မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“လောကစိတ်ဓာတ်” ကိုတွန်းလှန်လော့

“လောကစိတ်ဓာတ်” ကိုတွန်းလှန်လော့

“လောကစိတ်ဓာတ်” ကိုတွန်းလှန်လော့

“ငါတို့သည် လောကစိတ်ဓာတ်ကို မခံယူကြ။ . . . ဘုရားသခင်ထံမှ စွမ်းအားတော်ကို ခံယူကြ၏။” —၁ ကော. ၂:၁၂၊ ကဘ။

၁၊ ၂။ (က) ယခင်က ဗြိတိသျှမိုင်းတွင်းများတွင် သင်္ဘောစာဝါငှက်တို့ကို အဘယ်ကြောင့်ထားသနည်း။ (ခ) ခရစ်ယာန်များသည် အဘယ်အန္တရာယ်နှင့် ရင်ဆိုင်ကြရသနည်း။

ဗြိတိသျှအာဏာပိုင်များသည် ၁၉၁၁ ခုနှစ်တွင် ကျောက်မီးသွေးတွင်းလုပ်သားများ၏ အသက်ကိုကာကွယ်ရန် ဥပဒေတစ်ရပ်ထုတ်ပြန်ခဲ့သည်။ မိုင်းတွင်းတိုင်းတွင် သင်္ဘောစာဝါငှက်နှစ်ကောင်ထားရန်ဖြစ်သည်။ အဘယ်ရည်ရွယ်ချက်အတွက်နည်း။ မိုင်းတွင်း၌မီးလောင်မှုဖြစ်ပွားပါက ကယ်ဆယ်ရေးသမားများသည် သင်္ဘောစာဝါငှက်တို့ကို မိမိတို့နှင့်အတူ မြေအောက်လိုင်ခေါင်းထဲ သယ်ဆောင်သွားရန်ဖြစ်သည်။ ထိုငှက်ငယ်လေးများသည် ကာဗွန်မိုနောက်ဆိုက်ကဲ့သို့သော အဆိပ်ဓာတ်ငွေ့များကို အလွန်အကဲဆတ်ကြသည်။ လေထဲတွင်အဆိပ်ဓာတ်ငွေ့ရှိနေပါက ငှက်တို့သည် အန္တရာယ်အရိပ်အယောင်ကို တင်ပြကြပေမည်၊ နားနေသည့်တန်းပေါ်မှ ပြုတ်ကျခြင်းပင်ဖြစ်ပေမည်။ ဤသို့ခပ်စောစောသတိပေးချက်သည် အလွန်အရေးကြီးသည်။ ကာဗွန်မိုနောက်ဆိုက်သည် အရောင်မဲ့၊ အနံ့မဲ့ဓာတ်ငွေ့ဖြစ်ပြီး သွေးနီဆဲလ်များ ကိုယ်ခန္ဓာအတွင်း အောက်စီဂျင်သယ်ဆောင်ခြင်းကို ရပ်တန့်စေခြင်းအားဖြင့် အသက်သေဆုံးစေသည်။ အန္တရာယ်ကိုသတိမပြုမိပါက ကယ်ဆယ်ရေးသမားများသည် မိမိတို့အဆိပ်မိနေကြောင်းပင်မသိဘဲ မူးမေ့လဲကာ သေဆုံးသွားနိုင်သည်။

အလားတူပင် ခရစ်ယာန်များသည် ကျောက်မီးသွေးတွင်းအလုပ်သမားများအခြေအနေမျိုး ရင်ဆိုင်ကြရသည်။ မည်သို့အားဖြင့်နည်း။ ယေရှုသည် တပည့်များအား ကမ္ဘာချီသတင်းကောင်းဟောပြောရန် တာဝန်ပေးချိန်တွင် သူတို့အား စာတန်နှင့် ဤလောကစိတ်ဓာတ်လွှမ်းမိုးနေသော အန္တရာယ်ရှိသည့်ဝန်းကျင်သို့စေလွှတ်ခြင်းဖြစ်ကြောင်း ကိုယ်တော်သိတော်မူခဲ့သည်။ (မ. ၁၀:၁၆; ၁ ယော. ၅:၁၉) တပည့်များနှင့်ပတ်သက်၍ ယေရှုအလွန်စိုးရိမ်သောကြောင့် ကိုယ်တော်မသေဆုံးမီညတွင် ခမည်းတော်ထံ ဤသို့ဆုတောင်းခဲ့၏– “သူတို့ကို ဤလောကမှ နုတ်ယူရန် တောင်းလျှောက်သည် မဟုတ်ပါ။ ဆိုးညစ်သူ၏လက်မှ စောင့်ရှောက်တော်မူပါရန် တောင်းလျှောက်ပါ၏။”—ယော. ၁၇:၁၅ကဘ။

၃၊ ၄။ ယေရှုသည် တပည့်များအား အဘယ်သတိပေးချက်ပေးခဲ့သနည်း၊ ယင်းကို ကျွန်ုပ်တို့ အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။

