မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် ကျွန်ုပ်တို့ကို “ကယ်လွှတ်သောအရှင်” ဖြစ်တော်မူ၏

ယေဟောဝါသည် ကျွန်ုပ်တို့ကို “ကယ်လွှတ်သောအရှင်” ဖြစ်တော်မူ၏

ယေဟောဝါသည် ကျွန်ုပ်တို့ကို “ကယ်လွှတ်သောအရှင်” ဖြစ်တော်မူ၏

‘ယေဟောဝါသည် သူတို့ကို မစကယ်တင်တော်မူမည်။’—ဆာ. ၃၇:၄၀

၁၊ ၂။ ယေဟောဝါသည် ကျွန်ုပ်တို့အတွက် နှစ်သိမ့်မှုနှင့်ခွန်အားရင်းမြစ်ဖြစ်ကြောင်း အဘယ်အခြေခံအမှန်တရားရှိသနည်း။

နေကြောင့်ဖြစ်ပေါ်သော အရိပ်သည် တစ်နေရာတည်း၌ တန့်မနေပါ။ ကမ္ဘာလည်နေသည်နှင့်အမျှ အရိပ်များသည် အစဉ်ရွေ့လျားပြောင်းလဲနေသည်။ သို့သော် ကမ္ဘာနှင့်နေကိုဖန်ဆင်းတော်မူသောအရှင်သည် ပြောင်းလဲခြင်းမရှိပါ။ (မာလ. ၃:၆) သမ္မာကျမ်းစာက ဤသို့ဆို၏– “ထိုအဘသည် ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။” (ယာ. ၁:၁၇) ယေဟောဝါနှင့်ပတ်သက်သော ယင်းအခြေခံအမှန်တရားသည် အထူးသဖြင့် ခက်ခဲသောစမ်းသပ်မှုများ၊ စိန်ခေါ်ချက်များရင်ဆိုင်ရချိန်တွင် ကျွန်ုပ်တို့အတွက် နှစ်သိမ့်မှုနှင့်ခွန်အားရင်းမြစ်အမှန်ဖြစ်သည်။ အဘယ်ကြောင့်နည်း။

ရှေ့ဆောင်းပါးတွင်သိရှိခဲ့ပြီးဖြစ်သည့်အတိုင်း ယေဟောဝါသည် သမ္မာကျမ်းစာခေတ်တွင် “ကယ်လွှတ်သောအရှင်” ဖြစ်ကြောင်း သက်သေထူခဲ့သည်။ (ဆာ. ၇၀:၅) ကိုယ်တော်သည် ပြောင်းလဲခြင်းမရှိသည့်ပြင် ကိုယ်တော်မိန့်တော်မူရာကို အစဉ်ပြည့်စုံစေမည်ဖြစ်သောကြောင့် ယနေ့ ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူများသည် မိမိတို့အား “မစကယ်တင်တော်မူမည်” ကိုယုံကြည်စိတ်ချရန် အကြောင်းရင်းအခိုင်အလုံရှိသည်။ (ဆာ. ၃၇:၄၀) ယေဟောဝါသည် မျက်မှောက်ခေတ်တွင် မိမိကျေးကျွန်များလွတ်မြောက်ရန် မည်သို့စီမံပေးတော်မူသနည်း။ ကျွန်ုပ်တို့တစ်ဦးစီအတွက် ကိုယ်တော်မည်သို့စီမံတော်မူမည်နည်း။

ဆန့်ကျင်သူများလက်မှ ကယ်နုတ်ခံရ

၃။ ဆန့်ကျင်သူများသည် ယေဟောဝါလူမျိုး၏ သတင်းကောင်းဟောပြောခြင်းကို ရပ်တန့်စေနိုင်မည်မဟုတ်ကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့် စိတ်ချနိုင်သနည်း။

ယေဟောဝါသက်သေများ ယေဟောဝါရထိုက်သည့် အကြွင်းမဲ့ဝတ်ပြုကိုးကွယ်မှုပေးဆက်နေသည်ကို စာတန်၏မည်သည့်ဆန့်ကျင်မှုကမျှ ဆီးတားနိုင်မည်မဟုတ်ပါ။ ဘုရားသခင့်နှုတ်မြွက်စကားတော်က ဤသို့အာမခံထား၏– “သင့်တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ။ သင့်ကိုတရားတွေ့သောသူမည်သည်ကား အရှုံးခံရလိမ့်မည်။” (ဟေရှာ. ၅၄:၁၇) ဆန့်ကျင်သူများသည် ဘုရားသခင့်လူမျိုး၏ ဟောပြောခြင်းလုပ်ငန်းကို တားဆီးရန်ကြိုးစားကြသော်လည်း သူတို့ရှုံးနိမ့်ကြသည်။ ဥပမာနှစ်ခုကို သုံးသပ်ကြည့်ပါ။

၄၊ ၅။ ယေဟောဝါ၏လူမျိုးသည် ၁၉၁၈ ခုနှစ်တွင် အဘယ်ဆန့်ကျင်မှုကိုရင်ဆိုင်ခဲ့ရပြီး အဘယ်ရလဒ်ရရှိသနည်း။

