မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် မိမိအပေါ် မသွေမဖည်တည်ကြည်သူတို့အား စွန့်တော်မူမည်မဟုတ်

ယေဟောဝါသည် မိမိအပေါ် မသွေမဖည်တည်ကြည်သူတို့အား စွန့်တော်မူမည်မဟုတ်

ယေဟောဝါသည် မိမိအပေါ် မသွေမဖည်တည်ကြည်သူတို့အား စွန့်တော်မူမည်မဟုတ်

‘[ယေဟောဝါ] သည် မိမိသန့်ရှင်းသူတို့ [‘မိမိအပေါ်မသွေမဖည်တည်ကြည်သူတို့၊’ ကဘ] ကို စွန့်တော်မမူ။ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည်။’—ဆာ. ၃၇:၂၈

၁၊ ၂။ (က) ဘီစီတစ်ဆယ်ရာစုမှ အဘယ်အခြေအနေများက ဘုရားသခင့်ကျေးကျွန်များ၏ တည်ကြည်မှုကို စမ်းသပ်ခဲ့သနည်း။ (ခ) အဘယ်အခြေအနေသုံးခုတွင် ယေဟောဝါသည် မိမိအပေါ် မသွေမဖည်တည်ကြည်သူများကို ကာကွယ်စောင့်ရှောက်ခဲ့သနည်း။

ချိန်ကား ဘီစီတစ်ဆယ်ရာစုကဖြစ်ပြီး ဆုံးဖြတ်ချက်ချရတော့မည်ဖြစ်သည်။ မငြိမ်မသက်ဖြစ်နေသော မြောက်ပိုင်းဣသရေလအနွယ်များကို လွတ်လပ်မှုအတော်အတန်ပေးလိုက်ခြင်းဖြင့် ပြည်တွင်းစစ်ဖြစ်လုနီးပါးအခြေအနေကို ရှောင်လွဲခဲ့သည်။ သူတို့၏ခန့်အပ်ခံဘုရင်အသစ်ဖြစ်သော ယေရောဗောင်သည် ဆယ်နွယ်နိုင်ငံအတွက် ဘာသာအသစ်တစ်ခုကို တည်ထောင်လိုက်ခြင်းဖြင့် မိမိတန်ခိုးအာဏာတည်မြဲရန် အလျင်အမြန်ဆောင်ရွက်သည်။ မိမိ၏လက်အောက်ခံများထံမှ အကြွင်းမဲ့သစ္စာခံမှုကို သူတောင်းဆိုသည်။ ယေဟောဝါအပေါ် တည်ကြည်သောကျေးကျွန်များသည် အဘယ်အရာပြုလုပ်ကြမည်နည်း။ မိမိတို့ဝတ်ပြုကိုးကွယ်သည့် ဘုရားသခင်အပေါ် ဆက်၍မသွေမဖည်တည်ကြည်ကြမည်လော။ ထောင်နှင့်ချီသောသူတို့ ဆက်၍သမာဓိစောင့်ထိန်းကြရာ ယေဟောဝါသည် သူတို့ကို စောင့်ရှောက်ကွယ်ကာတော်မူသည်။—၃ ရာ. ၁၂:၁-၃၃; ၆ ရာ. ၁၁:၁၃၊ ၁၄

ကျွန်ုပ်တို့အချိန်တွင်လည်း ဘုရားသခင့်ကျေးကျွန်များ၏တည်ကြည်မှု စမ်းသပ်ခံရသည်။ သမ္မာကျမ်းစာက “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့” ဟုသတိပေးသည်။ ‘သင်တို့၏ရန်သူတည်းဟူသောစာတန်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။’ ကျွန်ုပ်တို့သည် “ယုံကြည်ခြင်း၌တည်၍” စာတန်ကို အောင်မြင်စွာ “ဆီးတား” နိုင်မည်လော။ (၁ ပေ. ၅:၈၊ ၉) ဘီစီ ၉၉၇၊ ဘုရင်ယေရောဗောင်နန်းတက်စက ဝန်းကျင်အခြေအနေတချို့ကို ဆန်းစစ်ကြည့်ကာ ယင်းတို့မှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သည်ကို ကြည့်ကြစို့။ ထိုခဲယဉ်းသောကာလအတွင်း ယေဟောဝါအပေါ် တည်ကြည်သောကျေးကျွန်များသည် ဖိနှိပ်ခံခဲ့ရသည်။ သူတို့သည် ခက်ခဲသည့်တာဝန်များကို ဆောင်ရွက်ရစဉ် အယူဖောက်ပြန်မှု၏ ဩဇာလွှမ်းမိုးမှုများကိုလည်း ခံခဲ့ရသည်။ ထိုအခြေအနေတစ်ခုစီတွင် ယေဟောဝါသည် ထိုအချိန်က မိမိအပေါ်မသွေမဖည်တည်ကြည်သူတို့ကို မစွန့်ပစ်ခဲ့ပါ၊ ယနေ့လည်း ကိုယ်တော်စွန့်ပစ်မည်မဟုတ်ပါ။—ဆာ. ၃၇:၂၈

