မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုကို တုပပါ ဘုရားသခင်နှစ်သက်လက်ခံသော ဝတ်ပြုကိုးကွယ်မှုကို ပေးဆက်ပါ

ယေရှုကို တုပပါ ဘုရားသခင်နှစ်သက်လက်ခံသော ဝတ်ပြုကိုးကွယ်မှုကို ပေးဆက်ပါ

ယေရှုကို တုပပါ ဘုရားသခင်နှစ်သက်လက်ခံသော ဝတ်ပြုကိုးကွယ်မှုကို ပေးဆက်ပါ

ဘုရားသခင်က မိမိအားဝတ်ပြုကိုးကွယ်ရန် “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ” လူတို့ကို မေတ္တာပါပါဖိတ်ခေါ်တော်မူသည်။ (ဗျာ. ၇:၉၊ ၁၀; ၁၅:၃၊ ၄) ယင်းဖိတ်ခေါ်ချက်ကိုလက်ခံသူတို့သည် ‘ယေဟောဝါ၏တင့်တယ်ခြင်းအသရေတော်ကိုဖူးမြင်’ နိုင်ကြသည်။ (ဆာ. ၂၇:၄; ၉၀:၁၇) ဆာလံဆရာကဲ့သို့ပင် သူတို့သည် ဘုရားသခင်ကိုချီးမွမ်းရာတွင် မိမိတို့၏အသံကိုတိုးမြှင့်လျက် ဤသို့ပြောကြသည်– ‘ပျပ်ဝပ်၍ ကိုးကွယ်ကြကုန်အံ့။ ငါတို့ကိုဖန်ဆင်းတော်မူသော ယေဟောဝါ၏ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။’—ဆာ. ၉၅:၆

အလွန်တန်ဖိုးထားခံရသော ဝတ်ပြုကိုးကွယ်မှု

ဘုရားသခင်၏တစ်ပါးတည်းသောသားတော်အနေဖြင့် ယေရှုသည် ခမည်းတော်၏အတွေးအခေါ်၊ မူများနှင့် စံနှုန်းများကို များစွာသင်ယူခွင့်ရရှိခဲ့သည်။ ထို့ကြောင့် ယေရှုသည် ယေဟောဝါအား မည်သို့မှန်ကန်စွာဝတ်ပြုကိုးကွယ်နိုင်ပုံကို ယုံကြည်စိတ်ချစွာပြောနိုင်သည်။ ကိုယ်တော်ဤသို့မိန့်တော်မူ၏– “ငါသည် လမ်းခရီးဖြစ်၏။ အမှန်တရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲ အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။”—ယော. ၁:၁၄; ၁၄:၆ကဘ။

ယေရှုသည် ခမည်းတော်အား နှိမ့်ချစွာလက်အောက်ခံခြင်းနှင့်ပတ်သက်၍ အကောင်းဆုံးပုံသက်သေ ချမှတ်ခဲ့သည်။ ကိုယ်တော်ဤသို့မိန့်တော်မူ၏– “ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ ငါ့ခမည်းတော်သည် ငါ့အားနည်းပေးတော်မူသည်အတိုင်း ငါဟောပြောသည်။” ဆက်၍ဤသို့မိန့်တော်မူ၏– “နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်။” (ယော. ၈:၂၈၊ ၂၉) ယေရှုသည် အဘယ်နည်းများဖြင့် ခမည်းတော်ကို နှစ်သက်စေခဲ့သနည်း။

