မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ထောင်မင်္ဂလာတွင် “သုံးလွန်းတင်သောကြိုး” ကိုထိန်းသိမ်းလော့

အိမ်ထောင်မင်္ဂလာတွင် “သုံးလွန်းတင်သောကြိုး” ကိုထိန်းသိမ်းလော့

အိမ်ထောင်မင်္ဂလာတွင် “သုံးလွန်းတင်သောကြိုး” ကိုထိန်းသိမ်းလော့

“သုံးလွန်းတင်သောကြိုးသည်လည်း အလွယ်တကူမပြတ်တတ်။”—ဒေ. ၄:၁၂

၁။ အိမ်ထောင်ရေးတွင် ကနဦးလူမောင်နှံစုံအား မည်သူပေါင်းစည်းပေးခဲ့သနည်း။

စ်ပင်နှင့်တိရစ္ဆာန်များကိုဖန်ဆင်းပြီးနောက် ယေဟောဝါဘုရားသခင်သည် ပထမလူသားအာဒံကို ဖန်ဆင်းတော်မူသည်။ နောက်ပိုင်းတွင် ဘုရားသခင်သည် အာဒံကိုကြီးစွာသောအိပ်ခြင်းဖြင့် အိပ်စေတော်မူပြီး ကိုယ်တော်သည် အာဒံ၏နံရိုးတစ်ချောင်းကိုအသုံးပြုကာ သူ့အတွက် စုံလင်သောအထောက်အမတစ်ဦးကို ဖန်ဆင်းပေးတော်မူသည်။ သူ့ကိုမြင်လျှင် အာဒံက “ယခု ဤသူသည် ငါ့အရိုးထဲကအရိုး ငါ့အသားထဲကအသားဖြစ်၏” ဟုပြောခဲ့သည်။ (က. ၁:၂၇; ၂:၁၈၊ ၂၁-၂၃) ယေဟောဝါသည် ယင်းဖြစ်ပေါ်လာမှုကိုနှစ်ခြိုက်ကြောင်း ကနဦးလူမောင်နှံစုံအား အိမ်ထောင်ရေးတွင် ဖက်စပ်ထမ်းပိုးတင်ကာ သူတို့ကိုကောင်းချီးပေးတော်မူခြင်းဖြင့် ဖော်ပြခဲ့သည်။—က. ၁:၂၈; ၂:၂၄

၂။ စာတန်သည် အာဒံနှင့်ဧဝစပ်ကြား အချင်းချင်းစိတ်ဝမ်းကွဲအောင် မည်သို့ပြုလုပ်ခဲ့သနည်း။

ဝမ်းနည်းစရာမှာ မကြာမီ ဘုရားသခင်၏အိမ်ထောင်ရေးဖွဲ့စည်းမှုသည် တိုက်ခိုက်ခံခဲ့ရသည်။ မည်သို့အားဖြင့်နည်း။ စာတန်ဟုအမည်တွင်ခဲ့သော ဆိုးညစ်သည့်ဝိညာဉ်သတ္တဝါသည် မောင်နှံစုံအား တားမြစ်ထားသည့်အပင်မှ အသီးကိုစားရန် ဧဝအားလှည့်ဖြားခဲ့သည်။ ယင်းနောက်မကြာမီတွင် အာဒံသည် မိမိဇနီးနှင့်အတူပူးပေါင်းခဲ့ကာ ဘုရားသခင်၏တော်မှန်သောအုပ်စိုးမှုနှင့် လမ်းညွှန်မှုကောင်းကို ဆန့်ကျင်ပုန်ကန်ခဲ့သည်။ (က. ၃:၁-၇) မောင်နှံစုံအား သူတို့ပြုလုပ်ခဲ့ရာအကြောင်းကို ယေဟောဝါမေးမြန်းချိန်တွင် သူတို့နှစ်ဦး၏ဆက်ဆံရေးမှာ တင်းမာနေပြီဖြစ်သည်။ အာဒံသည် သူ့ဇနီးအပေါ်အပြစ်တင်ကာ ဤသို့ပြောသည်– “ကျွန်တော်၌အပ်ပေးတော်မူသောမိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်။”—က. ၃:၁၁-၁၃

၃။ ဂျူးအချို့သည် အဘယ်မှားယွင်းသောအမြင်ကို ဖြစ်ပေါ်စေခဲ့သနည်း။

ထိုအချိန်မှစ၍ ရာစုနှစ်များတစ်လျှောက် စာတန်သည် လင်မယားစပ်ကြား သဘောထားကွဲလွဲမှု တိုးများလာရန် စဉ်းလဲသောနည်းအမျိုးမျိုးကို အသုံးပြုသည်။ ဥပမာ၊ တစ်ခါတစ်ရံ စာတန်သည် အိမ်ထောင်ရေးနှင့်ပတ်သက်ပြီး ကျမ်းစာနှင့်မညီသောအမြင်တိုးပွားစေရန် ဝတ်ပြုရေးခေါင်းဆောင်များကို အသုံးပြုသည်။ ဂျူးခေါင်းဆောင်အချို့သည် လင်ယောက်ျားများအား အစားအစာတွင်ဆားငန်ခြင်းကဲ့သို့ အသေးအဖွဲကိစ္စအတွက်နှင့် မိမိတို့ဇနီးများကိုကွာရှင်းရန်ခွင့်ပြုခြင်းဖြင့် ဘုရားသခင်၏စံနှုန်းများကို ယုတ်လျော့အောင်ပြုခဲ့ကြသည်။ သို့သော် ယေရှုက ဤသို့ထောက်ပြခဲ့သည်– “မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဖက်သောသူသည် မိမိမယားကိုပြစ်မှား၏။”—မ. ၁၉:၉