ပတ်ဝန်းကျင်သြဇာလွှမ်းမိုးမှုက မိမိနောက်လိုက်များ၏အသက်ကိုဆုံးရှုံးစေနိုင်သည့် အန္တရာယ်ရှိကြောင်း ယေရှုသတိပေးခဲ့သည်။ ကိုယ်တော်၏စကားများသည် ဤလောကစနစ်၏နိဂုံးပိုင်းတွင် အသက်ရှင်နေသော ကျွန်ုပ်တို့အတွက် အထူးအဓိပ္ပာယ်ရှိသည်။ တပည့်များအား ကိုယ်တော်ဤသို့တိုက်တွန်းခဲ့၏– “သင်တို့သည် ဖြစ်လတ္တံ့သောအမှုအရာတို့နှင့်ကင်းလွတ်၍ လူသားထံသို့ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း . . . စောင့်နေကြလော့။” (လု. ၂၁:၃၄-၃၆) သို့သော် ဝမ်းသာစရာမှာ ခမည်းတော်သည် သူတို့သင်ယူသိရှိခဲ့ရာများကို ပြန်မှတ်မိစေရန်၊ သူတို့အသက်ရှင်နေသည့်အချိန်ကာလနှင့်ပတ်သက်၍ နိုးနိုးကြားကြားရှိရန်နှင့် ရဲစွမ်းသတ္တိရှိရန် သန့်ရှင်းသောစွမ်းအားတော်ပေးမည်ကိုလည်း ယေရှုကတိပြုခဲ့သည်။—ယော. ၁၄:၂၆

ကျွန်ုပ်တို့ခေတ်တွင်ကော အသို့နည်း။ သန့်ရှင်းသောစွမ်းအားတော်သည် ကျွန်ုပ်တို့ကို ထိုသို့ပင်အကူအညီပေးသလော။ အကူအညီပေးပါက ယင်းကိုလက်ခံရရှိရန် ကျွန်ုပ်တို့ အဘယ်အရာပြုရမည်နည်း။ လောကစိတ်ဓာတ်ကား အဘယ်နည်း၊ ယင်း၏သြဇာ မည်သို့ပျံ့နှံ့သက်ရောက်သနည်း။ ဤလောကစိတ်ဓာတ်ကို မည်သို့အောင်မြင်စွာ ခုခံတွန်းလှန်နိုင်သနည်း။—၁ ကောရိန္သု ၂:၁၂ ကိုဖတ်ပါ။

သန့်ရှင်းသောစွမ်းအားတော်လော သို့မဟုတ် လောကစိတ်ဓာတ်လော

၅၊ ၆။ သန့်ရှင်းသောစွမ်းအားတော်သည် ကျွန်ုပ်တို့ကို အဘယ်အရာလုပ်ဆောင်စေနိုင်သနည်း၊ သို့သော် ယင်းကိုရရှိရန် ကျွန်ုပ်တို့ အဘယ်အရာလုပ်ဆောင်ရမည်နည်း။

သန့်ရှင်းသောစွမ်းအားတော်ဖြင့် ထောက်မပေးခြင်းသည် ပထမရာစု၌သာမဟုတ်ပါ။ ယနေ့အချိန်တွင်လည်းရရှိနိုင်ပြီး ဘုရားသခင်၏စွမ်းအားတော်သည် ကိုယ်တော်၏အမှုတော်ဆောင်ရန် ခွန်အားရှိစေသည့်အပြင် မှန်ရာကိုလုပ်ဆောင်ရန်ခွန်အားပေးနိုင်သည်။ (ရော. ၁၂:၁၁; ဖိ. ၄:၁၃) “ဘုရားသခင့်စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာသော အရည်အသွေးများ” ဖြစ်သည့် မေတ္တာ၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်းကဲ့သို့သော နူးညံ့ကြင်နာမှုအရည်အသွေးများကိုလည်း သီးပွင့်စေနိုင်သည်။ (ဂလ. ၅:၂၂၊ ၂၃ကဘ) သို့သော် ယေဟောဝါဘုရားသခင်သည် စွမ်းအားတော်ကို တလိုတလားလက်ခံလိုစိတ်မရှိသူတို့အပေါ် အတင်းမသွန်းလောင်းပါ။

သို့ဖြစ်၍ ‘သန့်ရှင်းသောစွမ်းအားတော်ရရှိဖို့ ငါဘာလုပ်နိုင်မလဲ’ ဟုမေးခြင်းသည် ကျိုးကြောင်းသင့်လျော်ပါသည်။ ကျွန်ုပ်တို့လုပ်ဆောင်နိုင်ရာများစွာကို သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ ရိုးရှင်းပြီး အရေးကြီးသည့်အချက်မှာ သန့်ရှင်းသောစွမ်းအားတော်ကို ဘုရားသခင်ထံမှ တောင်းခံခြင်းဖြစ်သည်။ (လုကာ ၁၁:၁၃ ကိုဖတ်ပါ။) အသုံးဝင်သောနောက်အချက်မှာ ဘုရားသခင့်စွမ်းအားတော်နှင့်မှုတ်သွင်းထားသော နှုတ်မြွက်စကားတော်ပါဆုံးမစကားကို လေ့လာပြီး လိုက်လျှောက်ခြင်းဖြစ်သည်။ (၂ တိ. ၃:၁၆) သမ္မာကျမ်းစာကိုဖတ်ရှုရုံဖြင့် မည်သူမျှ ဘုရားသခင့်စွမ်းအားတော်မရရှိသည်မှာ မှန်ပါသည်။ သို့သော် စိတ်ရိုးဖြောင့်သောခရစ်ယာန်တစ်ဦးသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုလေ့လာသည့်အခါ မှုတ်သွင်းခံနှုတ်မြွက်စကားတော်တွင်ပါသော သဘောထားများနှင့်ရှုမြင်ချက်တို့ကို နားလည်သဘောပေါက်လာနိုင်သည်။ ယေဟောဝါသည် ယေရှုအား မိမိ၏ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားကြောင်း၊ ယေရှုမှတစ်ဆင့် ကိုယ်တော်၏စွမ်းအားတော်ကိုပြင်ဆင်ပေးကြောင်းကိုလည်း လက်ခံဖို့အရေးကြီးသည်။ (ကော. ၂:၆) သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယေရှု၏ပုံသက်သေကိုလိုက်လျှောက်ပြီး ကိုယ်တော့်သွန်သင်ချက်နှင့်အညီ အသက်ရှင်နေထိုင်သင့်သည်။ (၁ ပေ. ၂:၂၁) ခရစ်တော်နှင့်တူရန် ကျွန်ုပ်တို့ပို၍ကြိုးစားလေလေ သန့်ရှင်းသောစွမ်းအားတော် ပို၍ရရှိလေလေဖြစ်သည်။

