မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားသမီးတို့ကို သွန်သင်လော့

မာကု လက်မလျော့ခဲ့

မာကု လက်မလျော့ခဲ့

ယေရှု၏ ဘဝအသက်တာနှင့်ပတ်သက်သော ကျမ်းလေးစောင်မှ တစ်စောင်ကို မာကု ရေးသားခဲ့သည်။ ယင်းစာစောင်သည် အတိုဆုံး၊ ဖတ်ရအလွယ်ဆုံးစာစောင် ဖြစ်သည်။ မာကုကား မည်သူနည်း။ သူ ယေရှုကို သိသည်ဟု သင် ထင်ပါသလော။— * မာကုသည် မည်သည့် ခက်ခဲသော စမ်းသပ်မှုများ ရင်ဆိုင်ခဲ့ရပြီး ခရစ်ယာန်တစ်ဦးဖြစ်ရခြင်းကို အဘယ်ကြောင့် လုံးဝလက်မလျော့ခဲ့သည်ကို လေ့လာကြည့်ကြပါစို့။

ဘုရင်ဟေရုဒ်အဂြိပ္ပက တမန်တော်ပေတရုကို ထောင်ထဲ၌ အကျဉ်းချခဲ့ပြီးနောက်မှ သမ္မာကျမ်းစာတွင် မာကု၏အမည်ကို ဦးဆုံး ဖော်ပြထားသည်။ တစ်ညတွင် ပေတရုကို ကောင်းကင်တမန် လွှတ်ပေးခဲ့ပြီး သူသည် ယေရုရှလင်မြို့တွင် နေထိုင်သည့် မာကု၏မိခင် မာရိအိမ်သို့ ချက်ချင်း သွားခဲ့သည်။ အေဒီ ၃၃ ပသခါပွဲနေ့တွင် ယေရှု အသတ်ခံခဲ့ရပြီးနောက် ဆယ်နှစ်ခန့်တွင် ပေတရု ထောင်မှ လွတ်ခဲ့သည်။—တမန်တော် ၁၂:၁-၅၊ ၁၁-၁၇

မာရိအိမ်သို့ အဘယ်ကြောင့် ပေတရု သွားခဲ့ကြောင်း သင် သိပါသလော။— မာရိ၏မိသားစုဝင်များကို သူ သိသောကြောင့်နှင့် ယေရှု၏တပည့်တို့သည် ထိုအိမ်တွင် အစည်းအဝေးများ ကျင်းပသည်ကို သိရှိထားသောကြောင့် ဖြစ်နိုင်သည်။ မာကု၏ဝမ်းကွဲ ဗာနဗသည် တပည့်တစ်ဦးဖြစ်ခဲ့သည်မှာ ကြာပြီ၊ အနည်းဆုံး အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့ကတည်းက ဖြစ်သည်။ ထိုအချိန်က တပည့်သစ်များအတွက် သူ၏ စေတနာရက်ရောမှုကို သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ ထို့ကြောင့် ယေရှုသည် ဗာနဗကိုသာမက သူ၏အဒေါ် မာရိနှင့် မာရိ၏သား မာကုတို့ကို သိခဲ့ပေမည်။—တမန်တော် ၄:၃၆၊ ၃၇။ ကောလောသဲ ၄:၁၀ကဘ။

မာကုသည် သူရေးသော သတင်းကောင်းကျမ်းစောင်၌ ယေရှု အဖမ်းခံရသည့် ညတွင် ဝတ်ရုံကိုသာ “ခြုံ” ထားသည့် လူငယ်တစ်ဦးအကြောင်း ရေးသားခဲ့သည်။ ရန်သူများ ယေရှုကို ဖမ်းဆီးသည့်အခါ ထိုလူငယ် ထွက်ပြေးသွားကြောင်း မာကု ရေးသားခဲ့သည်။ ထိုလူငယ် မည်သူဖြစ်နိုင်သည်ဟု သင် ထင်သနည်း။— မှန်သည်၊ မာကုပင် ဖြစ်ပေမည်။ ထို့ကြောင့် ထိုညဉ့်နက်ပိုင်း ယေရှုနှင့် ကိုယ်တော်၏ တမန်တော်များ ထွက်သွားချိန်တွင် မာကုသည် ဝတ်ရုံကို အလျင်စလို ဝတ်ပြီး လိုက်ခဲ့ဖွယ် ရှိသည်။—မာကု ၁၄:၅၁၊ ၅၂သမ။

