မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လုကာကျမ်းမှပေါ်လွင်ချက်များ

လုကာကျမ်းမှပေါ်လွင်ချက်များ

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

လုကာကျမ်းမှပေါ်လွင်ချက်များ

ဿဲခရစ်ဝင်ကျမ်းကို ဂျူးများအတွက်၊ မာကုခရစ်ဝင်ကျမ်းကို ဂျူးမဟုတ်သူများအတွက် အဓိကရည်စူး၍ ရေးသားခဲ့ကြောင်း သိရသည်။ သို့သော် လုကာခရစ်ဝင်ကျမ်းကို လူမျိုးအပေါင်းအတွက် ရည်စူး၍ရေးသားခဲ့ခြင်းဖြစ်၏။ အေဒီ ၅၆-၅၈ ခန့်တွင် ရေးသားခဲ့သော လုကာကျမ်းသည် ယေရှု၏ဘဝနှင့်ဓမ္မအမှုအကြောင်း အပြည့်အစုံပါရှိသောမှတ်တမ်းတစ်ခုဖြစ်၏။

ဂရုစိုက်တတ်သော၊ စေ့စပ်သေချာသော ဆရာဝန်လုကာသည် “အတ္ထုပ္ပတ္တိအလုံးစုံတို့ကို ရှေးဦးစွာမှစ၍ စေ့စေ့ဖွေရှာလိုက်စစ်” ခဲ့ပြီး ဘီစီ ၃ မှ အေဒီ ၃၃ အထိ ၃၅ နှစ်ကြာကာလအတွင်း ဖြစ်ပျက်ခဲ့ရာကို မှတ်တမ်းတင်ထားသည်။ (လု. ၁:၃၊ ၄) လုကာခရစ်ဝင်ကျမ်းမှ အကြောင်းအရာ ၆၀ ရာခိုင်နှုန်းနီးပါးသည် အခြားခရစ်ဝင်ကျမ်းများတွင် မပါရှိပေ။

အစောပိုင်းဓမ္မအမှု

(လု. ၁:၁–၉:၆၂)

လုကာသည် နှစ်ခြင်းဆရာယောဟန်နှင့်ယေရှု မွေးဖွားသည့်အကြောင်းကို အသေးစိတ်ဖော်ပြပြီးနောက် ကဲသာဘုရင်တိဗေရိနန်းစံ ၁၅ နှစ်မြောက်ဖြစ်သော အေဒီ ၂၉၊ နွေဦးတွင် ယောဟန်၏ဓမ္မအမှုစတင်ခဲ့ကြောင်း ဆက်ဖော်ပြသည်။ (လု. ၃:၁၊ ၂) ထိုနှစ်ဆောင်းဦးပိုင်းတွင် ယေရှုကို ယောဟန်နှစ်ခြင်းပေးခဲ့သည်။ (လု. ၃:၂၁၊ ၂၂) အေဒီ ၃၀ တွင် ‘ယေရှုသည် ဂါလိလဲပြည်သို့ပြန်၍ တရားဇရပ်တို့၌ ဆုံးမသွန်သင်တော်မူ၏။’—လု. ၄:၁၄၊ ၁၅

ယေရှုသည် ဂါလိလဲနယ်တွင် ပထမအကြိမ်ဟောပြောခြင်းခရီးစဉ်ကို စတင်ခဲ့သည်။ “ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို အခြားသောမြို့ရွာတို့၌ ငါဟောပြောရမည်” ဟု လူအုပ်ကို ကိုယ်တော်မိန့်ဆိုခဲ့သည်။ (လု. ၄:၄၃) ကိုယ်တော်သည် တံငါသည်ရှိမုန်နှင့်အခြားသူတို့ကို မိမိနှင့်အတူလိုက်ရန် ဖိတ်ခေါ်ခဲ့ပြီး “ယခုမှစ၍ လူတို့ကိုဖမ်းမိသောသူဖြစ်လိမ့်မည်” ဟု သူတို့ကိုမိန့်တော်မူ၏။ (လု. ၅:၁-၁၁; မ. ၄:၁၈၊ ၁၉) ဂါလိလဲနယ်၌ ဒုတိယအကြိမ်ဟောပြောသည့်ခရီးစဉ်တွင် ယေရှုနှင့်အတူ တမန်တော် ၁၂ ပါး ရှိနေသည်။ (လု. ၈:၁၊ ၂) တတိယခရီးစဉ်တွင် ‘ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောစေရန်၊ လူနာတို့ကို ချမ်းသာစေရန်’ တမန်တော် ၁၂ ပါးကို ကိုယ်တော်စေလွှတ်ခဲ့သည်။—လု. ၉:၁၊ ၂

