မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သိုးတော်စုမှလမ်းလွဲသွားသူတို့ကို ကူညီပေးပါ

သိုးတော်စုမှလမ်းလွဲသွားသူတို့ကို ကူညီပေးပါ

သိုးတော်စုမှလမ်းလွဲသွားသူတို့ကို ကူညီပေးပါ

“ပျောက်သောသိုးကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့။”—လု. ၁၅:၆

၁။ ယေရှုသည် မေတ္တာပြည့်ဝသောသိုးထိန်းဖြစ်ကြောင်း မည်သို့သက်သေပြခဲ့သနည်း။

ယေဟောဝါ၏ တစ်ပါးတည်းသောသားတော် ယေရှုခရစ်ကို “မဟာသိုးထိန်း” ဟုခေါ်ထားသည်။ (ဟေဗြဲ ၁၃:၂၀) သမ္မာကျမ်းစာတွင် ကိုယ်တော်ကြွလာခြင်းအကြောင်းကို ကြိုဟောထားပြီး ကိုယ်တော်သည် အစ္စရေးလူမျိုးမှ “ပျောက်လွင့်သောသိုးများ” ကိုရှာဖွေခဲ့သည့် ထူးခြားထင်ရှားသောသိုးထိန်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ (မ. ၂:၁-၆; ၁၅:၂၄) ထို့ပြင် ပကတိသိုးထိန်းတစ်ဦးသည် မိမိသိုးတို့ကိုကာကွယ်ရန် မိမိအသက်ကိုပေးနိုင်သကဲ့သို့ပင် ယေရှုသည် သိုးကဲ့သို့သောသူတို့ ကိုယ်တော်၏ပူဇော်ရာယဇ်မှ အကျိုးခံစားရစေရန် ရွေးနုတ်ဖိုးပူဇော်ရာယဇ်အဖြစ် အသေခံခဲ့သည်။—ယော. ၁၀:၁၁၊ ၁၅; ၁ ယော. ၂:၁၊ ၂

၂။ ခရစ်ယာန်အချို့ကို အဘယ်အရာက မလှုပ်မရှားဖြစ်လာစေခဲ့ပြီနည်း။

ဝမ်းနည်းစရာမှာ ယေရှု၏ပူဇော်ရာယဇ်ကို လေးမြတ်တန်ဖိုးထားပုံရပြီး ဘုရားသခင်ထံအပ်နှံခဲ့သူတချို့သည် ခရစ်ယာန်အသင်းတော်နှင့် မပူးပေါင်းကြတော့ပါ။ စိတ်ဓာတ်ကျခြင်း၊ ကျန်းမာရေးပြဿနာများ သို့မဟုတ် အခြားအချက်များက သူတို့၏ဇွဲကိုအားလျော့စေနိုင်ပြီး မလှုပ်မရှားဖြစ်လာစေခဲ့သည်။ သို့သော် ဘုရားသခင့်သိုးတော်စုအဝင်ဖြစ်နေမှသာ ဆာလံ ၂၃ တွင်ဒါဝိဒ်ဆိုထားသည့် အေးချမ်းငြိမ်သက်မှုနှင့် ပျော်ရွှင်မှုကို ခံစားပျော်မွေ့နိုင်ကြသည်။ ဥပမာ၊ သူဤသို့ဆိုခဲ့၏– ‘ယေဟောဝါသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါ၌အဘယ်အရာမျှမလိုရ။’ (ဆာ. ၂၃:၁သမ္မာ) ဘုရားသခင့်သိုးတော်စုထဲတွင်ရှိသူတို့သည် ဘုရားသခင်နှင့်ခိုင်မြဲသောဆက်ဆံရေးထိန်းသိမ်းရန် လိုအပ်ရာမှန်သမျှရှိသည်၊ သို့သော် သိုးတော်စုမှလမ်းလွဲသွားသူတို့အဖို့မူ ထိုသို့မဟုတ်ပါ။ ထိုသူတို့ကို မည်သူကူညီနိုင်သနည်း။ သူတို့ကို မည်သို့ကူညီပေးနိုင်သနည်း။ အဘယ်အရာက ထိုသူတို့ သိုးတော်စုထဲပြန်ရောက်ရှိစေရန် အထောက်အကူပြုနိုင်သနည်း။

မည်သူကူညီနိုင်သနည်း

၃။ ဘုရားသခင့်စားကျက်မှ ပျောက်သွားသောသိုးကိုကယ်တင်ရန် အဘယ်အရာလိုကြောင်း ယေရှုမည်သို့ဖော်ပြခဲ့သနည်း။