ဤလုလင်သည် မည်သူ ဖြစ်နိုင်သနည်း။ သူ အဘယ်အရာ ဖြစ်နေသနည်း၊ အဘယ်ကြောင့်နည်း

မာကုသည် အမှန်ပင် ဘုရားသခင့်ကျေးကျွန်များနှင့် အပြန်အလှန် အကျိုးပြုရန်နှင့် ဘုရားသခင့် ရည်ရွယ်ချက်နှင့်ပတ်သက်သော အရေးကြီးသည့် အဖြစ်အပျက်များကို သက်သေခံရန် အခွင့်အရေးများစွာ ရှိခဲ့သည်။ အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းချိန်၌ သူ ရှိခဲ့ပေမည်၊ ပေတရုကဲ့သို့သော တည်ကြည်သည့် ဘုရားသခင့် ကျေးကျွန်တို့နှင့် တရင်းတနှီး ပေါင်းသင်းမှု ရှိခဲ့သည်။ ရှောလုအား အမြင်အာရုံ၌ ယေရှု ထင်ရှားပြပြီးနောက် သုံးနှစ်ခန့်အကြာတွင် သူ့ကို ပေတရုနှင့် မိတ်ဆက်ပေးခြင်းဖြင့် ရှောလုကို ကူညီခဲ့သော ဝမ်းကွဲဖြစ်သူ ဗာနဗနှင့်လည်း သူ အတူရှိခဲ့သည်။ နှစ်များကြာပြီးနောက် ရှောလုကို ရှာရန် တာရှုမြို့သို့ ဗာနဗ သွားခဲ့သည်။—တမန်တော် ၉:၁-၁၅၊ ၂၇။ ၁၁:၂၂-၂၆။ ၁၂:၂၅။ ဂလာတိ ၁:၁၈၊ ၁၉

အေဒီ ၄၇ တွင် ဗာနဗနှင့် ရှောလုကို ခရစ်ယာန်သာသနာပြုလုပ်ငန်း လုပ်ဆောင်ရန် ရွေးချယ်ခဲ့ကြသည်။ သူတို့နှင့်အတူ မာကုကို ခေါ်သွားခဲ့သည်၊ သို့သော် ရှင်းပြမထားသည့် အကြောင်းရင်းတချို့ကြောင့် နောက်ပိုင်း မာကုသည် သူတို့ကို ထားရစ်ကာ မိမိအိမ်ရှိရာ ယေရုရှလင်မြို့သို့ ပြန်သွားခဲ့သည်။ ရောမနာမည်ဖြစ်သော ပေါလုအဖြစ် လူသိများလာသူ ရှောလုသည် အမျက်ထွက်ခဲ့သည်။ မာကု၏ ကြီးလေးသောပျက်ကွက်မှုဟု သူယူဆသောအရာကို လျစ်လျူမရှုခဲ့ချေ။—တမန်တော် ၁၃:၁-၃၊ ၉၊ ၁၃

ခရစ်ယာန်သာသနာပြုခရီးစဉ်မှ ပြန်လာသောအခါ ပေါလုနှင့် ဗာနဗတို့သည် ဝမ်းမြောက်ဖွယ် အောင်မြင်မှုများကို ကြားပြောခဲ့ကြသည်။ (တမန်တော် ၁၄:၂၄-၂၈) လများစွာ ကုန်လွန်ပြီးနောက် မိမိတို့ဟောပြောခဲ့သည့် နေရာများရှိ တပည့်သစ်များထံ ပြန်လည်ပတ်ကြရန် သူတို့နှစ်ဦး စီစဉ်ခဲ့ကြသည်။ ဗာနဗက မာကုကို ခေါ်သွားလိုသည်၊ သို့သော် ပေါလု မည်သို့ ယူဆကြောင်း သင် သိပါသလော။— စောစောပိုင်းက မာကုသည် သူတို့ကိုထားခဲ့ပြီး အိမ်ပြန်သွားသောကြောင့် “မခေါ်သင့်” ဟု သူယူဆသည်။ နောက်ပိုင်းဖြစ်ပျက်ခဲ့ရာသည် အမှန်ပင် မာကုကို ဝမ်းနည်းစေခဲ့ပေမည်။

ပေါလုနှင့် ဗာနဗတို့သည် အမျက်ဒေါသထွက်ကြကာ “အပြင်းအထန် အငြင်းပွား” ကြပြီးနောက် လမ်းခွဲခဲ့ကြသည်။ ဗာနဗသည် မာကုကိုခေါ်၍ ကုပရုကျွန်းတွင် သွားရောက် ဟောပြောကာ၊ ပေါလုသည် သိလကို ရွေးချယ်ခဲ့ပြီး ယခင်စီစဉ်ထားသည့်အတိုင်း တပည့်သစ်များထံ သွားရောက်လည်ပတ်ခဲ့သည်။ မာကုသည် ပေါလုနှင့် ဗာနဗတို့စပ်ကြား ပြဿနာဖြစ်စေမိသောကြောင့် အလွန်စိတ်ထိခိုက်ရပေမည်။—တမန်တော် ၁၅:၃၆-၄၁ခမ။

