မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါအား ချီးမွမ်းသည့် နေရာ

ယေဟောဝါအား ချီးမွမ်းသည့် နေရာ

ယေဟောဝါအား ချီးမွမ်းသည့် နေရာ

“ကိုယ့်မျက်စိကိုတောင် ကိုယ်မယုံနိုင်ဘူး။ အတူတကွ စုဝေးပြီး ယေဟောဝါကို ချီးမွမ်းဖို့အတွက် ဒီလောက်လှတဲ့ခန်းမတစ်ခုကို ပိုင်ဆိုင်ရလိမ့်မယ်လို့ တစ်ခါမှစိတ်မကူးခဲ့ ဖူးဘူး။ ကျွန်မခံစားနေရတဲ့ ရွှင်လန်းမှုမျိုးကို ငွေနဲ့ ဝယ်နိုင်မှာမဟုတ်ဘူး။”—မာရီးယား၊ မက္ကစီကို။

ယေဟောဝါသက်သေများသည် ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာအကြောင်းသင်ယူရန် အတူတကွစုဝေးခြင်းတွင် ပျော်မွေ့ကြသည်။ (ဆာလံ ၂၇:၄; ဟေဗြဲ ၁၀:၂၃-၂၅) ထိုသို့သင်ယူရန်အတွက် သင့်လျော်သည့်ဝတ်ပြုနေရာများတွင် အတူတကွစုဝေးနိုင်ကြသည့်အခါ အထူးသဖြင့် သူတို့ပျော်ရွှင်ကြသည်။ မကြာသေးမီနှစ်များအတွင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများစွာတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမဟုသိကြသည့် ဝတ်ပြုရာခန်းမအသစ်ထောင်နှင့်ချီ တည်ဆောက်ခဲ့ကြသည်။

ဤဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ဆောင်ရန် အဘယ်အရာက တွန်းအားပေးခဲ့သနည်း။ မည်သူတို့က တည်ဆောက်ခဲ့ကြသနည်း။ ယင်းဆောက်လုပ်ရေးလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်သူတို့အပေါ် အဘယ်အကျိုးသက်ရောက်မှုရှိသနည်း။ ယင်းမေးခွန်းများ၏အဖြေရရှိရန် မက္ကစီကိုနှင့် ဘီလိဇ်တွင်ဖြစ်ပျက်ခဲ့ရာကို သုံးသပ်ကြည့်ပါ။

ဝတ်ပြုရာခန်းမအသစ် ထောင်နှင့်ချီလိုအပ်ခဲ့

ယခင်က မက္ကစီကိုရှိ ယေဟောဝါသက်သေများသည် အိမ်နောက်ဖေးခြံဝင်းများ၊ သက်သေခံတို့၏အိမ်များ၊ ကုန်လှောင်ရုံများ၊ မော်တော်ကားရုံများ သို့မဟုတ် ငှားရမ်းထားသည့်ခန်းမများစသည့် ရနိုင်သည့်မည်သည့်နေရာတွင်မဆို စုဝေးဝတ်ပြုခဲ့ကြသည်။ ထိုအချိန်က တည်ကြည်သောသက်သေခံများသည် ကိုယ်ပိုင်ဝတ်ပြုရာခန်းမဆောက်နိုင်လျှင် မည်မျှကောင်းမည်ကို မကြာခဏစဉ်းစားခဲ့ကြသည်။

၁၉၉၄ ခုနှစ်တွင် မက္ကစီကိုတွင် သက်သေခံ ၃၈၈,၀၀၀ ရှိသည်။ ထိုနှစ်တွင် အားလုံးကိုယ်ပိုင်ဝတ်ပြုရာနေရာများ ရှိဖို့ဆိုလျှင် ဝတ်ပြုရာခန်းမအသစ် ၃,၃၀၀ ဆောက်ရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ကြီးမားလှသည့် လုပ်ငန်းတာဝန်ကြီးပါတကား!