ဘုရားသခင်၏စားကျက်မှ ပျောက်သွားသောသိုးများကို ကယ်တင်ရန်မှာ အင်တိုက်အားတိုက်ကြိုးစားအားထုတ်ဖို့လိုသည်။ (ဆာ. ၁၀၀:၃) ယေရှုသည် ယင်းကိုပုံဥပမာပေးခဲ့ပြီး ဤသို့မိန့်တော်မူခဲ့၏– “လူတစ်ဦး၌ သိုးတစ်ရာရှိ၍ တစ်ကောင်လမ်းလွဲလျှင် ကိုးဆယ့်ကိုးကောင်ကို တောင်ပေါ်တွင်ထားခဲ့ပြီးမှ လမ်းလွဲသောသိုးတစ်ကောင်ကို ထွက်ရှာမည်မဟုတ်လော။ တွေ့လျှင် လမ်းမလွဲသော ကိုးဆယ့်ကိုးကောင်အတွက် ဝမ်းမြောက်သည်ထက် ထိုတစ်ကောင်အတွက် သာ၍ဝမ်းမြောက်မည်ဟု ငါအမှန်ဆို၏။ ထိုနည်းတူ ကောင်းကင်ဘုံရှိ ငါ့အဖသည် ဤသူငယ်တစ်ဦးကိုမျှ ပျက်စီးစေရန် အလိုတော်မရှိ။” (မ. ၁၈:၁၂-၁၄) သိုးတော်စုမှလမ်းလွဲသွားသော သိုးကဲ့သို့စိတ်ထားရှိသူတို့ကို မည်သူအကူအညီပေးနိုင်သနည်း။

၄၊ ၅။ အကြီးအကဲများသည် ဘုရားသခင့်သိုးတော်စုအပေါ် အဘယ်သဘောထားရှိဖို့လိုသနည်း။

ခရစ်ယာန်အကြီးအကဲများသည် လမ်းလွဲသွားသောသိုးကို အကူအညီပေးတော့မည်ဆိုလျှင် ဘုရားသခင့်သိုးတော်စုဆိုသည်မှာ ယေဟောဝါထံအပ်နှံထားသောသူများနှင့်ဖွဲ့စည်းထားသည့် အသင်းတော်ဖြစ်ကြောင်း၊ အမှန်အဖိုးထိုက်သည့် ‘ဘုရားသခင်ထံ၌ကျက်စားသောသိုးစု’ ဖြစ်ကြောင်း စိတ်စွဲမှတ်ထားရမည်။ (ဆာ. ၇၉:၁၃) ထိုကဲ့သို့သောချစ်ဖွယ်ကောင်းသည့်သိုးတို့ကို သနားကြင်နာစွာဂရုစိုက်ဖို့လိုသည်၊ ဆိုလိုသည်မှာ မေတ္တာပြည့်ဝသောသိုးထိန်းတို့သည် သူတို့ကို ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု တင်ပြရမည်ဖြစ်သည်။ ထိုသူတို့ထံ ရင်းနှီးဖော်ရွေမှုရှိသော သိုးထိန်းလည်ပတ်မှုများပြုလုပ်ခြင်းက အလွန်အကျိုးပြုနိုင်သည်။ သိုးထိန်းတစ်ဦးထံမှ မေတ္တာပါသောအားပေးမှုက ဘုရားသခင်နှင့် သူတို့၏ဆက်ဆံရေးပြန်လည်ရှိလာစေရန် အထောက်အကူပြုနိုင်ပြီး သိုးတော်စုထဲပြန်လာလိုစိတ် တိုးများလာပေမည်။—၁ ကော. ၈:၁

ဘုရားသခင့်သိုးတော်စုကိုထိန်းကျောင်းသည့် သိုးထိန်းများသည် လမ်းလွဲသွားသောသိုးကိုရှာဖွေရန်နှင့် သူတို့ကိုအကူအညီပေးဖို့ကြိုးစားရန် တာဝန်ရှိသည်။ တမန်တော်ပေါလုသည် ရှေးဧဖက်ရှိ ခရစ်ယာန်အကြီးအကဲများအား သူတို့၏သိုးထိန်းတာဝန်များနှင့်ပတ်သက်၍ ဤသို့သတိပေးခဲ့၏– “ဘုရားသခင်သည် မိမိသားတော်ရင်း၏အသွေးနှင့် ဝယ်ထားတော်မူသော အသင်းတော်ကိုထိန်းကျောင်းရန် ကြီးကြပ်မှူးများအဖြစ် သင်တို့ကို သန့်ရှင်းသောစွမ်းအားတော်ဖြင့် ခန့်ထားတော်မူသောကြောင့် ကိုယ်ကိုလည်းကောင်း၊ သိုးတော်တစ်စုလုံးကိုလည်းကောင်း ဂရုပြုကြလော့။” (တ. ၂၀:၂၈) အလားတူပင် တမန်တော်ပေတရုက ဘိသိက်ပေးခြင်းခံရသော အကြီးအကဲများအား ဤသို့တိုက်တွန်းနှိုးဆော်ခဲ့၏– “သင်တို့စောင့်ရှောက်နေသော ဘုရားသခင့်သိုးတော်စုကို အတင်းအကျပ် စေခိုင်းခံရ၍မဟုတ်ဘဲ စိတ်လိုကိုယ်လျောက် ထိန်းကျောင်းကြလော့။ မသမာသောနည်းဖြင့် အမြတ်ထုတ်လို၍မဟုတ်ဘဲ စေတနာစိတ်နှင့် ပြုကြလော့။ ဘုရားသခင်၏ပိုင်ဆိုင်ရာကို အစိုးတရမပြုဘဲ သိုးတော်စုအတွက် ပုံနမူနာဖြစ်ကြလော့။”—၁ ပေ. ၅:၁-၃