တစ်ခုမှာ ယေရှုသည် ခမည်းတော်ထံ အကြွင်းမဲ့အပ်နှံခဲ့သည်၊ ယင်းသည် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်း၏ အဓိကကျသောအချက်ဖြစ်သည်။ ယေရှုသည် များစွာကိုယ်ကျိုးစွန့်မှုလိုအပ်လျှင်ပင် ခမည်းတော်ကို နာခံမှုပြပြီး ကိုယ်တော့်အလိုတော်ကို ဆောင်ရွက်ခြင်းအားဖြင့် ခမည်းတော်အပေါ် ထူးခြားသောတွယ်တာမှုရှိကြောင်းတင်ပြခဲ့သည်။ (ဖိ. ၂:၇၊ ၈) ယေရှု၏ဝတ်ပြုကိုးကွယ်မှုတွင် အရေးကြီးသောကဏ္ဍတစ်ခုမှာ တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် မှန်မှန်ပါဝင်ခြင်းဖြစ်ပြီး ယင်းကြောင့် ယုံကြည်သူများရော မယုံကြည်သူများပါ ကိုယ်တော့်ကို ဆရာဟု ခေါ်သည်အထိဖြစ်ခဲ့သည်။ (မ. ၂၂:၂၃၊ ၂၄ကဘ; ယော. ၃:၂) ထို့ပြင် ယေရှုသည် အခြားသူများအတွက် များစွာသောအချိန်နှင့်ခွန်အားကို အသုံးပြုခဲ့သည်။ ကိုယ်တော်၏ကိုယ်ကျိုးစွန့်စိတ်ဓာတ်က မိမိအတွက်အချိန်မရှိသလောက်ဖြစ်စေသည်၊ သို့သော် အခြားသူများအတွက်လုပ်ဆောင်ပေးခြင်းတွင် ကိုယ်တော်ပျော်ရွှင်တော်မူသည်။ (မ. ၁၄:၁၃၊ ၁၄; ၂၀:၂၈) ယေရှုသည် အလုပ်များသော်လည်း ကောင်းကင်ခမည်းတော်ထံ ဆုတောင်းခြင်းဖြင့်စကားပြောရန် အမြဲအချိန်ယူခဲ့သည်။ (လု. ၆:၁၂) ယေရှု၏ဝတ်ပြုကိုးကွယ်မှုကို ဘုရားသခင်အလွန်တန်ဖိုးထားခဲ့သည်!

ဘုရားသခင်၏စိတ်တော်နှင့်တွေ့ရန် ကြိုးစားအားထုတ်မှု

ယေဟောဝါသည် သားတော်၏အပြုအမူကိုသတိပြုမိကာ နှစ်သက်တော်မူကြောင်း ဖော်ပြတော်မူ၏။ (မ. ၁၇:၅) သို့သော် နတ်ဆိုးစာတန်လည်း ယေရှု၏တည်ကြည်သောအသက်တာလမ်းစဉ်ကို သတိပြုမိခဲ့သည်။ ထို့ကြောင့် ယေရှုသည် စာတန်၏အဓိကပစ်မှတ်ဖြစ်လာခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင်အား ပြည့်ဝစုံလင်စွာနာခံမှုတင်ပြနိုင်သည့် အဘယ်လူသားမျှမရှိသေးသောကြောင့်ဖြစ်ပြီး ထိုသို့သောနာခံမှုကို ဘုရားသခင်ရထိုက်တော်မူ၏။ ထို့ကြောင့် စာတန်သည် ယေဟောဝါ အမှန်ပင်ရထိုက်သောဝတ်ပြုကိုးကွယ်မှုကို ယေရှုမပေးဆက်ရန် တားဆီးလိုခဲ့သည်။—ဗျာ. ၄:၁၁

ယေရှုကို ဖောက်ပြန်စေဖို့ကြိုးစားရာတွင် စာတန်သည် သွေးဆောင်မှုဖြစ်စေသောကမ်းလှမ်းချက်တစ်ခုနှင့် ကိုယ်တော့်ထံ ချဉ်းကပ်ခဲ့သည်။ သူသည် ယေရှုကို “အလွန်မြင့်လှစွာသောတောင်ပေါ်သို့ ဆောင်သွား၍ ဤလောက၌ရှိသမျှသော တိုင်းနိုင်ငံတို့ကိုလည်းကောင်း၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကိုလည်းကောင်း ပြညွှန်” ၏။ ထို့နောက် စာတန်ဤသို့ပြောသည်– “ငါ့ကို ညွတ်ပျပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်။” ယေရှု မည်သို့တုံ့ပြန်ခဲ့သနည်း။ ကိုယ်တော်ဤသို့မိန့်တော်မူ၏– ‘အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင်ယေဟောဝါကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်။’ (မ. ၄:၈-၁၀) စာတန်ကို ညွတ်ပျပ်ခြင်းကြောင့် မည်သည့်အကျိုးပင်ဖြစ်လာပါစေ ယင်းသို့ပြုခြင်းသည် ကိုးကွယ်မှုတစ်ရပ်ဖြစ်မည်ကို ယေရှုအမှန်သိတော်မူသည်။ ကိုယ်တော်သည် ယေဟောဝါမှလွဲ၍ အခြားသူတစ်ဦးဦးအား တစ်ကြိမ်ကိုးကွယ်မှုကိုပင် မပေးဆက်လိုခဲ့ပါ။