ဒေသခံအသင်းတော်တချို့က သူတို့တတ်နိုင်သည့်အချိန်တွင် ကိုယ်ပိုင်ဝတ်ပြုရာခန်းမများကို တည်ဆောက်ခဲ့ကြသည်။ သို့သော် နောက်ငါးနှစ်ကျော်သည့်အခါ ဝတ်ပြုရာခန်းမများလိုအပ်မှုသည် ပို၍တိုးများလာကြောင်း၊ ခန်းမများပို၍ဆောက်လုပ်ဖို့—ပို၍မြန်မြန်ဆောက်ဖို့လိုကြောင်း ထင်ရှားလာခဲ့သည်။ ယင်းလိုအပ်ချက်ကို မည်သို့ဖြေရှင်းသနည်း။

ကျွမ်းကျင်သောစေတနာ့ဝန်ထမ်း နယ်လှည့်အုပ်စုများ

၁၉၉၉ ခုနှစ်တွင် ဆောက်လုပ်ရေးအစီအစဉ်သစ်တစ်ခု စတင်ခဲ့သည်။ မက္ကစီကိုနိုင်ငံတစ်ဝန်းတွင် ဝတ်ပြုရာခန်းမဆောက်လုပ်ရေးအုပ်စုများ ဖွဲ့စည်းခဲ့သည်။ ဤစိတ်လှုပ်ရှားဖွယ်ကောင်းသော အစီအစဉ်တွင် စေတနာ့ဝန်ထမ်းရန် ကမ္ဘာတစ်ဝန်းမှ ယေဟောဝါသက်သေများ—အများစုသည် ဆောက်လုပ်ရေးလုပ်ငန်းတွင် ကျွမ်းကျင်သူများ—ပါဝင်ခဲ့ကြသည်။ ယခုလောလောဆယ်တွင် မက္ကစီကို၌ ထိုကဲ့သို့သောအုပ်စု ၃၅ ခုရှိပြီး ဘီလိဇ်တွင် အုပ်စုတစ်စုရှိသည်။

ထိုဝတ်ပြုရာခန်းမဆောက်လုပ်ရေးအုပ်စုတစ်ခုတွင် များသောအားဖြင့် အမျိုးသား၊ အမျိုးသမီး စေတနာ့ဝန်ထမ်း ရှစ်ဦးခန့်ပါဝင်ပြီး သူတို့သည် အချိန်ပြည့်လုပ်သားများဖြစ်ကြကာ အခကြေးငွေမရကြပါ။ စေတနာ့ဝန်ထမ်းအုပ်စုတိုင်းသည် ဆောက်လုပ်ရေးစီမံကိန်းများကိုဦးဆောင်ရန် နိုင်ငံအတွင်း ဒေသတစ်ခုမှ နောက်တစ်ခုသို့ ပြောင်းရွှေ့ကြသည်။ စေတနာ့ဝန်ထမ်းယောက်တိုင်းသည် တစ်နေ့ ရှစ်နာရီ၊ တနင်္လာနေ့မှ သောကြာနေ့အထိနှင့် အချို့သောစနေနေ့များတွင်လည်း လုပ်ဆောင်ကြရသည်။ နံနက် ၇ နာရီတွင် ကျမ်းချက်တစ်ချက် ဆွေးနွေးခြင်းဖြင့် နေ့တစ်နေ့ကိုစတင်ကြပြီး ယင်းနောက် နံနက်စာစားကြသည်။ အားလုံးသည် ပေးအပ်ခံရသောမည်သည့်အလုပ်ကိုမဆိုလုပ်ရန် တလိုတလားရှိကြသည်။ ဥပမာ၊ အမျိုးသမီးများသည် အမျိုးသားများနှင့်အတူ အင်္ဂတေကိုင်ခြင်း၊ ကြွေပြားကပ်ခြင်း၊ ဆေးသုတ်ခြင်းကဲ့သို့သော အလုပ်များကို လုပ်ဆောင်ကြသည်။