၇။ လောကစိတ်ဓာတ်သည် လူတစ်ဦးစီကို မည်သို့သြဇာလွှမ်းမိုးသနည်း။

ယင်းနှင့်ဆန့်ကျင်ကာ လောကစိတ်ဓာတ်သည် စာတန်၏ဥပဓိရုပ်ကိုထင်ဟပ်ရန် လူတို့ကိုသြဇာလွှမ်းမိုးသည်။ (ဧဖက် ၂:၁-၃ ကိုဖတ်ပါ။) လောက၏စိတ်ဓာတ်သည် နည်းများစွာတွင်ပျံ့နှံ့သက်ရောက်သည်။ ယနေ့ ကျွန်ုပ်တို့ဝန်းကျင်တွင်တွေ့ရသည့်အတိုင်း လောကစိတ်ဓာတ်သည် ဘုရားသခင့်စံနှုန်းများကို ကလန်ကဆန်ပြုရန်အားပေးသည်။ ယင်းသည် ‘ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကစည်းစိမ်၌ဝါကြွားခြင်းတို့’ ကိုပြုရန် အားပေးအားမြှောက်ပြုသည်။ (၁ ယော. ၂:၁၆) မတရားမေထုန်ပြုခြင်း၊ ရုပ်ပုံကိုးကွယ်ခြင်း၊ နတ်ဝိဇ္ဇာအတတ်လိုက်စားခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ သောက်ကြူးခြင်းကဲ့သို့သော ဇာတိနှင့်ဆိုင်သောအကျင့်များကို ကျင့်စေသည်။ (ဂလ. ၅:၁၉-၂၁) သန့်ရှင်းသည့်အရာကိုညစ်ညူးစေသည့် အယူဖောက်ပြန်သောစကားများပြောရန် မြေတောင်မြှောက်ပေးသည်။ (၂ တိ. ၂:၁၄-၁၈) လူတစ်ဦးသည် မိမိအပေါ် လောကစိတ်ဓာတ်သြဇာလွှမ်းမိုးစေရန် ပို၍ခွင့်ပြုလေလေ သူသည် စာတန်နှင့် ပို၍တူလာလေလေဖြစ်သည်။

၈။ ကျွန်ုပ်တို့အားလုံးသည် အဘယ်ရွေးချယ်စရာနှင့် ရင်ဆိုင်ကြရသနည်း။

ပြင်ပသြဇာလွှမ်းမိုးမှုအားလုံးမှ သီးခြားဖြစ်သော ဝိညာဉ်ရေးနယ်ပယ်တွင်နေထိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပါ။ မိမိ၏အသက်တာတွင် သန့်ရှင်းသောစွမ်းအားတော် သို့မဟုတ် လောကစိတ်ဓာတ်၏ ဩဇာလွှမ်းမိုးမှုခံရန် ခွင့်ပြုမပြုကို တစ်ဦးစီရွေးချယ်ရမည်။ ယခု လောကစိတ်ဓာတ်အလွှမ်းမိုးခံသူတို့သည် ယင်း၏သြဇာလွှမ်းမိုးမှုမှ လွတ်မြောက်နိုင်ပြီး မိမိ၏အသက်တာကို သန့်ရှင်းသောစွမ်းအားတော်လမ်းညွှန်ရန် ခွင့်ပြုနိုင်သည်။ သို့သော် ယင်းနှင့်ဆန့်ကျင်ဘက်လည်း ဖြစ်နိုင်ပါသည်။ အချိန်အတန်ကြာ သန့်ရှင်းသောစွမ်းအားတော်၏ဦးဆောင်မှု ခံယူခဲ့သူတို့သည် လောကစိတ်ဓာတ်၏ထောင်ချောက်ထဲ ကျသွားနိုင်သည်။ (ဖိ. ၃:၁၈၊ ၁၉) လောကစိတ်ဓာတ်ကို မည်သို့ခုခံတွန်းလှန်နိုင်ပုံကို သုံးသပ်ကြည့်ကြစို့။

အစောပိုင်း သတိပြုစရာအရိပ်လက္ခဏာများကို အသိအမှတ်ပြုပါ

၉-၁၁။ ကျွန်ုပ်တို့သည် လောကစိတ်ဓာတ်သြဇာလွှမ်းမိုးခံရခြင်းကြောင့်ဖြစ်နိုင်သည့် သတိပြုစရာအရိပ်လက္ခဏာအချို့မှာ အဘယ်နည်း။