၄။ ယနေ့ အိမ်ထောင်ရေးအစီအစဉ်သည် မည်သို့တိုက်ခိုက်ခံနေရသနည်း။

စာတန်သည် အိမ်ထောင်ရေးနှောင်ကြိုးပြတ်တောက်စေရန် ကြိုးစားရာတွင် အလုပ်များနေဆဲပင်။ ယင်းနှင့်စပ်လျဉ်း၍ လိင်တူပေါင်းဖက်ခြင်း၊ လက်မထပ်ဘဲအတူနေခြင်းနှင့် အလွယ်တကူကွာရှင်းခြင်းတို့က စာတန်သည် အောင်မြင်မှုများစွာရရှိနေကြောင်း သက်သေပြသည်။ (ဟေဗြဲ ၁၃:၄ ကိုဖတ်ပါ။) ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် အိမ်ထောင်ရေးနှင့်ပတ်သက်၍ ပျံ့နှံ့နေသောလွဲမှားသည့်အမြင် လွှမ်းမိုးမခံရအောင် အဘယ်အရာပြုလုပ်နိုင်သနည်း။ ပျော်ရွှင်အောင်မြင်သောအိမ်ထောင်ရေး၏လက္ခဏာအချို့ကို သုံးသပ်ကြည့်ကြစို့။

အိမ်ထောင်ရေးတွင် ယေဟောဝါကိုပါဝင်စေခြင်း

၅။ အိမ်ထောင်ရေးနှင့်ပတ်သက်၍ “သုံးလွန်းတင်သောကြိုး” ဟူသည် အဘယ်အရာကိုဆိုလိုသနည်း။

အိမ်ထောင်ရေးအောင်မြင်ရန်အတွက် ဇနီးမောင်နှံဆက်ဆံရေးတွင် ယေဟောဝါပါဝင်ရန်လိုအပ်သည်။ ကိုယ်တော့်နှုတ်မြွက်တော်ကဤသို့ဆိုသည်– “သုံးလွန်းတင်သောကြိုးသည်လည်း အလွယ်တကူမပြတ်တတ်။” (ဒေ. ၄:၁၂) “သုံးလွန်းတင်သောကြိုး” ဟူသည် ပုံဆောင်ဖော်ပြချက်ဖြစ်သည်။ ဤပုံဥပမာကို အိမ်ထောင်ရေးနှင့်ပတ်သက်၍ အသုံးပြုသည့်အခါ ပထမကြိုးနှစ်ချောင်းဖြစ်သည့်လင်နှင့်မယားသည် ဗဟိုကြိုးဖြစ်သည့်ယေဟောဝါဘုရားသခင်နှင့် ရစ်ပတ်နေခြင်းကိုဆိုလိုသည်။ ဘုရားသခင်နှင့်စည်းလုံးခြင်းက မောင်နှံစုံအား ပြဿနာများဖြေရှင်းရန် ဝိညာဉ်ရေးခွန်အားပေးပြီး ယင်းသည် အိမ်ထောင်ရေးတွင် အကြီးမားဆုံးပျော်ရွှင်မှုရရှိစေရန် သော့ချက်ဖြစ်သည်။

၆၊ ၇။ (က) မိမိတို့၏အိမ်ထောင်ရေးတွင် ဘုရားသခင်ပါဝင်ကြောင်းသေချာစေရန် ခရစ်ယာန်များ အဘယ်အရာပြုလုပ်နိုင်သနည်း။ (ခ) ညီအစ်မတစ်ဦးသည် သူ့ခင်ပွန်းနှင့်ပတ်သက်ပြီး အဘယ်အရာကိုတန်ဖိုးထားသနည်း။

သို့သော် ဇနီးမောင်နှံအနေနှင့် မိမိတို့၏အိမ်ထောင်ရေးသည် သုံးလွန်းတင်သောကြိုးနှင့်တူကြောင်း သေချာစေရန် အဘယ်အရာပြုလုပ်နိုင်သနည်း။ ဆာလံဆရာဒါဝိဒ် ဤသို့သီကျူးခဲ့၏– “အကျွန်ုပ်၏ဘုရားသခင် ကိုယ်တော်၏အလိုကိုဆောင်ရာ၌ အကျွန်ုပ်သည် အားရဝမ်းမြောက်ပါ၏။ ကိုယ်တော်၏တရားသည်လည်း အကျွန်ုပ်နှလုံးထဲမှာရှိပါ၏။” (ဆာ. ၄၀:၈) ဘုရားသခင်ကိုချစ်သောမေတ္တာကလည်း ပြည့်ဝစုံလင်သောနှလုံးဖြင့် ကိုယ်တော့်အမှုတော်ဆောင်ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ ထို့ကြောင့် ဇနီးမောင်နှံနှစ်ဦးစလုံးသည် ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးကို ပြုစုပျိုးထောင်သင့်ပြီး ကိုယ်တော့်အမှုတော်ဆောင်ရာတွင် ပျော်မွေ့နေသင့်သည်။ ဇနီးမောင်နှံတို့သည် မိမိတို့အိမ်ထောင်ဖက်အချင်းချင်း ဘုရားသခင်ကိုချစ်သည့်မေတ္တာခိုင်မြဲစေရန်လည်း ကြိုးစားကူညီပေးသင့်သည်။—သု. ၂၇:၁၇

