မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သဘာဝဘေးအန္တရာယ်များသည် ဘုရားသခင်ဒဏ်ခတ်ခြင်းကြောင့်လော

သဘာဝဘေးအန္တရာယ်များသည် ဘုရားသခင်ဒဏ်ခတ်ခြင်းကြောင့်လော

စာရှုသူများအမေး

သဘာဝဘေးအန္တရာယ်များသည် ဘုရားသခင်ဒဏ်ခတ်ခြင်းကြောင့်လော

ဘုရားသခင်သည် လူသားများကို ဒဏ်ခတ်ရန် သဘာဝဘေးအန္တရာယ်များကို အသုံးမပြုချေ။ ဘုရားသခင်သည် ထိုသို့ တစ်ခါမျှမပြုခဲ့သည့်နည်းတူ နောင်လည်းပြုမည်မဟုတ်ပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၁ ယောဟန် ၄:၈ ၌ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုဆိုသည်။

ဘုရားသခင်၏လုပ်ဆောင်မှုတိုင်းသည် မေတ္တာကို အရင်းခံ၏။ မေတ္တာသည် အပြစ်မဲ့သူများကို ထိခိုက်နာကျင်မှုမဖြစ်စေပါ၊ အကြောင်းမှာ “ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏အကျိုးကို မဖျက်ဆီးတတ်” ဟုကျမ်းစာကဆိုသောကြောင့်ဖြစ်သည်။ (ရောမ ၁၃:၁၀) ယောဘ ၃၄:၁၂ တွင် ‘အကယ်စင်စစ် ဘုရားသခင်သည် မကောင်းမှုကိုပြုတော်မမူ’ ဟုဖော်ပြသည်။

ကျွန်ုပ်တို့ခေတ်၌ “ကြီးစွာသောမြေလှုပ်ခြင်း” ကဲ့သို့သောသဘာဝဘေးအန္တရာယ်များဖြစ်မည်ဟု ကျမ်းစာတွင် ကြိုဟောသည်မှာ မှန်ပါသည်။ (လုကာ ၂၁:၁၁) မိုးလေဝသကြိုတင်ခန့်မှန်းသူသည် သူကြိုတင်ခန့်မှန်းသည့် လေမုန်တိုင်း၏အပျက်အစီးအတွက် တာဝန်မရှိပေ။ အလားတူ သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးမှုများအတွက် ယေဟောဝါ၌ တာဝန်မရှိချေ။ လူတို့ သဘာဝဘေးအန္တရာယ်များခံစားရခြင်းသည် ဘုရားသခင်ကြောင့်မဟုတ်လျှင် အဘယ်အရာကြောင့်နည်း။

‘လောကသားအပေါင်းတို့သည် စာတန်၏လက်၌ရှိကြသည်’ ဟုကျမ်းစာက ဖော်ပြသည်။ (၁ ယောဟန် ၅:၁၉) စာတန်သည် လူ့သမိုင်းအစတွင် ပုန်ကန်ချိန်မှ ယနေ့တိုင် လူအသက်ကိုသတ်သောသူဖြစ်သည်။ (ယောဟန် ၈:၄၄) စာတန်သည် လူ့အသက်ကို တန်ဖိုးမရှိ၊ အရေးမပါဟုယူဆသည်။ သူသည် အတ္တဆန်လွန်းရကား အတ္တဆန်သောစနစ်ကို ဖန်တီးထားခြင်းသည် အံ့ဩစရာမဟုတ်ပေ။ ယနေ့လောကစနစ်ရှိ ကိုယ်ကျိုးရှာသူများကြောင့် ခိုကိုးရာမဲ့သူများသည် သဘာဝဘေးအန္တရာယ် သို့မဟုတ် လူကြောင့်ဖြစ်သောဘေးအန္တရာယ်များ ကြုံရနိုင်သောနေရာများတွင် နေထိုင်ရသည့်အထိဖြစ်နေသည်။ (ဧဖက် ၂:၂; ၁ ယောဟန် ၂:၁၆) ထို့ကြောင့် လိုဘကြီးသူများသည် အပြစ်မဲ့သူများခံစားရသော ဘေးအန္တရာယ်များအတွက် တာဝန်မကင်းချေ။ (ဒေ. ၈:၉) မည်သို့အားဖြင့်နည်း။

