မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ဝေဒနာကို ကိုယ်တော် နားလည်တော်မူ

ကျွန်ုပ်တို့၏ဝေဒနာကို ကိုယ်တော် နားလည်တော်မူ

ဘုရားသခင်၌ချဉ်းကပ်ကြလော့

ကျွန်ုပ်တို့၏ဝေဒနာကို ကိုယ်တော် နားလည်တော်မူ

ယောဟန် ၁၁:၃၃-၃၅

စာနာမှုဟူသည် ကျွန်ုပ်နှလုံးသားထဲရှိ သင့်ပူပန်မှုဝေဒနာပင် ဖြစ်ပေသည်။” ယေဟောဝါသက်သေဖြစ်သော သက်ကြီးခရစ်ယာန်သာသနာပြုတစ်ဦးက ထိုအဖိုးတန်အရည်အသွေးကို ထိုသို့အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ ယေဟောဝါဘုရားသခင်သည် စာနာမှုတင်ပြရာတွင် အကောင်းဆုံးပုံသက်သေဖြစ်သည်။ မိမိလူမျိုး ဝေဒနာခံစားရသည့်အခါ ကိုယ်တော်လည်း ထပ်တူခံစားရသည်။ ယင်းကို ကျွန်ုပ်တို့ မည်သို့စိတ်ချနိုင်သနည်း။ ယေရှု မြေကြီးပေါ်အသက်ရှင်စဉ်က ကိုယ်တော်၏အပြုအမူနှင့် စကားများသည် ယေဟောဝါ၏စာနာမှုကို အပြည့်အဝဖော်ပြသည်။ (ယောဟန် ၅:၁၉) သာဓကအနေဖြင့် ယောဟန် ၁၁:၃၃-၃၅ တွင်ဖော်ပြထားသော အဖြစ်အပျက်ကို ဆင်ခြင်သုံးသပ်ကြည့်ပါ။

ယေရှု၏မိတ်ဆွေလာဇရုသည် အချိန်မတန်ဘဲသေဆုံးသောအခါ သူ၏ရွာသို့ ကိုယ်တော်သွားခဲ့သည်။ လာဇရု၏အစ်မ မာရိနှင့်မာသတို့ ပူဆွေးသောကရောက်နေသည်။ ဤမိသားစုကို ယေရှု အမှန်ပင်ချစ်မြတ်နိုးတော်မူသည်။ (ယောဟန် ၁၁:၅) သို့ဆိုလျှင် ကိုယ်တော် မည်သို့တုံ့ပြန်မည်နည်း။ မှတ်တမ်းက ဤသို့ဆိုသည်– “မာရိမှစ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးကြသည်ကို ယေရှုသည် မြင်တော်မူသောအခါ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍ ‘အလောင်းကိုအဘယ်မှာထားကြသနည်း’ ဟုမေးတော်မူလျှင် ‘သခင် ကြွ၍ကြည့်တော်မူပါ’ ဟုလျှောက်ကြ၏။ ယေရှုသည် မျက်ရည်ကျတော်မူ၏။” (ယောဟန် ၁၁:၃၃-၃၅) ချစ်လှစွာသောမိတ်ဆွေလာဇရု သေဆုံးသည်မှန်သော်လည်း သူ့ကို ရှင်ပြန်ထမြောက်စေတော့မည်ဖြစ်ရာ ကိုယ်တော် အဘယ်ကြောင့်မျက်ရည်ကျသနည်း။ (ယောဟန် ၁၁:၄၁-၄၄) ယေရှုကိုစိတ်ထိခိုက်စေသော အခြားအကြောင်းရင်းတစ်ခုခု ရှိသေးသလော။