ဘုရားသခင်၏တရားတော်သည် ကျွန်ုပ်တို့နှလုံးထဲတွင်ရှိပါက ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းကဲ့သို့သောအရည်အသွေးများကို တင်ပြကြမည်ဖြစ်ပြီး အိမ်ထောင်ရေးနှောင်ကြိုးပိုခိုင်မြဲစေရန် အထောက်အကူဖြစ်စေပါလိမ့်မည်။ (၁ ကော. ၁၃:၁၃) အိမ်ထောင်သက် အနှစ် ၅၀ ရှိသောခရစ်ယာန်ဖြစ်သူစန္ဒြာ ဤသို့ပြောသည်– “ကျွန်မခင်ပွန်းနဲ့ပတ်သက်ပြီး ကျွန်မအရမ်းတန်ဖိုးထားတာကတော့ သူ့ရဲ့ဝိညာဉ်ရေးလမ်းပြပေးမှုနဲ့ အကြံပေးချက်အပြင် ကျွန်မကိုချစ်တာထက်ယေဟောဝါကို ပိုချစ်တဲ့သူရဲ့မေတ္တာပါပဲ။” အသင်ခင်ပွန်းတို့၊ သင်တို့နှင့်ပတ်သက်၍ အလားတူမှတ်ချက်များချနိုင်မည်လော။

၈။ အိမ်ထောင်ရေးတွင် “ကောင်းသောအကျိုး” ရရန် အဘယ်အရာလိုအပ်သနည်း။

မောင်နှံစုံအနေနှင့် သင်တို့သည် မိမိတို့၏အသက်တာတွင် ဝိညာဉ်ရေးရာကိစ္စရပ်များနှင့် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို အရေးတကြီးထားပါသလော။ ထို့ပြင် ယေဟောဝါအမှုတော်ဆောင်ရာတွင် မိမိအိမ်ထောင်ဖက်ကို မိမိ၏အဖော်အဖက်အဖြစ် အမှန်တကယ်ရှုမြင်ပါသလော။ (က. ၂:၂၄) ပညာရှိရှောလမုန်ဘုရင် ဤသို့ရေးခဲ့သည်– “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင် ကောင်းသောအကျိုးကိုရတတ်၏။” (ဒေ. ၄:၉) အမှန်မှာ ဘုရားသခင့်ကောင်းချီးဖြစ်သည့် မေတ္တာနှင့်တည်မြဲသောအနှောင်အဖွဲ့အသွင်ဖြင့် “ကောင်းသောအကျိုး” ရရန် လင်မယားတို့သည် ကြိုးစားလုပ်ဆောင်ရမည်။

၉။ (က) လင်ယောက်ျားများ၌ အဘယ်တာဝန်ရှိသနည်း။ (ခ) ကောလောသဲ ၃:၁၉ အရ လင်ယောက်ျားသည် မိမိဇနီးအား မည်သို့ဆက်ဆံသင့်သနည်း။

အိမ်ထောင်ရေးတွင် ဘုရားသခင်ပါမပါတင်ပြနိုင်သည့်အချက်မှာ ခင်ပွန်းနှင့်ဇနီးနှစ်ဦးစလုံးသည် ကိုယ်တော့်တောင်းဆိုချက်များကိုလိုက်နာရန် ကြိုးစားခြင်းဖြစ်သည်။ လင်ယောက်ျားများသည် အိမ်သူအိမ်သားတို့ လိုအပ်သည့် ရုပ်ပစ္စည်းနှင့်ဝိညာဉ်ရေးရာကို ထောက်ပံ့ပေးရန် အဓိကတာဝန်ရှိသည်။ (၁ တိ. ၅:၈) သူတို့သည် မိမိတို့ဇနီး၏စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ထောက်ထားညှာတာတတ်သူဖြစ်ရန်လည်း တိုက်တွန်းခံရကြသည်။ ကောလောသဲ ၃:၁၉ တွင်ဤသို့ဖတ်ရ၏– “အချင်းယောက်ျားတို့၊ ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ ကြမ်းတမ်းစွာမပြု [“ခါးသီးစွာအမျက်မထွက်၊” ကဘ] ကြနှင့်။” ကျမ်းပညာရှင်တစ်ဦးက ‘ခါးသီးစွာအမျက်ထွက်’ ဟူသောအသုံးအနှုန်းတွင် “နာကြည်းဖွယ်စကားများပြောခြင်း သို့မဟုတ် ရိုက်နှက်ခြင်းနှင့် သူတို့၏ချစ်ခင်စုံမက်မှု၊ ပြုစုစောင့်ရှောက်မှု၊ ထောက်ပံ့ပေးမှု၊ ကာကွယ်စောင့်ရှောက်မှုနှင့် ကူညီပေးမှုတို့ကို ငြင်းပယ်ခြင်း” တို့ပါဝင်ကြောင်းရှင်းပြခဲ့သည်။ ယင်းအမူအကျင့်များသည် ခရစ်ယာန်အိမ်ထောင်အတွက် မသင့်လျော်ကြောင်းထင်ရှားပါသည်။ လင်ယောက်ျားတစ်ဦးသည် မေတ္တာဖြင့်မိမိ၏ဦးစီးမှုကိုကျင့်သုံးပါက ဇနီးဖြစ်သူ လိုလိုလားလားလက်အောက်ခံရန် လှုံ့ဆော်ပေးသည်။

