မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘အကျွန်ုပ်သည် ထာဝရဘုရားသခင်၏ ကျွန်မဖြစ်ပါ၏!’

‘အကျွန်ုပ်သည် ထာဝရဘုရားသခင်၏ ကျွန်မဖြစ်ပါ၏!’

သူတို့၏ယုံကြည်ခြင်းကို တုပကြလော့

‘အကျွန်ုပ်သည် ထာဝရဘုရားသခင်၏ ကျွန်မဖြစ်ပါ၏!’

မာရိသည် မိမိအိမ်သို့ရောက်လာသော ဧည့်သည်တစ်ဦးကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေသည်။ ထိုဧည့်သည်မှာ အမေ သို့မဟုတ် အဖေရှိသလောဟု မမေးပါ။ မိမိကိုတွေ့လို၍ ရောက်လာခြင်းဖြစ်၏။ သေချာသည်မှာ ထိုသူသည် နာဇရက်မြို့သား မဖြစ်နိုင်ပေ။ မိမိတို့နေထိုင်သောမြို့ငယ်မျိုးတွင် သူစိမ်းတစ်ဦးဟုတ်မဟုတ် အလွယ်တကူသိရှိနိုင်သည်။ ထိုဧည့်သည်မှာ သူစိမ်းတစ်ဦးပင်။ ‘ကျေးဇူးတော်ကိုခံရသောမိန်းမ၊ သင့်အား မင်္ဂလာဖြစ်စေသတည်း။ ထာဝရဘုရားသခင်သည် သင်နှင့်အတူရှိတော်မူ၏’ ဟူသော ထိုသူ၏စကားမှာ မိမိအတွက် အထူးအဆန်းဖြစ်လို့နေသည်။—လုကာ ၁:၂၈

ဂါလိလဲနယ်၊ နာဇရက်မြို့မှ ဧလိ၏သမီး မာရိကို သမ္မာကျမ်းစာက အထက်ပါအတိုင်း မိတ်ဆက်ပေးထားသည်။ မာရိကို ကျွန်ုပ်တို့စတင်သိကျွမ်းချိန်မှာ သူ၏ဘဝအတွက် အရေးကြီးသော ဆုံးဖြတ်ချက်များချရတော့မည့်အချိန်တွင်ဖြစ်သည်။ မချမ်းသာသော်လည်း ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိသော လက်သမားယောသပ်နှင့် စေ့စပ်ထားသောကြောင့် မာရိသည် ယောသပ်၏ဇနီးအဖြစ် ထောက်မကူညီရန်၊ ယောသပ်နှင့်အတူ မိသားစုတစ်ခုကိုထူထောင်ရန်ဟူသော ရိုးရှင်းသောဘဝအတွက် စီစဉ်ပြီးသားဖြစ်ပုံရသည်။ ရုတ်တရက်၊ ဧည့်သည်တစ်ဦးက ဘုရားသခင်ထံမှတာဝန်တစ်ခု ပေးအပ်ခဲ့သည်၊ ယင်းက သူ့ဘဝကို ပြောင်းလဲစေပေမည်။

မာရိနှင့်ပတ်သက်၍ သမ္မာကျမ်းစာတွင် များစွာမဖော်ပြထားသည်ကို သင်အံ့အားသင့်နေပေမည်။ သူ၏ဘဝနောက်ခံအကြောင်း အနည်းငယ်သာဖော်ပြပြီး သူ၏ပင်ကိုစရိုက်အကြောင်း ပို၍နည်းကာ သူ၏ရုပ်ရည်အကြောင်း လုံးဝမဖော်ပြထားပေ။ သို့တိုင် သူနှင့်ပတ်သက်သော ကျမ်းစာဖော်ပြချက်သည် သူ၏အကြောင်းကို များစွာသိရှိစေ၏။