ဖိနှိပ်မှုအောက်တွင်

၃။ ဘုရင်ဒါဝိဒ်၏အုပ်ချုပ်မှုသည် အဘယ်ကြောင့်ဖိနှိပ်မှုမဖြစ်ခဲ့သနည်း။

ယေရောဗောင်ဘုရင်ဖြစ်လာသည့် အခြေအနေများကို ဦးဆုံးဆန်းစစ်ကြည့်ကြစို့။ နယပုံပြင် ၂၉:၂ ကဤသို့ဆို၏– ‘မတရားသောသူတို့သည် အုပ်စိုးသောအခါ ပြည်သူပြည်သားတို့သည် ဝမ်းနည်းတတ်ကြ၏။’ ရှေးဣသရေလဘုရင်ဒါဝိဒ်၏ အုပ်ချုပ်မှုအောက်တွင် ပြည်သူတို့သည် ဝမ်းမနည်းခဲ့ကြပါ။ ဒါဝိဒ်သည် စုံလင်သူမဟုတ်သော်လည်း သူသည် ဘုရားသခင်အပေါ်တည်ကြည်ခဲ့ပြီး ကိုယ်တော်ကို ယုံကြည်ကိုးစားခဲ့သည်။ ဒါဝိဒ်၏အုပ်ချုပ်မှုသည် ဖိနှိပ်ချုပ်ချယ်မှုမဖြစ်ခဲ့ပါ။ ယေဟောဝါသည် ဒါဝိဒ်နှင့်ပဋိညာဉ်ဖွဲ့ခဲ့ပြီး ဤသို့မိန့်တော်မူ၏– “သင်၏အမျိုးအနွယ်နှင့် သင်၏နိုင်ငံသည် ငါ့ရှေ့မှာ အစဉ်အမြဲတည်လိမ့်မည်။ သင်၏ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်လိမ့်မည်။”—၂ ရာ. ၇:၁၆

၄။ ရှောလမုန်အုပ်ချုပ်မှုအတွင်းခံစားရသော ကောင်းချီးများသည် အဘယ်အရာပေါ် မူတည်ခဲ့သနည်း။

ဒါဝိဒ်၏သား ရှောလမုန်၏အုပ်ချုပ်မှုအစပိုင်းသည် အလွန်ငြိမ်းချမ်းပြီး သာယာဝပြောခဲ့သည့်အတွက် ခရစ်တော်ယေရှု၏ အနာဂတ်အနှစ်တစ်ထောင်အုပ်ချုပ်ချိန် ရှေ့ပြေးအရိပ်အဖြစ် ကောင်းစွာပုံဖော်နိုင်ခဲ့သည်။ (ဆာ. ၇၂:၁၊ ၁၇) ထိုအချိန်က ဣသရေလ ၁၂ နွယ်မှ မည်သည့်အနွယ်မှ ပုန်ကန်စရာအကြောင်းမရှိခဲ့ပါ။ သို့သော် ရှောလမုန်နှင့် သူ၏လက်အောက်ခံများပျော်မွေ့သည့် ကောင်းချီးများသည် အခြေအနေပေါ်မူတည်သည်။ ယေဟောဝါက ရှောလမုန်အား ဤသို့မိန့်တော်မူခဲ့၏– “သင်သည် ငါသွန်သင်သောလမ်းသို့လိုက်လျက် ငါစီရင်ချက်အတိုင်းစီရင်၍ ငါပညတ်သမျှတို့ကိုစောင့်ရှောက်လျှင် သင်၏အဘဒါဝိဒ်အား ငါကတိထားသည်အတိုင်း သင်၌ငါပြုမည်။ ငါ၏လူဣသရေလအမျိုးကို ငါမစွန့်၊ သူတို့အလယ်၌နေမည်။”—၃ ရာ. ၆:၁၁-၁၃

၅၊ ၆။ ရှောလမုန် ယေဟောဝါအပေါ်တည်ကြည်မှုမရှိခြင်းကြောင့် အဘယ်အကျိုးဆက်ဖြစ်ခဲ့သနည်း။

ရှောလမုန်အသက်ကြီးသောအခါ ယေဟောဝါအပေါ်တည်ကြည်မှုမရှိတော့ဘဲ မှောက်မှားသောဝတ်ပြုရေးတွင် စတင်ပါဝင်လာခဲ့သည်။ (၃ ရာ. ၁၁:၄-၆) ရှောလမုန်သည် တဖြည်းဖြည်းနှင့် ယေဟောဝါ၏ပညတ်တို့ကို မနာခံတော့ဘဲ ပို၍ပို၍ဖိနှိပ်လာခဲ့သည်။ သူသေဆုံးပြီးနောက် သူ့နောက်ဆက်ခံသည့် သူ၏သားရောဗောင်အချိန်အထိ လူများတို့သည် သူနှင့်ပတ်သက်၍ မကျေနပ်မှုကို ပြစ်တင်ညည်းညူနေဆဲဖြစ်ပြီး လျော့ပေါ့ပေးရန် တောင်းဆိုခဲ့ကြသည်။ (၃ ရာ. ၁၂:၄) ရှောလမုန် တည်ကြည်မှုမရှိဖြစ်လာသောအခါ ယေဟောဝါမည်သို့တုံ့ပြန်ခဲ့သနည်း။