၁၀။ ခရစ်ယာန်ဇနီးသည်တို့သည် အဘယ်သဘောထားကို တင်ပြသင့်သနည်း။

၁၀ မိမိတို့အိမ်ထောင်ရေးတွင် ယေဟောဝါပါဝင်စေရန် ကြိုးစားကြသောခရစ်ယာန်ဇနီးသည်တို့သည် ဘုရားသခင့်တောင်းဆိုချက်များကို လိုက်နာရမည်။ တမန်တော်ပေါလု ဤသို့ရေးခဲ့သည်– “အချင်းမိန်းမတို့ သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကိုဝန်ခံသကဲ့သို့ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။” (ဧ. ၅:၂၂၊ ၂၃) ဘုရားသခင်ကိုမမှီခိုဘဲ သီးခြားနေခြင်းဖြင့် အမြဲပျော်ရွှင်မည်ဟူသည့် မုသာကိုသုံးကာ စာတန်သည် ဧဝကို လှည့်ဖြားခဲ့သည်။ ယနေ့ အိမ်ထောင်များစွာတွင် လက်အောက်မခံလိုသောစိတ်ဓာတ်ကို အထင်အရှားတွေ့မြင်ရသည်။ သို့သော် အိမ်ထောင်ရေးအပေါ် ဘုရားသခင့်အမြင်ရှိသောမိန်းမတို့အတွက် မေတ္တာရှိသောမိမိတို့၏ဦးစီးကို လက်အောက်ခံခြင်းသည် မနှစ်မြို့စရာမဟုတ်ပါ။ ယေဟောဝါသည် ဧဝကို သူ့ခင်ပွန်း၏ “အထောက်အမ“ ဖြစ်ရန်သတ်မှတ်ခဲ့ခြင်းက ယင်းကို ဂုဏ်ရှိသောအနေအထားဖြစ်ရန် ဘုရားသခင်အမှန်ပင်ယူမှတ်ခဲ့ကြောင်း သူတို့အသိအမှတ်ပြုကြသည်။ (က. ၂:၁၈) ယင်းအစီအစဉ်ကို လိုလိုလားလားပူးပေါင်းဆောင်ရွက်သူခရစ်ယာန်ဇနီးသည်,သည် ခင်ပွန်းသည်အတွက် အမှန်ပင် “ဦးရစ်သရဖူ” ဖြစ်၏။—သု. ၁၂:၄

၁၁။ ညီအစ်ကိုတစ်ဦး မိမိအိမ်ထောင်ရေးကို အထောက်အကူပြုခဲ့ရာအကြောင်း အဘယ်ကောက်ချက်ချခဲ့သနည်း။

၁၁ အိမ်ထောင်ရေးတွင် ဘုရားသခင်အစဉ်ပါဝင်စေရန် နောက်ထပ်အထောက်အကူမှာ မောင်နှံစုံသည် ဘုရားသခင့်နှုတ်မြွက်တော်ကို အတူတကွလေ့လာရန်ဖြစ်သည်။ ပျော်ရွှင်သောအိမ်ထောင်သက် ၅၅ နှစ်ရှိသည့် ဂျဲရာလ်ဒ်က ဤသို့ဆို၏– “အိမ်ထောင်ရေးအောင်မြင်စေဖို့ အရေးအကြီးဆုံးကတော့ သမ္မာကျမ်းစာကို အတူတူဖတ်ရှုလေ့လာခြင်းဖြစ်တယ်။” သူဆက်၍ ဤသို့ဆိုသည်– “အရာရာကို အတူတူလုပ်ကြမယ်၊ အထူးသဖြင့် ဝိညာဉ်ရေးရာတွေကို အတူတူလုပ်ကြမယ်ဆိုရင် ယေဟောဝါနဲ့ရော ကိုယ့်အိမ်ထောင်ဖက်နဲ့ပါ ပိုပြီးရင်းနှီးလာစေပါတယ်။” ကျမ်းစာကိုအတူတကွလေ့လာခြင်းသည် မိသားစုကို ယေဟောဝါ၏စံနှုန်းများ ရှင်းလင်းစွာသိရှိစေရန်၊ ဝိညာဉ်ရေးတွင်ပို၍ရင့်ကျက်စေရန်နှင့် ဆက်၍တိုးတက်သွားစေရန် အထောက်အကူပြုမည်ဖြစ်သည်။