၁၉၁၈ ခုနှစ်တွင် ဟောပြောခြင်းလုပ်ငန်းရပ်တန့်သွားစေရန် ရည်ရွယ်ချက်ဖြင့် ဓမ္မဆရာများလှုံ့ဆော်သော နှိပ်စက်ညှဉ်းပန်းမှုလှိုင်းလုံးဒဏ်ကို ယေဟောဝါ၏လူမျိုး ရင်ဆိုင်ခဲ့ရသည်။ မေ ၇ ရက်နေ့တွင် အမေရိကန်အစိုးရသည် ထိုအချိန်က ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ဦးစီးကြီးကြပ်နေသော ဂျေ. အက်ဖ်. ရပ်သဖော့ဒ်နှင့် ဌာနချုပ်မှ အခြားသူတို့ကိုပါဖမ်းဆီးရန် အမိန့်ထုတ်ပြန်ခဲ့သည်။ နှစ်လအတွင်း ညီအစ်ကို ရပ်သဖော့ဒ်နှင့် သူ၏အပေါင်းပါတို့အား လျှို့ဝှက်ပူးပေါင်းကြံစည်သည်ဟု မတရားစွပ်စွဲကာ နှစ်ရှည်ထောင်ဒဏ်ချခဲ့သည်။ ဆန့်ကျင်သူများသည် ဟောပြောခြင်းလုပ်ငန်း ထာဝစဉ်ရပ်တန့်သွားစေရန် တရားရုံးကိုအသုံးပြုရာတွင် အောင်မြင်ခဲ့သလော။ မအောင်မြင်ခဲ့ပါ။

ယေဟောဝါ၏ဤကတိတော်ကို သတိရပါ– “သင့်တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ။” အဖြစ်အပျက်များ မမျှော်လင့်ဘဲရုတ်တရက်ပြောင်းလဲခဲ့ရာ ညီအစ်ကို ရပ်သဖော့ဒ်နှင့် သူ၏အပေါင်းပါတို့ ထောင်ချခံရပြီး ကိုးလအကြာဖြစ်သည့် ၁၉၁၉၊ မတ် ၂၆ တွင် ထောင်ကျနေသောညီအစ်ကိုများ အာမခံနှင့်လွတ်လာခဲ့သည်။ နောက်နှစ်ဖြစ်သော ၁၉၂၀၊ မေ ၅ တွင် သူတို့အပေါ်စွဲဆိုထားချက်များကို ပယ်ဖျက်ခဲ့သည်။ ညီအစ်ကိုများသည် မိမိတို့၏လွတ်လပ်မှုကို ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းတွင် တိုး၍အသုံးပြုခဲ့ကြသည်။ အဘယ်ရလဒ်ရရှိခဲ့သနည်း။ ထိုအချိန်မှစ၍ ထူးခြားစွာတိုးတက်လာခဲ့သည်။ ယင်းရလဒ်အတွက် ဂုဏ်တင်ခံထိုက်သူမှာ “ကယ်လွှတ်သောအရှင်” ဖြစ်သည်။—၁ ကော. ၃:၇

၆၊ ၇။ (က) နာဇီဂျာမနီတွင် ယေဟောဝါသက်သေများကို မည်သို့ဆက်ဆံခဲ့ကြသနည်း၊ အဘယ်ရလဒ်ရရှိသနည်း။ (ခ) ယေဟောဝါလူမျိုး၏ မျက်မှောက်ခေတ်သမိုင်းက အဘယ်အချက်ကို သက်သေပြသနည်း။

ယခု ဒုတိယဥပမာကို သုံးသပ်ကြည့်ပါ။ ဟစ်တလာသည် ၁၉၃၄ ခုနှစ်တွင် ဂျာမနီရှိ ယေဟောဝါသက်သေအားလုံးကို အစတုံးသုတ်သင်ပစ်မည်ဟု အဓိဋ္ဌာန်ပြုခဲ့သည်။ ယင်းသည် ခြိမ်းခြောက်ရုံမျှသာမဟုတ်ခဲ့ပါ။ နေရာအနှံ့တွင် ဖမ်းဆီးထောင်ချခြင်းကို ပြုလုပ်ခဲ့သည်။ ထောင်နှင့်ချီသောသက်သေခံများသည် မတော်မတရားနှိပ်စက်ခံခဲ့ရပြီး ရာနှင့်ချီသောသူများ ချွေးတပ်စခန်းများတွင် အသတ်ခံခဲ့ရသည်။ သက်သေခံများကို သုတ်သင်ပစ်မည်ဟူသော ဟစ်တလာ၏စီမံကိန်း အောင်မြင်ခဲ့ပါသလော။ ဂျာမနီတွင် သတင်းကောင်းဟောပြောခြင်းလုပ်ငန်း လုံးလုံးရပ်တန့်သွားအောင် သူလုပ်ဆောင်ခဲ့သလော။ မလုပ်ဆောင်နိုင်ခဲ့ပါ။ နှိပ်စက်ညှဉ်းပန်းခံရချိန်အတွင်း ကျွန်ုပ်တို့၏ညီအစ်ကိုများသည် ဟောပြောခြင်းလုပ်ငန်းကို လျှို့ဝှက်လုပ်ဆောင်ခဲ့ကြသည်။ နာဇီအုပ်ချုပ်ရေးစနစ် ပြိုကွဲသွားပြီးနောက် မိမိတို့၏လွတ်လပ်မှုကို ဟောပြောရာတွင် ဆက်လက်အသုံးပြုခဲ့ကြသည်။ ယနေ့ ဂျာမနီတွင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၁၆၅,၀၀၀ ကျော်ရှိနေပြီဖြစ်သည်။ “ကယ်လွှတ်သောအရှင်” သည် “သင့်တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ” ဟူသည့် မိမိ၏ကတိတော်အတိုင်း တစ်ဖန်လုပ်ဆောင်တော်မူခဲ့သည်။