မာရိအကြောင်း ပို၍သိကျွမ်းနိုင်ရန် သူနှင့်ပတ်သက်၍ ဘာသာတရားအသီးသီးမှသွန်သင်နေသော အယူအဆများကို ကျော်၍ကြည့်မြင်တတ်ဖို့လိုသည်။ ထို့ကြောင့် ပန်းချီကားချပ်များ၊ စကျင်ကျောက် သို့မဟုတ် အင်္ဂတေဖြင့် ပုံဖော်ထားသော မာရိ၏ “ရုပ်ရည်” ကို မဆွေးနွေးဘဲ ချန်ထားကြစို့။ နှိမ့်ချမှုရှိသော ထိုအမျိုးသမီးကို “ဘုရားသခင့်မယ်တော်၊” “ကောင်းကင်မိဖုရား” စသည့် ကြီးမြင့်သောဘွဲ့နာမများပေးထားသည့် ရှုပ်ထွေးလှသောအယူဝါဒကိုလည်း ဖယ်ထားကြစို့။ ယင်းအစား မာရိနှင့်ပတ်သက်၍ ကျမ်းစာအမှန်တကယ်ဖော်ပြရာကို အာရုံစိုက်ကြပါစို့။ ယင်းက မာရိ၏ယုံကြည်ခြင်းနှင့် ယင်းကို ကျွန်ုပ်တို့မည်သို့တုပနိုင်ကြောင်း ထိုးထွင်းသိမြင်စေသည်။

ကောင်းကင်တမန်တစ်ပါး၏လည်ပတ်မှု

မာရိထံလာလည်ပတ်သော ဧည့်သည်မှာ သင်သိရှိထားသည့်အတိုင်း လူသားတစ်ဦးမဟုတ်ပါ။ ကောင်းကင်တမန်ဂါဗြေလဖြစ်၏။ ထိုကောင်းကင်တမန်က မာရိအား “ကျေးဇူးတော်ကိုခံရသောမိန်းမ” ဟုခေါ်ဝေါ်လိုက်သောအခါ မာရိခမျာ “စိတ်နှလုံးမငြိမ်မဝပ်” ဖြစ်သွားပြီး ထိုထူးဆန်းသောနှုတ်ခွန်းဆက်စကားကြောင့် အံ့အားသင့်ခဲ့သည်။ (လုကာ ၁:၂၉) မာရိသည် အဘယ်သူ၏ကျေးဇူးတော်ကို ခံရသနည်း။ လူတို့၏ကျေးဇူးကိုခံရမည်ဟု မာရိမမျှော်လင့်ခဲ့ပေ။ သို့သော် ယေဟောဝါဘုရားသခင်၏ကျေးဇူးတော်ကို ခံရသည်ဟု ကောင်းကင်တမန်ပြောဆိုနေခြင်းဖြစ်၏။ ယင်းသည် မာရိအတွက် အရေးကြီးသည်။ သို့သော် သူသည် ဘုရားသခင်၏ကျေးဇူးတော်ကို ရရှိထားသည်ဟု မာန်တက်စွာမယူဆခဲ့ပါ။ ကျွန်ုပ်တို့လည်း ဘုရားသခင်၏ကျေးဇူးတော်ကိုခံလိုပါက ယင်းကိုရရှိပြီးသားပုံစံဖြင့် မာန်မာနမတက်ပါနှင့်။ ယင်းအစား မာရိကောင်းစွာသိနားလည်ထားသော ဤအရေးကြီးသင်ခန်းစာမှ ကျွန်ုပ်တို့သင်ယူနိုင်ပါသည်– ဘုရားသခင်သည် ထောင်လွှားစော်ကားသောသူတို့ကို ဆီးတားတော်မူပြီး မာန်မာနမရှိ၊ စိတ်နှိမ့်ချသောသူတို့အား ချစ်မြတ်နိုးပြီး ထောက်မတော်မူသည်။—ယာကုပ် ၄:၆

စိတ်ကူးဉာဏ်မမီနိုင်လောက်အောင် ကြီးမြတ်လှသောအခွင့်ထူးကို ကောင်းကင်တမန်ကမ်းလှမ်းနေသောကြောင့် မာရိသည် ထိုသို့နှိမ့်ချမှုရှိရန် လိုအပ်ပေမည်။ လူသားတို့တွင် အရေးတကာ့အရေးကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာမည့် ကလေးကို သူဖွားမြင်ရမည်ဟု ကောင်းကင်တမန်က ရှင်းပြသည်။ ဂါဗြေလ ဤသို့ဆို၏– ‘သူ့အဘဒါဝိဒ်၏ရာဇပလ္လင်ကို ဘုရားသခင်သည် သူ့အား ပေးတော်မူမည်။ ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရ။’ (လုကာ ၁:၃၂၊ ၃၃) လွန်ခဲ့သောအနှစ်တစ်ထောင်ကျော်တွင် ဘုရားသခင်သည် ဒါဝိဒ်အား သူ၏မျိုးဆက်မှဆင်းသက်လာသူကို ထာဝရစိုးစံစေမည်ဟူ၍ ကတိပေးခဲ့ကြောင်း မာရိကောင်းစွာသိရှိမည်မှာ သေချာသည်။ (၂ ဓမ္မရာဇဝင် ၇:၁၂၊ ၁၃) ထို့ကြောင့် သူဖွားမြင်သောသားသည် ရာစုနှစ်များတစ်လျှောက် ဘုရားသခင်၏လူမျိုးတော် စောင့်မျှော်နေသော မေရှိယဖြစ်လာမည်။

