မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မှန်သောဘုရားသခင်နှင့်ပတ်သက်၍

မှန်သောဘုရားသခင်နှင့်ပတ်သက်၍

ယေရှုထံမှ ကျွန်ုပ်တို့သင်ယူရရှိရာ

မှန်သောဘုရားသခင်နှင့်ပတ်သက်၍

ဘုရားသခင်၌ အမည်နာမရှိပါသလော

ဘုရားသခင်၌ နာမတော်ရှိသည်ဟု ယေရှုသွန်သင်ပေးခဲ့သည်။ ယေရှုဤသို့မိန့်တော်မူခဲ့၏– “ထို့ကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။” (မဿဲ ၆:၉) ဘုရားသခင်၏နာမတော်မှာ ယေဟောဝါဖြစ်သည်ဟု သမ္မာကျမ်းစာက ဖော်ပြသည်။ (ဆာလံ ၈၃:၁၈; ယေရမိ ၃၃:၂) ယေရှုသည် တပည့်များနှင့်ပတ်သက်၍ ခမည်းတော်ထံဆုတောင်းသည့်အခါ “ကိုယ်တော်၏နာမကို အကျွန်ုပ်သည် သူတို့အားပြညွှန်ပါပြီ” ဟုမိန့်တော်မူခဲ့သည်။—ယောဟန် ၁၇:၂၆

ယေဟောဝါကား မည်သူနည်း

ယေဟောဝါသည် ဖန်ဆင်းရှင်ဖြစ်တော်မူသောကြောင့် ယေရှုက ယေဟောဝါအား “မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော” ဟုခေါ်ခဲ့သည်။ (ယောဟန် ၁၇:၃) “အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ . . . သည်ကိုသင်တို့မဖတ်ဖူးသလော” ဟုယေရှုမိန့်တော်မူခဲ့သည်။ (မဿဲ ၁၉:၄၊ ၅) “ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏” ဟူ၍လည်း ယေရှုမိန့်တော်မူခဲ့သည်။ (ယောဟန် ၄:၂၄) သို့ဖြစ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်ကို မမြင်နိုင်ကြပါ။—ထွက်မြောက်ရာ ၃၃:၁၇-၂၀

ဘုရားသခင်သည် ကျွန်ုပ်တို့ထံမှ အဘယ်အရာ မျှော်လင့်တော်မူသနည်း

လူတစ်ဦးက ယေရှုအား အဘယ်ပညတ်သည် အကြီးမြတ်ဆုံးပညတ်ဖြစ်သနည်းဟု မေးခဲ့ချိန်တွင် ကိုယ်တော်ဤသို့မိန့်တော်မူခဲ့၏– ‘အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင်ယေဟောဝါသည် တစ်ဆူတည်းသောဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရားသခင်သည် တစ်ပါးတည်းဖြစ်တော်မူ၏။ သင်၏ဘုရားသခင်ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။ ဤပညတ်သည် ပထမပညတ်ဖြစ်၏။’ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့” သည် ဒုတိယပညတ်ဖြစ်သည်။—မာကု ၁၂:၂၈-၃၁

ဘုရားသခင်ကို ကျွန်ုပ်တို့ချစ်မြတ်နိုးကြောင်း မည်သို့တင်ပြနိုင်သနည်း

ယေရှုက “ငါသည် ခမည်းတော်ကိုချစ်သည်” ဟုမိန့်တော်မူခဲ့သည်။ ကိုယ်တော်၏မေတ္တာကို မည်သို့တင်ပြခဲ့သနည်း။ “ခမည်းတော်မှာတော်မူသည်အတိုင်း ငါပြုသည်” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၄:၃၁) “နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်” ဟူ၍လည်း မိန့်တော်မူခဲ့သည်။ (ယောဟန် ၈:၂၉) ကျွန်ုပ်တို့သည် ဘုရားသခင်အကြောင်းသင်ယူခြင်းဖြင့် ကိုယ်တော်ကိုပျော်ရွှင်စေနိုင်ကြသည်။ တပည့်များအတွက် ယေရှုဆုတောင်းပေးချိန်တွင် “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို . . . သိကျွမ်းခြင်းတည်း” ဟုမိန့်တော်မူခဲ့သည်။—ယောဟန် ၁၇:၃; ၁ တိမောသေ ၂:၄