ကျမ်းစာမေးခွန်းများအဖြေ–

၁:၃၅—မာရိ၏မျိုးဥသည် သူပဋိသန္ဓေတည်ရာတွင် ထောက်ကူပေးခဲ့သလော။ မာရိ၏ကလေးသည် ဘုရားသခင်ကတိပြုခဲ့သည့်အတိုင်း ဘိုးဘေးအာဗြဟံ၊ ယုဒနှင့်ဒါဝိဒ်တို့မှ အမှန်တကယ်ဆင်းသက်လာနိုင်ရန် သူ၏မျိုးဥသည် ပဋိသန္ဓေတည်ရာတွင် ထောက်ကူပေးရမည်ဖြစ်၏။ (က. ၂၂:၁၅၊ ၁၈; က. ၄၉:၁၀; ၂ ရာ. ၇:၈၊ ၁၆) သို့သော် ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သားတော်၏ စုံလင်သောအသက်ကို ပြောင်းရွှေ့ကာ ပဋိသန္ဓေတည်စေခဲ့သည်။ (မ. ၁:၁၈) ယင်းက မာရိ၏မျိုးဥတွင်တည်ရှိနေသော မည်သည့်မစုံလင်မှုကိုမဆို ပျက်ပြားသွားစေပြီး ကြီးထွားနေသောသန္ဓေသားလောင်းကို မာရိ၏မစုံလင်မှုမှ မည်သည့်ချို့ယွင်းချက်မျှမပါရှိအောင် မူလအစကတည်းက ကာကွယ်ပေးခဲ့ကြောင်း ထင်ရှားသည်။

၁:၆၂—ဇာခရိသည် စကားအ,ပြီး နားပင်းသွားသလော။ စကားအ,သွားခြင်းသာဖြစ်၏။ အခြားသူတို့က ဇာခရိအား သား၏အမည်ကို အဘယ်သို့မှည့်စေလိုသနည်းဟု “အမှတ်အားဖြင့်” မေးရခြင်းမှာ သူနားမကြားသောကြောင့်မဟုတ်ပါ။ သား၏အမည်နှင့်ပတ်သက်၍ သူ့ဇနီးပြောဆိုရာကို သူကြားခဲ့ပုံရသည်။ ယင်းနှင့်စပ်လျဉ်း၍ အခြားသူများက လက်ဟန်အမူအရာဖြင့် သူ့ကိုမေးမြန်းခဲ့ခြင်းဖြစ်ပေမည်။ ဇာခရိသည် စကားပြောနိုင်စွမ်းတစ်ခုတည်းသာ ပြန်ရရှိခဲ့သည်ဟူသောအချက်က သူ၏အကြားအာရုံမချို့ယွင်းခဲ့ကြောင်း ဖော်ပြနေသည်။—လု. ၁:၁၃၊ ၁၈-၂၀၊ ၆၀-၆၄