ထိုသားသည် ‘အမြင့်ဆုံးသောဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်’ ဟု ကောင်းကင်တမန်ပြောခဲ့သည်။ လူမိန်းမတစ်ဦးသည် ဘုရားသခင်၏သားတော်ကို မည်သို့ဖွားမြင်နိုင်မည်နည်း။ မာရိအနေဖြင့် သားတစ်ဦး မည်သို့မွေးဖွားပေးနိုင်မည်နည်း။ သူသည် ယောသပ်နှင့် စေ့စပ်ကြောင်းလမ်းထားသော်လည်း လက်မထပ်ရသေးပေ။ ထို့ကြောင့် “ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်သည် ယောက်ျားနှင့်မဆက်ဆံပါ” ဟုဘွင်းဘွင်းမေးလိုက်သည်။ (လုကာ ၁:၃၄) မာရိသည် မိမိအပျိုစင်ဖြစ်နေသေးကြောင်း မရှက်မကြောက်ထုတ်ပြောရဲသည်ကို သတိပြုပါ။ တစ်နည်းဆိုရလျှင် သူ၏အကျင့်သီလစင်ကြယ်ခြင်းကို သူတန်ဖိုးထားသည်။ ယနေ့၊ လူငယ်များစွာသည် အပျိုစင်ဘဝကိုစွန့်လွှတ်ရန် ဝန်မလေးကြပေ၊ ထိုသို့မပြုသူများကိုပင် ကဲ့ရဲ့လှောင်ပြောင်ကြသည်။ လောကသည် လုံးဝပြောင်းလဲနေ၏။ ယေဟောဝါမူကား မပြောင်းလဲပါ။ (မာလခိ ၃:၆) မာရိခေတ်တွင်ကဲ့သို့ ကိုယ်တော်သည် မိမိ၏ကိုယ်ကျင့်တရားစံနှုန်းများအား လိုက်နာသူများကို တန်ဖိုးထားဆဲဖြစ်၏။—ဟေဗြဲ ၁၃:၄

မာရိသည် ဘုရားသခင်၏ သစ္စာရှိကျေးကျွန်တစ်ဦးဖြစ်သော်လည်း မစုံလင်သူဖြစ်၏။ သို့ဖြစ်လျက်နှင့် ဘုရားသခင်၏သားတော်၊ စုံလင်သူတစ်ဦးကို မည်သို့မွေးဖွားပေးနိုင်မည်နည်း။ ဂါဗြေလ ဤသို့ရှင်းပြသည်– ‘သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာသက်ရောက်တော်မူ၍ အမြင့်ဆုံးသောဘုရားသခင်၏ တန်ခိုးတော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။’ (လုကာ ၁:၃၅) သန့်ရှင်းခြင်းဟူသည် “သန့်စင်ခြင်း၊” “စင်ကြယ်ခြင်း၊” “မြင့်မြတ်ခြင်း” ဟူသောအဓိပ္ပာယ်ရှိသည်။ သာမန်အားဖြင့် သားသမီးများသည် မစင်ကြယ်ခြင်းနှင့် အပြစ်ရှိသည့်အခြေအနေကို မိဘများထံမှ အမွေရရှိသည်။ သို့သော် ယေဟောဝါသည် အလွန်ထူးခြားသောအံ့ဖွယ်အမှုကို ပြုတော်မူမည်။ ကိုယ်တော်သည် မိမိသားတော်၏အသက်ကို အံ့ဖွယ်နည်းဖြင့် မာရိ၏သားအိမ်ထဲထည့်သွင်းပေးခဲ့သည်။ ထို့နောက် ကိုယ်တော်၏တက်ကြွလှုပ်ရှားသောစွမ်းအား သို့မဟုတ် သန့်ရှင်းသောဝိညာဉ်တော်ကို မာရိထံ “သက်ရောက်” စေကာ သားတော်ကို အပြစ်မှန်သမျှမှကင်းစင်စေရန် ကာကွယ်ပေးမည်။ ကောင်းကင်တမန်၏ကတိစကားကို မာရိယုံကြည်ခဲ့သလော။ သူမည်သို့တုံ့ပြန်ခဲ့သနည်း။