၆။ ယနေ့အချိန်တွင် ဘုရားသခင်၏သိုးတို့သည် သိုးထိန်းတို့၏ဂရုစိုက်မှုကို အဘယ်ကြောင့်အထူးလိုအပ်သနည်း။

ခရစ်ယာန်သိုးထိန်းများသည် “သိုးထိန်းကောင်း” ယေရှုကို တုပဖို့လိုသည်။ (ယော. ၁၀:၁၁) ကိုယ်တော်သည် ဘုရားသခင်၏သိုးတို့နှင့်ပတ်သက်၍ အလွန်စိုးရိမ်မကင်းဖြစ်ခဲ့ပြီး ရှိမုန်ပေတရုအား “ငါ၏သိုးသငယ်တို့ကို ကျွေးမွေးလော့” ဟုမိန့်တော်မူချိန်တွင် သူတို့အားစောင့်ရှောက်ခြင်း၏ အရေးကြီးမှုကို အလေးပေးဖော်ပြခဲ့သည်။ (ယောဟန် ၂၁:၁၅-၁၇ ကိုဖတ်ပါ။) ယနေ့အချိန်တွင် သိုးတို့သည် ထိုကဲ့သို့သောဂရုစိုက်မှု အထူးလိုအပ်သည်၊ အကြောင်းမှာ စာတန်သည် ဘုရားသခင်ထံအပ်နှံထားသူတို့၏ သမာဓိကိုချိုးဖျက်ရန် အပြင်းအထန်ကြိုးစားနေသောကြောင့်ဖြစ်သည်။ စာတန်သည် သွေးသားအားနည်းမှုများကို အခွင့်ကောင်းယူပြီး ယေဟောဝါ၏သိုးတို့ကို မှားယွင်းသောလုပ်ဆောင်မှုများတွင် ပါဝင်စေရန် ကြိုးစားရာ၌ လောကကိုအသုံးပြုသည်။ (၁ ယော. ၂:၁၅-၁၇; ၅:၁၉) မလှုပ်မရှားဖြစ်နေသူတို့သည် သိုးတော်စုရှိအခြားသူတို့ထက် ပို၍အကာအကွယ်မဲ့သောကြောင့် ‘စွမ်းအားတော်ဖြင့် လျှောက်လှမ်းနေကြ’ ပါဟူသည့်တိုက်တွန်းချက်ကို လက်တွေ့ကျင့်ဖို့ အကူအညီလိုကြသည်။ (ဂလ. ၅:၁၆-၂၁၊ ၂၅) ထိုကဲ့သို့သောသိုးတို့ကို အကူအညီပေးရာတွင် ဘုရားသခင်၏လမ်းညွှန်မှုနှင့် ကိုယ်တော့်စွမ်းအားတော်ကိုတောင်းလျှောက်ပြီး ကိုယ်တော်၏နှုတ်မြွက်စကားတော်ကို ကျွမ်းကျင်စွာအသုံးပြုဖို့လိုသည်။—သု. ၃:၅၊ ၆; လု. ၁၁:၁၃; ဟေဗြဲ ၄:၁၂

၇။ အကြီးအကဲများသည် မိမိတို့စောင့်ရှောက်နေသော သိုးကဲ့သို့သောသူတို့ကို ထိန်းကျောင်းရန် မည်မျှအရေးကြီးသနည်း။