ယေဟောဝါသက်သေများ၏ မျက်မှောက်ခေတ်သမိုင်းက ယေဟောဝါသည် မိမိလူမျိုးကို အုပ်စုလိုက်အနေနှင့် အစတုံးပျောက်ကွယ်သွားစေရန် ဘယ်တော့မျှခွင့်ပြုမည်မဟုတ်ကြောင်း သက်သေပြသည်။ (ဆာ. ၁၁၆:၁၅) သို့သော် ကျွန်ုပ်တို့တစ်ဦးစီနှင့်ပတ်သက်၍ကော အသို့နည်း။ ယေဟောဝါသည် ကျွန်ုပ်တို့တစ်ဦးစီအတွက် လွတ်မြောက်ရာလမ်း မည်သို့စီမံပေးသနည်း။

ကာယပိုင်းဆိုင်ရာ ကာကွယ်မှုနှင့်ပတ်သက်၍ကော အသို့နည်း

၈၊ ၉။ (က) ကျွန်ုပ်တို့၏ ကာယပိုင်းဆိုင်ရာကို အမြဲအကာအကွယ်ပေးမည်ဟု ကတိမပြုထားကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။ (ခ) အဘယ်အရာကို ကျွန်ုပ်တို့အမှန်ပင်အသိအမှတ်ပြုကြရမည်နည်း။

ယေဟောဝါသည် ယနေ့အချိန်တွင် ကျွန်ုပ်တို့တစ်ဦးစီ၏ကာယပိုင်းဆိုင်ရာကို အမြဲကာကွယ်ပေးမည်ဟု ကတိမပြုထားကြောင်း ကျွန်ုပ်တို့သိထားကြသည်။ ဘုရင်နေဗုခဒ်နေဇာတည်ထားသော ရွှေရုပ်တုကို ဦးချရန်ငြင်းဆိုခဲ့ကြသည့် တည်ကြည်သောဟေဗြဲလူငယ်သုံးဦးတင်ပြခဲ့သော သဘောထားမျိုး ကျွန်ုပ်တို့တွင်ရှိကြသည်။ ဘုရားသခင်ကိုကြောက်ရွံ့သောထိုလူငယ်တို့က ယေဟောဝါသည် မိမိတို့အား ကာယပိုင်းထိခိုက်မှုမှ အံ့ဖွယ်နည်းဖြင့်ကာကွယ်ပေးမည်ဟု မယူမှတ်ခဲ့ကြပါ။ (ဒံယေလ ၃:၁၇၊ ၁၈ ကိုဖတ်ပါ။) ဖြစ်ပျက်ခဲ့ပုံအရ ယေဟောဝါသည် သူတို့ကို တောက်လောင်လျက်ရှိသောမီးဖိုထဲမှ ကယ်နုတ်ခဲ့သည်။ (ဒံ. ၃:၂၁-၂၇) သို့သော် သမ္မာကျမ်းစာခေတ်တွင်ပင် အံ့ဖွယ်နည်းဖြင့်ကယ်နုတ်ခြင်းသည် ဖြစ်ခေါင့်ဖြစ်ခဲဖြစ်သည်။ ယေဟောဝါအပေါ်တည်ကြည်သောကျေးကျွန်များစွာသည် ဆန့်ကျင်သူများလက်တွင် သေဆုံးကြရသည်။—ဟေဗြဲ ၁၁:၃၅-၃၇

ယနေ့အချိန်တွင်ကော အသို့နည်း။ “ကယ်လွှတ်သောအရှင်” အနေနှင့် ယေဟောဝါသည် တစ်ဦးချင်းစီကို အန္တရာယ်ရှိသည့်အခြေအနေများမှ အမှန်ပင်ကယ်နုတ်နိုင်တော်မူသည်။ သတ်သတ်မှတ်မှတ်ကိစ္စရပ်များတွင် ယေဟောဝါ ကြားဝင်ခဲ့သည်၊ မဝင်ခဲ့သည်ကို ကျွန်ုပ်တို့ အတိအကျပြောနိုင်ပါသလော။ မပြောနိုင်ပါ။ သို့သော် အန္တရာယ်ရှိသောအခြေအနေတစ်ခုမှ လွတ်မြောက်ခဲ့သူတစ်ဦးသည် ယေဟောဝါကြားဝင်ကူညီခဲ့သည်ဟု ခံစားရပေမည်။ ထိုသူနှင့်သဘောမတူသော အခြားသူတို့အဖို့မူ ယင်းသည် ရောင့်တက်ခြင်းဖြစ်ပေမည်။ နာဇီခေတ်တွင်ကဲ့သို့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် တည်ကြည်သောခရစ်ယာန်များစွာ သေဆုံးခဲ့ကြောင်းကိုလည်း တစ်ချိန်တည်းတွင် ကျွန်ုပ်တို့အမှန်ပင်အသိအမှတ်ပြုကြရမည်။ အခြားသူတို့မူ ဝမ်းနည်းဖွယ်အခြေအနေများအောက်တွင် သေဆုံးခဲ့ကြသည်။ (ဒေ. ၉:၁၁) ကျွန်ုပ်တို့ဤသို့မေးပေမည်– ‘တည်ကြည်သူများ အချိန်မတန်သေဆုံးမှုကြောင့် ယေဟောဝါသည် “ကယ်လွှတ်သောအရှင်” မဟုတ်တော့ပြီလော။’ ယင်းသို့မဖြစ်နိုင်ပါ။

