မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောင်းကင်ကြယ်များတွင် ပေါ်လွင်နေသော ဘုရားသခင်၏တန်ခိုးတော်

ကောင်းကင်ကြယ်များတွင် ပေါ်လွင်နေသော ဘုရားသခင်၏တန်ခိုးတော်

ကောင်းကင်ကြယ်များတွင် ပေါ်လွင်နေသော ဘုရားသခင်၏တန်ခိုးတော်

“အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။”—ဟေရှာယ ၄၀:၂၆

နေသည် သာမန်ကြယ်တစ်လုံးသာဖြစ်၏။ သို့တိုင် ယင်းသည် ကမ္ဘာထက် အဆပေါင်း ၃၃၀,၀၀၀ ကျော်ကြီးမားသည်။ ကမ္ဘာမှလှမ်းမြင်နေရသော ကြယ်အများစုသည် နေထက် ပို၍သေးငယ်သည်။ သို့သော် ဗွီ၃၈၂ စစ်နီအမည်ရှိသည့်ကြယ်ကဲ့သို့သော အခြားကြယ်များသည် နေထက် အနည်းဆုံး ၂၇ ဆပိုမိုကြီးမားသည်။

နေသည် စွမ်းအင်မည်မျှ ထုတ်လွှတ်နေသနည်း။ သင်သည် မီးဖိုတစ်ခုနှင့် ဆယ်မိုင်မျှဝေးသောနေရာတွင်ရှိနေသည့်တိုင် ယင်း၏အပူဒဏ်ခံစားနေရဆဲဖြစ်လျှင် ထိုမီး မည်မျှပူပြင်းကြောင်း စိတ်ကူးကြည့်ပါ။ နေသည် ကမ္ဘာနှင့် မိုင်ပေါင်း ၉၃ သန်းခန့် ကွာဝေးသည်။ သို့တိုင် နေပူသောနေ့တစ်နေ့တွင် နေပူရှိန်သည် အရေပြားပေါ်တွင် အရည်ကြည်ဖုပင်ဖြစ်စေနိုင်သည်။ မှတ်သားစရာမှာ နေ၏စွမ်းအင် သန်းတစ်ထောင်ပုံတစ်ပုံခန့်သာ ကမ္ဘာဆီသို့ရောက်ရှိသည်။ သို့တိုင် ထိုစွမ်းအင်လေးတစ်ဖဲ့ကပင် ကမ္ဘာ့သက်ရှိများကို အလုံအလောက်ထောက်ပံ့ပေးနိုင်သည်။

အမှန်မှာ နေတစ်လုံးတည်းမှလာသော စွမ်းအင်အားလုံးသည် ကမ္ဘာကဲ့သို့သောဂြိုဟ်သန်းပေါင်း ၃၁ သန်းကို ထောက်ပံ့ပေးနိုင်ကြောင်း သိပ္ပံပညာရှင်များ တွက်ချက်ကြသည်။ ထိုကြီးမားလှသောပမာဏကို တိုင်းတာရန် နေ၏စွမ်းအင်အားလုံးကို တစ်စက္ကန့်စာမျှ စုဆောင်းထားနိုင်လျှင် ယင်းစွမ်းအင်သည် အမေရိကန်နိုင်ငံကို “ယင်း၏လက်ရှိအသုံးပြုနေသည့်နှုန်းဖြင့် နောင်အနှစ် ၉,၀၀၀,၀၀၀ အထိ စွမ်းအင်ထောက်ပံ့ပေးနိုင်မည်” ဟု အာကာသမိုးလေဝသကြိုတင်ခန့်မှန်းရေးဗဟို (အက်စ်ဒဗလျူပီစီ) ဝက်ဘ်ဆိုက်က ဆိုသည်။

နေ၏ဗဟိုမှ စွမ်းအင်များထုတ်လွှတ်ပေးသည်၊ တစ်နည်းအားဖြင့် နျူကလီးယားဓာတ်ပေါင်းဖိုကြီးမှ အက်တမ်များပြိုကွဲပြီး ကြီးမားလှသောစွမ်းအင်ကို ထွက်ပေါ်စေသည်။ နေသည် အလွန်ကြီးမားလှပြီး ယင်း၏ဗဟိုသည် နက်ရှိုင်းလှရာ ဗဟိုမှစွမ်းအင်မှာ မျက်နှာပြင်ဆီရောက်နိုင်ရန် နှစ်ပေါင်းသန်းနှင့်ချီ ကြာညောင်းသည်။ “နေသည် ယနေ့မှစ၍ စွမ်းအင်ထုတ်လွှတ်မပေးတော့လျှင် နောင်နှစ်ပေါင်း ၅၀,၀၀၀,၀၀၀ ကြာမှသာ ကမ္ဘာပေါ် သိသိသာသာအကျိုးသက်ရောက်ပေမည်” ဟု အက်စ်ဒဗလျူပီစီဝက်ဘ်ဆိုက်က ဆိုသည်။

