မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝရည်ရွယ်ချက်ကား အဘယ်နည်း

ဘဝရည်ရွယ်ချက်ကား အဘယ်နည်း

ဘဝရည် ရွယ်ချက်ကား အဘယ်နည်း

ယင်းမေးခွန်း၏အဖြေသည် အဘယ်ကြောင့် အရေးကြီးသနည်း။ လူတို့ကို စိတ်အဆင်းရဲဆုံးဖြစ်စေသည့်အရာထဲမှတစ်ခုမှာ ဘဝသည် အဓိပ္ပာယ်မရှိ၊ ရည်ရွယ်ချက်မရှိဟူသော ထင်မြင်ချက်ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ရှင်းလင်းပြတ်သားသော ဘဝရည်ရွယ်ချက်ရှိသူသည် အလိုက်သင့်နေထိုင်တတ်သည်။ ဦးနှောက်နှင့်အာရုံကြောပါရဂူနှင့် မီးလောင်တိုက်သွင်းခြင်းမှ လွတ်မြောက်ခဲ့သူ ဗစ်တာ အီး. ဖရဲန်ကာလ်က ဤသို့ရေးခဲ့သည်– “အဆိုးဆုံးအခြေအနေများကိုပင် လွတ်မြောက်ရန် လူတစ်ဦးကို ထိရောက်စွာထောက်ကူပေးမည့်အရာမှာ သူ့ဘဝအဓိပ္ပာယ်ရှိသည်ဟု သိမှတ်ခြင်းကဲ့သို့သောအရာ ကမ္ဘာပေါ်တွင် အခြားမရှိတော့ကြောင်း ကျွန်ုပ်ပြောဝံ့သည်။”

သို့သော် ဤအကြောင်းနှင့်ပတ်သက်၍ ယူဆချက်အမျိုးမျိုးရှိ၏။ လူတစ်ဦး၏ဘဝရည်ရွယ်ချက်ကို သူကိုယ်တိုင်ဆုံးဖြတ်ရန်ဖြစ်သည်ဟု လူများစွာခံစားကြသည်။ ယင်းနှင့်ဆန့်ကျင်လျက် ဆင့်ကဲအယူယုံကြည်သူအချို့က ဘဝတွင် တည်မြဲသောအဓိပ္ပာယ်မရှိဟု သွန်သင်ကြသည်။

သို့သော် ဘဝရည်ရွယ်ချက်ကို ရှာတွေ့နိုင်သည့် ယုတ္တိအရှိဆုံးနည်းမှာ အသက်ပေးရှင် ယေဟောဝါဘုရားသခင်ထံမှ  သင်ယူခြင်းဖြစ်သည်။  ဤအကြောင်းနှင့်ပတ်သက်၍ ကိုယ်တော်၏နှုတ်မြွက်စကားတော်က အဘယ်အရာမိန့်တော်မူသည်ကို သုံးသပ်ပါ။

သမ္မာကျမ်းစာမိန့်ဆိုသည့်အရာ

ယေဟောဝါဘုရားသခင်သည် လူယောက်ျားနှင့် လူမိန်းမကို ဖန်ဆင်းတော်မူသောအခါ သူတို့အတွက် သတ်သတ်မှတ်မှတ်ရည်ရွယ်ချက်ရှိကြောင်း သမ္မာကျမ်းစာဖော်ပြသည်။ ယေဟောဝါသည် ကျွန်ုပ်တို့၏ကနဦးမိဘကို အောက်ပါအမိန့် ပေးခဲ့သည်။

ကမ္ဘာဦး ၁:၂၈“အချင်းတို့ များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍မြေပေါ်မှာလှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့။”

အာဒံ၊ ဧဝနှင့် သူတို့သားသမီးများသည် ကမ္ဘာမြေတစ်ခုလုံးကို ပရဒိသုဖြစ်စေရန်ပြုလုပ်ဖို့ ဘုရားသခင်ရည်ရွယ်တော်မူခဲ့သည်။ လူတို့သည် အိုမင်းလာပြီး သေဆုံးရန် ကိုယ်တော်မရည်ရွယ်ခဲ့သကဲ့သို့ ပတ်ဝန်းကျင်ကိုပျက်စီးစေရန်လည်း ကိုယ်တော်အလိုမရှိခဲ့ပါ။ သို့သော် ကျွန်ုပ်တို့၏ပထမမိဘသည် ပညာမဲ့စွာရွေးချယ်ကြသောကြောင့် အပြစ်နှင့်သေခြင်းကို ကျွန်ုပ်တို့အမွေရရှိခဲ့ကြသည်။ (ကမ္ဘာဦး ၃:၂-၆; ရောမ ၅:၁၂) ထိုသို့ဖြစ်သည့်တိုင် ယေဟောဝါ၏ရည်ရွယ်တော်မူချက်မပြောင်းလဲခဲ့ပါ။ မကြာမီ ကမ္ဘာမြေသည် ပရဒိသုဖြစ်လာပါလိမ့်မည်။—⁠ဟေရှာယ ၅၅:၁၀၊ ၁၁