ရှေးဣသရေလနိုင်ငံရှိ သိုးထိန်းတစ်ဦးသိုးထိန်းရာတွင် ထိပ်ကောက်တောင်ဝှေး သို့မဟုတ် သိုးထိန်းတုတ်ကောက်တစ်ချောင်းကို အသုံးပြုသည်။ သိုးတို့ကို ခြံထဲသွင်းသည့်အခါ သို့မဟုတ် ခြံထဲမှထုတ်သည့်အခါ သိုးထိန်းသည် သိုးတို့ကိုရေတွက်နိုင်ရန် ‘တုတ်ကောက်အောက်မှသွား’ စေသည်။ (ဝတ်. ၂၇:၃၂; မိ. ၂:၁၂; ၇:၁၄) အလားတူပင် ခရစ်ယာန်သိုးထိန်းတစ်ဦးသည် ဘုရားသခင့်သိုးတော်စုကို ကောင်းစွာသိကျွမ်းဖို့လိုပြီး တစ်ဦးစီအဘယ်အရာလုပ်ဆောင်နေသည်ကို သိဖို့လိုသည်။ (သု. ၂၇:၂၃ နှင့်နှိုင်းယှဉ်ပါ။) ထို့ကြောင့် သိုးထိန်းခြင်းသည် အကြီးအကဲအဖွဲ့ဆွေးနွေးသော အရေးကြီးသည့်ကိစ္စများတွင် အချက်တစ်ခုဖြစ်သည်။ ယင်းတွင် လမ်းလွဲနေသောသိုးကိုအကူအညီပေးရန် အစီအစဉ်များပြုလုပ်ခြင်း ပါဝင်သည်။ ယေဟောဝါကိုယ်တော်တိုင်က မိမိသည် မိမိ၏သိုးတို့ကိုရှာပြီး သူတို့လိုအပ်သည့်ဂရုစိုက်စောင့်ရှောက်မှုကိုပေးမည်ဟု မိန့်တော်မူခဲ့သည်။ (ယေဇ. ၃၄:၁၁-၁၂) သို့ဖြစ်၍ အကြီးအကဲများသည် လမ်းလွဲနေသောသိုးတို့ကို သိုးတော်စုအတွင်းပြန်ရောက်စေရန် အလားတူခြေလှမ်းများဖြင့် ကြိုးစားကူညီသည့်အခါ ဘုရားသခင်နှစ်သက်တော်မူ၏။

၈။ အကြီးအကဲများသည် အဘယ်နည်းများဖြင့် သိုးတို့ကို ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု တင်ပြနိုင်ကြသနည်း။

ယုံကြည်သူချင်းတစ်ဦး ကာယပိုင်းဖျားနာနေချိန်တွင် ဘုရားသခင့်သိုးတော်စုကိုထိန်းကျောင်းသော သိုးထိန်းတစ်ဦး၏လည်ပတ်မှုသည် ရွှင်လန်းမှု၊ အားပေးမှုရင်းမြစ်တစ်ခုဖြစ်နိုင်သည်။ ယုံကြည်ခြင်းတွင်ဖျားနာနေသည့် သိုးတစ်ဦးကို ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုတင်ပြလျှင်လည်း ထိုသို့ပင်ဖြစ်နိုင်သည်။ အကြီးအကဲများသည် မလှုပ်မရှားဖြစ်နေသူနှင့်အတူ ကျမ်းချက်များဖတ်ခြင်း၊ ဆောင်းပါးတစ်ခုကိုပြန်သုံးသပ်ခြင်း၊ အစည်းအဝေးတစ်ခုမှ ပေါ်လွင်ချက်များကိုဆွေးနွေးခြင်း၊ ဆုတောင်းခြင်း စသည်တို့လုပ်ဆောင်ပေမည်။ အသင်းသားများသည် ထိုသူအသင်းတော်အစည်းအဝေးများ ပြန်တက်သည်ကိုမြင်ရလျှင် ဝမ်းသာကြမည်ဖြစ်ကြောင်း ရှင်းပြနိုင်သည်။ (၂ ကော. ၁:၃-၇; ယာ. ၅:၁၃-၁၅) တစ်ကြိမ်လည်ပတ်မှု၊ ဖုန်းတစ်ကြိမ်ဆက်မှု သို့မဟုတ် စာတစ်စောင်သည် များစွာအရာရောက်နိုင်သည်။ ထောက်ထားစာနာမှုရှိသော ခရစ်ယာန်သိုးထိန်းသည်လည်း သိုးတော်စုမှပျောက်နေသောသိုးတစ်ဦးကို ကိုယ်တိုင်အကူအညီပေးခြင်းမှ ရွှင်လန်းမှုများစွာ ခံစားရနိုင်သည်။

ကြိုးစားပူးပေါင်းဆောင်ရွက်မှု

၉၊ ၁၀။ လမ်းလွဲသွားသောသိုးတစ်ဦးအတွက် စိုးရိမ်မကင်းဖြစ်ရန် အကြီးအကဲများဖြင့်သာ ကန့်သတ်မထားကြောင်း အဘယ်ကြောင့်ဆိုမည်နည်း။

ကျွန်ုပ်တို့သည် အလုပ်များပြီး ခဲယဉ်းကျပ်တည်းသည့်ကာလတွင် အသက်ရှင်နေရသောကြောင့် ယုံကြည်သူချင်းတစ်ဦး အသင်းတော်မှတဖြည်းဖြည်းရွေ့မျောသွားနေသည်ကို သတိမပြုမိဘဲဖြစ်ပေမည်။ (ဟေဗြဲ ၂:၁) သို့တိုင် ယေဟောဝါ၏သိုးတို့သည် ကိုယ်တော်၏အမြင်တွင် အလွန်တန်ဖိုးရှိသည်။ သူတို့ယောက်စီယောက်တိုင်းသည် တန်ဖိုးရှိသည်၊ လူ့ကိုယ်ခန္ဓာတွင်ရှိသော အင်္ဂါအစိတ်အပိုင်းတိုင်းသည် တန်ဖိုးရှိသကဲ့သို့ပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့ညီအစ်ကိုများအတွက် စိုးရိမ်မကင်းဖြစ်ပြီး တစ်ဦးကိုတစ်ဦး အမှန်ပင်ဂရုစိုက်ဖို့လိုသည်။ (၁ ကော. ၁၂:၂၅) ထိုကဲ့သို့သောသဘောထား သင်၌ရှိပါသလော။