ယခု ဤဖြစ်ရပ်မှန်ကိုသုံးသပ်ကြည့်ပါ– တိမ်ကင်းစင်သောညတစ်ညတွင် ကောင်းကင်မှ ထောင်နှင့်ချီသောကြယ်များကို သင်မော့ကြည့်နေချိန်၌ ထိုကြယ်တစ်လုံးစီသည် နေကဲ့သို့ ကြီးမားလှသောစွမ်းအင်ပမာဏကို ထုတ်လွှတ်ပေးနေသည်။ စကြဝဠာတွင် ကြယ်သန်းထောင်ပေါင်းများစွာရှိကြောင်း သိပ္ပံပညာရှင်များက တွက်ချက်ကြသည်။

ထိုကြယ်များသည် မည်သို့ဖြစ်ပေါ်လာသနည်း။ စကြဝဠာသည် လွန်ခဲ့သောနှစ်ပေါင်း ၁၄ ဘီလီယံခန့်ကပင် ရုတ်တရက်ပေါ်ပေါက်လာရသည့်အကြောင်းရင်းများကို ယခုတိုင် နားမလည်နိုင်ကြောင်း ယနေ့ခေတ်သုတေသီအများစု လက်ခံကြသည်။ သို့တိုင် “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏” ဟုကျမ်းစာတွင် ရိုးရိုးရှင်းရှင်းဖော်ပြသည်။ (ကမ္ဘာဦး ၁:၁) ကြယ်များဟူ၍ ကျွန်ုပ်တို့ခေါ်ဝေါ်သော ဧရာမစွမ်းအင်စက်ရုံများကို ဖန်တီးခဲ့သောအရှင်အား “တန်ခိုးနှင့်ပြည့်စုံ” သောအရှင်ဟုခေါ်ဆိုနိုင်သည်မှာ သေချာသည်။—ဟေရှာယ ၄၀:၂၆

တန်ခိုးတော်ကို ဘုရားသခင်အသုံးပြုပုံ

ယေဟောဝါသည် မိမိအလိုတော်ဆောင်သူတို့ကို ထောက်မရန် ထိုတန်ခိုးကို အသုံးပြုတော်မူသည်။ ဥပမာ၊ တမန်တော်ပေါလုသည် အခြားသူတို့အား ဘုရားသခင်အကြောင်း ဟောပြောသွန်သင်ရာတွင် မိမိ၏အစွမ်းခွန်အားကို အသုံးချခဲ့သည်။ ပေါလုသည် သာမန်လူထက် စွမ်းအားကြီးသူမဟုတ်သော်လည်း ပြင်းထန်သောဆန့်ကျင်မှုများကြားမှ ကောင်းမှုများစွာ လုပ်ဆောင်နိုင်ခဲ့သည်။ မည်သို့အားဖြင့်နည်း။ သူသည် ဘုရားသခင်ထံမှ “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ရရှိခဲ့ကြောင်း အသိအမှတ်ပြုသည်။—၂ ကောရိန္သု ၄:၇-၉ကဘ။

ထို့ပြင် ယေဟောဝါဘုရားသခင်သည် မိမိ၏ကျင့်ဝတ်စံနှုန်းများကို တမင်တကာချိုးဖောက်သူများအား ဖျက်ဆီးရာတွင်လည်း ထိုတန်ခိုးတော်ကို အသုံးပြုတော်မူသည်။ ဆိုးသွမ်းသူများကိုဖျက်ဆီးရန် မိမိ၏အဖျက်စွမ်းအားတန်ခိုးကို ဘုရားသခင်အသုံးပြုခဲ့သောပုံနမူနာများအဖြစ် သောဒုံနှင့်ဂေါမောရမြို့ဖျက်ဆီးခြင်း၊ နောဧခေတ်ရေလွှမ်းမိုးခြင်းစသည်တို့ကို ယေရှုခရစ်ထောက်ပြခဲ့သည်။ မကြာမီ ယေဟောဝါသည် မိမိ၏စံနှုန်းများကို လျစ်လျူရှုသူများအား အဖျက်စွမ်းအားတန်ခိုးကိုအသုံးပြုကာ ဖျက်ဆီးမည်ဖြစ်ကြောင်း ယေရှုပရောဖက်ပြုခဲ့သည်။—မဿဲ ၂၄:၃၊ ၃၇-၃၉; လုကာ ၁၇:၂၆-၃၀