ဘုရားသခင်အကြောင်း ကျွန်ုပ်တို့ မည်သို့သင်ယူနိုင်သနည်း

ဘုရားသခင်အကြောင်းသင်ယူနိုင်သည့်  နည်းတစ်နည်းမှာ ကိုယ်တော်ဖန်ဆင်းထားရာများကို ကြည့်ရှုမှတ်သားခြင်းအားဖြင့်ဖြစ်သည်။ ဥပမာ၊ ယေရှုဤသို့မိန့်တော်မူခဲ့၏– “မိုးကောင်းကင်၌ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကိုမစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကိုကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။” ယေရှု၏ အဓိကဆိုလိုချက်မှာ အဘယ်နည်း။ ကျွန်ုပ်တို့၏ ကာယလိုအပ်ရာများအတွက် စိုးရိမ်ပူပန်မှုကြောင့် ဘုရားသခင်အမှုတော်ဆောင်ခြင်းကို ရပ်တန့်သွားစေရန် ခွင့်မပြုသင့်ပါ။—မဿဲ ၆:၂၆-၃၃

ယေဟောဝါကိုသိကျွမ်းရန် အကောင်းဆုံးနည်းမှာ ကိုယ်တော်၏နှုတ်မြွက်စကားတော် သမ္မာကျမ်းစာကို လေ့လာခြင်းအားဖြင့်ဖြစ်သည်။ ယေရှုက ကျမ်းစာကို ‘ဘုရားသခင်၏နှုတ်မြွက်တရားတော်’ ဟုခေါ်ဆိုခဲ့သည်။ (လုကာ ၈:၂၁) ယေရှုက ဘုရားသခင်အား ‘ကိုယ်တော်၏နှုတ်မြွက်တော်သည် အမှန်တရားဖြစ်ပါ၏’ ဟုမိန့်တော်မူခဲ့သည်။—ယောဟန် ၁၇:၁၇; ၂ ပေတရု ၁:၂၀၊ ၂၁

ယေဟောဝါနှင့်ပတ်သက်သောအမှန်တရားကို သင်ယူရန် လူများကို ယေရှုကူညီတော်မူခဲ့သည်။ ယေရှုနှင့်ပတ်သက်၍ ကိုယ်တော့်တပည့်တစ်ဦး ဤသို့ဆိုခဲ့၏– “လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကိုဖွင့်ပြတော်မူသောအခါ ငါတို့စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည်မဟုတ်လော။” (လုကာ ၂၄:၃၂) ဘုရားသခင်အကြောင်း သင်ယူရာတွင် ကျွန်ုပ်တို့သည် နှိမ့်ချမှုနှင့် တလိုတလားသင်ယူလိုစိတ် ရှိရမည်။ ယေရှုဤသို့မိန့်တော်မူခဲ့၏– “သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။”—မဿဲ ၁၈:၃

ဘုရားသခင်နှင့်ပတ်သက်သောအသိပညာသည် အဘယ်ကြောင့် ပျော်ရွှင်မှုကိုဖြစ်စေသနည်း

ကျွန်ုပ်တို့သည် ဘဝရည်ရွယ်ချက်အကြောင်းကို နားလည်ဖို့လိုအပ်ပြီး ယင်းကို နားလည်စေရန် ဘုရားသခင် ကူညီတော်မူသည်။ ယေရှုဤသို့မိန့်တော်မူခဲ့၏– “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏။” (မဿဲ ၅:၃ကဘ) ယေဟောဝါသည် ကျွန်ုပ်တို့အား အကောင်းဆုံးဘဝလမ်းစဉ်ကို သွန်သင်ပေးသည်။ ‘ဘုရားသခင်၏နှုတ်မြွက်စကားတော်ကိုနာ၍ ကျင့်စောင့်သောသူသည် မြတ်စွာသောမင်္ဂလာရှိသည်’ ဟုယေရှုမိန့်တော်မူခဲ့သည်။—လုကာ ၁၁:၂၈; ဟေရှာယ ၁၁:၉

ထပ်ဆင့်အချက်အလက်အတွက် သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း အခန်း ၁ တွင်ကြည့်ပါ။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 17 ယေဟောဝါသက်သေများ ထုတ်ဝေသည်။

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

“ကိုယ်တော်၏နာမကို အကျွန်ုပ်သည် သူတို့အားပြညွှန်ပါပြီ။” —ယောဟန် ၁၇:၂၆

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

ဖန်ဆင်းရာများနှင့် သမ္မာကျမ်းစာမှ ယေဟောဝါအကြောင်း ကျွန်ုပ်တို့သင်ယူနိုင်