သဘာဝဘေးအန္တရာယ်အများစုသည် အနည်းနှင့်အများ လူကြောင့်ဖြစ်ရခြင်းဖြစ်သည်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စု၊ နယူးအော်လင်းဇ်မြို့တွင် ဟာရီကိန်းမုန်တိုင်းကြောင့် ရေလွှမ်းမိုးခဲ့ရာ လူတို့ခံစားရသောဘေးဆိုးများ သို့မဟုတ် ဗင်နီဇွဲလားနိုင်ငံတွင် တောင်ပြိုမှုကြောင့် အိမ်ခြေပျက်စီးမှုများကို သုံးသပ်ကြည့်ပါ။ လေ၊ ရေစသည့် သဘာဝဖြစ်စဉ်များသည် ကပ်ဘေးအသွင်ပြောင်းလဲသွားရခြင်းမှာ လူတို့၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတနည်းပါးခြင်း၊ ဆောက်လုပ်ရေးညံ့ဖျင်းခြင်း၊ အစီအစဉ်ညံ့ဖျင်းခြင်း၊ သတိပေးချက်ကိုဂရုမစိုက်ခြင်း၊ စီမံအုပ်ချုပ်မှု လွဲမှားခြင်းတို့ကြောင့်ဖြစ်သည်။

ကျမ်းစာခေတ်တွင် ဖြစ်ပွားခဲ့သော ဘေးအန္တရာယ်တစ်ခုကို သုံးသပ်ကြည့်ပါ။ ယေရှုခေတ်တွင် ရှိလောင်ပြအိုး ရုတ်တရက်ပြိုကျသောကြောင့် လူ ၁၈ ဦးသေဆုံးခဲ့ရသည်။ (လုကာ ၁၃:၄) ထိုကပ်ဘေးသည် လူ့အမှားကြောင့်၊ “အချိန်နှင့်ကြိုတင်မမြင်နိုင်သော ဖြစ်ရပ်များ” ကြောင့် သို့မဟုတ် နှစ်ခုစလုံးကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် ဘုရားသခင့်စီရင်ချက်မဟုတ်သည်မှာ သေချာသည်။—ဒေ. ၉:၁၁

ဘုရားသခင်ကြောင့် ဘေးအန္တရာယ်တစ်စုံတစ်ခု ဖြစ်ခဲ့ဖူးပါသလော။ ဖြစ်ခဲ့သည်၊ သို့သော် သဘာဝကြောင့် သို့မဟုတ် လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များနှင့်မတူဘဲ ဘုရားသခင်သည် စိစစ်ရွေးချယ်ပြီး ဖျက်ဆီးတော်မူသည်။ ၎င်းတို့သည် ရည်ရွယ်ချက်ရှိပြီး အလွန်ဖြစ်ခဲပါသည်။ ဘိုးဘေးနောဧခေတ် ကမ္ဘာချီရေလွှမ်းမိုးဘေးနှင့် လောတခေတ် သောဒုံနှင့်ဂေါမောရမြို့ ပျက်စီးခြင်းသည် သာဓကနှစ်ရပ်ဖြစ်၏။ (ကမ္ဘာဦး ၆:၇-၉၊ ၁၃; ၁၈:၂၀-၃၂; ၁၉:၂၄) ဘုရားသခင်၏ ထိုတရားစီရင်ချက်များသည် နောင်တမယူသော ဆိုးသွမ်းသူများကိုပယ်ရှားပြီး ကိုယ်တော့်အမြင်တွင် ဖြောင့်မတ်သူများကိုမူ ကယ်တင်ခဲ့သည်။

အမှန်မှာ ယေဟောဝါဘုရားသခင်သည် သဘာဝဘေးအန္တရာယ်များကြောင့် ခံစားရသော ဆင်းရဲခက်ခဲမှုနှင့်ဆိုးကျိုးအားလုံးကို အဆုံးတိုင်ပေးနိုင်စွမ်း၊ အဆုံးတိုင်ပေးလိုစိတ်နှင့် အဆုံးတိုင်ပေးနိုင်သောတန်ခိုး ရှိတော်မူ၏။ ဘုရားသခင့်ခန့်အပ်ခံ ဘုရင်ယေရှုခရစ်နှင့်ပတ်သက်၍လည်း ဆာလံ ၇၂:၁၂ တွင် ဤသို့ဆိုသည်– “ငတ်မွတ်သောသူအော်ဟစ်သောအခါ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။”