မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စော်လမွန်ကျွန်းစုတွင် သဘာဝဘေးအန္တရာယ် ကျရောက်

စော်လမွန်ကျွန်းစုတွင် သဘာဝဘေးအန္တရာယ် ကျရောက်

စော်လမွန်ကျွန်းစုတွင် သဘာဝဘေးအန္တရာယ် ကျရောက်

သြစတြေးလျနိုင်ငံ၏ အရှေ့မြောက်ဘက်ရှိ အပူပိုင်းကျွန်းစုဖြစ်သော စော်လမွန်ကျွန်းစုတွင် ၂၀၀၇၊ ဧပြီ ၂ ရက်၊ တနင်္လာနေ့၌ ၈.၁ ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခုလှုပ်ခတ်သွားသည်။ အချို့သူတို့၏ သတင်းပို့ချက်အရ ပေ ၃၀ အမြင့်ရှိသော လှိုင်းလုံးကြီးများသည် ကျွန်း၏အနောက်ဘက်ကို မိနစ်ပိုင်းအတွင်း ချေမွဖျက်ဆီးခဲ့ရာ လူ ၅၂ ဦးသေဆုံးပြီး ၆,၀၀၀ မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

အထိခိုက်ဆုံးဒေသမှာ ဂီဇိုကျွန်းရှိ လူ ၇,၀၀၀ ခန့်နေထိုင်သော ဂျီဇိုကမ်းခြေမြို့ဖြစ်ပြီး ငလျင်၏ဗဟိုနှင့် ၂၈ မိုင်သာ ကွာဝေးသည်။ ဂျီဇိုမြို့ရှိ ယေဟောဝါသက်သေများ၏ အသင်းတော်ငယ်လေးသည် ထိုညနေတွင် ယေရှုသေခြင်း၏ နှစ်ပတ်လည်အောက်မေ့ရာပွဲကျင်းပရန် စောင့်မျှော်နေကြသည်။ (၁ ကောရိန္သု ၁၁:၂၃-၂၆) ထိုနေ့၏အစတွင် နေသည် ပုံမှန်အတိုင်း လှပစွာထွက်လာပြီး ပင်လယ်ပြင်မှာလည်း တည်ငြိမ်နေသည်။ ထို့နောက် ဒေသစံတော်ချိန် မနက် ၇:၃၉ တွင် ငလျင်လှုပ်လေတော့သည်။

မြေငလျင်!

အသင်းတော်အကြီးအကဲတစ်ဦးဖြစ်သူ ရော်န်ပါကင်စန်နှင့် ဇနီးဒေါ်ရသီတို့သည် ငလျင်လှုပ်ချိန်တွင် မနက်စာအတွက် ပြင်ဆင်နေ၏။ ရော်န်ဤသို့ဆို၏– “ကျွန်တော်တို့ရဲ့ အိမ်အိုလေးက အုန်းပင်လိုပဲ အရှေ့အနောက်ယိမ်းထိုးနေတယ်၊ ဒါပေမဲ့ ပြိုတော့မကျသွားဘူး။ အသံကလည်း မယုံနိုင်လောက်အောင် ကျယ်လွန်းတယ်။ ဗီရိုတွေ၊ ပရိဘောဂ၊ ပန်းကန်ခွက်ယောက်၊ မတ်ရပ်စန္ဒယားနဲ့ တခြားရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေအားလုံး ကြမ်းပြင်ပေါ် ပြိုကျကုန်တယ်။ ကျွန်တော်တို့လည်း အပြင်ဘက်ကို မနည်းထွက်ပြေးခဲ့ရတယ်။ ဒေါ်ရသီက မှန်ကွဲတွေကိုတက်နင်းမိလို့ ခြေထောက်ရှသွားတယ်။”

အနီးအနားတွင် နေထိုင်သော ခရစ်ယာန်သာသနာပြုများဖြစ်သည့် တိုနီနှင့်ခရစ္စတင်းရှောတို့လည်း အိမ်ပြင်သို့ထွက်ပြေးရ၏။ ခရစ္စတင်း ဤသို့ဆို၏– “ငလျင်လှုပ်တာ ကြမ်းလွန်းလို့ ကျွန်မမြေပေါ်လဲကျသွားပြီး ပြန်မထနိုင်တော့ဘူး။ အိမ်တွေက ရေထဲမှာ ပေါလောမျောနေတယ်။ လှိုင်းလုံးကြီးတစ်ခုက အိမ်တွေကို အုတ်မြစ်ကနေ ဆွဲနုတ်သွားတယ်။ လူတွေက အပြိုအပျက်တွေကြားထဲကို ကနူးနဲ့လှော်ခတ်သွားပြီး အသက်ရှင်သေးတဲ့သူတွေကို ရှာခဲ့ကြတယ်။ အဲဒီအချိန်မှာပဲ ငလျင်ကြီးတစ်ခုထပ်လှုပ်ပြီး နောက်တစ်ခု ထပ်လှုပ်ခဲ့တယ်။ နောက်ဆက်တွဲငလျင်ငယ်တွေက ငါးရက်အထိ ဆက်လှုပ်တယ်။ အရမ်းကြောက်ဖို့ကောင်းတာပဲ။”