၂:၁၊ ၂—“ပထမစာရင်းယူခြင်း” ဟုဖော်ပြခြင်းက ယေရှုမွေးဖွားချိန်ကိုသတ်မှတ်ရန် မည်သို့ထောက်ကူသနည်း။ ကဲသာဘုရင်သြဂုတ္တုလက်ထက်တွင် စာရင်းယူခြင်းသည် တစ်ကြိမ်ထက်မကရှိခဲ့ပြီး ပထမအကြိမ်မှာ ဘီစီ ၂ တွင်ဖြစ်၍ ဒံယေလ ၁၁:၂၀ ၏ပြည့်စုံချက်ဖြစ်သည်။ ဒုတိယအကြိမ်မှာ အေဒီ ၆ သို့မဟုတ် ၇ တွင် ဖြစ်သည်။ (တ. ၅:၃၇) ထိုသို့စာရင်းယူသောနှစ်ကြိမ်စလုံးတွင် ကုရေနိသည် ဆီးရီးယားဘုရင်ခံအဖြစ်ထမ်းဆောင်ပြီး ထိုရာထူးကို နှစ်ကြိမ်တိုင်ရရှိခဲ့ကြောင်းထင်ရှားသည်။ ပထမစာရင်းယူခြင်းနှင့်ပတ်သက်၍ လုကာ၏ဖော်ပြချက်က ယေရှုမွေးဖွားချိန်မှာ ဘီစီ ၂ တွင်ဖြစ်ကြောင်း ဆိုလိုသည်။

၂:၃၅—“သန်လျက်” သည် အဘယ်နည်းဖြင့် မာရိ၏စိတ်နှလုံးကိုခွင်းလိမ့်မည်နည်း။ ယင်းက လူအများစုသည် ယေရှုကို မေရှိယအဖြစ်လက်မခံခြင်းနှင့် ကိုယ်တော် နာကျင်စွာသေဆုံးရခြင်းတို့ကြောင့် မာရိခံစားရမည့် စိတ်သောကနှင့်ကြေကွဲမှုကို ရည်ညွှန်းနေခြင်းဖြစ်၏။—ယော. ၁၉:၂၅

၉:၂၇၊ ၂၈—မိမိသည် ဘုရားသခင့်နိုင်ငံတော်တည်လျက် ကြွလာသည်ကို တပည့်အချို့ မမြင်မီ “သေခြင်းသို့ မရောက်ရကြ” ဟုယေရှုကတိပြုပြီးနောက် “ခြောက်ရက်လွန်သောအခါ” ကိုယ်ယောင်ပြောင်းခြင်းဖြစ်ခဲ့သည်ဟု မဿဲနှင့်မာကုတို့ ဖော်ပြသော်လည်း လုကာမူကား “ရှစ်ရက်လောက်လွန်သောအခါ” ဟု အဘယ်ကြောင့်ဆိုခဲ့သနည်း။ (မ. ၁၇:၁; မာ. ၉:၂) လုကာသည် ယေရှုကတိပြုသောနေ့နှင့် ကိုယ်ယောင်ပြောင်းသောနေ့တို့ကို ထည့်သွင်းရေတွက်ခဲ့ခြင်းဖြစ်ပုံရသည်။

၉:၄၉၊ ၅၀—လူတစ်ဦးသည် ယေရှုနောက်သို့မလိုက်သော်လည်း နတ်ဆိုးများနှင်ထုတ်ပေးနေသည်ကို ကိုယ်တော် အဘယ်ကြောင့်မတားမြစ်ခဲ့သနည်း။ ယေရှုမတားမြစ်ခဲ့ခြင်းမှာ ခရစ်ယာန်အသင်းတော် မတည်ထောင်သေးသောကြောင့်ဖြစ်၏။ ယင်းကြောင့် ထိုသူသည် ယေရှု၏နာမကို ယုံကြည်ကြောင်းတင်ပြရန်၊ နတ်ဆိုးများကိုနှင်ထုတ်ရန် ကိုယ်တော်နောက်သို့လိုက်ဖို့မလိုပါ။—မာ. ၉:၃၈-၄၀

ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–

၁:၃၂၊ ၃၃; ၂:၁၉၊ ၅၁မာရိသည် ပရောဖက်ပြုချက်များကိုပြည့်စုံစေသော ဖြစ်ရပ်များနှင့်ပြောဆိုချက်များကို နှလုံးထဲ၌မှတ်ကျုံးလေ၏။ ကျွန်ုပ်တို့လည်း “ဤအစီအစဉ်စနစ်နိဂုံးပိုင်း” နှင့်ပတ်သက်၍ ယေရှုကြိုဟောခဲ့ရာနှင့် ယနေ့ဖြစ်ပျက်ရာကို နှိုင်းယှဉ်ခြင်းဖြင့် ကိုယ်တော်မိန့်ဆိုရာကို နှလုံးသွင်းကြပါသလော။—မ. ၂၄:၃ကဘ။