အစပိုင်းတွင်ဖော်ပြခဲ့သော ဗြိတိသျှကျောက်မီးသွေးတွင်းများတွင် အဆိပ်ဓာတ်ငွေ့ရှိမရှိ ခပ်စောစောသတိပြုမိရန် သင်္ဘောစာဝါငှက်တို့ကို အသုံးပြုခဲ့ကြသည်။ ငှက်တစ်ကောင်သည် နားနေသည့်တန်းပေါ်မှ ပြုတ်ကျသွားသည်ကို မိုင်းတွင်းလုပ်သားတစ်ဦးတွေ့ပါက အသက်ရှင်လွတ်မြောက်ရန် အလျင်အမြန်လုပ်ဆောင်ဖို့လိုကြောင်း သူသိရှိသည်။ အလားတူပင် ကျွန်ုပ်တို့သည် လောကစိတ်ဓာတ်၏ ဩဇာလွှမ်းမိုးမှုခံနေရသည့် အစောပိုင်း သတိပြုစရာအရိပ်အခြည်အချို့ကား အဘယ်နည်း။

၁၀ ဘုရားသခင့်နှုတ်မြွက်တရားတော်တွင်ပါရှိသော အမှန်တရားကို ကျွန်ုပ်တို့သင်ယူပြီးနောက် ကျွန်ုပ်တို့၏အသက်တာကို ယေဟောဝါထံအပ်နှံခဲ့ချိန်တွင် ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို စိတ်အားထက်သန်စွာ ဖတ်ရှုခဲ့ပေမည်။ ကျွန်ုပ်တို့သည် မကြာခဏဆိုသလိုပင် ထက်ထက်သန်သန်ဆုတောင်းခဲ့ပေမည်။ ရေငတ်နေသူတစ်ဦးအဖို့ အိုအေစစ်တစ်ခုသည် လန်းဆန်းမှုဖြစ်စေသည့်ရင်းမြစ်ဖြစ်သကဲ့သို့ပင် အသင်းတော်အစည်းအဝေးတစ်ခုစီကို ယင်းအတိုင်းရှုမြင်ကာ တက်ရောက်ရသည်ကိုနှစ်သက်ခဲ့သည်။ ယင်းလမ်းစဉ်သည် လောကစိတ်ဓာတ်နှင့်ကင်းဝေးစေပြီး ဆက်၍ကင်းဝေးစေရန် အထောက်အကူပြုခဲ့သည်။

၁၁ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကိုနေ့စဉ်ဖတ်ရန် ကြိုးစားနေဆဲလော။ (ဆာ. ၁:၂) ကျွန်ုပ်တို့သည် နှလုံးပါစွာပုံမှန်ဆုတောင်းပါသလော။ အသင်းတော်အစည်းအဝေးများကို နှစ်သက်မြတ်နိုးကြောင်း အစည်းအဝေးအားလုံးကို အပတ်စဉ်တက်ရောက်ခြင်းဖြင့် တင်ပြပါသလော။ (ဆာ. ၈၄:၁၀) ကောင်းမွန်သည့်ယင်းအလေ့အကျင့်တချို့ ပျောက်ဆုံးသွားပြီလော။ ကျွန်ုပ်တို့၏အချိန်နှင့် ခွန်အားများကုန်ခန်းစေသည့်တာဝန်များ ကျွန်ုပ်တို့တွင်ရှိနိုင်ပြီး ယင်းတို့သည် ဘုရားသခင်အားဝတ်ပြုကိုးကွယ်ခြင်းနှင့်ဆိုင်သည့် လုပ်ရိုးလုပ်စဉ်များကို ဆက်ထိန်းသိမ်းရန် ခက်ခဲစေနိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့၏အလေ့အကျင့်ကောင်းတချို့ကို လျစ်လျူရှုနေပြီဆိုလျှင် ယင်းသည် လောကစိတ်ဓာတ်၏ ဩဇာလွှမ်းမိုးမှုခံနေရခြင်းကြောင့်လော။ တစ်ချိန်က ကျွန်ုပ်တို့တွင်ရှိခဲ့သော အလေ့အကျင့်ကောင်းများပြန်ရရန် ယခု ကျွန်ုပ်တို့ ကြိုးစားအားထုတ်မည်လော။

“စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင်”

၁၂။ ယေရှုက တပည့်များအား မည်သူ့ကို “သတိပြုကြ” ရန်မိန့်တော်မူခဲ့သနည်း၊ အဘယ်ကြောင့်နည်း။

၁၂ လောကစိတ်ဓာတ်ကိုတွန်းလှန်ရာတွင် ကျွန်ုပ်တို့ တခြားအဘယ်အရာလုပ်ဆောင်နိုင်သနည်း။ မိမိ၏တပည့်များအား “စောင့်နေကြလော့” ဟုယေရှုသတိပေးခဲ့ချိန်တွင် သတ်သတ်မှတ်မှတ်အန္တရာယ်တချို့ကို ကိုယ်တော်သတိပေးခဲ့ပြီးဖြစ်သည်။ ကိုယ်တော် ဤသို့မိန့်တော်မူခဲ့၏– ‘သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့်တွေ့ကြုံလိမ့်မည်။ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ . . . အုပ်မိလိမ့်မည်။’—လု. ၂၁:၃၄၊ ၃၅

