မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်သည် သင့်နှလုံးထဲတွင် ရှိသလော

ဘုရားသခင့်နိုင်ငံတော်သည် သင့်နှလုံးထဲတွင် ရှိသလော

စာရှုသူများ အမေး

ဘုရားသခင့်နိုင်ငံတော်သည် သင့်နှလုံးထဲတွင် ရှိသလော

ဘုရားသခင့်နိုင်ငံတော်သည် နှလုံးထဲတွင်ရှိသည်ဟု ယနေ့လူအများယုံကြည်ကြသည်။ ဥပမာ၊ ကက်သလစ်စွယ်စုံကျမ်းက ဤသို့အခိုင်အမာဆိုထား၏– “ဘုရားသခင့်နိုင်ငံတော်ဟူသည် ကျွန်ုပ်တို့၏နှလုံးတွင် ဘုရားသခင်စိုးမိုးနေခြင်းဖြစ်သည်။” ဤအယူအဆကို ဝတ်ပြုရေးခေါင်းဆောင်များ သွန်သင်လေ့ရှိသည်။ ဘုရားသခင့်နိုင်ငံတော်သည် လူ့နှလုံးတွင် ရှိသည်ဟု သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ပါသလော။

ဘုရားသခင့်နိုင်ငံတော်သည် လူတို့၏နှလုံးထဲတွင်ရှိသည်ဟူသော အယူအဆကို ယေရှုကိုယ်တော်တိုင် ဦးဆုံးမိန့်ဆိုခဲ့သည်ဟု အချို့သူတို့ယူဆကြသည်။ ယေရှု တကယ်ပင် ဤသို့မိန့်ဆိုခဲ့သည်– “ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့အလယ်၌ရှိ၏။” (လုကာ ၁၇:၂၁ကဘ) ဘာသာပြန်ကျမ်းအချို့တွင် ဤသို့ပြန်ဆိုထား၏– “ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အတွင်း၌ရှိ၏” သို့မဟုတ် “သင်တို့၏အထဲ၌ရှိ၏။” ယင်းတို့သည် ယေရှုစကားအသုံးအနှုန်း၏ တိကျသောပြန်ဆိုချက်များလော။ ဘုရားသခင့်နိုင်ငံတော်သည် လူ့နှလုံးထဲတွင် ရှိသည်ဟု ကိုယ်တော်အမှန်တကယ်ဆိုလိုပါသလော။

လူ့နှလုံးသည် အဘယ်အရာဖြစ်သည်ကို ဦးစွာသုံးသပ်ကြည့်ပါ။ ကျမ်းစာတွင် ရည်ညွှန်းထားသော ပုံဆောင်နှလုံးမှာ လူတစ်ဦး၏အတွေးအခေါ်၊ စိတ်နေသဘောထားနှင့် ခံစားချက်တို့စတင်ဖြစ်တည်ရာရင်းမြစ်ဖြစ်သည့် အတွင်းလူဖြစ်သည်။ ဥပမာ၊ ဘုရားသခင့်နိုင်ငံတော်သည် လူတို့ကိုပြောင်းလဲ၊ ဂုဏ်တက်စေနိုင်သည့်နည်းဖြင့် လူ့နှလုံးထဲတွင် မြင့်မြတ်သောတစ်စုံတစ်ရာအဖြစ်တည်ရှိနေသည်ဟူသော အယူအဆမှာ နှစ်သက်ဖွယ်ကောင်းပေမည်၊ သို့သော် ယင်းသွန်သင်ချက်အတွက် ခိုင်လုံသောအကြောင်းပြချက်ရှိပါသလော။

သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ဤသို့ပြော၏– “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသောသဘောရှိ၏။” (ယေရမိ ၁၇:၉) ယေရှုကိုယ်နှိုက်ဤသို့မိန့်ဆိုခဲ့၏– “လူအတွင်းရှိ စိတ်နှလုံးထဲမှထွက်လာသည့် မကောင်းသောအကြံအစည်များမှာ မတရားမေထုန်ပြုခြင်း၊ ခိုးခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ သူ့ ဥစ္စာကိုတပ်မက်ခြင်း၊ ဆိုးသွမ်းခြင်း . . . တို့ပေတည်း။” (မာကု ၇:၂၀-၂၂ကဘ) သုံးသပ်ကြည့်ပါ– ယနေ့ ကမ္ဘာပေါ်မြင်တွေ့ရသည့် များစွာသောစိတ်ဆင်းရဲမှုသည် အပြစ်ရှိသောလူတို့၏နှလုံးမှ စတင်ဖြစ်ပေါ်လာခြင်း မဟုတ်ပေလော။ ထို့ကြောင့် ဘုရားသခင်၏စုံလင်သောနိုင်ငံတော်သည် ထိုသို့သောရင်းမြစ်မှ မည်သို့ထွက်လာနိုင်မည်နည်း။ အမှန်တွင်၊ ဆူးလေပင်သည် သင်္ဘောသဖန်းသီးများ မသီးနိုင်သည်ထက် လူ့နှလုံးက ဘုရားသခင့်နိုင်ငံတော်ကို သီးပွင့်ရန် ပို၍ပင်မဖြစ်နိုင်ချေ။—မဿဲ ၇:၁၆