၂:၃၇ယေဟောဝါကို တည်ကြည်စွာဝတ်ပြုသင့်ကြောင်း၊ ‘ဆုတောင်းခြင်းအမှုကို အမြဲပြု’ သင့်ကြောင်း၊ ခရစ်ယာန်အစည်းအဝေးများတွင် “အချင်းချင်းစည်းဝေးခြင်းအမှုကို” မရှောင်လွှဲသင့်ကြောင်း အန္န၏ပုံသက်သေက ကျွန်ုပ်တို့ကိုသင်ပေးသည်။—ရော. ၁၂:၁၂; ဟေဗြဲ ၁၀:၂၄၊ ၂၅

၂:၄၁-၅၀ယောသပ်သည် ဘဝတွင် ဘုရားသခင်အားဝတ်ပြုရေးကို ဦးစားပေးပြီး မိသားစု၏ကာယရေးနှင့်ဝိညာဉ်ရေးအကျိုးကို ဂရုစိုက်ဖြည့်ဆည်းပေးခဲ့သည်။ သူသည် ဤနည်းများဖြင့် အိမ်ထောင်ဦးစီးများအတွက် ပုံသက်သေကောင်းချမှတ်ခဲ့သည်။

၄:၄ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာများကို တွေးတောဆင်ခြင်ခြင်းမရှိဘဲ တစ်နေ့တာကို မကုန်လွန်စေသင့်ပါ။

၆:၄၀ဘုရားသခင်၏နှုတ်မြွက်တော်ကို သွန်သင်သူတစ်ဦးသည် သင်သားအတွက် ပုံသက်သေကောင်းချမှတ်ရမည်။ သူသည် ဟောပြောသည့်အတိုင်း လက်တွေ့ကျင့်သုံးရမည်။

၈:၁၅ကျွန်ုပ်တို့သည် ‘တရားစကားကို စွဲလမ်းသောအားဖြင့် မြဲမြံစွာအသီးသီး’ နိုင်ရန် ဘုရားသခင်၏နှုတ်မြွက်တော်ကို သဘောပေါက်ပြီး တန်ဖိုးထားလေးမြတ်ကာ ဆည်းပူးလေ့လာရမည်။ ကျမ်းစာနှင့်ကျမ်းစာ,စာပေများကို ဖတ်ရှုလေ့လာသောအခါ ဆုတောင်း၍ တွေးတောဆင်ခြင်ဖို့လိုသည်။

ယေရှု၏ နောက်ပိုင်းဓမ္မအမှု

(လု. ၁၀:၁–၂၄:၅၃)

ယေရှုသည် ယုဒနယ်တွင် ကြွတော်မူမည့်မြို့ရွာအရပ်ရပ်သို့ တပည့် ၇၀ ကို ကြိုတင်စေလွှတ်ခဲ့သည်။ (လု. ၁၀:၁) ကိုယ်တော်သည် ‘မြို့ရွာတို့ကို ဒေသစာရီလှည့်လည်လျက် ဆုံးမသွန်သင်’ တော်မူ၏။—လု. ၁၃:၂၂

အေဒီ ၃၃ ပသခါပွဲနေ့မတိုင်မီ ငါးရက်အလိုတွင် ယေရှုသည် မြည်းကလေးကိုစီး၍ ယေရုရှလင်မြို့ထဲ ဝင်လာသည်။ “လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ငြင်းပယ်ခြင်းကိုလည်းကောင်း၊ အသေသတ်ခြင်းကိုလည်းကောင်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်” ဟူ၍တပည့်များကို ကိုယ်တော်မိန့်ဆိုခဲ့သောစကားများ ပြည့်စုံမည့်အချိန်ရောက်လာလေပြီ။—လု. ၉:၂၂၊ ၄၄