၁၀ အကြီးအကဲများသည် လမ်းလွဲသွားသောသိုးများကို ရှာဖွေပြီးကူညီပေးရာတွင် ဦးဆောင်ကြသော်လည်း ခရစ်ယာန်ကြီးကြပ်မှူးများသာ ပျောက်နေသောယုံကြည်သူချင်းများအတွက် စိုးရိမ်မကင်းဖြစ်ရန် မကန့်သတ်ထားပါ။ အခြားသူများသည် သိုးထိန်းများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ကြသည်။ သိုးတော်စုအတွင်းပြန်လာရန် အကူအညီလိုအပ်နေသော ကျွန်ုပ်တို့၏ညီအစ်ကို၊ ညီအစ်မများကို ကျွန်ုပ်တို့သည် အားပေးကူညီနိုင်သည်သာမက လုပ်လည်းလုပ်ဆောင်သင့်သည်။ ထိုကဲ့သို့သောအကူအညီကို မည်သို့ပေးမည်နည်း။

၁၁၊ ၁၂။ မလှုပ်မရှားဖြစ်နေသော ယုံကြည်သူချင်းတစ်ဦးကိုကူညီရန် အဘယ်အထူးအခွင့်အရေး ပေးအပ်ခံရနိုင်သနည်း။

၁၁ တချို့သောအခြေအနေများတွင် အကူအညီပေးမှုကိုလိုလားကြောင်းဖော်ပြသည့် မလှုပ်မရှားဖြစ်နေသူတို့နှင့် ကျမ်းစာသင်အံမှုကျင်းပပေးရန် အတွေ့အကြုံရှိသောကြေညာသူများအား အကြီးအကဲများက တောင်းဆိုပေမည်။ ထိုကဲ့သို့ကြိုးစားအားထုတ်မှု၏ရည်ရွယ်ချက်မှာ ထိုသူတို့တွင်ရှိခဲ့သော “ကနဦးမေတ္တာ” ပြန်လည်ရှင်သန်လာစေရန်ဖြစ်သည်။ (ဗျာ. ၂:၁၊) ထိုယုံကြည်သူချင်းများ အသင်းတော်မှပျောက်နေချိန်အတွင်း သူတို့လက်လွတ်ခဲ့သည့် အကြောင်းအရာများကို သုံးသပ်ခြင်းဖြင့် ယုံကြည်ခြင်းတည်ဆောက်ပေးပြီး ခွန်အားပြန်ရှိလာနိုင်သည်။

၁၂ အကြီးအကဲများက သင့်အား အကူအညီလိုအပ်နေသော ယုံကြည်သူချင်းတစ်ဦးကို သင်အံမှုပြုလုပ်ပေးရန်တောင်းဆိုပါက သင်၏ကြိုးစားအားထုတ်မှုကို ယေဟောဝါလမ်းညွှန်ပြီး ကောင်းချီးပေးပါရန် ဆုတောင်းပါ။ မှန်ပါသည်၊ ‘ကိုယ်ပြုသောအမှုတို့ကို ယေဟောဝါ၌အပ်လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြလိမ့်မည်။’ (သု. ၁၆:၃) မလှုပ်မရှားဖြစ်နေသောအကူအညီလိုအပ်နေသူနှင့် သင်အံမှုပြုလုပ်ရာတွင် သင်အသုံးပြုနိုင်သည့် ကျမ်းချက်များ၊ ယုံကြည်ခြင်းခိုင်ခံ့စေသည့်အချက်များကို တွေးတောဆင်ခြင်ပါ။ တမန်တော်ပေါလု၏ ပုံသက်သေကောင်းကို ထင်ဟပ်ပြပါ။ (ရောမ ၁:၁၁၊ ၁၂ ကိုဖတ်ပါ။) ပေါလုသည် ရောမရှိခရစ်ယာန်များမြဲမြံခိုင်ခံ့စေရန် သူတို့ကိုဆုကျေးဇူးဝေမျှပေးဖို့ အလွန်တွေ့မြင်လိုခဲ့သည်။ အပြန်အလှန်အားပေးခွင့်ရဖို့လည်း သူမျှော်လင့်ခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏သိုးတော်စုမှ လမ်းလွဲသွားသောသိုးတို့ကို ကူညီရန်ကြိုးစားသည့်အခါ ယင်းသို့သောသဘောထား တင်ပြသင့်သည်မဟုတ်လော။