၁၃၊ ၁၄။ စားသောက်ခြင်းနှင့်ပတ်သက်၍ မိမိကိုယ်ကို မည်ကဲ့သို့သောမေးခွန်းများမေးခြင်းသည် သင့်လျော်မည်နည်း။

၁၃ ယင်းသတိပေးချက်ကို စဉ်းစားကြည့်ပါ။ ယေရှုသည် စားသောက်ပျော်မွေ့ခြင်းကို ပြစ်တင်ရှုတ်ချခဲ့သလော။ မရှုတ်ချခဲ့ပါ။ ကိုယ်တော်သည် ရှောလမုန်၏ဤစကားများကို သိရှိခဲ့သူဖြစ်သည်– “ရွှင်လန်းခြင်းအမှုနှင့်အသက်ရှင်စဉ်တွင် ကျေးဇူးပြုခြင်းအမှုမှတစ်ပါး အခြားသောအမှုအရာတို့၌ အကျိုးကျေးဇူးမရှိသည်ကိုငါသိ၏။ လူတိုင်းစားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။” (ဒေ. ၃:၁၂၊ ၁၃) သို့တိုင် လောကစိတ်ဓာတ်သည် အစားအသောက်ကိစ္စတွင် မိမိကိုယ်ကိုချုပ်တည်းမှုကင်းမဲ့စေရန် အားပေးအားမြှောက်ပြုကြောင်း ယေရှုသိရှိခဲ့သည်။

၁၄ အစားအသောက်လွန်ကြူးခြင်းအန္တရာယ်များကို မမြင်တော့သည်အထိ လောကစိတ်ဓာတ်လွှမ်းမိုးမခံရစေရန် ကျွန်ုပ်တို့မည်သို့သေချာစေနိုင်သနည်း။ မိမိကိုယ်ကို ဤသို့မေးနိုင်သည်– ‘သမ္မာကျမ်းစာတွင် သို့မဟုတ် စာပေများတွင် စားကြူးခြင်းနှင့်ပတ်သက်သည့် ဆုံးမစကားများကိုဖတ်ရသည့်အခါ ကျွန်ုပ်မည်သို့တုံ့ပြန်သနည်း။ မိမိ၏လုပ်ရပ်များကို ဆင်ခြေပေး သို့မဟုတ် ထုခြေလျက် အထက်ပါဆုံးမစကားသည် မိမိနှင့်မသက်ဆိုင် သို့မဟုတ် တရားလွန်သည်ဟုဆိုကာ ပယ်ချလိုစိတ်ရှိပါသလော။ * အရက်သောက်သုံးလျှင် အတော်အသင့်သာသုံးရန်နှင့် “သောက်စားမူးယစ်ခြင်း” ကိုလုံးလုံးရှောင်ရန်နှင့်စပ်လျဉ်းသည့် အကြံပြုချက်ကို ကျွန်ုပ်မည်သို့ရှုမြင်သနည်း။ တချို့သောအကြောင်းအရာသည် မိမိနှင့်မသက်ဆိုင်ဟုယူမှတ်သည့်အတွက် ထိုအကြံပေးချက်ကို တန်ဖိုးမထားဘဲနေသလော။ အခြားသူတို့က ကျွန်ုပ်၏သောက်ပုံနှင့်ပတ်သက်၍ စိုးရိမ်ကြောင်းပြောလာလျှင် ဆင်ခြေပေးအကြောင်းပြသလော သို့မဟုတ် စိတ်ဆိုးသလော။ သမ္မာကျမ်းစာပါထိုဆုံးမစကားများကို အလေးအနက်မထားရန် အခြားသူများအား ကျွန်ုပ်တိုက်တွန်းနေပါသလော။’ မှန်ပါသည်၊ လူတစ်ဦးသည် လောကစိတ်ဓာတ်လွှမ်းမိုးခံနေရမရကို သူ၏သဘောထားက ဖော်ပြသည်။—ရောမ ၁၃:၁၁-၁၄ နှင့်နှိုင်းယှဉ်ပါ။

စိုးရိမ်ပူပန်မှုလွှမ်းမိုးခံရခြင်းကို ရှောင်ပါ

၁၅။ လူ၏အဘယ်စိတ်သဘောထားနှင့်ပတ်သက်၍ ယေရှုသတိပေးခဲ့သနည်း။

၁၅ လောကစိတ်ဓာတ်ကို ခုခံတွန်းလှန်ရာတွင် နောက်ထပ်အရေးကြီးသည့်အချက်မှာ စိုးရိမ်ပူပန်မှုကို ကိုင်တွယ်ဖြေရှင်းခြင်းဖြစ်သည်။ မစုံလင်သောလူသားများအနေနှင့် ကျွန်ုပ်တို့သည် နေ့စဉ်လိုအပ်ရာများအတွက် စိုးရိမ်တတ်ကြောင်း ယေရှုသိတော်မူသည်။ တပည့်များအား “မစိုးရိမ်ကြနှင့်” ဟုမေတ္တာပါစွာမိန့်တော်မူခဲ့၏။ (မ. ၆:၂၅) ဘုရားသခင့်စိတ်တော်နှင့်တွေ့ရန်၊ ခရစ်ယာန်တာဝန်များကိုဆောင်ရွက်ရန်၊ ကျွန်ုပ်တို့မိသားစုအတွက် ဘဝလိုအပ်ရာများကို စီမံပေးရန်ကဲ့သို့သော အရေးကြီးသည့်ကိစ္စများအတွက် ကျွန်ုပ်တို့စိုးရိမ်ကြသည်ကို နားလည်သဘောပေါက်ပါသည်။ (၁ ကော. ၇:၃၂-၃၄) သို့ဖြစ်လျှင် ယေရှု၏သတိပေးချက်မှ အဘယ်အရာသင်ယူနိုင်သနည်း။