၁၀၊ ၁၁။ သေခြင်းနှင့်ရင်ဆိုင်ရချိန်တွင် လူသည် အဘယ်ကြောင့် မိမိမသေအောင်ပြုလုပ်ဖို့ မတတ်နိုင်သနည်း၊ သို့သော် ယေဟောဝါသည် အဘယ်အရာပြုလုပ်နိုင်တော်မူသနည်း။

၁၀ ဤအချက်ကို သုံးသပ်ကြည့်ပါ– မည်သည့်လူသားမျှ မိမိ၏အသက်ကို လူသားတို့၏သာမန်သင်္ချိုင်းဖြစ်သော ရှီးလ်အိုး သို့မဟုတ် ဟေးဒီးစ်ဖြစ်သည့် “မရဏာနိုင်ငံတန်ခိုးမှ ကယ်နုတ်နိုင်သောသူ” မရှိသောကြောင့် သေခြင်းနှင့်ရင်ဆိုင်ရချိန်တွင် လူသည် မိမိမသေအောင်ပြုလုပ်ဖို့ မတတ်နိုင်ပါ။ (ဆာ. ၈၉:၄၈) သို့သော် ယေဟောဝါကော အသို့နည်း။ နာဇီ၏ကြောက်မက်ဖွယ်အုပ်ချုပ်ချိန်အတွင်း အသက်ရှင်လွတ်မြောက်ခဲ့သူ ညီအစ်မတစ်ဦးသည် ချွေးတပ်စခန်းများတွင် ချစ်မြတ်နိုးရသူတို့ကိုဆုံးရှုံးခဲ့ရချိန်၌ သက်သေခံဖြစ်သူမိခင်က ဤစကားဖြင့်သူ့အားနှစ်သိမ့်ခဲ့သည်ကို အမှတ်ရသည်– “သေခြင်းဟာ လူတွေကို ထာဝရချုပ်နှောင်နိုင်မယ်ဆိုရင် သေခြင်းဟာ ဘုရားသခင်ထက်တောင် ပိုတန်ခိုးကြီးသွားသလိုဖြစ်နေမှာပေါ့။” မှန်ပါသည်၊ သေခြင်းသည် တန်ခိုးအကြီးဆုံးအသက်၏ရင်းမြစ်အရှင်ထက် ပို၍တန်ခိုးမကြီးပါ။ (ဆာ. ၃၆:၉) ရှီးလ်အိုး သို့မဟုတ် ဟေးဒီးစ်တွင်ရှိသူအားလုံးသည် ယေဟောဝါ၏မှတ်ဉာဏ်တွင်ရှိသူများဖြစ်ပြီး ကိုယ်တော်သည် ထိုသူယောက်တိုင်းကို လွတ်မြောက်ရန် စီမံတော်မူမည်။—လု. ၂၀:၃၇၊ ၃၈; ဗျာ. ၂၀:၁၁-၁၄

၁၁ ဤအတောအတွင်း ယေဟောဝါသည် ယနေ့ခေတ် မိမိအပေါ်တည်ကြည်စွာဝတ်ပြုကိုးကွယ်နေသူတို့၏ အသက်တာတွင် တိုက်ရိုက်ပါဝင်ပတ်သက်လျက်ရှိသည်။ ကိုယ်တော်သည် နည်းသုံးနည်းဖြင့် ကျွန်ုပ်တို့ကိုအမှန် “ကယ်လွှတ်သောအရှင်” ဖြစ်ကြောင်း ယခုသုံးသပ်ကြည့်ကြစို့။

ဝိညာဉ်ရေးတွင် ကာကွယ်ခံရ

၁၂၊ ၁၃။ ဝိညာဉ်ရေးကာကွယ်ပေးမှုသည် အဘယ်ကြောင့် အရေးအကြီးဆုံးဖြစ်သနည်း၊ ယေဟောဝါသည် ကျွန်ုပ်တို့အတွက် ထိုကဲ့သို့သောကာကွယ်မှုကို မည်သို့စီမံပေးတော်မူသနည်း။

၁၂ ယေဟောဝါသည် ကျွန်ုပ်တို့အား အရေးအကြီးဆုံးအရာဖြစ်သည့် ဝိညာဉ်ရေးကာကွယ်မှုကို ပေးတော်မူသည်။ စစ်မှန်သောခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ယခုလက်ရှိအသက်ထက် ပို၍တန်ဖိုးရှိသည့်အရာရှိကြောင်း နားလည်သဘောပေါက်ကြသည်။ ကျွန်ုပ်တို့၏ တန်ဖိုးအရှိဆုံးပိုင်ဆိုင်ရာမှာ ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးဖြစ်သည်။ (ဆာ. ၂၅:၁၄; ၆၃:၃) ယင်းဆက်ဆံရေးမရှိပါက ကျွန်ုပ်တို့၏လက်ရှိအသက်တာသည် အဓိပ္ပာယ်မဲ့ဖြစ်သွားပြီး အနာဂတ်အသက်မျှော်လင့်ချက်လည်း ပျောက်ဆုံးသွားမည်။