ယေဟောဝါသည် ကိုယ်တော်၏ရည်ရွယ်ချက် ပြည့်စုံစေရန် ကျွန်ုပ်တို့ကို ကာယပိုင်းလုပ်နိုင်စွမ်းနှင့် စဉ်းစားဆင်ခြင်နိုင်စွမ်းတို့ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ ကိုယ်တော့်ကိုမမှီခိုဘဲ သီးခြားအသက်ရှင်ရန် ကျွန်ုပ်တို့ကို မဖန်ဆင်းခဲ့ပါ။ အောက်ပါကျမ်းပိုဒ်များတွင် ဖော်ပြထားသော ကျွန်ုပ်တို့နှင့်စပ်လျဉ်းသည့် ဘုရားသခင့်ရည်ရွယ်ချက်ကို မှတ်သားပါ။

ဒေ. ၁၂:၁၃“အချုပ်အခြာစကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။”

မိက္ခာ ၆:⁠၈‘တရားသဖြင့်ပြုခြင်း၊ သနားကြင်နာခြင်းကိုနှစ်သက်ခြင်း၊ သင်၏ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့်ကျင့်နေခြင်းမှတစ်ပါး အဘယ်ပူဇော်ရာယဇ်ကို ထာဝရဘုရားသခင်တောင်းတော်မူသနည်း။’

မဿဲ ၂၂:၃၇-၃၉‘သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်လော့ ဟူသောပညတ်သည် ပထမပညတ်ဖြစ်၏။ ကြီးမြတ်သောပညတ်လည်းဖြစ်၏။ ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။’

သမ္မာကျမ်းစာအဖြေက စစ်မှန်သောစိတ်ငြိမ်သက်မှု ဖြစ်စေပုံ

ရှုပ်ထွေးသော မည်သည့်စက်ပစ္စည်းမဆိုသည် ကောင်းမွန်စွာလည်ပတ်နိုင်ရန် ယင်းစက်တီထွင်သူကြံရွယ်ထားသည့်ရည်ရွယ်ချက်နှင့် နည်းစနစ်အတိုင်း အသုံးပြုရမည်ဖြစ်၏။ အလားတူ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေး၊ စိတ်ဓာတ်ရေးနှင့် စိတ်လှုပ်ရှားမှု သို့မဟုတ် ကာယရေးတို့တွင် မိမိတို့ကိုယ်တိုင်ကြောင့် ပျက်စီးသွားခြင်းမဖြစ်လိုလျှင် ကျွန်ုပ်တို့ကိုဖန်ဆင်းသောအရှင် ကြံရွယ်ခဲ့သည့်နည်းအတိုင်း ကျွန်ုပ်တို့၏အသက်တာကို အသုံးပြုဖို့လိုအပ်သည်။ ဘုရားသခင့်ရည်ရွယ်တော်မူချက်ကို ကျွန်ုပ်တို့သိထားခြင်းက အောက်ဖော်ပြပါဘဝကဏ္ဍအသီးသီးတွင် စိတ်ငြိမ်သက်မှု မည်သို့ဖြစ်စေနိုင်သည်ကို စဉ်းစားကြည့်ပါ။

ဦးစားထားရာများ ချမှတ်ရာတွင် ယနေ့လူများစွာသည် စည်းစိမ်ဥစ္စာစုဆောင်းရန် သူတို့ဘဝကို မြှုပ်နှံထားကြသည်။ သို့သော် ကျမ်းစာဤသို့သတိပေးထားသည်– “ငွေရတတ်ခြင်းငှာအလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သောတပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။”—⁠၁ တိမောသေ ၆:၉၊ ၁၀

အခြားတစ်ဖက်တွင်မူ ငွေကြေးထက် ဘုရားသခင်ကိုချစ်မြတ်နိုးရန် သင်ယူကြသူတို့သည် ရောင့်ရဲခြင်း၏လျှို့ဝှက်ချက်ကို တွေ့ ရှိကြသည်။ (၁ တိမောသေ ၆:၇၊ ၈) သူတို့သည် အလုပ်ကြိုးစားခြင်း၏တန်ဖိုးကို နားလည်ကြပြီး မိမိတို့၏ကာယရေးလိုအပ်ရာများကို ထောက်ပံ့ရန်တာဝန်ရှိကြောင်း သိထားကြသည်။ (ဧဖက် ၄:၂၈) သို့ သော် ယေရှု၏ဤသတိပေးစကားကိုလည်း သူတို့အလေးအနက်ထားကြသည်– ‘အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကိုမှီခို၍ တစ်ဦးကိုမခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကိုလည်းကောင်း၊ လောကစည်းစိမ်အစေကိုလည်းကောင်း မခံနိုင်ကြ။’—⁠မဿဲ ၆:၂၄