အထက်ပါကျမ်းစကားကို ပြန်ကြည့်ပါ။ ယေရှုသည် မာရိနှင့်အခြားသူများ ငိုကြွေးနေသည်ကို မြင်သောအခါ “အလွန်ညှိုးငယ်” ပြီး “စိတ်ပူပန်ခြင်းရှိ” တော်မူကြောင်း သတိပြုပါ။ ဤနေရာတွင်သုံးနှုန်းထားသော မူရင်းစကားလုံးသည် ပြင်းပြသောစိတ်ခံစားချက်ကို ဖော်ပြသည်။ * ယေရှုသည် မိမိမြင်တွေ့ ခဲ့ရာကြောင့် အလွန်စိတ်ထိခိုက်တော်မူသည်။ ကိုယ်တော်၏ပြင်းပြသောခံစားချက် လှိုက်တက်လာသည်ကို မျက်ရည်များပြည့်လျှံနေခြင်းက ထင်ရှားစွာဖော်ပြနေသည်။ မှန်ပါသည်၊ အခြားသူများ၏ဝေဒနာသည် ယေရှုကို စိတ်ထိခိုက်စေသည်။ သင်ချစ်ရသူတစ်ဦး ငိုကြွေးနေသောကြောင့် သင်လည်း မျက်ရည်ကျဖူးသည် မဟုတ်လော။—ရောမ ၁၂:၁၅

ယေရှု၏စာနာမှုက ခမည်းတော်ယေဟောဝါ၏ အရည်အသွေးများနှင့်နည်းလမ်းတော်များကို သိမြင်နိုင်ရန် ကျွန်ုပ်တို့ကိုထောက်ကူပေးသည်။ ယေရှုက “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏” ဟုပြောဆိုနိုင်သည်အထိ ခမည်းတော်၏အရည်အသွေးများကို အပြည့်အဝတင်ပြခဲ့ကြောင်း သတိရပါ။ (ယောဟန် ၁၄:၉) ထို့ကြောင့် “ယေရှုသည် မျက်ရည်ကျတော်မူ၏” ဟုကျွန်ုပ်တို့ဖတ်ရသောအခါ ယေဟောဝါသည်လည်း မိမိအားဝတ်ပြုကိုးကွယ်သူတို့၏ ဝေဒနာကို ထပ်တူထပ်မျှခံစားတော်မူကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။ မှန်ပါသည်၊ အခြားကျမ်းရေးသူများကလည်း ဤအချက်ကို ထောက်ခံ၏။ (ဟေရှာယ ၆၃:၉; ဇာခရိ ၂:၈) ယေဟောဝါဘုရားသခင်သည် သနားကြင်နာလှသည်တကား!

ထောက်ထားစာနာတတ်သူထံ ကျွန်ုပ်တို့ ချဉ်းကပ်လေ့ရှိသည်။ ကျွန်ုပ်တို့အားငယ်သည့်အခါ သို့မဟုတ် စိတ်ဓာတ်ကျသည့်အခါ ကျွန်ုပ်တို့၏အခြေအနေကို စာနာနားလည်ပေးပြီး ကျွန်ုပ်တို့၏ဝေဒနာကို ဝေမျှခံစားတတ်သူတစ်ဦးထံ ချဉ်းကပ်တတ်ကြသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့၏ဝေဒနာကို ထပ်တူခံစားပြီး ကျွန်ုပ်တို့မျက်ရည်ကျရသည့်အကြောင်းရင်းကို နားလည်ပေးသော စာနာထောက်ထားသည့်ဘုရားသခင်ထံ ကျွန်ုပ်တို့ ပို၍ချဉ်းကပ်ကြမည်မဟုတ်လော။—ဆာလံ ၅၆:၈

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဤတွင် “မျက်ရည်ကျတော်မူ၏” ဟုဘာသာပြန်ဆိုထားသော ဂရိစကားလုံးသည် “တိတ်ဆိတ်စွာငိုကြွေးခြင်း” ကို ရည်ညွှန်းလေ့ရှိသော်လည်း မာရိနှင့်အခြားသူများ ငိုကြွေးသည်ကို ဖော်ပြသောစကားလုံးကမူ “ကျယ်လောင်စွာငိုကြွေးခြင်း” ဟူသည့်အဓိပ္ပာယ်သက်ရောက်ပေမည်။