ထို့နောက် ဆူနာမီ

ပတ်စန်ဘာအီယာသည် ငလျင်လှုပ်ချိန်တွင် ဂျီဇိုမြို့မှလေးမိုင်ခန့်ဝေးသော စီပိုဟီတဲကျွန်းတွင်ရှိနေသည်။ ထိုသဘာဝဘေးအန္တရာယ်အတွင်း ပတ်စန်နှင့်မိသားစု မည်သို့ဖြစ်ခဲ့သနည်း။

ပတ်စန် ဤသို့ပြောပြ၏– “ကျွန်တော့်ဇနီးနေအိုမိနဲ့ ကလေးလေးယောက်ဆီကို ကမ်းခြေအတိုင်း ကျွန်တော်ပြေးသွားတယ်။ သူတို့မြေပေါ်လဲကျနေပေမဲ့ ဘာမှမဖြစ်ဘူး။ ကလေးတွေက ကြောက်လို့တုန်နေပြီး တချို့ကငိုနေကြတယ်။ သူတို့ကို နေအိုမိနဲ့ကျွန်တော် ချက်ချင်းနှစ်သိမ့်ပေးခဲ့တယ်။

“ပင်လယ်ကြီးရဲ့လှုပ်ရှားပုံက မူမမှန်ဘူးဆိုတာ ကျွန်တော် သတိပြုမိတယ်။ ဆူနာမီဖြစ်ဖို့တော့ သေချာနေပြီ။ ကျွန်တော်တို့ရဲ့ ကျွန်းငယ်လေးက ရေအောက်မြုပ်တော့မယ့်ပုံပဲ။ အနားက ကျွန်းငယ်လေးမှာနေတဲ့ ကျွန်တော့်အမေ အဲ့ဗ်လင်းအတွက်လည်း အန္တရာယ်ရှိနေတယ်။ ဒါကြောင့် စက်တပ်ထားတဲ့ကနူးပေါ်တက်ဖို့ မိသားစုကို အမြန်ပြောပြီး အမေ့ကိုကယ်ဖို့ ထွက်သွားကြတယ်။

“နည်းနည်းလေးသွားပြီးတဲ့အချိန်မှာ လှိုင်းလုံးကြီးတစ်လုံးက ကျွန်တော်တို့ရဲ့ကနူးအောက်ကနေ ဖြတ်သွားတယ်။ ပင်လယ်ရေက တက်လာလိုက်၊ ကျသွားလိုက်နဲ့ လှုပ်ရှားနေတယ်။ အမေ့အိမ်လည်းရောက်ရော သူကကြောက်လွန်းလို့ သွေးလန့်နေပြီး ရေထဲလည်း မဆင်းရဲဘူးဖြစ်နေတယ်။ နေအိုမိနဲ့ ကျွန်တော်တို့ရဲ့ ၁၅ နှစ်သား ဂျယ်ရမီက လှိုင်းထန်နေတဲ့ရေထဲ ခုန်ဆင်းလိုက်ပြီး ကနူးဆီကို သူကူးလာနိုင်ဖို့ ကူညီပေးခဲ့တယ်။ အဲဒီနောက် စက်ကိုမိုင်ကုန်တင်ပြီး ပင်လယ်ထဲသွားခဲ့ကြတယ်။

“ပင်လယ်ရေက အရမ်းကျသွားလိုက်တာ ကျွန်းပတ်လည်မှာရှိတဲ့ သန္တာကျောက်တန်းတွေတောင် ပေါ်နေပြီ။ ရုတ်တရက် လှိုင်းလုံးကြီးတစ်လုံး တစ်ရှိန်ထိုးတက်လာပြီး ကျွန်းတွေကို ရေလွှမ်းမိုးပစ်လိုက်တယ်။ ပင်လယ်အစွန်းနားမှာ ဧည့်သည်တွေအတွက်ဆောက်ထားတဲ့ ကျွန်တော်တို့ရဲ့အိမ်လေးက အုတ်မြစ်ကနေဆွဲနုတ်ခံရပြီး ပြင်လို့မရတော့အောင် ပျက်စီးသွားခဲ့တယ်။ ကျွန်တော်တို့အိမ်ကိုလည်း လှိုင်းလုံးတွေရိုက်ခတ်သွားပြီး ပစ္စည်းတော်တော်များများ ပျက်စီးကုန်တယ်။ ပင်လယ်ရေ ပုံမှန်အတိုင်းပြန်ဖြစ်တော့မှ ပျက်စီးသွားတဲ့အိမ်ထဲက ကျမ်းစာနဲ့သီချင်းစာအုပ်တွေဆယ်ယူပြီး ဂျီဇိုမြို့ကိုသွားခဲ့တယ်။”