ဒေသခံအသင်းတော်သည် နယ်လှည့်စေတနာ့ဝန်ထမ်းများအတွက် နေရာထိုင်ခင်းစီစဉ်ပေးခြင်း၊ အဝတ်အစားလျှော်ဖွပ်ပေးခြင်း၊ အစားအသောက်ပြင်ဆင်ပေးခြင်းတို့တွင် အကူအညီပေးကြသည်။ ခန်းမဆောက်လုပ်ရေးတွင် အတူတကွလုပ်ဆောင်ကြသည့်အပြင် စေတနာ့ဝန်ထမ်းများနှင့် ဒေသခံသက်သေခံများသည် ခရစ်ယာန်အစည်းအဝေးများတွင်နှင့် တံခါးဝတစ်ခုမှတစ်ခုသို့ ဟောပြောခြင်းလုပ်ငန်း၌ ပါဝင်ချိန်တို့တွင် အတူတကွပေါင်းသင်းရသည်ကို ပျော်မွေ့ကြသည်။

စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်လာခြင်း၏ အကျိုးကျေးဇူးများ

ထိုစေတနာ့ဝန်ထမ်းများသည် မိမိတို့လုပ်ဆောင်ရသည့်အလုပ်နှင့်ပတ်သက်၍ မည်သို့ခံစားရသနည်း။ “အပူထဲ၊ အအေးထဲမှာ အလုပ်လုပ်ရတယ်၊ စားနေကျမဟုတ်တဲ့အစာကို စားရတယ်၊ မကြာခဏပြောင်းရွှေ့ရတယ်၊ မိသားစုနဲ့ဝေးနေတယ်၊ ခေတ်မီပစ္စည်းအများကြီး မရှိတာတော့ မှန်ပါတယ်” ဟုစေတနာ့ဝန်ထမ်းအဖြစ် သုံးနှစ်ကျော်လုပ်ဆောင်ခဲ့ပြီးဖြစ်သူ ဒံနီယယ်ကပြောသည်။ “ဒါပေမဲ့ ကျွန်တော်တို့ရရှိတဲ့ ကောင်းချီးတွေနဲ့ ယှဉ်လိုက်တဲ့အခါ အခက်အခဲပြဿနာတွေဟာ ဘာမှမဟုတ်တော့ဘူး” ဟုသူဆက်ပြော၏။

ယင်းကောင်းချီးများထဲမှ တချို့မှာအဘယ်နည်း။ စေတနာ့ဝန်ထမ်းများစွာသည် အသစ်သောဆောက်လုပ်ရေးအတတ်ပညာများကို သင်ယူရရှိကြသည်။ သို့သော် ပို၍ကြီးသောအုပ်စုတစ်ခုကို ကြီးကြပ်သူ ကာလိုအမည်ရှိ စေတနာ့ဝန်ထမ်းတစ်ဦးက ပို၍အရေးပါသော အကျိုးကျေးဇူးတစ်ခုကို သူခံစားရသည်ဟု ဆိုသည်။ “ကျွန်တော်တို့ဟာ အယောက် ၂၀ ရှိတဲ့ မိသားစုတစ်ခုနဲ့ ပိုတူလာတယ်” ဟုသူပြောသည်။ “ကျွန်တော်တို့ အတူစားကြတယ်၊ အတူအလုပ်လုပ်ကြတယ်၊ အတူလေ့လာကြတယ်၊ အတူဆုတောင်းကြတယ်။ တကယ့်ကိုရင်းနှီးတဲ့နှောင်ကြိုးတွယ်လာတယ်။”