၁၂၊ ၁၃။ (က) ဇနီးမောင်နှံတို့ အတူတကွဆုတောင်းခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။ (ခ) အခြားအဘယ်ဝိညာဉ်ရေးလုပ်ဆောင်မှုများက အိမ်ထောင်ရေးကိုခိုင်ခံ့စေသနည်း။

၁၂ ထို့ပြင် ပျော်ရွှင်သောအိမ်ထောင်သည်မောင်နှံစုံတို့သည် အတူတကွဆုတောင်းကြသည်။ လင်ယောက်ျားသည် မိမိတို့အခြေအနေများနှင့်ပတ်သက်သော သတ်သတ်မှတ်မှတ်တောင်းဆိုချက်များထည့်သွင်းကာ ‘မိမိစိတ်နှလုံးကိုဖွင့်ပြ’ သည့်အခါ မိသားစုနှောင်ကြိုးသည် အမှန်ပင်ခိုင်မြဲလာသည်။ (ဆာ. ၆၂:၈) ဥပမာ၊ သင့်အိမ်ထောင်ဖက်နှင့်အတူ စကြဝဠာပိုင်သအုပ်စိုးရှင်၏လမ်းပြညွှန်ကြားမှုကို တောင်းခံပြီးနောက် မည်သည့်သဘောထားကွဲပြားမှုကိုမဆို မေ့ထားလိုက်ရန် ပိုလွယ်ကူလာမည်ဖြစ်သည်။ (မ. ၆:၁၄၊ ၁၅) ဆုတောင်းချက်နှင့်အညီ အိမ်ထောင်ဖက်တစ်ဦးစီသည် မိမိအိမ်ထောင်ဖက်ကို ကူညီရန်နှင့် “အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်” ရန်ဆုံးဖြတ်ထားလျှင် အလွန်သင့်လျော်မည်ဖြစ်သည်။ (ကော. ၃:၁၃) ဆုတောင်းခြင်းသည် ဘုရားသခင်အား မှီခိုအားထားကြောင်း တင်ပြခြင်းဖြစ်သည်ကိုသတိရပါ။ ဘုရင်ဒါဝိဒ် ဤသို့ပြောခဲ့သည်– “ခပ်သိမ်းသောသတ္တဝါတို့သည် ကိုယ်တော်ကိုမျှော်ကြည့်ကြ” သည်။ (ဆာ. ၁၄၅:၁၅) ဆုတောင်းခြင်းဖြင့် ဘုရားသခင်ကို ကျွန်ုပ်တို့မျှော်ကြည့်ကြသောအခါ ‘ကျွန်ုပ်တို့ကို သတိနှင့်ကြည့်ရှုတော်မူ’ ကြောင်းသိရသဖြင့် ကျွန်ုပ်တို့သည် စိုးရိမ်ပူပန်မှုများလျော့နည်းသွားသည်။—၁ ပေ. ၅:၇

၁၃ အသင်းတော်အစည်းအဝေးများတက်ရောက်ခြင်း၊ ဓမ္မအမှုတွင်အတူတကွလုပ်ဆောင်ခြင်းသည် အိမ်ထောင်ရေးတွင် ယေဟောဝါကိုပါဝင်စေသည့် နောက်ထပ်သော့ချက်ဖြစ်သည်။ အစည်းအဝေးများတွင် ဇနီးမောင်နှံတို့သည် မိသားစုများပြိုကွဲရန် စာတန်အသုံးပြုနေသည့် “ပရိယာယ်များ” ကို မည်သို့တွန်းလှန်ရမည်ကို သင်ယူခွင့်ရကြသည်။ (ဧ. ၆:၁၁) ဓမ္မအမှုတွင် မှန်မှန်အတူတကွလုပ်ဆောင်ကြသော ဇနီးမောင်နှံတို့သည် “တည်ကြည်သောစိတ်နှင့်ပြည့်စုံ၍၊ မရွေ့လျော့မတိမ်းယိမ်း” ကြရန်သင်ယူကြသည်။—၁ ကော. ၁၅:၅၈