ကမ်းခြေတစ်လျှောက် အတော်များများပျက်စီးပြီး လူများစွာလည်း သေဆုံးခဲ့သည်။ ဂီဇိုကျွန်း၏အနောက်ဘက်သည် ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်၏။ သတင်းပို့ချက်အရ ၁၅ ပေအမြင့်ရှိသော လှိုင်းလုံးကြီးသည် ထိုတွင်ရှိသောရွာ အနည်းဆုံး ၁၃ ရွာကို လုံးဝဖျက်ဆီးခဲ့လေသည်။

ထိုညတွင် လူ ၂၂ ဦးသည် ဂျီဇိုမြို့ရှိ ယေဟောဝါသက်သေများ၏နိုင်ငံတော်ခန်းမတွင် ယေရှုသေခြင်း၏ အောက်မေ့ရာပွဲကျင်းပရန် စုရုံးရောက်ရှိခဲ့ကြသည်။ ဝမ်းသာစရာမှာ သူတို့တစ်ဦးမျှ အကြီးအကျယ် ထိခိုက်ဒဏ်ရာ မရခဲ့ပေ။ အစောပိုင်းတွင်ဖော်ပြခဲ့သော ရော်န် ဤသို့ဆို၏– “လျှပ်စစ်မီးလည်းမရှိဘူး၊ ကျွန်တော်တို့ရဲ့ ရေနံဆီမီးအိမ်လည်း ကွဲသွားပြီ။ ဒါကြောင့် ညီအစ်ကိုရှောက လက်နှိပ်ဓာတ်မီးနဲ့ ဟောပြောချက်ပေးခဲ့ရတယ်။ အမှောင်ထဲမှာ ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းတဲ့သီချင်းတွေ သံကုန်သီဆိုခဲ့ကြတယ်။”

ကယ်ဆယ်ရေးကြိုးပမ်းမှုများ

ဟိုနီယာရာမြို့တော်ရှိလူများထံ ထိုသတင်းရောက်သွားသောအခါ ယေဟောဝါသက်သေများ၏ ဒေသခံဌာနခွဲသည် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများပို့ရန် ချက်ချင်းဆောင်ရွက်ခဲ့၏။ သက်သေခံများ ဘေးကင်းမကင်း သေချာသိရှိရန် ဘေးအန္တရာယ်ကျရောက်သောဒေသများသို့လည်း ဖုန်းဆက်ခဲ့သည်။ ချွိုင်ဆူးလ်ကျွန်းတွင်နေထိုင်သော သီးခြားဖြစ်နေသည့်သက်သေခံတစ်ဦးကို ရှာရန် ယုံကြည်စိတ်ချရသူများကို စေလွှတ်ရာ နောက်ဆုံး သူ့ကို ဘေးကင်းလုံခြုံစွာတွေ့ရှိခဲ့သည်။ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ဝယ်ယူရန် ဂျီဇိုမြို့သို့ ရန်ပုံငွေများကိုလည်း ပို့ပေးခဲ့သည်။

ဌာနခွဲကိုယ်စားလှယ်များသည် ဦးဆုံးပျံသန်းသောလေယာဉ်ဖြင့် ဂျီဇိုမြို့သို့ ကြာသပတေးနေ့တွင် ရောက်ရှိလာကြသည်။ ဌာနခွဲကော်မတီဝင်တစ်ဦးဖြစ်သူ ခရေ့ဂ်တာကာ ဤသို့ဆို၏– “ကျွန်တော်တို့နဲ့အတူ ကယ်ဆယ်ရေးပစ္စည်း သေတ္တာအများကြီးကို သယ်လာတယ်။ အလေးချိန်ကန့်သတ်ချက်ကြောင့် တခြားခရီးသည်တွေရဲ့အထုပ်တချို့ကို မသယ်ပေးပေမဲ့ ကျွန်တော်တို့ရဲ့ သေတ္တာအားလုံးကိုတော့ သယ်ခွင့်ပေးခဲ့တယ်။ ဘေးအန္တရာယ်ကျရောက်တဲ့ဒေသကိုပို့မယ့် ကယ်ဆယ်ရေးပစ္စည်း ဦးဆုံးအသုတ်ထဲမှာ အဲဒီသေတ္တာတွေလည်းပါတယ်။ တခြားပစ္စည်းတွေလည်း နောက်နှစ်ရက်မှာ သင်္ဘောနဲ့ရောက်လာတယ်။”