ဂါဗြေလစကားကို မာရိတုံ့ပြန်ပုံ

ခရစ်ယာန်ဘောင်မှ ကျမ်းပညာရှင်အချို့အပါအဝင် ဝေဖန်ရေးသမားများက အပျိုစင်တစ်ဦး သားဖွားနိုင်သည်ကို ယုံရခက်နေကြသည်။ သူတို့သည် ပညာတတ်များဖြစ်လင့်ကစား ရိုးရှင်းသောအမှန်တရားကို နားမလည်နိုင်ကြပေ။ ဂါဗြေလပြောဆိုခဲ့သည့်အတိုင်း “ဘုရားသခင်တတ်နိုင်တော်မမူသောအမှု မရှိ” ပါ။ (လုကာ ၁:၃၇) မာရိသည် ယုံကြည်ခြင်းခိုင်မာသူဖြစ်သောကြောင့် ဂါဗြေလ၏စကားကို အမှန်တရားအဖြစ် လက်ခံသည်။ သို့ရာတွင် ထိုယုံကြည်ခြင်းသည် ပြောသမျှယုံလွယ်ခြင်းမဟုတ်ပါ။ ဆင်ခြင်တုံတရားရှိသူများနည်းတူ မာရိသည်လည်း သူ၏ယုံကြည်ခြင်းအတွက် ခိုင်လုံသောအထောက်အထားရှိဖို့လိုသည်။ ဂါဗြေလတွင် ထိုအထောက်အထား ရှိနေသည်။ မာရိနှင့်အမျိုးတော်စပ်ပြီး သားမဖွားနိုင်ဘဲမြုံနေသော သက်ကြီးရွယ်အို ဧလိရှဗက်အကြောင်း သူပြောပြသည်။ ဘုရားသခင်သည် ဧလိရှဗက်ကို အံ့ဖွယ်နည်းဖြင့် ကိုယ်ဝန်ရရှိစေခဲ့သည်။

ယခု၊ မာရိ အဘယ်အရာလုပ်ဆောင်မည်နည်း။ သူ့တွင် တာဝန်တစ်ရပ်ရရှိထားပြီး ဂါဗြေလပြောဆိုရာမှန်သမျှကို ဘုရားသခင်ပြည့်စုံစေမည်ဟူသော အထောက်အထားလည်း ရှိနေပြီဖြစ်သည်။ ထိုအခွင့်ထူးသည် စိုးရိမ်စရာမလို၊ မခက်ခဲဟု ကျွန်ုပ်တို့မယူဆသင့်ပါ။ အကြောင်းရင်းတစ်ခုမှာ မာရိသည် ယောသပ်နှင့်စေ့စပ်ထားပြီးဖြစ်၏။ သူ၌ကိုယ်ဝန်ရှိနေကြောင်း သိရှိပြီးနောက် သူ့ကို ယောသပ် လက်ထပ်လိုဦးမည်လော။ နောက်အကြောင်းရင်းတစ်ခုမှာ ယင်းသည် အလွန်တာဝန်ကြီးပုံရပေမည်။ ဘုရားသခင်၏ဖန်ဆင်းရာတွင် အဖိုးထိုက်ဆုံးသား၊ ကိုယ်တော့်ချစ်သားတော်၏အသက်ကို ကိုယ်ဝန်လွယ်ထားရမည်။ မွေးကင်းစကလေးကို ကြည့်ရှုစောင့်ရှောက်ပြီး ဆိုးညစ်သောလောကတွင် ကာကွယ်ပေးရမည်။ အမှန်ပင် ကြီးလေးလှသောတာဝန်ပါတကား။

ခွန်အားသန်မာပြီး ယုံကြည်ခြင်းခိုင်ခံ့သော အမျိုးသားများပင် ဘုရားသခင်ထံမှ ခက်ခဲသောတာဝန်များကိုလက်ခံရန် တွန့်ဆုတ်ခဲ့ကြောင်း ကျမ်းစာက ဖော်ပြသည်။ မောရှေသည် စကားကိုကျွမ်းကျွမ်းကျင်ကျင် မပြောဆိုနိုင်သောကြောင့် ဘုရားသခင်၏ပြောရေးဆိုခွင့်ရှိသူအဖြစ် မထမ်းဆောင်နိုင်ဟု ငြင်းဆန်ခဲ့သည်။ (ထွက်မြောက်ရာ ၄:၁၀) ယေရမိက သူသည် ငယ်ရွယ်လွန်းပြီး “သူငယ်” ကဲ့သို့ဖြစ်သည့်အတွက် ဘုရားသခင်ပေးသော တာဝန်ကို မထမ်းဆောင်နိုင်ဟု ကန့်ကွက်ပြောဆိုခဲ့သည်။ (ယေရမိ ၁:၆) ယောနသည် ပေးအပ်သောတာဝန်ကို မထမ်းဆောင်ဘဲ ထွက်ပြေးခဲ့သည်။ (ယောန ၁:၃) မာရိကော မည်သို့နည်း။

