန်သောခရစ်ယာန်များသည် လူဆိုးတို့ကိုသတ်ဖြတ်သော ဧလိယ၏လမ်းစဉ်ကို လိုက်လျှောက်၍မရကြောင်း သူတို့သိကြသည်။ မေရှိယကြွလာပြီးနောက် ယေရှု၏တပည့်နောက်လိုက်အားလုံး လိုက်လျှောက်ရမည့်စံနှုန်းမှာ ပေတရုအား ခရစ်တော်မိန့်ဆိုသည့် ဤစကားတွင် တွေ့ရ၏– “သင့်ဓားကိုသူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ရောက်ကြလိမ့်မည်။” (မဿဲ ၂၆:၅၂) ယေဟောဝါသည် အနာဂတ်တွင် တရားစီရင်ရေးကိစ္စကိုလုပ်ဆောင်ရန် မိမိသားတော်ကို အသုံးပြုတော်မူလိမ့်မည်။

စစ်မှန်သောခရစ်ယာန်တစ်ဦး၏တာဝန်မှာ ယုံကြည်ခြင်းအသက်တာဖြင့် လျှောက်လှမ်းရန်ဖြစ်၏။ (ယောဟန် ၃:၁၆) ထိုသို့ပြုလုပ်နိုင်သည့်နည်းတစ်နည်းမှာ ဧလိယကဲ့သို့သော တည်ကြည်သူတို့ကို တုပရန်ဖြစ်သည်။ သူသည် ယေဟောဝါကို အကြွင်းမဲ့ဝတ်ပြုကိုးကွယ်ပြီး အခြားသူတို့ကိုလည်း ထိုအတိုင်းပြုကြရန် တိုက်တွန်းခဲ့သည်။ သူသည် ယေဟောဝါထံမှသွေဖည်သွားရန် စာတန်အသုံးပြုခဲ့သည့် လိမ်လည်လှည့်စားသောဝတ်ပြုရေးကို ရဲရင့်စွာဖော်ထုတ်ခဲ့သည်။ ထို့ပြင် သူသည် မိမိ၏ကိုယ်ပိုင်အစွမ်းအစနှင့်လိုအင်ဆန္ဒကို ယုံကြည်ကိုးစားမည့်အစား ကိစ္စရပ်များကို ယေဟောဝါကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချခဲ့၏။ စင်စစ်၊ ဧလိယသည် စင်ကြယ်သောဝတ်ပြုရေးဘက် မားမားမတ်မတ်ရပ်တည်ခဲ့သည်။ ကျွန်ုပ်တို့တစ်ဦးစီသည် သူ၏ယုံကြည်ခြင်းကို တုပနိုင်ကြပါစေ!

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 9 အာဟပ်နှင့် ဧလိယ၏အစောပိုင်းဆက်ဆံရေးနှင့်ပတ်သက်၍ ထပ်ဆင့်အချက်အလက်အတွက် ၁၉၉၂၊ ဧပြီ ၁ ရက်ထုတ် ကင်းမျှော်စင်ပါ “ဧလိယကဲ့သို့သောယုံကြည်ခြင်း သင်၌ရှိသလော” ဆောင်းပါးကို ကြည့်ပါ။

^ အပိုဒ်၊ 13 ကရမေလသည် ယင်း၏တောင်စောင်းတစ်လျှောက် ပင်လယ်မှတက်လာသည့် ရေငွေ့များသောလေကြောင့်လည်းကောင်း၊ မိုးနှင့် ဆီးနှင်းများစွာ မကြာမကြာရွာသွန်းလေ့ရှိခြင်းကြောင့်လည်းကောင်း အမြဲစိမ်းလန်းစိုပြည်လျက်နေ၏။ ဗာလကို မိုးရွာသွန်းစေသောအရှင်အဖြစ် ယုံကြည်ကြသောကြောင့် ဤတောင်သည် ဗာလဝတ်ပြုရေးအတွက် အရေးကြီးသည့်နေရာဖြစ်သည်မှာ ထင်ရှား၏။ ထို့ကြောင့် ဗာလဝတ်ပြုရေးသည် အယုံသွင်းလှည့်စားရာဖြစ်ကြောင်း ဖော်ထုတ်ရန် မသီးမပွင့်၊ သွေ့ခြောက်သောကရမေလသည် အသင့်တော်ဆုံးနေရာဖြစ်သည်။

^ အပိုဒ်၊ 17 မှတ်သားစရာမှာ ဧလိယက သူတို့ကိုဤသို့ဆို၏– ပူဇော်သောယဇ်ကောင်ကို ‘သင်တို့ မီးမထည့်ရ။’ ထိုအယူမှားသူများသည် သဘာဝလွန်အံ့ဖွယ်နည်းဖြင့် မီးထွက်လာနိုင်ပုံပေါက်စေရန် အောက်ဘက်တွင် လျှို့ဝှက်အခေါင်းပေါက်ပါသောယဇ်ပလ္လင်များကို တစ်ခါတရံအသုံးပြုခဲ့ကြသည်ဟု ကျမ်းပညာရှင်တချို့ဆိုသည်။

[စာမျက်နှာ ၂၀ ပါ အကျဉ်းဖော်ပြချက်]

ယေဟောဝါထက် အခြားမည်သည့်သခင်ကိုမဆို ရွေးချယ်ခြင်းသည် စိတ်ပျက်စရာသို့ ဦးတည်စေ

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

‘ယေဟောဝါသည် စစ်မှန်သောဘုရားသခင် မှန်၏!’