ထိုအတောအတွင်း တိုနီရှော၊ ပတ်စန်ဘာအီယာနှင့် ဂျီဇိုမြို့မှ အခြားသက်သေခံများသည် ကနူးလှေဖြင့် နှစ်နာရီကြာ ခရီးသွားပြီး ရာနန်ဂါကျွန်းမှ သီးခြားဖြစ်နေသော သက်သေခံများကို ကူညီပေးခဲ့ကြသည်။ မိုင် ၂၀ ရှည်ပြီး ၅ မိုင်ကျယ်သော ထိုကျွန်းသည် မြေငလျင်၏အားကြောင့် ပင်လယ်မှ ၆ ပေကျော် မြင့်တက်သွားလေသည်။ ကျွန်းပတ်လည်ရှိ ရေမျက်နှာပြင် ရုတ်တရက်ပြောင်းလဲသွားသောကြောင့် ဆူနာမီဖြစ်ပေါ်လာကြောင်း ထင်ရှားသည်။

တိုနီ ဤသို့ဆိုသည်– “ညီအစ်ကိုညီအစ်မတွေက ကျွန်တော်တို့ကိုတွေ့တော့ အရမ်းပျော်သွားကြတယ်။ သူတို့ဘေးကင်းလုံခြုံပေမဲ့ နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် အိမ်အပြင်ဘက်မှာ နေကြရတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေကို သယ်လာတဲ့သင်္ဘောတွေမှာ ကျွန်တော်တို့သင်္ဘောက ဦးဆုံးပဲ။ ကျွန်တော်တို့မပြန်ခင် ယေဟောဝါကို ကျေးဇူးတင်တယ်ဆိုပြီး လှိုက်လှိုက်လှဲလှဲဆုတောင်းခဲ့ကြတယ်။”

ပတ်စန် ဤသို့ဆို၏– “နောက်ရက်တွေတော်တော်ကြာတော့ ကယ်ဆယ်ရေးပစ္စည်းတွေ ထပ်သယ်သွားဖို့နဲ့ ကျွန်းရဲ့သီးခြားအစွန်အဖျားမှာနေတဲ့ သက်သေခံမိသားတစ်စုကိုရှာဖို့ ရာနန်ဂါကျွန်းကို ကျွန်တော်တို့ပြန်သွားကြတယ်။ နောက်ဆုံး မတ်သရူးအီတူနဲ့သူ့မိသားစုက တောနက်ထဲမှာ စခန်းချနေတာကို တွေ့ခဲ့ရတယ်။ သူတို့ကို ကျွန်တော်တို့ မေ့မသွားဘူးဆိုတာသိရလို့ အရမ်းဝမ်းသာခဲ့ကြတယ်။ မြေငလျင်ကြောင့် သူတို့ရွာက အဆောက်အဦတော်တော်များများ အပါအဝင် သူတို့အိမ်လည်း ပျက်စီးသွားတယ်။ ဒါပေမဲ့ သူတို့အဓိကစိတ်ပူတာက ဘေးအန္တရာယ်အတွင်းမှာ ပျောက်ဆုံးသွားတဲ့ သူတို့ကျမ်းစာတွေ ပြန်ရဖို့ပဲ။”

တွေ့မြင်သူများ ချီးမွမ်း

ထိုသို့သောခရစ်ယာန်မေတ္တာကို အခြားသူတို့ သတိမပြုမိဘဲ မနေပါ။ ခရေ့ဂ်တာကာ ဤသို့ဆို၏– “ပြည်သူ့ကယ်ဆယ်ရေးအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို မကြိုက်တဲ့ သတင်းစာဆရာတစ်ယောက်က ယေဟောဝါသက်သေတွေဟာ မြေငလျင်လှုပ်တဲ့ ရက်အတွင်းမှာပဲ သူတို့အဖွဲ့ဝင်တွေကို အစားအစာ၊ အမိုးအကာနဲ့ တခြားလိုအပ်တဲ့ပစ္စည်းတွေ ယူလာပေးကြတာကို သိသွားတော့ အရမ်းအံ့သြပြီး အထင်ကြီးခဲ့တယ်။” ပတ်စန်ကလည်း ဤသို့ထပ်ဆို၏– “ရာနန်ဂါရွာသားတွေက ကျွန်တော်တို့ ဒီလောက်မြန်မြန် ကယ်ဆယ်ပေးတဲ့အတွက် ချီးမွမ်းပြီး သူတို့ချာ့ခ်ျက အဲဒီလိုမထောက်ပံ့ပေးတာကို ပြစ်တင်မြည်တမ်းကြတယ်။” “ရှင်တို့အဖွဲ့အစည်းက ချက်ချင်းလာကူညီပေးကြတယ်” ဟုအမျိုးသမီးတစ်ဦးဆိုသည်။

