မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် မည်သို့သောလူစားမျိုး ဖြစ်လိုသနည်း

သင်သည် မည်သို့သောလူစားမျိုး ဖြစ်လိုသနည်း

သင်သည် မည်သို့သောလူစားမျိုး ဖြစ်လိုသနည်း

ဖိလစ်ပိုင်ရှိ မြို့တစ်မြို့တွင် ရဲမှူးကြီးက ရှေ့ဆောင်တစ်ဦးကို “ဒီလူရဲ့အမူအကျင့်တွေ ပြောင်းလဲသွားအောင် ခင်ဗျားဘာလုပ်လိုက်သလဲ” ဟုမေးခဲ့သည်။ ၎င်း၏စားပွဲပေါ်ရှိ စာရွက်တစ်ပုံကြီးကို ထိုးပြကာ “အဲဒီစာရွက်တွေအားလုံးဟာ ဒီလူရဲ့ အတိတ်ကတရားရေးအမှုမှတ်တမ်းတွေဆိုတာ ခင်ဗျားသိသလား။ သူဟာ ဒီမြို့မှာပြဿနာအများကြီး ဖြစ်ပေါ်စေခဲ့တယ်၊ ဒါပေမဲ့ အခုတော့ သူ့ရဲ့ဆိုးသွမ်းတဲ့အကျင့်ကို ဆက်မလုပ်တော့အောင် ခင်ဗျား လုပ်လိုက်ပြီ” ဟုပြောခဲ့သည်။ သူတို့ပြောနေသည့်ထိုလူသည် ပြဿနာကို အမြဲတစေဖြစ်ပေါ်စေခဲ့သော ရန်လိုသည့်အရက်သမားတစ်ဦးဖြစ်သည်။ ၎င်း၏ဘဝတွင် ကြီးမားသောပြောင်းလဲမှုများပြုလုပ်ရန် အဘယ်အရာက လှုံ့ဆော်ပေးခဲ့သနည်း။ ဘုရားသခင့်နှုတ်မြွက်တော် သမ္မာကျမ်းစာထဲရှိ မှုတ်သွင်းခံစကားများဖြစ်သည်။

လူများစွာတို့သည် ‘ပုပ်ပျက်သောလူဟောင်းကိုချွတ်ပယ်၍ ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင်’ ပါဟူသည့် တမန်တော်ပေါလု၏အကြံပေးချက်ကို အလေးအနက်ထားကြသည်။ (ဧ. ၄:၂၂-၂၄) ကျွန်ုပ်တို့ပြုလုပ်ရန်လိုအပ်သည့် ပြောင်းလဲမှုများမှာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လူသစ်ကိုယူတင်ဝတ်ဆောင်ခြင်းသည် ခရစ်ယာန်တစ်ဦးဖြစ်လာခြင်း၏ အစိတ်အပိုင်းဖြစ်သည်။

ကျွန်ုပ်တို့ပြုလုပ်သည့် ပြောင်းလဲမှုများနှင့် နှစ်ခြင်းခံရန် အရည်အချင်းပြည့်မီသည်အထိ တိုးတက်လာခြင်းတို့သည် အစသာဖြစ်သည်။ ရေတွင်နှစ်ခြင်းခံခြင်းဖြင့် မိမိကိုယ်ကိုအပ်နှံကြောင်း တင်ပြချိန်တွင် ကျွန်ုပ်တို့သည် ပုံကြမ်းထွင်းထားသော သစ်သားပိုင်းတစ်ခုနှင့် အလွန်တူသည်။ ယင်းသစ်သားပိုင်းသည် အဘယ်အရာအတွက် ရည်ရွယ်ပြီးလုပ်ထားကြောင်း သင်တွေ့မြင်နိုင်သည်၊ သို့သော် ပြီးစီးရန်မှာ လုပ်စရာများစွာ ကျန်ရှိနေသေးသည်။ ပန်းပုဆရာသည် ယင်းပစ္စည်းကို လှပသောအရာတစ်ခုဖြစ်လာစေရန် အသေးစိတ်မွမ်းမံဖြည့်စွက်ဖို့ လိုအပ်ပါသေးသည်။ နှစ်ခြင်းခံချိန်တွင် ကျွန်ုပ်တို့သည် ဘုရားသခင့်ကျေးကျွန်တစ်ဦးဖြစ်ရန် လိုအပ်သောအခြေခံအရည်အသွေးများ ရှိထားကြသည်။ သို့သော်၊ ကျွန်ုပ်တို့သည် ဥပဓိရုပ်သစ်ကို တိုးတက်စေရန် လိုအပ်ဆဲဖြစ်သည်။ ကျွန်ုပ်တို့သည် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းဖြင့် ယင်းကို ဆက်လက်တိုးတက်နေစေရမည်။