ကျမ်းစာမေးခွန်းများအဖြေ–

၁၀:၁၈—ယေရှုက “စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်ပြီ” ဟုတပည့် ၇၀ ကိုမိန့်ဆိုစဉ် အဘယ်အရာကို ဆိုလိုသနည်း။ စာတန်သည် ကောင်းကင်မှနှင်ချခံရပြီးဖြစ်၏ဟု ယေရှုမဆိုခဲ့ပါ။ ၁၉၁၄ တွင် ကောင်းကင်၌ ဘုရင်အဖြစ် ခရစ်တော်ခန့်အပ်မခံရမီအထိ ထိုသို့မဖြစ်ပျက်ခဲ့ပေ။ (ဗျာ. ၁၂:၁-၁၀) ယေရှု၏ဆိုလိုရင်းကို ကျွန်ုပ်တို့ တထစ်ချမသိနိုင်သော်လည်း အနာဂတ်ဖြစ်ရပ်တစ်ခုကို အတိတ်ဖြစ်ရပ်အဖြစ် မိန့်ဆိုခြင်းဖြင့် ယင်းသည် အမှန်ဖြစ်ပျက်လာမည်ကို ယေရှုအလေးပေးနေခြင်းဖြစ်နိုင်သည်။

၁၄:၂၆—ခရစ်တော်၏နောက်လိုက်များသည် အဘယ်သဘောမျိုးဖြင့် ဆွေမျိုးတို့ကို “မုန်း” ရမည်နည်း။ ကျမ်းစာတွင် ‘မုန်းသည်’ ဟူသောစကားလုံးက ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အရာဝတ္ထုတစ်ခုကို အခြားပုဂ္ဂိုလ် သို့မဟုတ် အခြားအရာတစ်ခုထက် ပို၍နှစ်သက်ချစ်ခင်မှုမရှိခြင်းကို ရည်ညွှန်းသည်။ (က. ၂၉:၃၀၊ ၃၁) ခရစ်ယာန်များသည် ဆွေမျိုးများကို ယေရှုထက် ပို၍မချစ်သည့်သဘောမျိုးဖြင့် “မုန်း” ခြင်းဖြစ်သည်။—မ. ၁၀:၃၇

၁၇:၃၄-၃၇—“ရွှေလင်းတတို့” ကား မည်သူများနည်း၊ ၎င်းတို့စုဝေးရာအရပ်ရှိ “အသေကောင်” ကား အဘယ်နည်း။ “သိမ်းယူ” ခံရသူ သို့မဟုတ် ကယ်တင်ခံရသူတို့သည် အမြင်အာရုံစူးရှသော ရွှေလင်းတများကို ပုံခိုင်းသည်။ ၎င်းတို့စုဝေးရာအရပ်ရှိ “အသေကောင်” သည် မျက်မြင်မရနည်းဖြင့်ရောက်ရှိနေသော ခရစ်တော်အစစ်အမှန်နှင့် ၎င်းတို့အတွက် ယေဟောဝါပြင်ဆင်ပေးသော ဝိညာဉ်ရေးအစာကိုရည်ညွှန်းသည်။—မ. ၂၄:၂၈

၂၂:၄၄—ယေရှုသည် အဘယ်ကြောင့် ဤမျှပြင်းပြသောဝေဒနာ ခံစားခဲ့ရသနည်း။ ထိုသို့ခံစားရသော အကြောင်းရင်းများစွာရှိသည်။ ယေရှုသည် ရာဇဝတ်သားအဖြစ် သေဆုံးရခြင်းကြောင့် ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏နာမ ထိခိုက်ရှုတ်ချစရာဖြစ်မည်ကို စိုးရိမ်ပူပန်ခဲ့သည်။ ထို့ပြင် မိမိ၏ထာဝရအသက်နှင့် လူသားတစ်ရပ်လုံး၏အနာဂတ်သည် မိမိ၏သစ္စာရှိမှုအပေါ် မူတည်နေကြောင်း ယေရှုကောင်းစွာသိထားသည်။