အခက်အခဲများပေါ်ပေါက်လာသည့်အခါ

၁၄။ အိမ်ထောင်ရေးဖိစီးမှုကို အဘယ်အကြောင်းများက ဖြစ်စေနိုင်သနည်း။

၁၄ မှန်ပါသည်၊ အထက်ပါအကြံပေးချက်များသည် အသစ်အဆန်းမဟုတ်သော်လည်း ယင်းတို့ကို သင့်အိမ်ထောင်ဖက်နှင့် အဘယ်ကြောင့် ပွင့်ပွင့်လင်းလင်းမဆွေးနွေးဘဲနေမည်နည်း။ သင့်အိမ်ထောင်တွင် ထပ်ဆင့်ဂရုပြုသင့်သောကဏ္ဍအချို့ ရှိမရှိစိစစ်ကြည့်ပါ။ မိမိတို့အိမ်ထောင်တွင် ဘုရားသခင်ပါဝင်စေသူများပင်လျှင် ‘လောကညှဉ်းဆဲခြင်း အခက်အခဲကိုခံရကြမည်’ ဟုသမ္မာကျမ်းစာက ဆိုထားသည်။ (၁ ကော. ၇:၂၈) လူ့မစုံလင်မှု၊ တရားမဲ့ဤလောက၏ဆိုးသွမ်းသောသြဇာလွှမ်းမိုးမှုနှင့် စာတန်၏သွေးဆောင်မှုတို့ကြောင့် ဘုရားသခင့်သစ္စာရှိကျေးကျွန်များ၏အိမ်ထောင်ရေးများပင် ကြီးမားသောဖိစီးမှုအောက်ရောက်ရှိနိုင်သည်။ (၂ ကော. ၂:၁၁) သို့သော် ယေဟောဝါသည် ကျွန်ုပ်တို့အား ယင်းကဲ့သို့သောဖိစီးမှုကို ဖြေရှင်းရန်တတ်နိုင်စေသည်။ မှန်ပါသည်၊ ယင်းတို့ကိုဖြေရှင်းနိုင်သည်။ တည်ကြည်သူယောဘသည် သူ၏ခြံမွေးတိရစ္ဆာန်၊ အစေခံကျွန်များနှင့်သားသမီးများ ဆုံးရှုံးခဲ့သည်။ သို့တိုင် ကျမ်းစာကဤသို့ဆိုသည်– ‘ယောဘသည် ဤအမှုများနှင့်တွေ့ကြုံသော်လည်း မမှားယွင်း။ ထာဝရဘုရားသခင်ကိုလည်း အပြစ်မတင်ဘဲနေ၏။’—ယောဘ ၁:၁၃-၂၂

၁၅။ ဖိစီးမှုက လူတို့ကို မည်သို့တုံ့ပြန်စေနိုင်သနည်း။ အိမ်ထောင်ဖက်သည် ဤသို့သောတုံ့ပြန်မှုကို မည်သို့အကောင်းဆုံးကိုင်တွယ်နိုင်သနည်း။

၁၅ တစ်ဖက်တွင်မူ ယောဘ၏ဇနီးက သူ့ကို “သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကိုစွန့်ပယ်၍သေလော့” ဟုဆို၏။ (ယောဘ ၂:၉) မှန်ပါသည်၊ အဖြစ်ဆိုးများ သို့မဟုတ် အခြားခက်ခဲသောအခြေအနေများပေါ်ပေါက်လာသည့်အခါ လူတစ်ဦးသည် မစဉ်းစားမဆင်ခြင်ဘဲပြုမူနိုင်ပေသည်။ “ညှဉ်းဆဲခြင်းသည် ပညာရှိသောသူကို ရူးစေတတ်၏” ဟုပညာရှိတစ်ဦးက ဆိုသည်။ (ဒေ. ၇:၇) သင့်အိမ်ထောင်ဖက်သည် အခက်အခဲ သို့မဟုတ် “ညှဉ်းဆဲခြင်း” ကိုတုံ့ပြန်ရာတွင် နာကြည်းဖွယ်စကားများ ဒေါသတကြီးဖြင့်ပြောဆိုလာလျှင် စိတ်တည်ငြိမ်အောင် ကြိုးစားပါ။ သူ့အတိုင်းပြန်တုံ့ပြန်ခြင်းက သင် သို့မဟုတ် နှစ်ဦးစလုံးသည် တစ်စုံတစ်ရာပြန်ပြောစေပြီး အခြေအနေကို ပိုဆိုးစေပါလိမ့်မည်။ (ဆာလံ ၃၇:၈ ကိုဖတ်ပါ။) ထို့ကြောင့် စိတ်ပျက်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်းကြောင့်ဖြစ်နိုင်သည့် မည်သည့် “ရမ်းကားစွာပြောဆို” မှုကိုမဆိုလျစ်လျူရှုပါ။—ယောဘ ၆:၃ခမ။

၁၆။ (က) မဿဲ ၇:၁-၅ တွင်တွေ့ရသောယေရှု၏စကားသည် အိမ်ထောင်ရေးနှင့် မည်သို့သက်ဆိုင်သနည်း။ (ခ) အိမ်ထောင်ရေးတွင် မျှတမှုရှိရန် အဘယ်ကြောင့်အရေးကြီးလှသနည်း။