ထို့ကြောင့် မိမိတို့၏ဦးစားထားရာများအဖြစ် လောကအလုပ် သို့မဟုတ် စည်းစိမ်ဥစ္စာနောက်လိုက်ခြင်းပြုမည့်အစား ဘုရားသခင်ကိုချစ်သော ထိုသူတို့သည် မိမိတို့ဘဝအသက်တာတွင် ကိုယ်တော်၏အလိုတော်ကို အဓိကဦးစားထားရာဖြစ်စေကြသည်။ ဘုရားသခင့်အလိုတော်ထမ်းဆောင်ခြင်းကို မိမိတို့ဘဝတွင် အရေးကြီးဆုံးအရာအဖြစ် ရှုမြင်မည်ဆိုလျှင် မိမိတို့ကို ယေဟောဝါဘုရားသခင်ကြည့်ရှုစောင့်ရှောက်မည်ဖြစ်ကြောင်း သိထားကြသည်။ အမှန်တွင် ထိုသို့ပြုရန်လည်း မိမိတွင်တာဝန်ရှိသည်ဟု ယေဟောဝါရှုမြင်သည်။—⁠မဿဲ ၆:၂၅-၃၃

လူတို့နှင့်ဆက်ဆံရာတွင် လူများစွာသည် မိမိကိုယ်မိမိ ဦးစားပေးကြသည်။ ယနေ့ လောကတွင် ငြိမ်သက်မှုကင်းမဲ့နေရခြင်းမှာ အဓိကအားဖြင့် လူများစွာသည် “ကိုယ်ကိုကိုယ်ချစ်သောသူ၊ . . . ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ” ဖြစ်လာကြသောကြောင့်ဖြစ်သည်။ (၂ တိမောသေ ၃:၂၊ ၃) တစ်ဦးတစ်ယောက်က သူတို့ကို စိတ်ပျက်စေသည် သို့မဟုတ် သူတို့၏ရှုမြင်ပုံကိုသဘောမတူပေးသည့်အခါ ထိုသူတို့သည် “စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်းတို့ကို” ပြုတတ်ကြသည်။ (ဧဖက် ၄:၃၁) ထိုသို့သောချုပ်တည်းမှုကင်းမဲ့ခြင်းက စိတ်ငြိမ်သက်မှုဖြစ်စေမည့်အစား “ရန်ကိုနှိုးဆော်” ရုံသာရှိ၏။—⁠သု. ၁၅:၁၈

ယင်းနှင့်ဆန့်ကျင်လျက် ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဘုရားသခင့်ပညတ်ကို လိုက်လျှောက်သူတို့သည် “အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ . . . အချင်းချင်းအပြစ်လွှတ်ခြင်း” ရှိကြသည်။ (ဧဖက် ၄:၃၂; ကောလောသဲ ၃:၁၃) အခြားသူများက သူတို့ကို ကြင်နာမှုရှိရှိမဆက်ဆံလျှင်ပင် သူတို့သည် “ကဲ့ရဲ့ခြင်းကိုခံရသောအခါ ပြန်၍မကဲ့ရဲ့” သောယေရှုကို တုပဖို့ ကြိုးစားကြသည်။ (၁ ပေတရု ၂:၂၃) ယေရှုကဲ့သို့ပင် လူတို့သည် သူတစ်ပါးအကျိုးကို—⁠မိမိတို့၏လုပ်ဆောင်ပေးမှုကို တန်ဖိုးမထားသူတို့၏အကျိုးကိုပင်—⁠သယ်ပိုးပေးခြင်းမှ ကျေနပ်ရောင့်ရဲမှုဖြစ်စေကြောင်း နားလည်ကြသည်။ (မဿဲ ၂၀:၂၅-၂၈; ယောဟန် ၁၃:၁၄၊ ၁၅; တမန်တော် ၂၀:၃၅) ယေဟောဝါဘုရားသခင်သည် မိမိသားတော်ကို တုပသူတို့အား ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ပေးကာ ယင်းဝိညာဉ်တော်သည် သူတို့၏အသက်တာတွင် စစ်မှန်သောငြိမ်သက်မှုခံစားစေသည်။—⁠ဂလာတိ ၅:၂၂

သို့သော် အနာဂတ်နှင့်ပတ်သက်သော သင့်ရှုမြင်ပုံက သင့်စိတ်ငြိမ်သက်မှုအပေါ် မည်သို့အကျိုးသက်ရောက်မှု ရှိနိုင်သနည်း။

[စာမျက်နှာ ၆ ပါပုံစာ]

လူတစ်ဦးသည် ရှင်းလင်းပြတ်သားသော ဘဝရည်ရွယ်ချက် ရှိရန် လိုသည်

[စာမျက်နှာ ၇ ပါပုံစာ]

စိတ်ငြိမ်သက်မှု ရရှိနိုင်ပုံကို ယေရှုသွန်သင်ပေး