သမ္မာကျမ်းစာ၌ ဤသို့ဖော်ပြ၏– ‘နှစ်ကြိမ်ထင်ရှားတော်မူသော ဣသရေလအမျိုး၏ဘုရားသခင် . . . ထံတော်မှ ရှောလမုန်သည် စိတ်နှလုံးလွှဲသွား . . . သောကြောင့် ယေဟောဝါအမျက်ထွက်တော်မူ’ ၏။ ရှောလမုန်ကို ယေဟောဝါဤသို့မိန့်တော်မူ၏– “သင်သည် ဤသို့ပြု၍ ငါဖွဲ့သောပဋိညာဉ်နှင့် ငါမှာထားသောတရားကိုမစောင့်ဘဲနေသောကြောင့် နိုင်ငံတော်ကို သင့်လက်မှ ငါဆက်ဆက်နုတ်၍ သင့်ကျွန်အားပေးမည်။”—၃ ရာ. ၁၁:၉-၁၁

၇။ ရှောလမုန်ကို ငြင်းပယ်ခဲ့သော်လည်း ယေဟောဝါသည် မိမိအပေါ်တည်ကြည်သူများကို မည်သို့ဂရုစိုက်စောင့်ရှောက်ခဲ့သနည်း။

ထို့နောက် ယေဟောဝါသည် ရှောလမုန်၏ဖိနှိပ်မှုအောက်မှ ကယ်လွှတ်ပေးမည့်သူကို ဘိသိက်ပေးရန် ပရောဖက်အဟိယကို စေလွှတ်ခဲ့သည်။ ထိုကယ်လွှတ်မည့်သူမှာ ရှောလမုန်လက်အောက်တွင်အမှုထမ်းခဲ့သော အရည်အချင်းရှိသူ ယေရောဗောင်ဖြစ်သည်။ သို့သော် ယေဟောဝါသည် ဒါဝိဒ်နှင့်ဖွဲ့ထားသည့် နိုင်ငံတော်ပဋိညာဉ်အပေါ် ဆက်၍တည်ကြည်ခဲ့သော်လည်း ၁၂ နွယ်အတွင်း အုပ်စုနှစ်ခုကွဲစေရန် ကိုယ်တော်အတည်ပြုပေးခဲ့သည်။ ယေရောဗောင်ကို ဆယ်နွယ်ပေးခဲ့ပြီး ယခု ဒါဝိဒ်မျိုးဆက်ကိုကိုယ်စားပြုသည့် ဘုရင်ရောဗောင်နှင့်အတူ နှစ်နွယ်ကျန်ရစ်မည်ဖြစ်သည်။ (၃ ရာ. ၁၁:၂၉-၃၇; ၁၂:၁၆၊ ၁၇၊ ၂၁) ယေဟောဝါက ယေရောဗောင်အား ဤသို့မိန့်တော်မူ၏– “သင်သည် ငါမှာထားသမျှကိုနားထောင်၍ ငါ့ကျွန်ဒါဝိဒ်ပြုသကဲ့သို့ ငါ၏လမ်းတို့သို့လိုက်လျက် ငါ့ရှေ့၌မှန်သောတရား၊ ငါစီရင်ချက်ပညတ်များကိုစောင့်ရှောက်လျှင် သင်နှင့်အတူငါရှိ၍ ဒါဝိဒ်အဖို့မြဲမြံသောအိမ်ကိုဆောက်သည်နည်းတူ သင့်အဖို့ဆောက်၍ ဣသရေလနိုင်ငံကိုငါပေးမည်။” (၃ ရာ. ၁၁:၃၈) ယေဟောဝါသည် မိမိလူမျိုး၏အကျိုးအတွက် စီစဉ်ဆောင်ရွက်တော်မူခဲ့ပြီး ဖိနှိပ်မှုအောက်မှ သက်သာရာရစေသည့်လမ်းကို ပြင်ဆင်ပေးခဲ့သည်။

၈။ ယနေ့ အဘယ်စမ်းသပ်မှုများက ဘုရားသခင့်လူမျိုးကို ဖိနှိပ်သနည်း။

ယနေ့အချိန်တွင် ဖိနှိပ်မှုနှင့် တရားမမျှတမှု ပျံ့နှံ့လျက်ရှိသည်။ “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုး” ကြသည်ဟု ဒေ. ၈:၉ ကဆိုသည်။ လောဘကြီးသောကုန်သွယ်မှု၊ ယိုယွင်းဖောက်ပြန်သောအုပ်ချုပ်မှုတို့က ခက်ခဲကျပ်တည်းသောစီးပွားရေးအခြေအနေများကို ဖြစ်ပေါ်စေနိုင်သည်။ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ဝတ်ပြုရေးတို့မှခေါင်းဆောင်များသည် ကိုယ်ကျင့်တရားတွင် ပုံသက်သေညံ့ဖျင်းသူများဖြစ်လေ့ရှိသည်။ ထို့ကြောင့် ဖြောင့်မတ်သူလောတကဲ့သို့ပင် ယနေ့ ဘုရားသခင်အပေါ်တည်ကြည်သူတို့သည် “မတရားသောသူတို့၏ ညစ်ညူးသောအကျင့်အားဖြင့် နှောင့်ယှက်ခြင်းကိုခံရ” ကြသည်။ (၂ ပေ. ၂:၇) ထို့ပြင် ကျွန်ုပ်တို့သည် အခြားသူတို့ကိုအနှောင့်အယှက်မဖြစ်စေဘဲ ဘုရားသခင်၏စံနှုန်းများကို နာခံဖို့ကြိုးစားကြသည့်တိုင် ထောင်လွှားသောအုပ်စိုးသူများ၏ နှိပ်စက်မှုခံရသော အဓိကပစ်မှတ်ဖြစ်လာလေ့ရှိသည်။—၂ တိ. ၃:၁-၅၊ ၁၂