၁၃။ မလှုပ်မရှားဖြစ်နေသူတစ်ဦးနှင့် အဘယ်အရာဆွေးနွေးနိုင်သနည်း။

၁၃ သင်အံမှုပြုလုပ်စဉ် သင် ဤသို့မေးနိုင်သည်– “အမှန်တရားဘယ်လိုရခဲ့တာလဲ။” မလှုပ်မရှားဖြစ်နေသူအား ယခင်က အစည်းအဝေးများတွင်၊ ဟောပြောခြင်းလုပ်ငန်းတွင်၊ စည်းဝေးကြီးများတွင်ရရှိခဲ့သော နှစ်သက်ဖွယ်အတွေ့အကြုံများအကြောင်းကို ပြန်ပြောစေရန်အားပေးခြင်းဖြင့် အတိတ်ကရွှင်လန်းစရာအကြောင်းများကို ပြန်ပြောင်းအောက်မေ့စေပါ။ ယေဟောဝါ၏လုပ်ငန်းတော်တွင် အတူတကွခံစားခဲ့ရခြင်းဖြစ်နိုင်သည့် ပျော်ရွှင်ဖွယ်အချိန်များအကြောင်း ပြန်ပြောပါ။ ယေဟောဝါနှင့်ရင်းနှီးလာခြင်းမှ သင်ခံစားရသည့် ရွှင်လန်းမှုအကြောင်းပြောပြပါ။ (ယာ. ၄:၈) မိမိလူမျိုးအနေနှင့် ကျွန်ုပ်တို့အတွက် ဘုရားသခင်စီမံပေးသောနည်းလမ်း—အထူးသဖြင့် ကျွန်ုပ်တို့ခံစားရသည့်ဆင်းရဲခက်ခဲမှုများအတွက် နှစ်သိမ့်မှု၊ မျှော်လင့်ချက်ပေးမှုအတွက် သင်၏ကျေးဇူးတင်မှုကိုဖော်ပြပါ။—ရော. ၁၅:၄; ၂ ကော. ၁:၃၊ ၄

၁၄၊ ၁၅။ မလှုပ်မရှားဖြစ်နေသူတို့ကို တစ်ချိန်က သူတို့ပျော်မွေ့ခဲ့သည့် အဘယ်ကောင်းချီးများအကြောင်း ပြန်အမှတ်ရစေခြင်းက အထောက်အကူပြုမည်နည်း။

၁၄ မလှုပ်မရှားဖြစ်နေသူသည် တစ်ချိန်ကအသင်းတော်နှင့် အနီးကပ်ပေါင်းသင်းခဲ့ခြင်းကြောင့် သူပျော်မွေ့ခဲ့သည့် ကောင်းချီးတချို့ကို ပြန်အမှတ်ရစေခြင်းသည် အကျိုးရှိမည်ဟု မျှော်လင့်ရပါသည်။ ဥပမာ၊ ဘုရားသခင့်နှုတ်မြွက်စကားတော်၊ ရည်ရွယ်တော်မူချက်များနှင့်ဆိုင်သည့် အသိပညာတိုးများလာသည့်ကောင်းချီး ဖြစ်သည်။ (သု. ၄:၁၈) သူသည် ‘စွမ်းအားတော်ဖြင့် လျှောက်လှမ်း’ ခဲ့ချိန်က အပြစ်သွေးဆောင်မှုများကိုတွန်းလှန်ရန် လွယ်ကူခဲ့သည်မှာသေချာသည်။ (ဂလ. ၅:၂၂-၂၆) ယင်းကြောင့်ရရှိသည့် ကြည်လင်သောကိုယ်ကိုကိုယ်သိသောစိတ်က ယေဟောဝါထံ ဆုတောင်းချဉ်းကပ်နိုင်စေပြီး ‘စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ကျွန်ုပ်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကိုစောင့်ရှောက်’ သည်ကို ခံစားပျော်မွေ့စေသည်။ (ဖိ. ၄:၆၊ ၇) ယင်းအချက်များကိုစိတ်စွဲထားကာ သင့်ခရစ်ယာန်ညီအစ်ကို သို့မဟုတ် ညီအစ်မအား သိုးတော်စုထဲပြန်ရောက်ရှိစေရန် စိတ်ရင်းခံနှင့်စိုးရိမ်မှုတင်ပြပြီး မေတ္တာဖြင့်အားပေးပါ။—ဖိလိပ္ပိ ၂:၄ ကိုဖတ်ပါ။