နှိမ့်ချမှုနှင့်နာခံမှုကိုဖော်ကျူးသော မာရိ၏ရိုးရှင်းလှသည့်စကားလုံးများသည် သမိုင်းတစ်လျှောက် ပဲ့တင်ထပ်ခဲ့၏။ ‘အကျွန်ုပ်သည် ထာဝရဘုရားသခင်၏ကျွန်မဖြစ်ပါ၏။ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ဖြစ်ပါစေ’ ဟုဂါဗြေလကို သူပြောဆိုခဲ့သည်။ (လုကာ ၁:၃၈) ကျွန်မတစ်ဦးသည် နိမ့်ကျသောအစေခံ၊ သခင်၏လက်ခုပ်ထဲမှ ရေပမာဖြစ်၏။ မိမိ၏သခင် ယေဟောဝါနှင့်ပတ်သက်၍လည်း မာရိထိုသို့ခံစားရသည်။ ကိုယ်တော်၏လက်တော်တွင် လုံခြုံမှုခံစားခဲ့ရကြောင်း၊ ကိုယ်တော်သည် မိမိအားသစ္စာစောင့်သူများကို သစ္စာစောင့်တော်မူကြောင်း၊ ထိုခက်ခဲသောတာဝန်ကို အကောင်းဆုံးထမ်းဆောင်လျှင် ကိုယ်တော်ကောင်းချီးပေးမည်ဖြစ်ကြောင်း မာရိကောင်းစွာသိသည်။—ဆာလံ ၁၈:၂၅၊ ၂၆

တစ်ခါတစ်ရံ၊ ကျွန်ုပ်တို့အမြင်တွင် ခက်ခဲပုံရသော၊ မဖြစ်နိုင်ဟန်ရှိသောအရာကို လုပ်ဆောင်ရန် ဘုရားသခင် တောင်းဆိုတော်မူသည်။ သို့သော် ကိုယ်တော်ကိုယုံကြည်ကိုးစားပြီး မာရိကဲ့သို့ ကျွန်ုပ်တို့ကိုယ်ကို ကိုယ်တော်လက်တော်တွင် အပ်ထားသင့်သည့် အကြောင်းရင်းများစွာကို သမ္မာကျမ်းစာတွင် ကိုယ်တော်ဖော်ပြထားသည်။ (သု. ၃:၅၊ ၆) ကျွန်ုပ်တို့ ထိုသို့လုပ်ဆောင်မည်လော။ ထိုသို့လုပ်ဆောင်ပါက ကိုယ်တော်သည် ကျွန်ုပ်တို့ကိုကောင်းချီးပေးပြီး ယုံကြည်ခြင်းပို၍ခိုင်ခံ့လာစေရန် အထောက်အထားများပင် ပေးတော်မူမည်။