၁၃ ကျေးဇူးတင်စရာမှာ ယေဟောဝါသည် ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေးထိန်းသိမ်းရန် လိုအပ်သည့်အကူအညီအားလုံးကို ပေးထားတော်မူ၏။ အထောက်အကူအဖြစ် ကျွန်ုပ်တို့တွင် ကိုယ်တော်၏နှုတ်မြွက်စကားတော်၊ သန့်ရှင်းသောစွမ်းအားတော်နှင့် ကမ္ဘာချီအသင်းတော်ရှိသည်။ ယင်းပြင်ဆင်ပေးချက်များမှ မည်သို့အကျိုးအပြည့်အဝ ရယူနိုင်သနည်း။ ကိုယ်တော်၏နှုတ်မြွက်စကားတော်ကို မှန်မှန်နှင့်လုံ့လဝီရိယစိုက်ကာ လေ့လာခြင်းဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းခိုင်မြဲပြီး မျှော်လင့်ချက်ကို တောက်ပစေမည်။ (ရော. ၁၅:၄) ကိုယ်တော်၏စွမ်းအားတော်ကို စိတ်ရင်းခံနှင့်တောင်းခံခြင်းဖြင့် ကျွန်ုပ်တို့သည် ဒွိဟဖြစ်သောအပြုအမူကိုလုပ်ဆောင်ဖို့ သွေးဆောင်ခံရချိန်တွင် ခုခံတွန်းလှန်ရန် အကူအညီရရှိမည်။ (လု. ၁၁:၁၃) အစည်းအဝေးများ၊ စည်းဝေးပွဲများ၊ စည်းဝေးကြီးများအပြင် သမ္မာကျမ်းစာအခြေပြုစာပေများမှတစ်ဆင့် ကျေးကျွန်အတန်းအစာပြင်ဆင်ပေးသည့် လမ်းညွှန်မှုနှင့်အညီလိုက်နေခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဝိညာဉ်ရေး ‘အချိန်တန်အစာ’ နှင့်အာဟာရပြည့်နေပါလိမ့်မည်။ (မ. ၂၄:၄၅) ထိုကဲ့သို့သောပြင်ဆင်ပေးချက်များသည် ကျွန်ုပ်တို့ကို ဝိညာဉ်ရေးအကာအကွယ်ဖြစ်စေပြီး ဘုရားသခင်နှင့်ပို၍နီးကပ်စေရန် အထောက်အကူပြုသည်။—ယာ. ၄:၈

၁၄။ ဝိညာဉ်ရေးကာကွယ်ပေးမှုပေါ်လွင်သည့် တွေ့ကြုံမှုတစ်ခုဖော်ပြပါ။

၁၄ ထိုကဲ့သို့သော ဝိညာဉ်ရေးကာကွယ်မှုကို ပေါ်လွင်စေရန် ရှေ့ဆောင်းပါးအစတွင်ဖော်ပြခဲ့သော မိဘဖြစ်သူတို့အဖြစ်ကို ပြန်ကြည့်ကြစို့။ သူတို့၏သမီးဖြစ်သူ ထရီဇာ ပျောက်နေကြောင်းသတင်းရပြီး ရက်အနည်းငယ်ကြာပြီးနောက် သမီးဖြစ်သူမှာ အသတ်ခံရကြောင်း ယူကျုံးမရဖြစ်စေသည့်သတင်းကို သူတို့ရရှိခဲ့ကြသည်။ * ဖခင်ဖြစ်သူ ဤသို့ပြန်ပြောပြ၏– “သမီးကိုကာကွယ်ပေးဖို့ ယေဟောဝါဆီ ကျွန်တော်ဆုတောင်းခဲ့တယ်။ သမီး အသတ်ခံရတယ်လို့သိရတဲ့အချိန်မှာ ပထမတော့ ငါ့ရဲ့ဆုတောင်းချက်ကို ယေဟောဝါဘာကြောင့်နားမညောင်းတာလဲဆိုပြီး တွေဝေသွားခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ ယေဟောဝါဟာ မိမိရဲ့လူမျိုးတစ်ဦးစီကို အံ့ဖွယ်နည်းနဲ့ကာကွယ်ပေးမယ်ဆိုပြီး ကတိမပြုထားဘူးဆိုတာ ကျွန်တော်သိထားတယ်။ ကျွန်တော်နားလည်သဘောပေါက်ဖို့ ဆက်ပြီးဆုတောင်းခဲ့တယ်။ ယေဟောဝါဟာ မိမိရဲ့လူမျိုးကို ဝိညာဉ်ရေးအရ ကာကွယ်ပေးတယ်—ဆိုလိုတာက ကိုယ်တော်နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုကာကွယ်ဖို့ လိုအပ်ရာကိုကိုယ်တော်စီမံပေးတယ်ဆိုတာသိရလို့ နှစ်သိမ့်မှုရခဲ့တယ်။ ဒီလိုမျိုးကာကွယ်ပေးမှုဟာ ကျွန်တော်တို့ရဲ့ထာဝရအနာဂတ်ပါ အကျိုးရှိနိုင်တဲ့အတွက် အရေးအကြီးဆုံးဖြစ်တယ်။ အဲ့ဒီသဘောနဲ့ ယေဟောဝါဟာ သမီးထရီဇာကို ကာကွယ်ပေးခဲ့တယ်၊ သမီးဟာ သူသေဆုံးတဲ့အချိန်အထိ ကိုယ်တော့်ကိုတည်ကြည်စွာကိုးကွယ်ခဲ့တယ်။ သမီးရဲ့အနာဂတ်အသက်အလားအလာဟာ ကိုယ်တော်ရဲ့မေတ္တာပြည့်ဝတဲ့လက်ထဲမှာရှိတယ်ဆိုတာသိရလို့ စိတ်ငြိမ်သက်မှုခံစားရတယ်။”