၁၆။ လောကစိတ်ဓာတ်သည် လူများစွာအပေါ် အဘယ်သက်ရောက်မှုဖြစ်စေသနည်း။

၁၆ လောကစည်းစိမ်ဝါကြွားခြင်းကို အလေးပေးသည့် လောကစိတ်ဓာတ်သည် လူများစွာကို အကျိုးယုတ်စေသောစိုးရိမ်ပူပန်မှုများဖြင့် ထိခိုက်စေသည်။ ငွေသည်လုံခြုံမှုကိုပေးသည်၊ လူတစ်ဦး၏တန်ဖိုးကို သူ၏ခရစ်ယာန်အရည်အသွေးများဖြင့်မဟုတ်ဘဲ ထိုသူပိုင်ဆိုင်သည့်ပစ္စည်းအရေအတွက်၊ အရည်အသွေးတို့ဖြင့်တိုင်းတာသည်ဟု လောကက ကျွန်ုပ်တို့အား ယုံကြည်စေလိုသည်။ ယင်းဝါဒဖြန့်မှု၏လှည့်စားမှုကိုခံသူတို့သည် ရုပ်ပစ္စည်းလိုက်စားသူ ဖြစ်လာမည်ဖြစ်ပြီး အသစ်ဆုံး၊ အကြီးဆုံး၊ အဆင့်အမြင့်ဆုံးပစ္စည်းများကို ကြိုးစားရယူခြင်းကြောင့် မပြတ်စိတ်အနှောင့်အယှက်ဖြစ်ကြသည်။ (သု. ၁၈:၁၁) ရုပ်ပစ္စည်းနှင့်ပတ်သက်၍ ယင်းသို့တလွဲရှုမြင်မှုကြောင့် လူတစ်ဦးအား ခရစ်ယာန်တိုးတက်မှုကို ဟန့်တားပိတ်ဆို့သည့် စိုးရိမ်ပူပန်မှုများကိုဖြစ်စေသည်။—မဿဲ ၁၃:၁၈၊ ၂၂ ကိုဖတ်ပါ။

၁၇။ စိုးရိမ်ပူပန်မှု၏လွှမ်းမိုးပိတ်ဆို့မှုကို ကျွန်ုပ်တို့ မည်သို့ရှောင်နိုင်သနည်း။

၁၇ ကျွန်ုပ်တို့သည် ယေရှု၏ဤအမိန့်ကိုနာခံပါက စိုးရိမ်ပူပန်မှု၏ လွှမ်းမိုးပိတ်ဆို့မှုကို ရှောင်နိုင်၏– “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။” ကျွန်ုပ်တို့သည် ယင်းသို့လုပ်ဆောင်ပါက ကျွန်ုပ်တို့အမှန်လိုအပ်ရာများကို ပေးတော်မူမည်ဟု ယေရှုအာမခံ၏။ (မ. ၆:၃၃) ယင်းကတိတော်ကိုယုံကြည်ကြောင်း ကျွန်ုပ်တို့ မည်သို့တင်ပြနိုင်သနည်း။ ငွေကြေးကိစ္စများနှင့်ပတ်သက်၍ ဘုရားသခင်၏မှန်ကန်သည့်စံနှုန်းကို လိုက်လျှောက်ခြင်းအားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို ဆက်၍ရှေးဦးထားကြသည်။ ဥပမာ၊ ကျွန်ုပ်တို့သည် အခွန်ငွေကို မမှန်မကန်ဖော်ပြခြင်းမပြုကြပါ သို့မဟုတ် ကျွန်ုပ်တို့၏စီးပွားရေးလုပ်ငန်းတွင် “အသေးအဖွဲ” ကိစ္စများတွင်ပင် မုသာသုံးခြင်းမပြုကြပါ။ အကြွေးဆပ်ဖို့အချိန်ရောက်သည့်အခါ ကျွန်ုပ်တို့၏စကား “ဟုတ်သည်ကိုအဟုတ်” ဖြစ်ခြင်းဖြင့် ကျွန်ုပ်တို့၏ငွေကြေးကတိကဝတ်အတိုင်း နေထိုင်ကြသည်။ (မ. ၅:၃၇; ဆာ. ၃၇:၂၁) ထိုကဲ့သို့ရိုးသားခြင်းက လူတစ်ဦးအား ချမ်းသာစေမည်တော့မဟုတ်သော်လည်း ဘုရားသခင်၏နှစ်သက်လက်ခံခြင်း၊ ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်ခြင်း၊ စိုးရိမ်ပူပန်မှုလျော့နည်းခြင်းတို့ကို ခံစားရသည်။

၁၈။ ယေရှုသည် ကျွန်ုပ်တို့အတွက် အဘယ်ပုံသက်သေကောင်း ချမှတ်ခဲ့သနည်း၊ ကိုယ်တော်ကိုတုပခြင်းဖြင့် အဘယ်အကျိုးကျေးဇူး ရရှိသနည်း။