ဆောက်လုပ်ရေးအုပ်စုများသည် မိမိတို့အကူအညီပေးရသော ဒေသခံအသင်းတော်များနှင့်လည်း ရင်းနှီးသောနှောင်ကြိုးတွယ်ခဲ့ကြသည်။ စီမံကိန်း ၁၀၀ ကျော်တွင် ပါဝင်လုပ်ဆောင်ခဲ့သူဟိုစေး ဤသို့ပြော၏– “ဒေသခံသက်သေခံတွေဟာ ဝတ်ပြုရာခန်းမအသစ်တစ်ခုရလိုတဲ့ သူတို့ရဲ့အိပ်မက် တကယ်ဖြစ်လာတာကို မြင်တွေ့ရတဲ့အခါ ကျေးဇူးတင်စိတ်ကြောင့်ကျတဲ့ ဝမ်းသာမျက်ရည်နဲ့ အပြုံးတွေဟာ တကယ့်ကိုကြည်နူးပီတိဖြစ်စေတယ်။” သူဤသို့လည်း ထပ်ဆိုသည်– “စင်ကြယ်တဲ့ဝတ်ပြုရေးအတွက် နောက်အိမ်တစ်လုံး အောင်အောင်မြင်မြင်ဆောက်လုပ်တဲ့နေရာမှာ ကျွန်တော်တို့နည်းနည်းလောက်ပဲ ပါဝင်ခွင့်ရပေမဲ့ တခြားသူတွေရဲ့ယုံကြည်ခြင်းကို ပိုသန်မာစေတယ်ဆိုတာကို သိရတဲ့အတွက် ကျွန်တော်တို့ ပျော်ရွှင်တယ်။”

အံ့ဖွယ်ပြီးမြောက်အောင်မြင်မှု

ယင်းဝတ်ပြုရာနေရာများသည် မွမ်းမံခြယ်လှယ်လွန်းခြင်း၊ ပကာသနများလွန်းခြင်းမရှိပါ။ ယင်းအစား ဝတ်ပြုရာခန်းမများသည် အမြန်တည်ဆောက်ပြီးနိုင်ရန်နှင့် အကုန်အကျနည်းစေရန် ရိုးရိုးရှင်းရှင်းပုံစံဖြစ်သည်။ ဖြစ်နိုင်သည့်အခါတိုင်း ဒေသထွက်ဆောက်လုပ်ရေးပစ္စည်းများနှင့် နည်းလမ်းများကို အသုံးပြုကြသည်။ ယင်းကြောင့် ခန်းမအသစ်တစ်လုံးကို ရက်သတ္တပတ် ခြောက်ပတ်ပင်မကြာသောအချိန်အတွင်း ဆောက်လုပ်ပြီးစီးနိုင်သည်။

၂၀၀၇ ခုနှစ်ရောက်သော် ဘီလိဇ်ရှိ အသင်းတော်အားလုံးသည် ဝတ်ပြုရာခန်းမအသစ် စုစုပေါင်း ၁၇ လုံးပိုင်ဆိုင်ခဲ့သည်။ ၁၉၉၉ ခုနှစ်မှစ၍ တည်ဆောက်ခဲ့ခြင်းဖြစ်သော်လည်း မက္ကစီကိုတွင် ခန်းမပေါင်း ၁,၄၀၀ ကျော် ဆောက်လုပ်ပြီးဖြစ်သည်။

အလုပ်များစွာ ပြီးမြောက်အောင်မြင်ခဲ့သည့်တိုင် လုပ်စရာများစွာ ကျန်ရှိဆဲဖြစ်သည်။ (မဿဲ ၉:၃၇) မက္ကစီကိုရှိ သက်သေခံအရေအတွက်သည် ယခု ၆၀၀,၀၀၀ ကျော်နေပြီဖြစ်ပြီး ထိုသူအားလုံးသည် ဘုရားသခင့်နှုတ်မြွက်စကားမှ သွန်သင်မှုခံယူရန် တစ်ပတ်လျှင်သုံးကြိမ် စုဝေးကြသည်။ ထို့ကြောင့် ခန်းမအသစ် ၂,၀၀၀ နီးပါး လိုအပ်နေဆဲဖြစ်သည်။ ဤစေတနာ့ဝန်ထမ်းဆောက်လုပ်ရေးလုပ်ငန်းသည် လူတို့၏ကြိုးစားအားထုတ်မှုများအပေါ်တွင်သာ လုံးလုံးမူတည်ခဲ့သည်ဆိုလျှင် ထိုသို့သောပန်းတိုင်သို့ ရောက်နိုင်မည်မဟုတ်ပါ။ သို့သော် ရလဒ်များကဖော်ပြသည့်အတိုင်း ယေဟောဝါဘုရားသခင်၏ ကျောထောက်နောက်ခံမှုဖြင့် “ခပ်သိမ်းသောအမှုကို တတ်နိုင်သည်။”—မဿဲ ၁၉:၂၆