၁၆ အိမ်ထောင်ဖက်တို့သည် လက်တွေ့ကျသောမျှော်လင့်ချက်များရှိရန်လိုသည်။ အိမ်ထောင်ဖက်တစ်ဦးက မိမိအိမ်ထောင်ဖက်၏မနှစ်မြို့ဖွယ်စရိုက်အချို့နှင့်ပတ်သက်ပြီး ‘သူ့ကို ငါပြင်နိုင်မှာပါ’ ဟုမှတ်ချက်ချပေမည်။ မေတ္တာ၊ စိတ်ရှည်မှုတို့ဖြင့် သင့်အိမ်ထောင်ဖက်တဖြည်းဖြည်းတိုးတက်လာရန် သင်ကူညီပေးနိုင်ပေမည်။ သို့သော် အခြားသူတစ်ဦး၏အသေးအမွှားအပြစ်များကိုရှာသူသည် ညီအစ်ကိုမျက်စိရှိ “ငြောင့်ငယ်” ကိုမြင်သော်လည်း မိမိမျက်စိရှိ တံကျင်ကိုအသိအမှတ်ပြုရန် ပျက်ကွက်သူနှင့်တူကြောင်း ယေရှုပြောခဲ့သည်ကို မမေ့ပါနှင့်။ ကျွန်ုပ်တို့ကို ယေရှုဤသို့တိုက်တွန်းထားသည်– “သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။” (မဿဲ ၇:၁-၅ ကိုဖတ်ပါ။) ယင်းက ကြီးလေးသည့်အမှားများကို လျစ်လျူသင့်သည်ဟုမဆိုလိုပါ။ အိမ်ထောင်သက် အနှစ် ၄၀ နီးပါးရှိသော ရောဘတ်ကဤသို့ပြောခဲ့သည်– “တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းရှိပြီး တစ်ဖက်သားရဲ့ခိုင်လုံတဲ့အမြင်ကို လိုလိုလားလားလက်ခံဖို့ဆိုရင် သဘောထားပြောင်းလဲဖို့လိုတယ်။” ထို့ကြောင့် မျှတမှုရှိပါ။ မိမိအိမ်ထောင်ဖက်၌မရှိသည့် အရည်အသွေးနှင့်ပတ်သက်ပြီး စိတ်ဓာတ်ကျနေမည့်အစား ယခု သူ၌ရှိသည့်အပြုသဘောပါအရည်အသွေးများကို တန်ဖိုးထားကာ ပျော်မွေ့ပါ။—ဒေ. ၉:၉

၁၇၊ ၁၈။ ပြဿနာများ,များပြားချိန်တွင် အဘယ်နေရာတွင် အကူအညီရှာယူနိုင်သနည်း။

၁၇ ဘဝအသက်တာတွင် အခြေအနေများ ပြောင်းလဲသည့်အခါ စမ်းသပ်မှုများပေါ်လာနိုင်သည်။ မောင်နှံစုံတွင် ကလေးများရှိသည့်အခါ အခက်အခဲများရင်ဆိုင်ရပေမည်။ အိမ်ထောင်ဖက် သို့မဟုတ် ကလေးတစ်ဦး အကြီးအကျယ်ဖျားနာလာခြင်းဖြစ်ပေမည်။ သက်ကြီးရွယ်အိုမိဘတို့ကို အထူးပြုစုစောင့်ရှောက်ရန်လိုအပ်ပေမည်။ အရွယ်ရောက်လာသောကလေးများ အိမ်မှအဝေးသို့ပြောင်းရွှေ့သွားပေမည်။ သီအိုကရက်တစ်အခွင့်အရေးများနှင့် တာဝန်များထမ်းဆောင်ခြင်းက အခြားသောပြောင်းလဲမှုများ ဖြစ်စေပေမည်။ ဤပြောင်းလဲမှုအားလုံးက ဆက်ဆံရေးတွင် အချို့သောဖိစီးမှုနှင့်စိုးရိမ်မှုတို့ကို ဖြစ်စေနိုင်သည်။

၁၈ သင့်အိမ်ထောင်ရေး အခြေအနေတင်းမာမှုက အိမ်ထောင်ပြိုကွဲလုဆဲဆဲရောက်နေကြောင်း ခံစားစေပါက သင်အဘယ်အရာပြုလုပ်နိုင်သနည်း။ (သု. ၂၄:၁၀) လက်မလျော့ပါနှင့်။ ဘုရားသခင့်ကျေးကျွန်တစ်ဦး စင်ကြယ်သောဝတ်ပြုရေးကိုစွန့်သွားရန် စာတန်အလိုလားဆုံးဖြစ်သည်။ မောင်နှံစုံတစ်စုံသည် ယင်းသို့ပြုခဲ့ပါက စာတန် အလွန်ပင်ပျော်ရွှင်မည်ဖြစ်သည်။ သင့်အိမ်ထောင်သည် သုံးလွန်းတင်သောကြိုးဖြစ်နေစေရန် လုပ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်ပါ။ သမ္မာကျမ်းစာတွင် ပြင်းထန်သောစမ်းသပ်မှုများခံရငြား သစ္စာရှိရှိရပ်တည်ခဲ့သူများ၏မှတ်တမ်းများစွာပါရှိသည်။ ဥပမာ၊ တစ်ချိန်တွင် ယေဟောဝါထံ ဒါဝိဒ်နှလုံးဖွင့်ချလျက် ဤသို့ပြောသည်– “အိုဘုရားသခင် အကျွန်ုပ်ကိုသနားတော်မူပါ။ လူတို့သည် . . . နေ့တိုင်း . . . အကျွန်ုပ်ကိုနှိပ်စက်ကြပါ၏။” (ဆာ. ၅၆:၁) သင်သည် “လူတို့” ၏ဖိနှိပ်မှုကို ခံစားဖူးပါသလော။ သင်ခံစားရသောဖိစီးမှုသည် အဝေးမှလာသည်ဖြစ်စေ၊ သင့်အနီးရှိသူတစ်ဦးဦးထံမှလာသည်ဖြစ်စေ ခံနိုင်ရန်ခွန်အားကို ဒါဝိဒ်တွေ့ရှိခဲ့သကဲ့သို့ သင်လည်းတွေ့ရှိနိုင်ကြောင်း သတိရပါ။ ဒါဝိဒ် ဤသို့ပြောခဲ့သည်– ‘ငါသည် ထာဝရဘုရားသခင်ကိုရှာသောအခါ နားထောင်တော်မူ၏။ ကြောက်မက်ဖွယ်သောအကြောင်းအလုံးစုံတို့အထဲက ငါ့ကိုကယ်နုတ်တော်မူ၏။’—ဆာ. ၃၄:၄