စာတန်သည် ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်မှုနှင့်လဲလှယ်ရန် လောက၌ရှိသမျှသောတိုင်းနိုင်ငံတို့နှင့် ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်များဖြင့် ကျွန်ုပ်တို့ကို ကမ်းလှမ်းမည်တော့မဟုတ်ပါ။ သို့သော် စိတ်ရင်းမှန်သောခရစ်ယာန်များ ဘုရားသခင်ထံပေးဆက်သည့်ဝတ်ပြုကိုးကွယ်မှုကို နှောင့်ယှက်ရန် စာတန်ကြိုးစားနေတုန်းပင်။ စာတန်သည် ကျွန်ုပ်တို့အား အခြားသူတစ်ဦးဦး သို့မဟုတ် အခြားအရာတစ်ခုခုကို ကိုးကွယ်စေလိုသည်။—၂ ကော. ၄:၄

ခရစ်တော်ယေရှုသည် သေသည်တိုင်အောင် တည်ကြည်မှုပြသခဲ့သည်။ ဘုရားသခင်ထံ မိမိ၏သမာဓိကို စောင့်ထိန်းခြင်းအားဖြင့် ယေရှုသည် အဘယ်လူသားမျှမပြုခဲ့သည့်နည်းဖြင့် ယေဟောဝါကို ဂုဏ်တင်တော်မူခဲ့သည်။ ယနေ့ စစ်မှန်သောခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် အခြားသောအရာအားလုံးထက် ဖန်ဆင်းရှင်ကိုဝတ်ပြုကိုးကွယ်ခြင်းဖြင့် ယေရှု၏တည်ကြည်သောအသက်တာလမ်းစဉ်နောက်လိုက်ရန် ကြိုးစားကြသည်။ စင်စစ်၊ ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ကောင်းသောဆက်ဆံရေးသည် ကျွန်ုပ်တို့၏တန်ဖိုးအရှိဆုံးသောပိုင်ဆိုင်ရာဖြစ်သည်။

နှစ်သက်ဖွယ်သောဝတ်ပြုကိုးကွယ်မှုကို ပေးဆက်ခြင်းမှရသောကောင်းချီးများ

ဘုရားသခင့်ရှေ့တော်တွင် “သန့်ရှင်း၍ အညစ်အကြေးကင်းစင်သောဝတ်ပြုမှု” ကိုမြှင့်တင်ခြင်းက ကောင်းချီးများစွာဖြစ်စေသည်။ (ယာ. ၁:၂၇ကဘ) ဥပမာ၊ “ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ” နှင့် “သူတော်ကောင်းကိုမုန်းသောသူ” တို့ပိုများလာသောအချိန်ကာလတွင် ကျွန်ုပ်တို့အသက်ရှင်ကြသည်။ (၂ တိ. ၃:၁-၅) သို့သော် ဘုရားသခင့်အိမ်တော်အတွင်းတွင် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ရန် ကိုယ်တော့်စံနှုန်းများကို ကြိုးစားစွဲကိုင်ကြသည့် သန့်ရှင်းပြီး ကောင်းမွန်သောလူတို့နှင့်ပေါင်းသင်းရသည့်အခွင့်ထူးကို ကျွန်ုပ်တို့ရရှိကြသည်။ ယင်းသည် လန်းဆန်းမှုပင်ရင်းတစ်ရပ်မဟုတ်ပေလော။

ဤလောကအညစ်အကြေးနှင့်ကင်းခြင်းအားဖြင့် ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်ခြင်းတည်းဟူသော နောက်ထပ်ကောင်းချီးကို ကျွန်ုပ်တို့ခံစားကြရသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်ဖြောင့်မတ်သောမူများကို လက်အောက်ခံပြီး ဘုရားသခင့်ဥပဒေများနှင့်မဆန့်ကျင်သည့် အစိုးရဥပဒေများကို နာခံခြင်းအားဖြင့် ကြည်လင်သောကိုယ်ကိုကိုယ်သိသောစိတ်ကို ထိန်းသိမ်းလိုကြသည်။—မာ. ၁၂:၁၇; တ. ၅:၂၇-၂၉

အကြွင်းမဲ့ဝတ်ပြုကိုးကွယ်ခြင်းက အခြားကောင်းချီးများကိုရရှိစေသည်။ မိမိတို့၏ကိုယ်ကျိုးအစား ဘုရားသခင့်အလိုတော်ဆောင်ခြင်းကို ကျွန်ုပ်တို့အာရုံစိုက်သောအခါ ကျွန်ုပ်တို့ဘဝသည် အဓိပ္ပာယ်ရှိပြီး ကျေနပ်စရာကောင်း၏။ “စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်” ဟုပြောမည့်အစား ကျွန်ုပ်တို့သည် ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်ဖို့ သေချာသောမျှော်လင့်ချက်ရှိကြသည်။—၁ ကော. ၁၅:၃၂

