မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ချစ်ရသူတစ်ဦး ကွယ်လွန်သွားသည့်အခါ

ချစ်ရသူတစ်ဦး ကွယ်လွန်သွားသည့်အခါ

ချစ်ရသူတစ်ဦး ကွယ်လွန်သွားသည့်အခါ

၂၀၀၇၊ ဇူလိုင် ၁၇ ရက်၊ အင်္ဂါနေ့ညနေ ခုနစ်နာရီ ခန့်တွင် ဘရာဇီးနိုင်ငံ၊ ဆောပိုလိုမြို့လယ်ရှိ ပျားပန်းခပ်စည်ကားနေသော လေဆိပ်၏ ပြေးလမ်းပေါ်တွင် ခရီးသည်တင်လေယာဉ်တစ်စင်း ဘီးချော်သွားသည်။ လေယာဉ်သည် လမ်းမကြီးကိုဖြတ်ကျော်ကာ ဂိုဒေါင် တစ်လုံးကို ဝင်တိုက်လိုက်သည်။ ထိုလေယာဉ်မတော်တဆ ဖြစ်မှုတွင် လူ ၂၀၀ ခန့် သေဆုံးခဲ့ရ၏။

ဘရာဇီးနိုင်ငံ၏ အဆိုးရွားဆုံးလေယာဉ်တိုက်မှုအဖြစ် ထိုဖော်ပြချက်သည် ချစ်ရသူများကိုဆုံးရှုံးခဲ့ရသူတို့၏ မှတ်ဉာဏ်တွင် ဖျောက်ဖျက်မရနိုင်အောင် စွဲထင်ကျန်ရစ်နေပေမည်။ ထိုသူတို့တွင် ကလောဒီလည်း တစ်ဦးအပါအဝင်ဖြစ်သည်။ သူတီဗွီကြည့်နေစဉ် လေယာဉ်ပျက်ကျသည့်သတင်းကို ကြားလိုက်ရခြင်းဖြစ်သည်။ အောက်တိုဘာလတွင် လက်ထပ်ရန် စီစဉ်ပြီးဖြစ်သော ၂၆ နှစ်အရွယ် သားဖြစ်သူရီနာတိုသည် ထိုလေယာဉ်တွင် စီးနင်းလိုက်ပါလာသည်။ ကလောဒီသည် သားဖြစ်သူ၏ဆဲလ်ဖုန်းကိုခေါ်ရန် အသည်းအသန်ကြိုးစားသော်လည်း အဘယ်တုံ့ပြန်မှုမျှ မရခဲ့ချေ။ သို့နှင့် ကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ်လဲကျသွားကာ ဖြေမဆည်နိုင်အောင် ငိုကြွေးနေမိသည်။

အဲန်ဂျီနှင့်စေ့စပ်ထားသော အမျိုးသားသည် ၁၉၈၆၊ ဇန်နဝါရီလတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့ရသည်။ ထိုသတင်းကိုကြားလိုက်ရစဉ် အဲန်ဂျီခမျာ ကြက်သေသေသွားသည်။ “သတင်းကြားကြားချင်း ကျွန်မ ဘယ်လိုမှမယုံနိုင်ဘူး။ ကျွန်မ အိပ်မက်ဆိုးမက်နေတာ၊ ဒီအိပ်မက်ဆိုးကနေ မကြာခင်လန့်နိုးလာပြီး ဒါတကယ်မဟုတ်ဘူးဆိုတာ သိရလိမ့်မယ်လို့ပဲ ခံစားနေရတယ်။ ကျွန်မ တုန်လှုပ်ချောက်ချားနေပြီး တစ်ယောက်ယောက်က ကျွန်မရင်ဝကို လက်သီးနဲ့ထိုးလိုက်သလို ဆိုးဆိုးရွားရွားနာကျင်ခံစားခဲ့ရတယ်။” အဲန်ဂျီသည် နောက်သုံးနှစ်တိုင် စိတ်ကျဝေဒနာခံစားခဲ့ရသည်။ ထိုယာဉ်တိုက်မှုဖြစ်ပြီး အနှစ် ၂၀ ကျော်ကုန်လွန်သွားသည့်တိုင် ထိုအဖြစ်အပျက်ကိုပြန်တွေးမိလေတိုင်း သူ တုန်လှုပ်ချောက်ချားနေဆဲဖြစ်၏။