ဖျားနာချိန်တွင် ထောက်ပင့်ခံရ

၁၅။ အကြီးအကျယ်ဖျားနာသည့်အခါ ယေဟောဝါသည် ကျွန်ုပ်တို့ကို အဘယ်နည်းဖြင့် အကူအညီပေးမည်နည်း။

၁၅ ယေဟောဝါသည် ဒါဝိဒ်၏အဖြစ်မှာကဲ့သို့ ကျွန်ုပ်တို့ “နာဖျား၍တုံးလုံးနေသောအခါ” ထောက်ပင့်နိုင်တော်မူ၏။ (ဆာ. ၄၁:၃) ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါသည် အံ့ဖွယ်နည်းနှင့်ကုသခြင်းဖြင့် လွတ်မြောက်ရန်စီမံပေးမည်မဟုတ်သော်လည်း ကိုယ်တော် ကျွန်ုပ်တို့ကို အမှန်ကူညီတော်မူသည်။ မည်သို့အားဖြင့်နည်း။ ကိုယ်တော့်နှုတ်မြွက်တော်တွင်တွေ့ရသည့်မူများသည် ဆေးကုသမှုနှင့် အခြားကိစ္စများတွင် ပညာရှိသောဆုံးဖြတ်ချက်ချရန် အထောက်အကူပြုပေမည်။ (သု. ၂:၆) ကျွန်ုပ်တို့၏တစ်စုံတစ်ရာသော ကျန်းမာရေးပြဿနာအကြောင်း ဆွေးနွေးထားသည့် ကင်းမျှော်စင်နှင့် နိုးလော့!တို့တွင်ပါသည့် ဆောင်းပါးများမှ အထောက်အကူပြုသောအချက်အလက်များ၊ လက်တွေ့ကျသောအကြံဉာဏ်များကို ရှာတွေ့နိုင်ပါသည်။ ကျွန်ုပ်တို့တွင် အဘယ်အရာဖြစ်လာပါစေ အခြေအနေကိုရင်ဆိုင်ဖြေရှင်းရန်နှင့် သမာဓိစောင့်ထိန်းရန် ယေဟောဝါသည် စွမ်းအားတော်အားဖြင့် ကျွန်ုပ်တို့အား “သာမန်ထက် ထူးကဲသောတန်ခိုးတော်” ပေးတော်မူမည်။ (၂ ကော. ၄:၇ကဘ) ထိုကဲ့သို့သောအကူအညီဖြင့် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးကိုအာရုံမစိုက်ဘဲ ကျွန်ုပ်တို့၏ရောဂါအပေါ်သာ အလွန်အမင်းအာရုံရောက်ခြင်းမဖြစ်အောင် ရှောင်နိုင်သည်။

၁၆။ ညီအစ်ကိုတစ်ဦးသည် ဖျားနာမှုကို မည်သို့ကိုင်တွယ်ဖြေရှင်းခဲ့သနည်း။

၁၆ ရှေ့ဆောင်းပါးအစပိုင်းတွင် ဖော်ပြခဲ့သော လူငယ်ညီအစ်ကိုကို သုံးသပ်ကြည့်ပါ။ ၁၉၉၈ ခုနှစ်တွင် သူ့၌ Als ဟုခေါ်သော ကြွက်သားနှင့်ကျောရိုးနဗ်ကြောယိုယွင်းစေသည့်ရောဂါ ရှိနေပြီဖြစ်ကြောင်း သိလိုက်ရပြီး ယင်းကြောင့် သူသည် လုံးလုံးမလှုပ်ရှားနိုင်သည့်အဖြစ်သို့ ရောက်ခဲ့သည်။ * မိမိ၏ရောဂါကို သူမည်သို့ကိုင်တွယ်ခဲ့သနည်း။ သူဤသို့ရှင်းပြ၏– “ကျွန်တော့်ရဲ့နာကျင်မှုကနေ သက်သာဖို့ဆိုတာ သေခြင်းတစ်ခုပဲရှိတယ်လို့ ခံစားရချိန်တွေမှာ ကျွန်တော်အရမ်းနာကျင်ခံစားရပြီး စိတ်ပျက်လက်ပျက်ဖြစ်မိတယ်။ မခံမရပ်နိုင်အောင်စိတ်ဖိစီးတဲ့အခါတိုင်း အချက်သုံးချက်ဖြစ်တဲ့ စိတ်တည်ငြိမ်မှု၊ သည်းခံစိတ်နဲ့ ခံနိုင်ရည်ပေးဖို့ ယေဟောဝါဆီ ကျွန်တော်ဆုတောင်းတယ်။ ဆုတောင်းချက်တွေကို ယေဟောဝါနားညောင်းတယ်လို့ ကျွန်တော်ခံစားရတယ်။ စိတ်တည်ငြိမ်မှုက ကမ္ဘာသစ်မှာ ကျွန်တော်လမ်းလျှောက်နိုင်မယ်၊ အရသာရှိတဲ့အစားအစာစားနိုင်မယ်၊ ကျွန်တော့်မိသားစုနဲ့အတူ ပြန်စကားပြောနိုင်မယ်စတဲ့ နှစ်သိမ့်မှုဖြစ်စေတဲ့အတွေးတွေ ဝင်လာစေတယ်။ မလှုပ်ရှားနိုင်တဲ့အတွက် ဖြစ်လာတဲ့အဆင်မပြေမှုတွေ၊ အခက်အခဲတွေကိုခံနိုင်အောင် သည်းခံစိတ်က အထောက်အကူပြုတယ်။ ခံနိုင်ရည်က ကျွန်တော်ဆက်ပြီးတည်ကြည်ဖို့၊ ကျွန်တော့်ရဲ့ဝိညာဉ်ရေးဟန်ချက်မပျက်ဖို့ ဖြစ်စေတယ်။ ကျွန်တော်ဟာ ဆာလံဆရာလိုပဲ ဖျားနာ၍တုံးလုံးနေတဲ့အချိန်မှာ ယေဟောဝါထောက်ပင့်တယ်လို့ ကျွန်တော်တကယ်ပဲပြောနိုင်တယ်။”—ဟေရှာ. ၃၅:၅၊ ၆