ဒုတိယ၊ လုကာ ၁၇:၂၁ တွင်တွေ့ရသောစကားများကို ယေရှုမိန့်တော်မူစဉ် ကိုယ်တော်မိန့်ဆိုနေသောလူပရိသတ်ကို သုံးသပ်ကြည့်ပါ။ ယင်းမတိုင်မီအခန်းငယ်တွင် ဤသို့ဖတ်သည်– ‘ဖာရိရှဲတို့သည်လာ၍၊ ဘုရားသခင်၏နိုင်ငံတော်သည် အဘယ်ကာလမှတည်ပါမည်နည်းဟု မေးလျှောက်ကြသည်။’ (လုကာ ၁၇:၂၀) ဖာရိရှဲတို့သည် ယေရှု၏ရန်သူများဖြစ်ကြသည်။ ထိုဖောက်ပြန်သူများသည် ဘုရားသခင့်နိုင်ငံတော်သို့ ဝင်ကြမည်မဟုတ်ကြောင်း ယေရှုမိန့်တော်မူခဲ့၏။ (မဿဲ ၂၃:၁၃) ဖာရိရှဲတို့သည် ဘုရားသခင့်နိုင်ငံတော်သို့ ဝင်မည်မဟုတ်သောကြောင့် သူတို့နှလုံးထဲတွင် ဘုရားသခင့်နိုင်ငံတော်ရှိနိုင်မည်လော။ မဖြစ်နိုင်ပါ! သို့ဆိုလျှင် ယေရှုအဘယ်အရာ ဆိုလိုခဲ့သနည်း။

ယေရှု၏ထိုစကားများကို ပြန်ဆိုရာတွင် သတိဝီရိယရှိရှိပြန်ဆိုသော ကျမ်းစာဘာသာပြန်ကျမ်းအတော်များများက ကမ္ဘာသစ်ဘာသာပြန်ကျမ်းတွင် တွေ့ရသော အလားတူစကားလုံးကို အသုံးပြုကြသည်။ ဘုရားသခင့်နိုင်ငံတော်သည် “သင်တို့အကြားတွင်” သို့မဟုတ် “သင်တို့အလယ်တွင်” ဟူ၍အချို့ဘာသာပြန်ကျမ်းကဆိုသည်။ ဘုရားသခင့်နိုင်ငံတော်သည် ဖာရိရှဲတို့အပါအဝင် ထိုအချိန်က ထိုလူတို့အလယ်တွင် မည်သို့ရှိခဲ့သနည်း။ ယေရှုသည် ဘုရားသခင့်နိုင်ငံတော်ဘုရင်အဖြစ် ယေဟောဝါဘုရားသခင်ခန့်အပ်ခဲ့သူဖြစ်၏။ မင်းလောင်းအနေနှင့် ယေရှုသည် ထိုလူတို့အလယ်တွင် ရှိခဲ့သည်။ ဘုရားသခင့်နိုင်ငံတော်အကြောင်း ကိုယ်တော်သင်ပေးခဲ့ပြီး အံ့ဖွယ်အမှုများပင်ပြုလုပ်ကာ ထိုဘုရားသခင့်နိုင်ငံတော်က ပြီးမြောက်စေမည့်အရာကို ကြို၍မြင်တွေ့စေသည်။ ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်သည် အမှန်တကယ်ပင် သူတို့အလယ်တွင်ရှိခဲ့သည်။

ရှင်းနေသည်မှာ၊ ဘုရားသခင့်နိုင်ငံတော်သည် လူတို့၏နှလုံးတွင် ရှိသည်ဟူသောအယူအဆကို ထောက်ခံသည့် အဘယ်ကျမ်းချက်မျှမရှိပါ။ ယင်းအစား ဘုရားသခင့်နိုင်ငံတော်မှာ ပရောဖက်များကြိုဟောထားခဲ့ကြသည့်အတိုင်း ကမ္ဘာမြေပေါ် သိသာထင်ရှားသောပြောင်းလဲမှုများကိုဖြစ်စေမည့် အမှန်တည်ရှိသော အုပ်ချုပ်ရေးတစ်ခုဖြစ်သည်။—ဟေရှာယ ၉:၆၊ ၇; ဒံယေလ ၂:၄၄၊ ၄၅