၁၈ ဘုရားသခင့်နိုင်ငံတော်ကိုရှေးဦးထားခြင်းတွင် ကျွန်ုပ်တို့၏အသက်တာတွင် ပို၍အရေးကြီးသည့်အရာ အဘယ်အရာဖြစ်သင့်သည်ကို သိခြင်းပါဝင်သည်။ ယေရှု၏ပုံသက်သေကို သုံးသပ်ကြည့်ပါ။ ကိုယ်တော်သည် တစ်ခါတစ်ရံ အရည်အသွေးကောင်းသောဝတ်လုံကို ဝတ်ဆင်ခဲ့သည်။ (ယော. ၁၉:၂၃) ကိုယ်တော်သည် မိတ်ဆွေအပေါင်းအသင်းများနှင့်အတူ စားသောက်ပျော်မွေ့ခဲ့သည်။ (မ. ၁၁:၁၈၊ ၁၉) သို့သော် ရုပ်ပစ္စည်းနှင့် အပန်းဖြေမှုသည် ကိုယ်တော်၏အသက်တာတွင် ဟင်းခတ်အမွေးအကြိုင်ကဲ့သို့သာဖြစ်ပြီး အဓိကအသားတော့မဖြစ်ပါ။ ယေရှု၏စားစရာမှာ ယေဟောဝါ၏အလိုတော်ဆောင်ခြင်း ဖြစ်ခဲ့သည်။ (ယော. ၄:၃၄-၃၆) ယေရှု၏ပုံသက်သေကို လိုက်လျှောက်သည့်အခါ ဘဝအသက်တာသည် အလွန်ကျေနပ်အားရဖွယ်ကောင်းသည်။ ကျွန်ုပ်တို့သည် ဖိစီးနှိပ်စက်ခံရသူတို့အား သမ္မာကျမ်းစာမှနှစ်သိမ့်မှုရရှိရန် ကူညီပေးခြင်းမှ ရွှင်လန်းမှုရရှိကြသည်။ ကျွန်ုပ်တို့သည် အသင်းတော်မှမေတ္တာနှင့် ထောက်မမှုရရှိကြသည်။ ထို့ပြင် ကျွန်ုပ်တို့သည် ယေဟောဝါ၏နှလုံးကို ရွှင်လန်းစေကြသည်။ ကျွန်ုပ်တို့၏ဦးစားထားရာများသည် အစဉ်အလိုက်ဖြစ်သည့်အခါ ရုပ်ပစ္စည်းနှင့်အပျော်အပါးသည် ကျွန်ုပ်တို့၏သခင်များမဟုတ်ပါ။ ယင်းအစား ယင်းတို့သည် ကျွန်များ သို့မဟုတ် ယေဟောဝါအားကျွန်ုပ်တို့ဝတ်ပြုရာတွင် အထောက်အကူပြုသည့် ကိရိယာများဖြစ်ကြသည်။ ဘုရားသခင့်နိုင်ငံတော်ကိုထောက်ခံသည့်လုပ်ငန်းတွင် ကျွန်ုပ်တို့ပို၍ပါဝင်လေလေ လောကစိတ်ဓာတ်လွှမ်းမိုးခံရမှု နည်းလေလေဖြစ်ပေမည်။

“စွမ်းအားတော်နှင့်စပ်ဆိုင်ရာများကို” ဆက်၍ “စိတ်စွဲလမ်း” ပါ

၁၉-၂၁။ ကျွန်ုပ်တို့သည် “စွမ်းအားတော်နှင့်စပ်ဆိုင်ရာများကို” မည်သို့ဆက်၍ “စိတ်စွဲလမ်း” နိုင်သနည်း၊ အဘယ်ကြောင့် ထိုသို့ပြုလုပ်သင့်သနည်း။

၁၉ တွေးတောဆင်ခြင်ခြင်းသည် လုပ်ရပ်ထက် အရင်ကျ၏။ အဆင်အခြင်ကင်းသည့်လုပ်ရပ်များသည် ဇာတိအတွေးအခေါ်၏ လှုံ့ဆော်မှုကြောင့်ဖြစ်လေ့ရှိသည်။ ထို့ကြောင့် တမန်တော်ပေါလုက ကျွန်ုပ်တို့၏စဉ်းစားဆင်ခြင်မှုကို ကာကွယ်စောင့်ရှောက်ဖို့လိုကြောင်း သတိပေးထား၏။ သူဤသို့ရေးခဲ့၏– “လူ့ဇာတိသဘောရှိသူတို့သည် လူ့ဇာတိနှင့်ဆိုင်သောအရာများကို စိတ်စွဲလမ်းကြ၏။ စွမ်းအားတော်နှင့်အညီ ပြုမူသူတို့မူကား ဘုရားသခင်နှင့်စပ်ဆိုင်ရာများကို စိတ်စွဲလမ်းကြ၏။”—ရော. ၈:၅ကဘ။