အစားအစာဖြင့် ထောက်မခံရ

၁၇။ ကျွန်ုပ်တို့အတွက် အဘယ်အရာလုပ်ဆောင်ပေးမည်ဟု ယေဟောဝါကတိပြုထားသနည်း၊ ယင်းကတိတော်သည် အဘယ်အရာကိုဆိုလိုသနည်း။

၁၇ ယေဟောဝါသည် ကျွန်ုပ်တို့အား အခြေခံလိုအပ်ရာကိုထောက်ပံ့မည်ဟု ကတိပြုတော်မူသည်။ (မဿဲ ၆:၃၃၊ ၃၄ နှင့် ဟေဗြဲ ၁၃:၅၊ ၆ တို့ကိုဖတ်ပါ။) ယင်းက ကျွန်ုပ်တို့၏အခြေခံလိုအပ်ရာများကို အံ့ဖွယ်နည်းဖြင့် စီမံပေးမည် သို့မဟုတ် ကျွန်ုပ်တို့ အလုပ်မလုပ်သင့်ဟု ဆိုလိုခြင်းမဟုတ်ပါ။ (၂ သက်. ၃:၁၀) ယင်းကတိတော်၏ ဆိုလိုချက်မှာ ဤသို့ဖြစ်သည်– ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်ကို ဘဝအသက်တာတွင် ရှေးဦးထားပြီး အသက်ရှင်နေထိုင်ဖို့အတွက် တလိုတလားအလုပ်လုပ်လိုစိတ်ရှိပါက ဘဝလိုအပ်ရာများရရှိရန် ယေဟောဝါထောက်ကူမည်ကို ယုံကြည်စိတ်ချနိုင်သည်။ (၁ သက်. ၄:၁၁၊ ၁၂; ၁ တိ. ၅:၈) ကျွန်ုပ်တို့လိုအပ်သောအကူအညီကို ဝတ်ပြုသူချင်းတစ်ဦးထံမှရခြင်း သို့မဟုတ် အလုပ်ကမ်းလှမ်းခံရခြင်းဖြစ်နိုင်သည့် မမျှော်လင့်ထားသောနည်းများဖြင့် ကျွန်ုပ်တို့လိုအပ်ရာများကို ကိုယ်တော်စီမံပေးနိုင်သည်။

၁၈။ ကျွန်ုပ်တို့အတွက် အချိန်တန်လိုအပ်ရာကို စီမံပေးမည်ဖြစ်ကြောင်းတင်ပြသည့် တွေ့ကြုံမှုတစ်ခုကို ဖော်ပြပါ။

၁၈ ရှေ့ဆောင်းပါးနိဒါန်းတွင်ဖော်ပြထားသော ကြင်ဖော်မဲ့မိခင်ကို သုံးသပ်ကြည့်ပါ။ သူနှင့်သူ၏သမီးငယ်တို့သည် ဒေသအသစ်သို့ ပြောင်းရွှေ့သွားသည့်အခါ အလုပ်ရရန် အခက်အခဲတွေ့ခဲ့သည်။ သူဤသို့ရှင်းပြ၏– “မနက်ပိုင်းမှာတော့ ကျွန်မ လယ်ကွင်းလုပ်ငန်းမှာပါဝင်ခဲ့ပြီး မွန်းလွဲပိုင်းအချိန်တွေမှာတော့ အလုပ်ရှာခဲ့တယ်။ တစ်နေ့၊ နွားနို့ဝယ်ဖို့ ကုန်စုံဆိုင်ထဲဝင်သွားတာ မှတ်မိတယ်။ ကျွန်မရပ်ပြီး ဟင်းသီးဟင်းရွက်တွေကိုကြည့်နေပေမဲ့ ကျွန်မမှာ တစ်ခုကိုမှဝယ်ဖို့ ငွေအလုံအလောက်မရှိဘူး။ ကျွန်မဘဝမှာ အဲ့ဒီလောက်စိတ်ဓာတ်ကျတာမျိုး တစ်ခါမှမခံစားခဲ့ဖူးဘူး။ အဲ့ဒီနေ့ ဆိုင်ကနေအိမ်ပြန်လာတဲ့အခါ ကျွန်မရဲ့အိမ်နောက်အဆောင်မှာ ဟင်းသီးဟင်းရွက်မျိုးစုံထည့်ထားတဲ့ အိတ်တွေအပြည့်ပဲ။ လနဲ့ချီစားဖို့လုံလောက်တဲ့ အသီးအရွက်တွေပါပဲ။ ကျွန်မငိုချလိုက်ပြီး ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းခဲ့တယ်။” ဟင်းသီးဟင်းရွက်အိတ်များလာထားသွားသူမှာ မိမိခြံတွင် ဟင်းသီးဟင်းရွက်များစိုက်ပျိုးသော အသင်းတော်ရှိညီအစ်ကိုတစ်ဦးဖြစ်ကြောင်း မကြာမီ ညီအစ်မသိရှိခဲ့ရသည်။ နောက်ပိုင်း ညီအစ်မသည် ထိုညီအစ်ကိုထံ ဤသို့စာရေးခဲ့၏– “အဲ့ဒီနေ့က ညီအစ်ကို,ကို ကျွန်မ ကျေးဇူးအများကြီးတင်တယ်၊ ယေဟောဝါဟာ ကိုယ်တော်ရဲ့မေတ္တာကိုကျွန်မအမှတ်ရဖို့ ညီအစ်ကိုရဲ့ကြင်နာမှုကိုသုံးခဲ့တဲ့အတွက်လည်း ကိုယ်တော်ကို ကျွန်မကျေးဇူးတင်တယ်။”—သု. ၁၉:၁၇