ယေဟောဝါရှေ့မှောက်တွင် သန့်ရှင်းသောအနေအထားကို ထိန်းသိမ်းသူတို့သည် ‘ကြီးစွာသောဆင်းရဲခြင်းဘေး’ မှထွက်လာကြမည့်အချိန်ကို ဗျာ.ကျမ်းက ဖော်ပြထားသည်။ မှတ်တမ်းကဤသို့ဆို၏– “ပလ္လင်ပေါ်မှာထိုင်တော်မူသောသူသည် သူတို့တွင်ကျိန်းဝပ်တော်မူမည်။” (ဗျာ. ၇:၁၃-၁၅) ပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်မှာ စကြဝဠာတွင် ဘုန်းကျက်သရေအရှိဆုံးပုဂ္ဂိုလ်ဖြစ်သော ယေဟောဝါဘုရားသခင်သာဖြစ်တော်မူသည်။ သင့်အပေါ် အဘယ်အန္တရာယ်မျှမကျရောက်စေရန် ကိုယ်တော်ကာကွယ်စောင့်ရှောက်ခြင်းအားဖြင့် ကိုယ်တော်၏တဲတော်တွင် ဧည့်သည်အဖြစ် သင့်ကိုကြိုဆိုမည့်အချိန်သည် မည်မျှရွှင်လန်းစရာကောင်းမည်ကို မြင်ယောင်ကြည့်လိုက်ပါ! ယခုအချိန်တွင်ပင် ကိုယ်တော်၏ကာကွယ်မှုနှင့် ဂရုစိုက်စောင့်ရှောက်မှုကို အတိုင်းအတာတစ်ခုအထိ ကျွန်ုပ်တို့ခံစားနိုင်သည်။

ထို့ပြင် ဘုရားသခင်နှစ်သက်လက်ခံသောဝတ်ပြုကိုးကွယ်မှုကို ပေးဆက်သူတိုင်းသည် “အသက်စမ်းရေတွင်းသို့” ပို့ဆောင်ခံရသူများအဖြစ် ဖော်ပြထားသည်။ လန်းဆန်းစေသောဤစမ်းရေမှာ ကျွန်ုပ်တို့ထာဝရအသက်ရရှိရန်အတွက် ယေဟောဝါစီစဉ်ပေးတော်မူရာအားလုံးကို ပုံဆောင်သည်။ မှန်ပါသည်၊ ခရစ်တော်၏ရွေးနုတ်ဖိုးအားဖြင့် ဘုရားသခင်သည် “သူတို့မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။” (ဗျာ. ၇:၁၇) ကမ္ဘာပေါ်ထာဝစဉ်အသက်ရှင်ရန်မျှော်လင့်ချက်ရှိသူတို့အား မပြောပြနိုင်လောက်သည့်ရွှင်လန်းမှုကိုဖြစ်စေမည့် စုံလင်ခြင်းအဖြစ်သို့ လူသားတို့ရောက်ရှိမည်ဖြစ်သည်။ ယခုအချိန်၌ပင် ဘုရားသခင်ကို ပျော်ရွှင်စွာဝတ်ပြုကိုးကွယ်သူတို့သည် ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြ၏၊ ယေဟောဝါအား နှလုံးပါပါကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြခြင်း၊ ကောင်းကင်တွင်ရှိသူတို့နှင့်အတူ ကိုယ်တော်အား ဝတ်ပြုကိုးကွယ်ခြင်းအားဖြင့်ဖြစ်၏၊ ကောင်းကင်ရှိသူတို့ ဤသို့သီဆိုကြသည်– ‘အတိုင်းအဆမဲ့တန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်၏အပြုအမူတို့သည် ကောင်းမြတ်၍အံ့သြဖွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။ အိုထာဝရဘုရားသခင် ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ၊ နာမတော်ကိုမချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။ ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ တရားသဖြင့်စီရင်တော်မူခြင်းအရာတို့သည် ထင်ရှားသည်ဖြစ်၍ လူမျိုးအပေါင်းတို့သည်လာ၍ ရှေ့တော်၌ကိုးကွယ်ကြပါလိမ့်မည်။’—ဗျာ. ၁၅:၃၊ ၄

[စာမျက်နှာ ၂၇ ပါပုံ]

ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်ရေးနှင့် လဲလှယ်ရန် မည်သည့်အရာကို စာတန်ကမ်းလှမ်းနေသနည်း