ဧလိရှဗက်ထံ အလည်သွားခြင်း

ဧလိရှဗက်နှင့်ပတ်သက်သည့် ဂါဗြေလ၏စကားမှာ မာရိအတွက် အထူးအဓိပ္ပာယ်ရှိသည်။ ကမ္ဘာပေါ်ရှိ အမျိုးသမီးများတွင် မည်သူက မိမိ၏အခြေအနေကို ကောင်းစွာနားလည်ပေးနိုင်မည်နည်း။ မာရိသည် သုံးရက် သို့မဟုတ် လေးရက်ခရီးကြာနိုင်မည့် ယုဒနယ်၏တောင်တန်းထူထပ်သောဒေသကို ချက်ချင်းခရီးနှင်ခဲ့သည်။ ယဇ်ပုရောဟိတ်ဇာခရိနှင့် ဧလိရှဗက်၏အိမ်သို့ မာရိဝင်သောအခါ ယေဟောဝါသည် သူ၏ယုံကြည်ခြင်းကို ခိုင်ခံ့စေရန် ထပ်ဆင့်အထောက်အထားများပေးခြင်းဖြင့် ကောင်းချီးပေးခဲ့သည်။ ဧလိရှဗက်သည် မာရိ၏နှုတ်ခွန်းဆက်စကားကို ကြားသည်နှင့် ဗိုက်ထဲမှကလေး ရွှင်မြူး၍ခုန်နေသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍ မာရိအား “အကျွန်ုပ်သခင်၏မယ်တော်” ဟုခေါ်သည်။ မာရိဖွားမြင်သောသားသည် မိမိ၏သခင် မေရှိယဖြစ်လာမည်ကို ဧလိရှဗက်အား ဘုရားသခင်ဖော်ပြခဲ့သည်။ ထို့ပြင် မာရိ၏သစ္စာရှိရှိနာခံမှုကို ချီးကျူးရန် လှုံ့ဆော်ခံခဲ့ရကာ “ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏” ဟုပြောခဲ့သည်။ (လုကာ ၁:၃၉-၄၅) မှန်ပါသည်၊ မာရိကိုပေးသော ယေဟောဝါ၏ကတိတော်မှန်သမျှ ပြည့်စုံလာပေမည်။

မာရိ၏တုံ့ပြန်စကားကို လုကာ ၁:၄၆-၅၅ တွင် သေချာစွာမှတ်တမ်းတင်ထားသည်။ ကျမ်းစာမှတ်တမ်းတွင် ယင်းသည် မာရိ၏အရှည်လျားဆုံးပြောဆိုချက်ဖြစ်ပြီး သူနှင့်ပတ်သက်၍ များစွာသိရှိစေသည်။ ယင်းစကားများတွင် မေရှိယ၏မိခင်ဖြစ်ရသည့်အခွင့်ထူးဖြင့် ကောင်းချီးပေးသည့်အတွက် ယေဟောဝါကိုချီးမွမ်းထားသောကြောင့် မာရိ၏ကျေးဇူးတင်လေးမြတ်စိတ်ကို ဖော်ပြနေသည်။ မာနထောင်လွှားသူ၊ အစွမ်းခွန်အားကြီးသူများကို ရှုတ်ချပြီး ကိုယ်တော်အားဝတ်ပြုသော နှိမ့်ချသူ၊ ဆင်းရဲသားများကို ကူညီတော်မူကြောင်း ပြောဆိုထားသည့်အတွက် သူ၏နက်ရှိုင်းလှသောယုံကြည်ခြင်းကို ဖော်ပြနေသည်။ ထို့ပြင် သူ၏အသိပညာမည်မျှရှိကြောင်းကိုလည်း ဖော်ပြနေသည်။ ခန့်မှန်းချက်တစ်ခုအရ သူသည် ဟေဗြဲကျမ်းမှရည်ညွှန်းချက် ၂၀ ကျော်ကို အသုံးပြုခဲ့သည်။

မာရိသည် ဘုရားသခင့်နှုတ်မြွက်တော်ကို လေးလေးနက်နက် တွေးတောဆင်ခြင်ခဲ့သည်မှာ သေချာ၏။ သူသည် နှိမ့်ချမှုရှိကာ မိမိအခြေအနေကိုရှင်းပြရန် မိမိကိုယ်ပိုင်စကားများထက် ကျမ်းစကားများအသုံးပြု၍ ပြောဆိုခြင်းကို ပို၍နှစ်သက်သည်။ သူ၏သားအိမ်ထဲတွင်ကြီးထွားနေသော သားသည် နောင်တစ်နေ့တွင် ထပ်ထူသဘောထားဖြင့် ဤသို့ပြောဆိုပေမည်– ‘ငါဟောသောတရားတော်သည် ငါ၏တရားတော်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူ၏ တရားတော်ဖြစ်၏။’ (ယောဟန် ၇:၁၆) ကျွန်ုပ်တို့လည်း မိမိကိုယ်ကို ဤသို့မေးသင့်သည်– ‘ကျွန်ုပ်သည် ဘုရားသခင့်နှုတ်မြွက်တော်ကို ထိုသို့ရိုသေလေးမြတ်မှုတင်ပြပါသလော။ သို့မဟုတ် ကိုယ်ပိုင်အယူအဆများနှင့် ကိုယ်ပိုင်သွန်သင်ချက်များကို ပိုနှစ်သက်ပါသလော။’ မာရိ၏အဖြေမှာ ရှင်းနေပါသည်။