၁၉။ ကြီးစွာသောဆင်းရဲခြင်းဘေးတွင် ယေဟောဝါ၏ကျေးကျွန်များသည် အဘယ်အရာကို ယုံကြည်စိတ်ချမည်နည်း၊ ကျွန်ုပ်တို့သည် ယခုအချိန်တွင် အဘယ်အရာ စိတ်ပိုင်းဖြတ်ထားသင့်သနည်း။

၁၉ ရှင်းနေသည်မှာ သမ္မာကျမ်းစာခေတ်တွင်သာမက ကျွန်ုပ်တို့ခေတ်တွင် ယေဟောဝါပြုတော်မူခဲ့ရာတို့သည် ကျွန်ုပ်တို့ကိုကူညီမစသောအရှင်အဖြစ် ကိုယ်တော်ကိုယုံကြည်ကိုးစားစေသည့် အကြောင်းရင်းဖြစ်သည်။ မကြာမီ စာတန့်လောကအပေါ် ကြီးစွာသောဆင်းရဲခြင်းဘေးကျရောက်လာသောအခါ ကျွန်ုပ်တို့သည် တစ်ခါနှင့်မျှမတူအောင် ယေဟောဝါ၏အကူအညီ လိုအပ်ကြမည်။ သို့တိုင် ယေဟောဝါ၏ကျေးကျွန်များသည် ယုံကြည်စိတ်ချမှုအပြည့်ဖြင့် ကိုယ်တော်ကို ကိုးစားနိုင်ကြမည်ဖြစ်သည်။ သူတို့သည် မိမိတို့ကိုကယ်နုတ်ချိန်နီးပြီဖြစ်ကြောင်းသိရှိကာ ဝမ်းမြောက်စွာမျှော်ကြည့်၍ ခေါင်းကိုကြွကြပါလိမ့်မည်။ (လု. ၂၁:၂၈) ထိုအတောအတွင်း မည်သည့်စမ်းသပ်မှုပင်လာပါစေ ပြောင်းလဲတော်မမူသော ဘုရားသခင်သည် အမှန်ပင် “ကယ်လွှတ်သောအရှင်” ဖြစ်ကြောင်း အပြည့်အဝယုံကြည်စိတ်ချကာ ယေဟောဝါကို လုံးလုံးကိုးစားဖို့ သန္နိဋ္ဌာန်ချကြစို့။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 14 ဇူလိုင် ၂၂၊ ၂၀၀၁ နိုးလော့! စာမျက်နှာ ၁၉-၂၃ [လိပ်] တွင်ပါသည့် “ပြောမထွက်နိုင်အောင်ဆိုးရွာသော ကြေကွဲဖွယ်ဖြစ်ရပ်” ဆောင်းပါးကိုကြည့်ပါ။

သင်မှတ်မိသလော

• အချိန်မတန်သေဆုံးသွားကြသူတို့အတွက် လွတ်မြောက်ရာလမ်းကို ယေဟောဝါမည်သို့စီမံနိုင်သနည်း။

• ဝိညာဉ်ရေးကာကွယ်ပေးမှုသည် အဘယ်ကြောင့် အရေးအကြီးဆုံးဖြစ်သနည်း။

• အခြေခံလိုအပ်ရာကိုထောက်ပံ့ပေးမည်ဟူသည့် ယေဟောဝါ၏ကတိတော်သည် အဘယ်အရာကိုဆိုလိုသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၈ ပါပုံ]

၁၉၁၈ ခုနှစ်တွင်အဖမ်းခံခဲ့ရသော ညီအစ်ကိုရပ်သဖော့ဒ်နှင့် သူ၏အပေါင်းပါတို့သည် နောက်ပိုင်း လွတ်လာကြပြီး သူတို့အားစွဲဆိုထားချက်များ ပယ်ဖျက်ခံခဲ့ရ

[စာမျက်နှာ ၁၀ ပါပုံ]

ကျွန်ုပ်တို့ “နာဖျား၍တုံးလုံးနေသောအခါ” ယေဟောဝါထောက်ပင့်နိုင်