၉။ (က) ယေဟောဝါသည် မိမိလူမျိုးကိုကယ်နုတ်ရန် အဘယ်အရာ ပြုတော်မူပြီးဖြစ်သနည်း။ (ခ) ယေရှုသည် ဘုရားသခင်အပေါ် အစဉ်အမြဲတည်ကြည်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။

သို့သော် ကျွန်ုပ်တို့သည် ဤအခြေခံအမှန်တရားကို ယုံကြည်စိတ်ချနိုင်သည်– ယေဟောဝါသည် မိမိအပေါ်တည်ကြည်သူတို့ကို စွန့်ပစ်မည်မဟုတ်ပါ။ ယိုယွင်းဖောက်ပြန်သောအုပ်ချုပ်သူများနေရာတွင် အစားထိုးရန် ကိုယ်တော်ဆောင်ရွက်ပြီးဖြစ်သော အရာများကိုသာ စဉ်းစားကြည့်ပါ။ ခရစ်တော်ယေရှုလက်ထဲရှိ ဘုရားသခင့်မေရှိယနိုင်ငံတော်ကို တည်ထောင်ပြီးဖြစ်သည်။ ယေရှုခရစ် ကောင်းကင်တွင်အုပ်ချုပ်နေသည်မှာ အနှစ်တစ်ရာနီးပါးရှိနေပြီဖြစ်သည်။ ကိုယ်တော်သည် ဘုရားသခင့်နာမတော်ကိုကြောက်ရွံ့သူတို့အား လုံးလုံးသက်သာသောအခွင့်ကို မကြာမီ ဆောင်ကြဉ်းပေးတော်မူမည်။ (ဗျာ. ၁၁:၁၅-၁၈ ကိုဖတ်ပါ။) ယေရှုသည် သေသည်အထိ ဘုရားသခင်အပေါ် မသွေမဖည်တည်ကြည်ကြောင်း သက်သေထူခဲ့ပြီးဖြစ်သည်။ ကိုယ်တော်သည် ရှောလမုန်ကဲ့သို့ မိမိ၏လက်အောက်ခံများကို ဘယ်တော့မျှ စိတ်ပျက်စေမည်မဟုတ်ပါ။—ဟေဗြဲ ၇:၂၆; ၁ ပေ. ၂:၆

၁၀။ (က) ဘုရားသခင့်နိုင်ငံတော်ကို ကျွန်ုပ်တို့တန်ဖိုးထားလေးမြတ်ကြောင်း မည်သို့တင်ပြနိုင်သနည်း။ (ခ) ကျွန်ုပ်တို့သည် စမ်းသပ်မှုများခံရနေချိန်တွင် အဘယ်အရာကို ယုံကြည်စိတ်ချနိုင်သနည်း။

၁၀ ဘုရားသခင့်နိုင်ငံတော်သည် ဖိနှိပ်မှုအားလုံးကို အဆုံးတိုင်စေမည့် အမှန်တကယ်တည်ရှိသောအုပ်ချုပ်ရေးတစ်ခုဖြစ်သည်။ ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏နိုင်ငံတော်သည် ကျွန်ုပ်တို့၏မသွေမဖည်သောတည်ကြည်မှုကို ရထိုက်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်ကို အပြည့်အဝယုံကြည်စိတ်ချသဖြင့် ဘုရားသခင်ကိုရိုသေခန့်ညားမှုမရှိသော လောကနှင့်ကင်းကင်းရှင်းရှင်းနေကြပြီး ကောင်းသောအကျင့်ကို ဇွဲထက်သန်စွာမီအောင်လိုက်ကြသည်။ (တိ. ၂:၁၂-၁၄) ကျွန်ုပ်တို့သည် ဤလောကအညစ်အကြေးနှင့်ကင်းစင်နေစေရန် ကြိုးစားကြသည်။ (၂ ပေ. ၃:၁၄) ယခုလောလောဆယ်အချိန်တွင် မည်သည့်စမ်းသပ်မှုများနှင့်ရင်ဆိုင်ရပါစေ ယေဟောဝါသည် ဝိညာဉ်ရေးတွင်ထိခိုက်မှုမရှိအောင် ကာကွယ်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။ (ဆာလံ ၉၇:၁၀ ကိုဖတ်ပါ။) ထို့ပြင် ဆာလံ ၁၁၆:၁၅ ကဤသို့အာမခံ၏– ‘ယေဟောဝါရှေ့တော်၌ မိမိသန့်ရှင်းသူတို့ [‘ကိုယ်တော့်အပေါ် မသွေမဖည်တည်ကြည်သူတို့၊’ ကဘ] ၏သေခြင်းအရာသည် အဖိုးကြီးလှ၏။’ ယေဟောဝါ၏ကျေးကျွန်များသည် ကိုယ်တော့်အတွက် အလွန်တန်ဖိုးကြီးရကား သူတို့ကို အုပ်စုလိုက်အနေနှင့် ပျက်စီးစေရန် ကိုယ်တော်ခွင့်ပြုမည်မဟုတ်ပါ။