သင့်ကို မည်သို့အကျိုးသက်ရောက်သနည်း

ကြယ်များတွင် ပေါ်လွင်နေသော ဘုရားသခင်၏တန်ခိုးတော်ကို တွေးတောဆင်ခြင်ပြီးနောက် ဘုရင်ဒါဝိဒ်ကဲ့သို့ပင် သင်လည်း ဤသို့ခံစားရပေမည်– “လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏မိုးကောင်းကင်ကိုလည်းကောင်း၊ ပြင်ဆင်တော်မူသောလနှင့် ကြယ်များကိုလည်းကောင်း အကျွန်ုပ်ဆင်ခြင်သော် လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သောသူဖြစ်၍ အကြည့်အရှုကြွလာတော်မူရသနည်း။”—ဆာလံ ၈:၃၊ ၄

စကြဝဠာ၏အပြောကျယ်မှုနှင့် နှိုင်းယှဉ်လိုက်လျှင် ကျွန်ုပ်တို့သည် အလွန်သေးနုပ်လှကြောင်း အသိအမှတ်ပြုခြင်းက နှိမ့်ချမှုရှိရာရောက်သည်။ သို့သော် ဘုရားသခင်၏တန်ခိုးတော်ကို ကျွန်ုပ်တို့ စိုးရိမ်ကြောက်လန့်နေစရာမလိုပါ။ ယေဟောဝါသည် ပရောဖက်ဟေရှာယအား အားရှိဖွယ်ဤစကားများကို ရေးသားစေခဲ့သည်– ‘ထိုဘုရားသခင်သည် မောသောသူတို့အား ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့်ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏။ လူပျိုတို့သည်မော၍ ပင်ပန်းခြင်းသို့ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍လဲကြလိမ့်မည်။ ထာဝရဘုရားသခင်ကို မျှော်လင့်သောသူတို့မူကား အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။’—ဟေရှာယ ၄၀:၂၉-၃၁

သင်သည် ဘုရားသခင်၏အလိုတော်ကို ထမ်းဆောင်လိုပါက ကိုယ်တော်သည် သင့်ကိုထောက်မကူညီရန် သန့်ရှင်းသောဝိညာဉ်တော် ပေးသနားမည်ဖြစ်ကြောင်း စိတ်ချနိုင်ပါသည်။ သို့သော် ယင်းကိုရရှိရန် သင်တောင်းဆိုရမည်။ (လုကာ ၁၁:၁၃) သို့ဆိုလျှင် ဘုရားသခင်၏ထောက်မမှုဖြင့် စမ်းသပ်မှုမှန်သမျှကို သင်ခံရပ်နိုင်ပြီး မှန်ရာကိုလုပ်ဆောင်ရန် ခွန်အားရရှိမည်ဖြစ်သည်။—ဖိလိပ္ပိ ၄:၁၃

[စာမျက်နှာ ၇ ပါအဓိကအချက်]

ဘုရားသခင်၏ထောက်မမှုဖြင့် မှန်ရာကို လုပ်ဆောင်နိုင်ရန် ခွန်အားရရှိမည်

[စာမျက်နှာ ၇ ပါပုံစာ]

ဘယ်ဘက်ထိပ်မှစ၍ လက်ယာရစ်– ဝှီလ်ပူးလ်ဂလက်ဆီ၊ ဖျောက်ဆိပ်ကြယ်ပြွတ်၊ လိပ်တာရာ နက်ဗျူလာ၊ အန်ဒရိုမီဒါ ဂလက်ဆီ

[စာမျက်နှာ ၇ ပါပုံစာ]

နေသည် ကမ္ဘာထက် အဆပေါင်း ၃၃၀,၀၀၀ ပို၍ကြီးမား

[စာမျက်နှာ ၇ ပါအသိအမှတ်ပြုစာ]

Pleiades: Nasa, Esa

and Aura/Caltech; all others above: National Optical Astronomy Observatories