၂၀ ကျွန်ုပ်တို့၏စဉ်းစားဆင်ခြင်ပုံ—နှင့် ယင်းနောက် ကျွန်ုပ်တို့၏လုပ်ရပ်များ—အပေါ် လောကစိတ်ဓာတ်မလွှမ်းမိုးရန် မည်သို့ရှောင်နိုင်သနည်း။ လောက၏ဝါဒဖြန့်မှုများကို ကျွန်ုပ်တို့စိတ်ထဲမဝင်လာစေရန် အတတ်နိုင်ဆုံးကြိုးစားဆီးတားခြင်းဖြင့် ကျွန်ုပ်တို့၏စိတ်ကို ကာကွယ်ရမည်။ ဥပမာ၊ အပန်းဖြေမှုကိုရွေးချယ်သည့်အခါ အကျင့်ယိုယွင်းမှု သို့မဟုတ် အကြမ်းဖက်မှုကိုအမွှမ်းတင်သည့် အစီအစဉ်များအားဖြင့် ကျွန်ုပ်တို့စိတ်ညစ်ညူးသွားခြင်းမရှိစေရန် ရှောင်ကြသည်။ ဘုရားသခင်၏သန့်ရှင်းသော သို့မဟုတ် စင်ကြယ်သောစွမ်းအားတော်သည် ညစ်ညူးနေသောစိတ်နှလုံးတွင် ကိန်းအောင်းမည်မဟုတ်ကြောင်း ကျွန်ုပ်တို့သိကြသည်။ (ဆာ. ၁၁:၅; ၂ ကော. ၆:၁၅-၁၈) ပုံမှန်ကျမ်းစာဖတ်ရှုခြင်း၊ ဆုတောင်းခြင်း၊ တွေးတောဆင်ခြင်ခြင်း၊ အစည်းအဝေးတက်ခြင်းအားဖြင့် ကျွန်ုပ်တို့၏စိတ်တွင် ဘုရားသခင့်စွမ်းအားတော်ကို ကိန်းအောင်းစေကြသည်။ ထို့ပြင် ကျွန်ုပ်တို့သည် ခရစ်ယာန်ဟောပြောခြင်းလုပ်ငန်း၌ ပုံမှန်ပါဝင်သည့်အခါ ထိုစွမ်းအားတော်နှင့်အညီ လုပ်ဆောင်ကြသည်။

၂၁ မှန်ပါသည်၊ ကျွန်ုပ်တို့သည် လောကစိတ်ဓာတ်နှင့် ယင်းကလှုံ့ဆော်ပေးသော သွေးသားဆန္ဒများကို ခုခံတွန်းလှန်ရမည်ဖြစ်သည်။ ယင်းသို့ပြုခြင်းသည် ကြိုးစားအားထုတ်ရကျိုးနပ်ပါသည်၊ အကြောင်းမှာ ပေါလုဤသို့ဆိုထား၍ဖြစ်သည်– “လူ့ဇာတိနှင့်ဆိုင်သောအရာများကို စိတ်စွဲလမ်းခြင်းသည် သေခြင်းဖြစ်၏။ ဘုရားသခင်နှင့်စပ်ဆိုင်ရာများကို စိတ်စွဲလမ်းခြင်းမူကား အသက်ရှင်ခြင်းနှင့် ငြိမ်သက်ခြင်းဖြစ်၏။”—ရော. ၈:၆ကဘ အောက်ခြေမှတ်ချက်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 စားကြူးခြင်းသည် စိတ်ပိုင်းဆိုင်ရာသဘောထားတစ်ခုဖြစ်ပြီး လောဘကြီးခြင်း၊ အာသာငမ်းငမ်းစားခြင်းဖြင့် မှတ်သားဖော်ပြသည်။ ထို့ကြောင့် လူတစ်ဦး၏ ကိုယ်ခန္ဓာအရွယ်အစားဖြင့်မဟုတ်ဘဲ အစားအစားအပေါ် သူ၏သဘောထားဖြင့် ပိုင်းဖြတ်သည်။ လူတစ်ဦးသည် သာမန်ခန္ဓာကိုယ်အရွယ်အစား သို့မဟုတ် ပိန်ပိန်လေးပင်ဖြစ်သော်လည်း စားကြူးသူဖြစ်နိုင်သည်။ အချို့သောအခြေအနေများတွင် ရောဂါကြောင့် အဝလွန်တတ်သည် သို့မဟုတ် မျိုးရိုးလိုက်ခြင်းကြောင့်လည်း အဝလွန်နိုင်၏။ အဓိကမှာ မည်သူပင်ဖြစ်စေ၊ သူ၏ကိုယ်အလေးချိန် မည်မျှပင်ရှိပါစေ အစားအစာအပေါ် အလွန်အမင်းလောဘကြီးခြင်းဖြစ်သည်။—နိုဝင်ဘာ ၁၊ ၂၀၀၄ ကင်းမျှော်စင်တွင်ပါသော “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုကြည့်ပါ။

သင်မှတ်မိသလော

• သန့်ရှင်းသောစွမ်းအားတော်ရရှိရန် အဘယ်အရာပြုလုပ်သင့်သနည်း။

• ကျွန်ုပ်တို့ကိုထိခိုက်စေနိုင်သည့် လောကစိတ်ဓာတ်တချို့မှာ အဘယ်နည်း။

• လောကစိတ်ဓာတ်ကို မည်သို့ ခုခံတွန်းလှန်နိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါပုံ]

အလုပ် သို့မဟုတ် ကျောင်းသို့မသွားမီ သန့်ရှင်းသောစွမ်းအားတော်ကို တောင်းခံပါ

[စာမျက်နှာ ၂၃ ပါပုံ]

ကျွန်ုပ်တို့၏စိတ်ကို ဆက်၍သန့်ရှင်း စင်ကြယ်နေစေရမည်၊ စီးပွားရေး လုပ်ငန်းတွင် ဆက်၍ရိုးသားရမည်၊ တော်သင့်ရုံသာသောက်သုံးရမည်