အယူဖောက်ပြန်မှု၏ ဩဇာလွှမ်းမိုးမှုများကို ခံရစဉ်

၁၁။ ယေရောဗောင်သည် မည်သို့တည်ကြည်မှုမရှိ ဖြစ်လာခဲ့သနည်း။

၁၁ ဘုရင်ယေရောဗောင်အုပ်ချုပ်မှုသည် ဘုရားသခင့်လူမျိုးကို သက်သာမှုတချို့ရရှိစေနိုင်ခဲ့သည်။ သို့သော် သူ၏လုပ်ဆောင်မှုများက ဘုရားသခင်အပေါ် သူတို့၏တည်ကြည်မှုကို ထပ်၍စမ်းသပ်ခဲ့သည်။ ယေရောဗောင်သည် မိမိရရှိထားသည့်ဂုဏ်အသရေ၊ အခွင့်ထူးနှင့် မရောင့်ရဲဘဲ မိမိ၏အရိုက်အရာတည်တံ့ခိုင်မြဲရန် နည်းလမ်းများကို စ၍ရှာဖွေခဲ့သည်။ ‘ပြည်သားတို့သည် ယေဟောဝါ၏ဝတ်ပြုရာအိမ်တော်၌ ယဇ်ပူဇော်ခြင်းငှာ ယေရုရှလင်မြို့သို့သွားလျှင် သူတို့စိတ်နှလုံးသည် မိမိတို့သခင်ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ပြောင်းလဲ၍ ငါ့ကိုသတ်ပြီးမှ ယုဒရှင်ဘုရင်ရောဗောင်ဘက်သို့ တစ်ဖန်ဝင်စားကြလိမ့်မည်’ ဟုသူဆင်ခြင်ခဲ့သည်။ ထို့ကြောင့် ယေရောဗောင်သည် ရွှေနွားသငယ်နှစ်ကောင်ကိုအဓိကထားသည့် ဝတ်ပြုရေးအသစ်တစ်ခုကို တည်ထောင်ခဲ့သည်။ “ဗေသလမြို့၌တစ်ကောင်၊ ဒန်မြို့၌တစ်ကောင်ကိုထားသဖြင့် ပြစ်မှားစရာအကြောင်းကိုပြုလေ၏။ ပြည်သားတို့သည် နွားသငယ်ကိုကိုးကွယ်ခြင်းငှာ ဒန်မြို့တိုင်အောင်သွားတတ်ကြ၏။ ယေရောဗောင်သည်လည်း မြင့်သောအရပ်ပေါ်မှာ အိမ်ကိုဆောက်၍ လေဝိသားမဟုတ်သော သာမညလူတို့ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။” ယေရောဗောင်သည် ‘ဣသရေလအမျိုးသားတို့အတွက်ပွဲတော်’ ဆိုင်ရာ ကိုယ်ပိုင်နေ့ကိုပင် အသစ်ထွင်စီစဉ်ခဲ့ပြီး “ယဇ်ပလ္လင်ပေါ်မှာယဇ်ပူဇော်၍ နံ့သာပေါင်းကိုမီးရှို့၏။”—၃ ရာ. ၁၂:၂၆-၃၃

၁၂။ ဣသရေလနိုင်ငံ၌ နွားရုပ်ကိုးကွယ်မှုကို ယေရောဗောင်တည်ထောင်သည့်အခါ မြောက်ပိုင်းနိုင်ငံရှိ ဘုရားသခင်အပေါ်တည်ကြည်သူတို့ အဘယ်အရာလုပ်ဆောင်ခဲ့ကြသနည်း။

၁၂ မြောက်ပိုင်းနိုင်ငံရှိ ဘုရားသခင်အပေါ်တည်ကြည်သူတို့သည်  ယခု အဘယ်အရာလုပ်ဆောင်ကြမည်နည်း။ မြောက်ပိုင်းနိုင်ငံအတွင်း မိမိတို့အဖို့ပေးအပ်ထားသောနယ်မြေရှိ မြို့များတွင်နေထိုင်ကြသော လေဝိသားတို့သည် မိမိတို့၏တည်ကြည်သောဘိုးဘေးများကဲ့သို့ အချိန်မဆွဲဘဲ ချက်ချင်းလုပ်ဆောင်ခဲ့ကြသည်။ (ထွ. ၃၂:၂၆-၂၈; တော. ၃၅:၆-၈; တရား. ၃၃:၈၊ ၉) မိမိတို့၏အမွေခံပစ္စည်းများကိုထားခဲ့ကာ ယေဟောဝါအား အနှောင့်အယှက်မရှိ ဆက်၍ဝတ်ပြုကိုးကွယ်နိုင်သည့် တောင်ပိုင်းယုဒနိုင်ငံသို့ မိသားစုလိုက် ပြောင်းရွှေ့ခဲ့ကြသည်။ (၆ ရာ. ၁၁:၁၃၊ ၁၄) ယုဒပြည်၌ယာယီနေထိုင်ကြသည့် တချို့သောဣသရေလလူတို့သည် မိမိတို့ဇာတိသို့ပြန်မည့်အစား ထိုတွင်အစဉ်နေရန် ရွေးချယ်ခဲ့ကြသည်။ (၆ ရာ. ၁၀:၁၇) နောက်ပိုင်းမှမွေးဖွားလာကြသော မြောက်ပိုင်းနိုင်ငံရှိအခြားသူများသည် နွားရုပ်ကိုးကွယ်ခြင်းကိုစွန့်လွှတ်ပြီး ယုဒပြည်သို့ပြန်နိုင်ရန်အလို့ငှာ မှန်သောဝတ်ပြုရေးသို့ပြန်သည့်လမ်းကို ဆက်၍ဖွင့်ထားရန် ယေဟောဝါသေချာစေခဲ့သည်။—၆ ရာ. ၁၅:၉-၁၅