မာရိသည် ဧလိရှဗက်နှင့် သုံးလကြာနေထိုင်ခဲ့ရာ အပြန်အလှန် အားပေးတည်ဆောက်ခွင့် ရရှိခဲ့မည်မှာသေချာသည်။ (လုကာ ၁:၅၆) ထိုအမျိုးသမီးနှစ်ဦးစလုံးသည် မိတ်ဖွဲ့ပေါင်းသင်းခြင်း၏အရေးကြီးမှုကို ကျွန်ုပ်တို့အား အမှတ်ရစေ၏။ ယေဟောဝါဘုရားသခင်ကို အမှန်တကယ်ချစ်သောသူများနှင့်သာ မိတ်ဖွဲ့ပေါင်းသင်းပါက ဘုရားသခင်နှင့် ပို၍ရင်းနှီးလာမည်မှာ သေချာသည်။ (သု. ၁၃:၂၀) နောက်ဆုံးတွင် မာရိ အိမ်ပြန်ချိန် ရောက်လာလေပြီ။ သူ၏အခြေအနေကို သိလိုက်ရသောအခါ ယောသပ် မည်သို့တုံ့ပြန်မည်နည်း။

မာရိနှင့်ယောသပ်

မာရိသည် မိမိတွင် ကိုယ်ဝန်ရှိနေကြောင်း ပြောပြရန် အချိန်မဆွဲခဲ့ပေ။ ယင်းအကြောင်းကို ယောသပ်အား ပြောပြခဲ့မည်မှာသေချာသည်။ သဘောထားကြီးပြီး ဘုရားသခင်ကိုကြောက်ရွံ့သော ထိုအမျိုးသားသည် ထိုသတင်းကို ကြားလိုက်ရလျှင် မည်သို့တုံ့ပြန်မည်ကို သူသိလိုပေမည်။ မည်သို့ပင်ဖြစ်စေ သူ့ထံသွားကာ ဖြစ်ပျက်ခဲ့ရာကို အကုန်အစင်ပြောပြလိုက်သည်။ ယောသပ် မည်မျှစိတ်အနှောင့်အယှက်ဖြစ်မည်ကို ကျွန်ုပ်တို့ မြင်ယောင်နိုင်ပါသည်။ ဤမိန်းကလေး၏စကားကို သူယုံကြည်လိုသော်လည်း ယင်းတို့မှာ တစ်ခါမျှမဖြစ်ဖူးသောကိစ္စဖြစ်နေသည်။ သူ့စိတ်ထဲ မည်သည့်အတွေးမျိုးဝင်လာကြောင်း သို့မဟုတ် သူမည်သို့တွေးတောဆင်ခြင်ခဲ့ကြောင်း ကျမ်းစာက မဖော်ပြပါ။ သို့သော် မာရိအား ကွာရှင်းရန် ဆုံးဖြတ်လိုက်ကြောင်းကိုမူ ဖော်ပြသည်။ အကြောင်းမှာ ထိုအချိန်က စေ့စပ်ကြောင်းလမ်းထားသူနှစ်ဦးကို လက်ထပ်ထားသူများအဖြစ် ရှုမြင်ကြသောကြောင့်ဖြစ်သည်။ မာရိအား လူအများကြား အရှက်တကွဲဖြစ်ကာ အပြစ်ပေးခံရရန် မလိုလားသောကြောင့် တိတ်တဆိတ်ကွာရှင်းရန် သူဆုံးဖြတ်လိုက်ခြင်းဖြစ်၏။ (မဿဲ ၁:၁၈၊ ၁၉) ယခင်က တစ်ခါမျှမဖြစ်ဖူးသည့်အခြေအနေကြောင့် ယောသပ် စိတ်အနှောင့်အယှက်ဖြစ်နေသည်ကို မြင်ရသည့်အခါ မာရိအနေဖြင့် စိတ်ထိခိုက်ခဲ့ရသည်။ သို့တိုင် နာကြည်းဒေါသမဖြစ်ခဲ့ပေ။