[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်၊ ရုပ်ပုံ]

“သူတို့ဟာ အပြောနဲ့အလုပ်ညီတယ်”

ဝတ်ပြုရာခန်းမဆောက်လုပ်ရေးလုပ်ငန်းကြောင့် အကျိုးခံစားရသူတို့မှာ ယေဟောဝါသက်သေများ၏ ဒေသခံအသင်းတော်သာမဟုတ်ပါ။ ဥပမာ၊ ဘီလိဇ်ရှိ ဝတ်ပြုရာခန်းမတစ်လုံးကို တည်ဆောက်နေချိန်အတွင်း ပင်တီကော့စတယ်လ်ဘာသာဝင်ဖြစ်သော အမျိုးသမီးတစ်ဦး၏ ခင်ပွန်းက သူ၏ဇနီးအား ယေဟောဝါသက်သေများ၏ “ချာ့ခ်ျ” ဆောက်ပြီးသွားသည့်အခါ သူတို့အစည်းအဝေးများကို တက်လိုကြောင်း ပြောသည်။ အဘယ်အရာက ထိုစိတ်ဆန္ဒကိုဖြစ်ပေါ်စေခဲ့သနည်း။ “သူတို့နဲ့အတူ ဘုရားသခင်ရှိတယ်ဆိုတာ မြင်နေရတယ်” ဟုသူပြောခဲ့သည်။ “သူတို့အတူတကွလုပ်ဆောင်တဲ့အခါ ရန်မဖြစ်ကြဘူး။ သူတို့ဟာ အပြောနဲ့အလုပ်ညီတယ်။”

[ရုပ်ပုံ]

ဘီလိဇ်နိုင်ငံ၊ ဩရိန်းဂ်ျ ဝေါ့ခ်မြို့ရှိ ဝတ်ပြုရာခန်းမ

[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်၊ ရုပ်ပုံ]

ကမ္ဘာချီကြိုးစားလုပ်ဆောင်မှုတစ်ရပ်

ဝတ်ပြုရာခန်းမဆောက်လုပ်ရေးအုပ်စုများကို နိုင်ငံပေါင်း ၁၂၀ တွင်ဖွဲ့စည်းထားပါသည်။ ဤလုပ်ငန်းတွင် စေတနာ့ဝန်ထမ်းများ ဝမ်းမြောက်စွာလုပ်ဆောင်နေကြသော  နိုင်ငံအနည်းငယ်ကို အောက်တွင်ဖော်ပြထားပါသည်–

ကာဇက်စတန်၊ ခရိုအေးရှား၊ ဂါနာ၊ ဂျမေကာ၊ ဇမ်ဘီယာ၊ တူဗာလူ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ နိုင်ဂျီးရီးယား၊ ပါပူဝါ နယူးဂီနီ၊ ဖီဂျီ၊ ဗင်နီဇွဲလား၊ ဘိုလီးဗီးယား၊ မော်လ်ဒိုဗာ၊ ယူကရိန်း၊ ရဝမ်ဒါ၊ လိုင်ဘေးရီးယား၊ ဟောင်ကောင်၊ အီသီယိုးပီးယား၊ အင်ဂိုလာ၊ အိန္ဒိယ။

[ရုပ်ပုံ]

မက္ကစီကိုနိုင်ငံ၊ တလက်ဇီကာလာမြို့ရှိ ဝတ်ပြုရာခန်းမ

မက္ကစီကိုနိုင်ငံ၊ အကာပူလ်ကိုမြို့ရှိ ဝတ်ပြုရာခန်းမ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

မက္ကဆီကိုရှိ ဝတ်ပြုရာခန်းမဆောက်လုပ်ရေးအုပ်စုတစ်ခုမှ အဖွဲ့ဝင်များ