၂၃:၄၄—သုံးနာရီကြာ မှောင်အတိဖြစ်သွားခြင်းမှာ နေကြတ်ခြင်းကြောင့်လော။ မဟုတ်ပါ။ နေကြတ်ခြင်းသည် လဆန်းနေ့များတွင်သာ ဖြစ်လေ့ရှိပြီး ပသခါပွဲခံချိန်ဖြစ်သော လပြည့်နေ့များတွင် ဖြစ်လေ့မရှိပါ။ ယေရှုသေဆုံးသည့်နေ့တွင် ကျရောက်ခဲ့သောအမှောင်ထုသည် ဘုရားသခင်ထံမှ အံ့ဖွယ်အမှုတစ်ခုဖြစ်၏။

ကျွန်ုပ်တို့အတွက် သင်ခန်းစာများ–

၁၁:၁-၄ဤညွှန်ကြားချက်သည် ယင်းမတိုင်မီ ၁၈ လခန့်က တောင်ပေါ်တရားတော်တွင်မိန့်ဆိုခဲ့သော စံပြဆုတောင်းချက်နှင့် အနည်းငယ်ကွဲပြား၏၊ ယင်းက ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် လုံးစေ့ပတ်စေ့ပြန်ရွတ်ဆိုခြင်းမျှသာ မဖြစ်သင့်ကြောင်း ရှင်းလင်းစွာဖော်ပြနေသည်။—မ. ၆:၉-၁၃

၁၁:၅၊ ၁၃ယေဟောဝါသည် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို တလိုတလားနားထောင်သည်မှန်သော်လည်း ကျွန်ုပ်တို့ဘက်မှ ဇွဲရှိရှိဆုတောင်းနေသင့်သည်။—၁ ယော. ၅:၁၄

၁၁:၂၇၊ ၂၈စစ်မှန်သောပျော်ရွှင်မှုသည် မိသားစုအတွင်းဆက်ဆံရေး သို့မဟုတ် စည်းစိမ်ကြွယ်ဝခြင်းအပေါ် မမူတည်ဘဲ ဘုရားသခင်၏အလိုတော်ကို သစ္စာရှိရှိထမ်းဆောင်ခြင်းအပေါ်တွင်သာ မူတည်သည်။

၁၁:၄၁ကျွန်ုပ်တို့သည် မေတ္တာစေတနာ၏လှုံ့ဆော်မှုကြောင့် ပေးကမ်းစွန့်ကြဲခြင်းဖြစ်သင့်သည်။

၁၂:၄၇၊ ၄၈ပို၍ကြီးလေးသောတာဝန်ကို ရရှိထားပြီး ကျေပွန်စွာမထမ်းဆောင်သူသည် မိမိတာဝန်အကြောင်း မသိသူ သို့မဟုတ် ကောင်းစွာနားမလည်သူထက် ပို၍အပြစ်တင်ထိုက်သည်။

၁၄:၂၈၊ ၂၉ကျွန်ုပ်တို့၏ဝင်ငွေနှင့် လောက်ငအောင်နေထိုင်ခြင်းသည် ပညာရှိရာရောက်၏။

၂၂:၃၆-၃၈ခုခံကာကွယ်ရန် လက်နက်ဆောင်ထားဖို့ တပည့်များကို ယေရှု မမိန့်ဆိုခဲ့ပါ။ ယင်းအစား ကိုယ်တော် သစ္စာဖောက်ခံရသောညတွင် တပည့်များ၌ ဓားရှိနေခြင်းက “ဓားကိုကိုင်သောသူရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်” ဟူသောအရေးကြီးသင်ခန်းစာကို သင်ပေးခွင့်ရစေခဲ့သည်။—မ. ၂၆:၅၂

[စာမျက်နှာ ၃၁ ပါပုံစာ]

ယောသပ်သည် အိမ်ထောင်ဦးစီးအဖြစ် ပုံသက်သေကောင်းချမှတ်ခဲ့

[စာမျက်နှာ ၃၂ ပါပုံစာ]

လုကာသည် ယေရှု၏ဘဝနှင့်ဓမ္မအမှုအကြောင်း အပြည့်စုံဆုံး ရေးသားခဲ့