၁၃။ မျက်မှောက်ခေတ်တွင် အယူဖောက်ပြန်သောသြဇာလွှမ်းမိုးမှုများသည် ဘုရားသခင့်လူမျိုးကို မည်သို့စမ်းသပ်သနည်း။

၁၃ ယနေ့တွင် အယူဖောက်ပြန်မှုများနှင့် သူတို့၏သြဇာလွှမ်းမိုးမှုများသည် ဘုရားသခင့်လူမျိုးကို ခြိမ်းခြောက်လျက်ရှိသည်။ အချို့သောအုပ်စိုးရှင်များသည် မိမိတို့ကိုယ်ပိုင်ဝတ်ပြုရေးပုံစံ တည်ထောင်ရန်ကြိုးစားကြပြီး မိမိတို့၏လက်အောက်ခံများအား ယင်းကိုလက်ခံရန် ဖိအားပေးကြသည်။ ခရစ်ယာန်ဘောင်ဓမ္မဆရာများနှင့် အခြားရောင့်တက်သူတို့က မိမိတို့ကိုယ်ကို ဝိညာဉ်ရေးယဇ်ပုရောဟိတ်ဖြစ်ရန် ကြိုးစားကြသည်။ သို့သော် မှန်သောခရစ်ယာန်များအတွင်း၌သာ “မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်” အဖြစ်ဖွဲ့စည်းထားသော အမှန်တကယ်ဘိသိက်ပေးခံရသူများကို တွေ့ရသည်။—၁ ပေ. ၂:၉; ဗျာ. ၁၄:၁-၅

၁၄။ အယူဖောက်ပြန်သည့်အတွေးအခေါ်များကို ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သင့်သနည်း။

၁၄ ဘီစီတစ်ဆယ်ရာစုက တည်ကြည်သောလေဝိသားများကဲ့သို့ ယနေ့ ဘုရားသခင်အပေါ်တည်ကြည်သူတို့သည် အယူဖောက်ပြန်သည့်အတွေးအခေါ်များ၏ လှည့်စားမှုကိုမခံကြပါ။ ဝိညာဉ်တော်ဖွားများနှင့် သူတို့၏ခရစ်ယာန်အပေါင်းပါများသည် အယူဖောက်ပြန်သည့်အတွေးအခေါ်များကို အလျင်အမြန်ရှောင်ရှားကာ ငြင်းပယ်ကြသည်။ (ရောမ ၁၆:၁၇ ကိုဖတ်ပါ။) ကျွန်ုပ်တို့သည် ဝတ်ပြုရေးနှင့်မဆိုင်သည့်ကိစ္စရပ်များတွင် အစိုးရအာဏာပိုင်များကို တလိုတလားလက်အောက်ခံပြီး ကမ္ဘာ့ပဋိပက္ခများတွင် ဆက်၍ကြားနေကြသော်လည်း ကျွန်ုပ်တို့ မသွေမဖည်တည်ကြည်သည်မှာ ဘုရားသခင့်နိုင်ငံတော်ကိုဖြစ်သည်။ (ယော. ၁၈:၃၆; ရော. ၁၃:၁-၈) ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်သည်ဟုဆိုကြပြီး တစ်ချိန်တည်းတွင် အမူအကျင့်အားဖြင့် ကိုယ်တော်၏ဂုဏ်ကိုညှိုးငယ်စေသူတို့၏ မှားယွင်းသောအဆိုကို ကျွန်ုပ်တို့ငြင်းပယ်ကြသည်။—တိ. ၁:၁၆

၁၅။ ‘တည်ကြည်ပြီး သတိပညာရှိကျွန်’ သည် ကျွန်ုပ်တို့၏တည်ကြည်မှုကို အဘယ်ကြောင့်ရထိုက်သနည်း။

၁၅ ယေဟောဝါသည် စိတ်နှလုံးရိုးဖြောင့်သူတို့ကို ဆိုးသွမ်းသည့်လောကမှ ပုံဆောင်စကားဖြင့်ပြောရလျှင် ကိုယ်တော်ဖန်တီးထားသည့် ဝိညာဉ်ရေးပရဒိသုအတွင်းသို့ပြောင်းရွှေ့ရန် တတ်နိုင်တော်မူသည်ဟူသည့်အချက်ကိုလည်း စဉ်းစားကြည့်ပါ။ (၂ ကော. ၁၂:၁-၄) ကျွန်ုပ်တို့သည် ကျေးဇူးတင်စိတ်အပြည့်ဖြင့် ‘အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကိုဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍ တည်ကြည်ပြီး သတိပညာနှင့်ပြည့်စုံသောကျွန်’ နှင့်နီးကပ်စွာနေကြသည်။ ခရစ်တော်သည် ထိုကျွန်အား “မိမိဥစ္စာရှိသမျှတို့ကို” အပ်နှံထားသည်။ (မ. ၂၄:၄၅-၄၇) ထို့ကြောင့် ကျွန်ုပ်တို့တစ်ဦးစီအနေနှင့် ကျွန်အတန်းအစား၏ တစ်စုံတစ်ရာသောရပ်တည်မှုကို အပြည့်အဝနားလည်သဘောမပေါက်သည့်တိုင် ယင်းကိုလက်မခံဘဲငြင်းပယ်စရာ သို့မဟုတ် စာတန့်လောကထဲ ပြန်သွားစရာအကြောင်းလုံးဝမရှိပါ။ ယင်းအစား မသွေမဖည်တည်ကြည်မှုသည် နှိမ့်ချစွာပြုမူရန်၊ ကိစ္စရပ်များကို ရှင်းလင်းလာသည်အထိ ယေဟောဝါကိုစောင့်ရန် ကျွန်ုပ်တို့အား လှုံ့ဆော်ပေးမည်။