သက်သေခံများသည် အခြားသူများကိုလည်း ကူညီပေးခဲ့ကြသည်။ ခရစ္စတင်းရှော ဤသို့ဆို၏– “ဂျီဇိုမြို့ကဆေးရုံကို သွားကြည့်တဲ့အခါ ကျွန်မတို့နဲ့မကြာသေးမီကဆုံခဲ့တဲ့ ဇနီးမောင်နှံကို တွေ့ခဲ့တယ်။ နှစ်ယောက်စလုံး ထိခိုက်ဒဏ်ရာရနေပြီး အရမ်းစိတ်ဓာတ်ကျနေတယ်။ ဆူနာမီကြောင့် အဲဒီအမျိုးသမီးရဲ့မြေးလေး ရေနစ်သေဆုံးသွားတယ်။ ဒါနဲ့ သူတို့လိုအပ်တဲ့အစားအစာနဲ့ အဝတ်တွေယူဖို့ အိမ်ကိုချက်ချင်းပြန်လာခဲ့တယ်။ အဲဒီလိုကူညီပေးလို့ သူတို့ အရမ်းကျေးဇူးတင်ကြတယ်။”

သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ရသူများသည် ရုပ်ပစ္စည်းများရရှိရုံထက်မက ပိုလိုအပ်သည်။ အထူးသဖြင့် သူတို့သည် ဘုရားသခင့်နှုတ်မြွက်တော် သမ္မာကျမ်းစာကသာပေးနိုင်သော နှစ်သိမ့်မှုကို လိုအပ်ကြသည်။ ရော်န် ဤသို့ဆို၏– “တချို့ဘာသာရေးခေါင်းဆောင်တွေက လူတွေရဲ့အပြစ်ကြောင့် ဘုရားသခင်ဒဏ်ခတ်တာလို့ ပြောကြတယ်။ ဒါပေမဲ့ မကောင်းတဲ့အရာက ဘယ်တော့မှ ဘုရားသခင်ဆီကလာတာမဟုတ်ဘူးဆိုတဲ့ ကျမ်းချက်ကို ကျွန်တော်တို့ဖွင့်ဖတ်ပြတယ်။ လူတော်တော်များများက ဝိညာဉ်ရေးအရ ဒီလိုနှစ်သိမ့်ပေးတဲ့အတွက် ကျေးဇူးတင်ကြတယ်။”—၂ ကောရိန္သု ၁:၃၊ ၄; ယာကုပ် ၁:၁၃ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 24 ၂၀၀၆၊ နိုဝင်ဘာလထုတ် နိုးလော့! “ ‘ဘာကြောင့်လဲ’—အခက်ခဲဆုံးမေးခွန်းများကို ဖြေဆိုခြင်း” ဆောင်းပါး၏ စာမျက်နှာ ၃-၉ ကိုရှု။ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် ဂျီဇိုမြို့တွင် ထိုဆောင်းပါးကို ရာနှင့်ချီ၍ဝေငှခဲ့သည်။

[စာမျက်နှာ ၁၃ ပါဇယား/မြေပုံ]

ရာနန်ဂါ

ချွိုင်ဆူးလ်

ဂီဇို

ဂျီဇို

ဟိုနီယာရာ

ဩစတြေးလျ

[စာမျက်နှာ ၁၅ ပါပုံစာ]

စက်တပ်ထားသောကနူးအတွင်းရှိ ဘာအီယာမိသားစု

[စာမျက်နှာ ၁၅ ပါပုံစာ]

ရာနန်ဂါကျွန်းရှိ လာလီရွာတွင် ဤဘုရားသခင့်နိုင်ငံတော်ခန်းမသာ မပျက်စီးဘဲကျန်ရစ်

[စာမျက်နှာ ၁၅ ပါပုံစာ]

ဆူနာမီကြောင့် ဂျီဇိုမြို့ပျက်စီးခဲ့