ထပ်ဆင့်ကောင်းချီးများ

၁၉။ အဘယ်နည်းဖြင့် စာတန့်တိုက်ခိုက်မှုကိုကာကွယ်နိုင်သနည်း။

၁၉ ဤနောက်ဆုံးကာလတွင် အိမ်ထောင်ဖက်တို့သည် “အချင်းချင်းတိုက်တွန်း၍ တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ကြ” ရန်လိုသည်။ (၁ သက်. ၅:၁၁) ယေဟောဝါအပေါ်ကျွန်ုပ်တို့၏သစ္စာစောင့်သိမှုသည် တစ်ကိုယ်ကောင်းစိတ်ပေါ်အခြေခံသည်ဟု စာတန်စွပ်စွဲခဲ့ကြောင်းကို မမေ့ပါနှင့်။ စာတန်သည် ဘုရားသခင်အပေါ်ထားရှိသော ကျွန်ုပ်တို့၏သမာဓိကိုချိုးဖျက်ရန် အိမ်ထောင်ပြိုကွဲမှုအပါအဝင် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုပါလိမ့်မည်။ စာတန်၏တိုက်ခိုက်မှုကိုကာကွယ်ရန် ကျွန်ုပ်တို့သည် ယေဟောဝါအား ပြည့်ပြည့်ဝဝယုံကြည်အားကိုးဖို့လိုသည်။ (သု. ၃:၅၊ ၆) ပေါလုဤသို့ရေးခဲ့သည်– “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။”—ဖိ. ၄:၁၃

၂၀။ အိမ်ထောင်ရေးတွင် ဘုရားသခင်ပါဝင်စေခြင်းမှ အဘယ်ကောင်းချီးများရရှိမည်နည်း။

၂၀ အိမ်ထောင်ရေးတွင် ဘုရားသခင်ကို ပါဝင်စေခြင်းမှရရှိသည့်ကောင်းချီးများ များပြားလှသည်။ ယင်းသည်မှန်ကန်ကြောင်း အိမ်ထောင်သက် ၅၁ နှစ်ရှိဂျိုဝဲလ်နှင့်သူ့ဇနီးတို့က သက်သေပြခဲ့သည်။ သူဤသို့ပြောသည်– “ဇနီးပေးတဲ့အတွက်ရော ကျွန်တော်တို့ပျော်ပျော်ရွှင်ရွှင်ပေါင်းသင်းရတဲ့အတွက်ပါ ယေဟောဝါကိုအမြဲကျေးဇူးတင်မိတယ်။ သူဟာအကောင်းဆုံးအဖော်ဖြစ်တယ်။” သူတို့၏လျှို့ဝှက်ချက်က အဘယ်အရာနည်း။ “ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက် ကြင်နာဖို့၊ စိတ်ရှည်ဖို့၊ မေတ္တာပြကြဖို့ အမြဲကြိုးစားခဲ့ကြတယ်။” ဤလောကစနစ်တွင် ကျွန်ုပ်တို့သည် မည်သူတစ်ဦးတစ်ယောက်ကမျှ ယင်းသို့ပြည့်ဝစုံလင်စွာလုပ်ဆောင်နိုင်လိမ့်မည်မဟုတ်။ သို့သော် ကျမ်းစာမူများကိုကျင့်သုံးရန်၊ ကျွန်ုပ်တို့အိမ်ထောင်ရေးတွင် ယေဟောဝါပါဝင်စေရန် ကြိုးစားကြပါစို့။ ယင်းသို့ပြုပါက ကျွန်ုပ်တို့၏အိမ်ထောင်ရေးသည် “သုံးလွန်းတင်သောကြိုး” နှင့်တူမည်ဖြစ်ပြီး “အလွယ်တကူ” ပြတ်မည်မဟုတ်။—ဒေ. ၄:၁၂

သင်မှတ်မိသလော

• အိမ်ထောင်ရေးတွင် ယေဟောဝါပါဝင်စေခြင်းဟူသည် အဘယ်အရာကိုဆိုလိုသနည်း။

• အခက်အခဲများကြုံရသည့်အခါ မောင်နှံစုံတို့သည် အဘယ်အရာပြုလုပ်သင့်သနည်း။

• အိမ်ထောင်ရေးတွင် ဘယ်အခါ ဘုရားသခင်ပါဝင်ကြောင်း မည်သို့သိနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါပုံ]

အတူတကွဆုတောင်းခြင်းသည် မောင်နှံစုံတို့အား ခက်ခဲသောအခြေအနေများကိုရင်ဆိုင်ရန် အထောက်အကူပြု