ဘုရားသခင်ပေးအပ်သောတာဝန်များကို ဆောင်ရွက်စဉ်

၁၆။ ယုဒပြည်မှပရောဖက်တစ်ပါးသည် အဘယ်တာဝန်ကို လက်ခံရရှိခဲ့သနည်း။

၁၆ ယေရောဗောင်၏ အယူဖောက်ပြန်မှုလမ်းစဉ်ကြောင့် သူ့ကို ယေဟောဝါ အပြစ်စီရင်ခဲ့သည်။ ကိုယ်တော်သည် ယုဒပြည်မှ ပရောဖက်တစ်ပါးကို မြောက်ဘက်ရှိဗေသလမြို့သို့သွားစေကာ ယေရောဗောင်သည် မိမိယဇ်ပလ္လင်၌ ဦးစီး၍ပူဇော်နေစဉ် သူ့ကိုသွားတွေ့ရန် တာဝန်ပေးခဲ့သည်။ ပရောဖက်သည် ယေရောဗောင်အတွက် ထိတ်လန့်ဖွယ်ကောင်းသည့် တရားစီရင်ချက်သတင်းစကားကို ထုတ်ဆင့်ရန်ဖြစ်သည်။ ယင်းသည် မလွယ်ကူသောတာဝန်တစ်ခုဖြစ်ခဲ့သည်မှာ ရှင်းပါသည်။—၃ ရာ. ၁၃:၁-၃

၁၇။ ယေဟောဝါသည် မိမိ၏တမန်အား မည်သို့ကာကွယ်ခဲ့သနည်း။

၁၇ ယေဟောဝါ၏တရားစီရင်ချက်သတင်းကို ယေရောဗောင်ကြားသည့်အခါ အလွန်အမျက်ထွက်လာသည်။ ဘုရားသခင့်ကိုယ်စားလှယ်ထံသို့ မိမိလက်ကိုဆန့်ကာ အနီးရှိလူတို့အား “ထိုသူကိုဖမ်းဆီးကြ” ဟုအော်ပြော၏။ သို့သော် မည်သူမျှမလှုပ်ရှားနိုင်မီ တစ်ချိန်တည်းမှာပင် ‘ဆန့်သောလက်သည်သွေ့ခြောက်၍ နောက်တစ်ဖန်မရုပ်နိုင်။ . . . ယဇ်ပလ္လင်ကွဲ၍ ပြာသည်လည်း ပလ္လင်ပေါ်ကယိုကျလေ၏။’ ယေရောဗောင်သည် သွေ့ခြောက်သွားသောမိမိ၏လက် ပုံမှန်ပြန်ဖြစ်ရန် ယေဟောဝါအားတောင်းပန်ကာ ဆုတောင်းပေးဖို့ ပရောဖက်အား မဖြစ်မနေတောင်းဆိုရတော့သည်။ ပရောဖက်တောင်းပန်ပေးသောကြောင့် လက်သည် အနာပျောက်ကင်းခဲ့သည်။ သို့ဖြင့် ယေဟောဝါသည် မိမိ၏တမန်ကို မထိခိုက်စေရန် ကာကွယ်ပေးခဲ့သည်။—၃ ရာ. ၁၃:၄-၆

၁၈။ ယေဟောဝါ၏ မြင့်မြတ်သောလုပ်ငန်းတော်တွင် မကြောက်မရွံ့အမှုဆောင်နေသည့်ကျွန်ုပ်တို့ကို ကိုယ်တော်မည်သို့ကွယ်ကာစောင့်ရှောက်တော်မူသနည်း။

၁၈ ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် တည်ကြည်စွာပါဝင်စဉ် တစ်ခါတစ်ရံ ဖော်ရွေမှုမရှိ သို့မဟုတ် ရန်မူတုံ့ပြန်သည်ကိုပင် ကြုံရကြသည်။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) သို့သော် ကျွန်ုပ်တို့သည် ငြင်းပယ်ခံရမည်ကိုစိုးရိမ်သောကြောင့် ဓမ္မအမှုတွင် ကျွန်ုပ်တို့၏ဇွဲကို လျော့နည်းသွားစေရန် ဘယ်တော့မျှခွင့်မပြုရပါ။ ယေရောဗောင်ခေတ်က အမည်မဖော်ပြသောပရောဖက်ကဲ့သို့ ကျွန်ုပ်တို့သည် “ဘုရားသခင်အား ရဲရင့်စွာ ဝတ်ပြုကိုးကွယ်ရသောအခွင့်” ရှိကြသည်။ * (လု. ၁:၇၄၊ ၇၅ကဘ) ယနေ့အချိန်တွင် အံ့ဖွယ်တန်ခိုးဖြင့်ကြားဝင်ပေးမှုကို ကျွန်ုပ်တို့မမျှော်လင့်ကြသော်လည်း ယေဟောဝါသည် ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်နှင့် ကောင်းကင်တမန်များအားဖြင့် ကိုယ်တော့်သက်သေခံများဖြစ်သော ကျွန်ုပ်တို့ကို ကာကွယ်စောင့်ရှောက်၊ ထောက်မနေဆဲဖြစ်သည်။ (ယောဟန် ၁၄:၁၅-၁၇; ဗျာ. ၁၄:၆ တို့ကိုဖတ်ပါ။) ဘုရားသခင်သည် ကိုယ်တော်၏နှုတ်တော်ထွက်ကို မကြောက်မရွံ့ဆက်ဟောပြောနေသူတို့ကို ဘယ်တော့မျှစွန့်ပစ်မည်မဟုတ်ပါ။—ဖိ. ၁:၁၄၊ ၂၈