၁၅ သင်သည် သိုးထိန်းလည်ပတ်မှုပြုလုပ်သည့် အကြီးအကဲတစ်ဦးဖြစ်သည်ဆိုပါစို့။ သင်သည် မလှုပ်မရှားဖြစ်နေသောမောင်နှံအား ဘုရားသခင့်နှုတ်မြွက်စကားတော်မှ အမှန်တရားကို သူတို့ဦးဆုံးသင်ယူသိရှိချိန်ကို ပြန်ပြောင်းသုံးသပ်ရန် အားပေးပေမည်။ အမှန်တရားသည် အမှန်တကယ်ပင် အံ့ဖွယ်ဖြစ်ကာ အကျိုးသင့်အကြောင်းသင့်ရှိပြီး စိတ်ကျေနပ်မှုနှင့် လွတ်ခြင်းအခွင့်တို့ကိုရရှိစေခဲ့သည်။ (ယော. ၈:၃၂) ယေဟောဝါ၊ ကိုယ်တော်၏မေတ္တာ၊ ကိုယ်တော်၏ကောင်းမြတ်လှသော ရည်ရွယ်တော်မူချက်များအကြောင်း သိရှိလာသည့်အတွက် သူတို့၏နှလုံးသည် ကျေးဇူးတင်လေးမြတ်မှုနှင့်ပြည့်ခဲ့ကြသည်။ (လုကာ ၂၄:၃၂ နှင့်နှိုင်းယှဉ်ပါ။) ဘုရားသခင်ထံ အပ်နှံထားသောခရစ်ယာန်များ ပျော်မွေ့ခံစားရသည့် ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေး၊ ကောင်းမြတ်လှသောဆုတောင်းခြင်းအခွင့်ထူးတို့ကို ပြန်အမှတ်ရစေပါ။ “ပျော်ရွှင်သောဘုရားသခင်” ယေဟောဝါ၏ “သတင်းကောင်း” ကိုတစ်ဖန်ပြန်တုံ့ပြန်ရန် မလှုပ်မရှားဖြစ်နေသူတို့ကို စိတ်အားထက်သန်စွာအားပေးပါ။—၁ တိ. ၁:၁၁

သူတို့ကို ဆက်၍မေတ္တာပြပါ

၁၆။ မလှုပ်မရှားဖြစ်နေသူကို အကူအညီပေးရန် ကြိုးစားမှုများသည် အမှန်ပင်အကျိုးဖြစ်ကြောင်းဖော်ပြသည့် ဥပမာတစ်ခုပေးပါ။

၁၆ အထက်ပါအကြံပြုချက်များသည် အမှန်ပင်အကျိုးရှိပါသလော။ အကျိုးရှိပါသည်။ ဥပမာ၊ လူငယ်တစ်ဦးသည် အသက် ၁၂ နှစ်အရွယ်တွင် ကြေညာသူတစ်ဦးဖြစ်လာပြီး အသက် ၁၅ နှစ်အရွယ်တွင် မလှုပ်မရှားဖြစ်သွားသည်။ သို့သော် နောက်ပိုင်း ပြန်လှုပ်ရှားလာပြီး အချိန်ပြည့်လုပ်ငန်းတွင် အနှစ် ၃၀ ကျော်ပါဝင်ခဲ့ပြီးဖြစ်သည်။ အသင်းတော်တွင် တစ်ဖန်ပြန်လှုပ်ရှားလာရန် ခရစ်ယာန်အကြီးအကဲတစ်ဦးပေးသော အကူအညီသည် များစွာတာသွားခဲ့သည်။ ထိုအကြီးအကဲထံမှရရှိသည့် အကူအညီကို သူအလွန်ကျေးဇူးတင်ခဲ့သည်။

၁၇၊ ၁၈။ ဘုရားသခင့်သိုးတော်စုမှ လမ်းလွဲသွားသူတစ်ဦးဦးကို ကူညီရာတွင် အဘယ်အရည်အသွေးများက သင့်အား အထောက်အကူပြုမည်နည်း။

၁၇ မလှုပ်မရှားဖြစ်နေသူတို့ကို အသင်းတော်အတွင်း ပြန်လည်ရောက်ရှိစေရန် အကူအညီပေးဖို့ ခရစ်ယာန်များကို လှုံ့ဆော်သည့်အရာမှာ မေတ္တာဖြစ်သည်။ မိမိ၏နောက်လိုက်များနှင့်ပတ်သက်၍ ယေရှုဤသို့မိန့်တော်မူခဲ့၏– “သင်တို့အချင်းချင်း ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့ဟူသော ပညတ်သစ်ကို ငါပေး၏။ သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်။” (ယော. ၁၃:၃၄၊ ၃၅) မှန်ပါသည်၊ မေတ္တာသည် စစ်မှန်သောခရစ်ယာန်များကို ခွဲခြားသိမြင်စေသည့် အမှတ်အသားတစ်ခုဖြစ်သည်။ မလှုပ်မရှားဖြစ်လာနိုင်သည့် နှစ်ခြင်းခံပြီးသောခရစ်ယာန်များအား ထိုမေတ္တာကို မတင်ပြသင့်ပေလော။ အမှန်ပင်တင်ပြသင့်သည်။ သို့သော် မလှုပ်မရှားဖြစ်နေသူတို့အား လိုအပ်သည့်အကူအညီပေးရာတွင် ခရစ်ယာန်အရည်အသွေးအမျိုးမျိုး တင်ပြဖို့လိုသည်။