အကောင်းဆုံးဟု ယောသပ်ထင်သည့်လမ်းစဉ်အတိုင်း ရှေ့ဆက်ရန် ယေဟောဝါခွင့်မပြုခဲ့ချေ။ မာရိကိုယ်ဝန်ရှိခြင်းမှာ အမှန်ပင် အံ့ဖွယ်နည်းဖြင့်ဖြစ်ကြောင်း ယောသပ်၏အိပ်မက်တွင် ကောင်းကင်တမန်ပြောပြသည်။ ယင်းက အလွန်စိတ်သက်သာရာဖြစ်ခဲ့သည်။ မူလက မာရိ၏တုံ့ပြန်ပုံအတိုင်း ယောသပ်လည်း ယေဟောဝါ၏လမ်းပြမှုနှင့်အညီ လုပ်ဆောင်ခဲ့သည်။ သူသည် မာရိကို ဇနီးအဖြစ်သိမ်းယူလိုက်ပြီး ယေဟောဝါ၏သားတော်အား ဂရုစိုက်စောင့်ရှောက်ရသည့် ထူးခြားသောတာဝန်ကို ထမ်းဆောင်ရန် အသင့်ပြင်ဆင်ခဲ့သည်။—မဿဲ ၁:၂၀-၂၄

မောင်နှံစုံများအပြင် အိမ်ထောင်ပြုရန် ရည်ရွယ်နေသူများသည် လွန်ခဲ့သောအနှစ် ၂,၀၀၀ ကျော်က ထိုမောင်နှံစုံထံမှ သင်ခန်းစာယူသင့်သည်။ ဇနီးဖြစ်သူသည် မိခင်ဘဝ၏တာဝန်နှင့် ဂရုစိုက်စောင့်ရှောက်မှုများကို လုပ်ဆောင်နေကြောင်း ယောသပ်တွေ့မြင်ရသည့်အခါ ကောင်းကင်တမန်၏လမ်းညွှန်မှုအတွက် အလွန်ပင် စိတ်ကျေနပ်ခဲ့သည်။ အရေးကြီးသောဆုံးဖြတ်ချက်များချရသည့်အခါ ယေဟောဝါကို မှီခိုအားထားရန် အရေးကြီးကြောင်း ယောသပ်သိခဲ့သည်။ (ဆာလံ ၃၇:၅; သု. ၁၈:၁၃) အိမ်ထောင်ဦးစီးအဖြစ် ဆုံးဖြတ်ချက်များချရာတွင် သူသည် ဂရုတစိုက်ဖြင့်ကောင်းစွာချင့်ချိန်ခဲ့မည်မှာ သေချာသည်။

သို့သော် ယောသပ်ကိုလက်ထပ်ရန် မာရိလိုလိုလားလားရှိခြင်းမှ ကျွန်ုပ်တို့ အဘယ်အရာသိရှိနိုင်သနည်း။ မာရိ၏ပြောဆိုချက်ကို အစပိုင်းတွင် ယောသပ် လက်ခံရခက်နေသည်။ သို့သော် မာရိသည် သူ့အား အိမ်ထောင်ဦးစီးဖြစ်လာမည့်သူအဖြစ် စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့သည်။ ယင်းသည် မာရိနှင့် ယနေ့ခရစ်ယာန်အမျိုးသမီးများအတွက် အလွန်ကောင်းသော သင်ခန်းစာတစ်ရပ်ပင်။ ဤဖြစ်ရပ်များသည် မာရိနှင့်ယောသပ်တို့အား ရိုးသားပွင့်လင်းစွာ ပြောဆိုဆက်သွယ်ခြင်း၏တန်ဖိုးနှင့်ပတ်သက်၍ များစွာသင်ပေးခဲ့ပုံရသည်။

ထိုမောင်နှံစုံသည် သူတို့၏အိမ်ထောင်ရေးကို အကောင်းဆုံးအုတ်မြစ်ပေါ် ချခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် အရာရာထက် ယေဟောဝါဘုရားသခင်ကို ပိုချစ်မြတ်နိုးပြီး တာဝန်ကျေပွန်ကာ ဂရုစိုက်တတ်သော မိဘများအဖြစ် ကိုယ်တော်၏မျက်နှာသာကို ရလိုကြသည်။ ကြီးစွာသောကောင်းချီးများအပြင် ကြီးလေးသောစိန်ခေါ်ချက်များလည်း သူတို့ကိုစောင့်ကြိုနေသည်။ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားအဖြစ် ကြီးပြင်းလာမည့် ယေရှုကို ပြုစုစောင့်ရှောက်ရသည့်အလားအလာ ရှေ့တွင်စောင့်ကြိုနေပါသည်။

[စာမျက်နှာ ၁၇ ပါရုပ်ပုံ]

အိမ်ထောင်ရေးအတွက် အကောင်းဆုံးအုတ်မြစ်မှာ ဘုရားသခင်ကိုချစ်သောမေတ္တာဖြစ်