ယေဟောဝါသည် မိမိအပေါ်မသွေမဖည်တည်ကြည် သူတို့အား ကွယ်ကာစောင့်ရှောက်တော်မူမည်

၁၉၊ ၂၀။ (က) ယေဟောဝါသည် ကျွန်ုပ်တို့ကို ဘယ်တော့မျှစွန့်ပစ်မည်မဟုတ်ကြောင်း အဘယ်ကြောင့် စိတ်ချနိုင်သနည်း။ (ခ) အဘယ်မေးခွန်းများကို နောက်ဆောင်းပါးတွင် ဆွေးနွေးကြမည်နည်း။

၁၉ ယေဟောဝါသည် မသွေမဖည်တည်ကြည်သော ကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူသည်။ (ဗျာ. ၁၅:၄; ၁၆:၅) ကိုယ်တော်၏ “ခပ်သိမ်းသောအမှုတော်တို့သည် သန့်ရှင်းကြပါ၏။” (ဆာ. ၁၄၅:၁၇) ထို့ပြင် သမ္မာကျမ်းစာက ဤသို့အာမခံ၏– “မိမိသန့်ရှင်းသူတို့ [‘မိမိအပေါ်တည်ကြည်သူတို့၊’ ကဘ] . . . ၏လမ်းခရီးကို လုံခြုံစေတော်မူ၏။” (သု. ၂:၈) စမ်းသပ်မှုများ သို့မဟုတ် အယူဖောက်ပြန်သည့်အတွေးအခေါ်များနှင့်ရင်ဆိုင်ရချိန် သို့မဟုတ် မလွယ်ကူသည့်တာဝန်တစ်ခုကိုဆောင်ရွက်ရစဉ် ဘုရားသခင်အပေါ်တည်ကြည်သူများသည် ယေဟောဝါ၏လမ်းညွှန်မှုနှင့် ထောက်မမှုကို ယုံကြည်စိတ်ချနိုင်ကြသည်။

၂၀ ယခု ကျွန်ုပ်တို့တစ်ဦးစီသည် ဤအချက်ကို စဉ်းစားဆင်ခြင်ဖို့လို၏– ကျွန်ုပ်၏ဘဝလမ်းစဉ်တွင် ပေါ်လာနိုင်သည့် စမ်းသပ်မှုများ သို့မဟုတ် သွေးဆောင်မှုများ မည်သို့ပင်ကြုံတွေ့ရပါစေ ယေဟောဝါအပေါ် ကျွန်ုပ်၏တည်ကြည်မှုကို ဆက်ထိန်းသိမ်းရန် အဘယ်အရာက အထောက်အကူပြုမည်နည်း။ နောက်တစ်နည်းပြောရလျှင် ဘုရားသခင်အပေါ် ကျွန်ုပ်၏မသွေမဖည်တည်ကြည်မှုကို မည်သို့ခိုင်မြဲစေနိုင်သနည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 18 ပရောဖက်သည် ယေဟောဝါအား ဆက်၍နာခံသည်၊ နာမခံသည်နှင့် သူ၌မည်သို့ဖြစ်သည်ကို နောက်ဆောင်းပါးတွင် ဆွေးနွေးကြပါမည်။

သင်မည်သို့ဖြေဆိုမည်နည်း

• ယေဟောဝါအပေါ်တည်ကြည်သူတို့ ဖိနှိပ်မှုခံရချိန်တွင် ကိုယ်တော် သူတို့အား မစွန့်ပစ်ကြောင်း မည်သို့တင်ပြတော်မူသနည်း။

• အယူဖောက်ပြန်သူများနှင့် သူတို့၏အတွေးအခေါ်များကို ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သင့်သနည်း။

• ယေဟောဝါအပေါ်တည်ကြည်သူများ ခရစ်ယာန်ဓမ္မအမှုတွင်ပါဝင်စဉ် ကိုယ်တော် သူတို့အား မည်သို့ကွယ်ကာစောင့်ရှောက်တော်မူသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၅ ပါမြေပုံ/ပုံ]

(စာအုပ်တွင် အသေးစိတ်ကြည့်ပါ)

မြောက်ပိုင်းနိုင်ငံ (ရောဗောင်)

ဒန်

ရှေခင်

ဗေသလ

တောင်ပိုင်းနိုင်ငံ (ယေရောဗောင်)

ယေရုရှလင်

[ပုံ]

ယေရောဗောင်သည် နွားရုပ်ကိုးကွယ်မှုကို စတည်ထောင်ချိန်တွင် ယေဟောဝါသည် မိမိအပေါ်တည်ကြည်သူများကို စွန့်ပစ်မထားခဲ့

[စာမျက်နှာ ၃ ပါပုံ]

ရှောလမုန်နှင့် သူ၏လက်အောက်ခံများ ပျော်မွေ့ခဲ့သည့်ကောင်းချီးများသည် အခြေအနေပေါ်မူတည်