မျှော်လင့်မထားသည့် ထိုအဖြစ်ဆိုးမျိုး ကြုံရပြီးနောက် ဖြစ်ပေါ်လာနိုင်သော ချောက်ချားခြင်း၊ မယုံနိုင်အောင်ဖြစ်ခြင်း၊ တွေဝေခြင်း၊ စိတ်ပျက်လက်ပျက်ဖြစ်ခြင်းစသော ခံစားချက်များကိုဖော်ပြရန် မည်သည့်စကားလုံးမျှ မစွမ်းဆောင်နိုင်ပေ။ ချစ်ရသူတစ်ဦး နာတာရှည်ရောဂါခံစားရပြီးနောက် ဆုံးပါးတော့မည်ဟု သိထားချိန်တွင်ပင် အကြီးအကျယ် ဝမ်းနည်းကြေကွဲမိနိုင်သည်။ ချစ်ရသူတစ်ဦး၏သေခြင်းအတွက် လုံးဝအသင့်ရှိနေသူဟူ၍ မရှိပါ။ နန်စီ၏မိခင်သည် နာတာရှည်ရောဂါခံစားပြီးနောက် ၂၀၀၂ ခုနှစ်တွင် သေဆုံးသွားသည်။ မိခင်ဆုံးသည့်နေ့တွင် နန်စီသည် ဆေးရုံကြမ်းပြင်ပေါ် ပုံရက်သားထိုင်ချကာ ကြက်သေသေနေမိသည်။ ဘဝဟူသည် သူ့အတွက် ဘာအဓိပ္ပာယ်မျှမရှိတော့ပုံဖြစ်နေပြီ။ ငါးနှစ်တာကုန်လွန်သွားပြီးနောက်၌ပင် မိခင်ဖြစ်သူကို တမ်းတမိလေတိုင်း သူ ငိုရှိုက်နေရစမြဲပင်။

“လူတွေက ဆုံးရှုံးမှုတစ်ခုကနေ လုံးဝနာလန်ပြန်ထူဖို့ မဖြစ်နိုင်ဘူး၊ ဒီဆုံးရှုံးမှုကိုရင်ဝယ်ပိုက်ပြီးတော့ပဲ နေထိုင်တတ်သွားကြတယ်” ဟု ဒေါက်တာဟိုလီဂျီပရာ့စမ် ပြောဆိုခဲ့သည်။ မမျှော်လင့်ဘဲဖြစ်စေ၊ မျှော်လင့်ထားသည်ဖြစ်စေ သင်ချစ်ရသူတစ်ဦး သေဆုံးသွားလျှင် အောက်ပါတို့ကို သင်သိလိုပေမည်– ‘ဝမ်းနည်းပူဆွေးခြင်းသည် ဖြစ်ရိုးဖြစ်စဉ်လော။ ချစ်ရသူတစ်ဦး ဆုံးပါးသွားသည့်အခါ မည်သို့ရင်ဆိုင်ခံရပ်နိုင်မည်နည်း။ ချစ်ရသူကို ပြန်တွေ့နိုင်ပါဦးမည်လော။’ ထိုမေးခွန်းများနှင့် သင်သိလိုမည့်အခြားမေးခွန်းများကို နောက်ဆောင်းပါးက ဖြေဆိုပေးပါလိမ့်မည်။

[စာမျက်နှာ ၃ မှ ဓာတ်ပုံ Credit Line]

EVERTON DE FREITAS/AFP/Getty Images