မာကုသည် အစောပိုင်းက အဘယ်ကြောင့် အိမ်သို့ပြန်သွားခဲ့ကြောင်း ကျွန်ုပ်တို့ မသိပါ။ အကြောင်းကောင်း တစ်စုံတစ်ရာရှိ၍ ဖြစ်ပေမည်။ မည်သို့ပင်ဖြစ်ပါစေ ဤသို့ထပ်၍ဖြစ်တော့မည် မဟုတ်ကြောင်း ဗာနဗ ကောင်းစွာယုံကြည်စိတ်ချခဲ့သည်။ သူ မှန်ခဲ့သည်။ မာကု လက်မလျော့ခဲ့ပေ။ နောက်ပိုင်း သူသည် ပေတရုနှင့်အတူ ဝေးလံလှသော ဗာဗုလုန်တွင် ခရစ်ယာန်သာသနာပြုလုပ်ငန်း လုပ်ဆောင်ခဲ့သည်။ ဗာဗုလုန်မှနေ၍ ပေတရုသည် နှုတ်ခွန်းဆက်သခဲ့ရာ “ငါ့သား မာကုကလည်း” နှုတ်ဆက်လိုက်ကြောင်း ထပ်ဖြည့်စွက်ထားသည်။—၁ ပေတရု ၅:၁၃ခမ။

ပေတရုနှင့် မာကုတို့သည် ဘုရားသခင့် အမှုတော်ကို အတူတကွ ဆောင်ရွက်ခဲ့ကြသောကြောင့် အလွန်ရင်းနှီးသော ဆက်ဆံမှု ရှိခဲ့မည်တကား။ ယင်းကို မာကု၏ သတင်းကောင်းကျမ်းစောင် ဖတ်သည့်အခါ အထင်အရှား တွေ့ရသည်။ ယင်းတွင် ပေတရု၏ မျက်စိရှင်ရှင် ကိုယ်တိုင်တွေ့မြင်ခဲ့ရာများကို မာကု ဖော်ပြခဲ့သည်။ ဥပမာအနေနှင့် ဂါလိလဲအိုင်တွင် တိုက်ခတ်သော မုန်တိုင်းမှတ်တမ်းများကို နှိုင်းယှဉ်ကြည့်ပါ။ ယေရှုသည် လှေ၏ မည်သည့် နေရာတွင်၊ မည်သည့် အရာပေါ် အိပ်နေကြောင်း အသေးစိတ်အချက်များကို မာကု ဖြည့်စွက်ထား၏၊ ယင်းတို့သည် ပေတရုကဲ့သို့သော တံငါသည်တစ်ဦး သတိပြုမိမည့်အရာများ ဖြစ်သည်။ ကျွန်ုပ်တို့သည် မဿဲ ၈:၂၄။ မာကု ၄:၃၇၊ ၃၈။ လုကာ ၈:၂၃ ပါကျမ်းစာမှတ်တမ်းများကို အတူတကွ ဖတ်ကာ မနှိုင်းယှဉ်သင့်ပေလော။

နောက်ပိုင်း ပေါလု ရောမတွင် ထောင်ကျနေချိန်၌ မာကု၏ သစ္စာရှိရှိ ထောက်မပေးမှုကြောင့် သူ့ကို ချီးမွမ်းခဲ့သည်။ (ကောလောသဲ ၄:၁၀၊ ၁၁) ထိုတွင် ပေါလု နောက်ထပ် ထောင်ပြန်ကျချိန်တွင် တိမောသေထံ စာရေးခဲ့ပြီး မာကုကို “သူသည် ငါ၏လုပ်ငန်းတွင် ကူညီနိုင်သူဖြစ်” သည်ဟုဆိုကာ သူ့ထံခေါ်လာရန် တောင်းဆိုခဲ့သည်။ (၂ တိမောသေ ၄:၁၁ခမ) မှန်သည်၊ မာကုသည် လက်မလျော့ခဲ့သောကြောင့် အထူးနည်းလမ်းများဖြင့် ဘုရားသခင့်အမှုတော် ဆောင်ခွင့် ရရှိခဲ့သည်။

မာကု လက်မလျော့ခဲ့သည့်အတွက် အဘယ် ကောင်းချီးများ ရရှိခဲ့သနည်း

^ အပိုဒ်၊ 3 သင်သည် ကလေးနှင့်အတူဖတ်နေမည်ဆိုလျှင် မျဉ်းရှည် (—) သည် ခေတ္တရပ်တန့်ပြီး ကလေးအား အဖြေပေးရန် အားပေးပါဟူသော သတိပေးချက် ဖြစ်သည်။