၁၈ ဘုရားသခင့်သိုးတော်စုမှ လမ်းလွဲသွားသူတစ်ဦးဦးကို သင်အကူအညီပေးလိုပါက အဘယ်အရည်အသွေးများ တင်ပြဖို့လိုမည်နည်း။ မေတ္တာအပြင် ထောက်ထားစာနာမှု၊ ကြင်နာမှု၊ နူးညံ့သိမ်မွေ့မှု၊ စိတ်ရှည်မှုတို့ တင်ပြရန်လိုပေမည်။ အခြေအနေများပေါ်မူတည်ကာ သင်သည် ခွင့်လွှတ်ဖို့လည်း လိုပေမည်။ ပေါလုဤသို့ရေးခဲ့၏– ‘သနားစာနာခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်ကြလော့။ တစ်ဦးနှင့်တစ်ဦး မကျေနပ်စရာအကြောင်းရှိလျှင် အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်ကြလော့။ ယေဟောဝါသည် သင်တို့ကို အကြွင်းမဲ့ခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့လည်း ထိုနည်းတူပြုကြလော့။ ထိုအရာများအပြင် ချစ်ခြင်းမေတ္တာကိုလည်း ဝတ်ဆင်ကြလော့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် စည်းလုံးခြင်းအတွက် ခိုင်မြဲသောနှောင်ကြိုးဖြစ်၏။’—ကော. ၃:၁၂-၁၄

၁၉။ သိုးကဲ့သို့သောသူများ ခရစ်ယာန်သိုးခြံအတွင်း ပြန်ရောက်ရှိစေရန် ကြိုးစားကူညီပေးမှုသည် အဘယ်ကြောင့် အကျိုးရှိသနည်း။

၁၉ ဤလထုတ်ပါ နောက်လေ့လာရန်ဆောင်းပါးတွင် ဘုရားသခင့်သိုးတော်စုမှ အချို့သူတို့လမ်းလွဲသွားရသည့် အကြောင်းရင်းများကို သုံးသပ်ကြပါမည်။ ပြန်လှည့်လာသူတို့သည် မိမိတို့အားလက်သင့်ခံမည်ဟု မျှော်လင့်နိုင်ကြောင်းကိုလည်း ဖော်ပြပါမည်။ သင်သည် နောက်ဆောင်းပါးကိုလေ့လာပြီး ဤဆောင်းပါးကိုဆင်ခြင်သုံးသပ်စဉ် သိုးကဲ့သို့သောသူတို့ကို ခရစ်ယာန်သိုးခြံအတွင်း ပြန်လှည့်လာစေရန်မျှော်လင့်ချက်ဖြင့်ကူညီသည့် မည်သည့်ကြိုးစားအားထုတ်မှုမဆိုသည် အကျိုးရှိကြောင်း ယုံကြည်စိတ်ချပါ။ လက်ရှိလောကစနစ်တွင် လူများစွာသည် ချမ်းသာကြွယ်ဝဖို့အတွက် မိမိတို့အသက်တာတစ်လျှောက်လုံးကိုသုံးကာ ကြိုးစားနေကြသည်၊ သို့သော် အသက်တစ်ခုသည်ပင် လောကရှိငွေအားလုံးထက် ပို၍များစွာတန်ဖိုးရှိသည်။ ယင်းကို ယေရှုက ပျောက်သောသိုးပုံဥပမာတွင် အလေးပေးဖော်ပြခဲ့သည်။ (မ. ၁၈:၁၂-၁၄) လမ်းလွဲနေသည့် ယေဟောဝါ၏ချစ်လှစွာသောသိုးကဲ့သို့သောသူများ သိုးတော်စုထဲပြန်ရောက်စေရန် သင်သည် ထက်ထက်သန်သန်၊ အရေးတကြီးကြိုးစားကူညီပေးနေစဉ် ယင်းအချက်ကို စိတ်စွဲထားနိုင်ပါစေ။

သင်မည်သို့ဖြေဆိုမည်နည်း

• ခရစ်ယာန်သိုးထိန်းများသည် သိုးတော်စုမှလမ်းလွဲသွားသော သိုးကဲ့သို့သောသူများနှင့်ပတ်သက်၍ အဘယ်တာဝန်ရှိသနည်း။

• အသင်းတော်နှင့် ယခုပေါင်းသင်းခြင်းမရှိတော့သူတို့ကို သင်မည်သို့ကူညီနိုင်သနည်း။

• သိုးတော်စုမှလမ်းလွဲသွားသူတို့ကို ကူညီရာတွင် အဘယ်အရည်အသွေးများက အထောက်အကူပြုနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါပုံ]

ခရစ်ယာန်သိုးထိန်းများသည် ဘုရားသခင့်သိုးတော်စုမှ လမ်းလွဲသွားသူတို့ကို မေတ္တာဖြင့် ကြိုးစားကူညီကြ