တိုးတက်ရန်ပြုလုပ်ဖို့လိုအပ်သည်ကို ပေါလုပင် တွေ့မြင်ခဲ့သည်။ သူဤသို့ဝန်ခံခဲ့သည်– “ငါ့အထဲမှာ ဇာတိပကတိ၌ ကောင်းသောအရာတစ်စုံတစ်ခုမျှမတည်သည်ကို ငါသိ၏။” (ရော. ၇:၁၈) မိမိသည် မည်သို့သောလူစားမျိုးဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ပြီး မိမိ အဘယ်အရာဖြစ်လာချင်ကြောင်းကို ပေါလု သိမြင်နားလည်ခဲ့သည်။ ကျွန်ုပ်တို့ကော အသို့နည်း။ ကျွန်ုပ်တို့လည်း မိမိကိုယ်ကို ဤသို့မေးရန်လိုအပ်သည်– ‘အဘယ်အရာ ငါ့အထဲမှာ တည်သနည်း။ ကျွန်ုပ်သည် မည်သို့သောလူစားမျိုးနည်း။ ကျွန်ုပ်သည် မည်သို့သောလူစားမျိုး ဖြစ်လိုသနည်း။’

အဘယ်အရာ ‘ငါ့အထဲမှာ တည်’ သနည်း

ကျွန်ုပ်တို့သည် အိမ်အိုကြီးတစ်လုံးကို ပြန်လည်ပြုပြင်မွမ်းမံသောအခါ အတွင်း၌ ဆွေးမြေ့သောရက်မများရှိနေပါက အပြင်ဘက်ကို ဆေးသုတ်ခြင်းသည် လုံလောက်မည်မဟုတ်ပါ။ အဆောက်အအုံ၏ ချို့ယွင်းရာများကို မပြုပြင်ပါက နောက်ပိုင်းတွင် ပြဿနာများစွာကို ဖြစ်ပေါ်စေပါလိမ့်မည်။ အလားတူ၊ ဖြောင့်မတ်သည့်အသွင်အပြင်ရှိခြင်းသည် မလုံလောက်ပါ။ ကျွန်ုပ်တို့သည် အမှန်တကယ် မည်သူများဖြစ်ကြောင်း ဆန်းစစ်ရမည်ဖြစ်ပြီး ဖြေရှင်းရန်လိုအပ်သည့် ပြဿနာများကို အသိအမှတ်ပြုရမည်ဖြစ်သည်။ သို့မဟုတ်ပါက လူဟောင်း၏အကျင့်စရိုက်များသည် တစ်ဖန်ပြန်ပေါ်လာပါလိမ့်မည်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုဆန်းစစ်ရမည်ဖြစ်သည်။ (၂ ကော. ၁၃:၅) ကျွန်ုပ်တို့သည် မနှစ်မြို့ဖွယ်ဝသီများကို ခွဲခြားသိမြင်ရန်လိုအပ်ပြီး ယင်းတို့ကို ပြုပြင်ရမည်ဖြစ်သည်။ ယင်းကိုလုပ်ဆောင်ရန် ယေဟောဝါသည် ကျွန်ုပ်တို့အား အကူအညီများကို ပြင်ဆင်ပေးထားပါသည်။

“ဘုရားသခင်၏တရားစကားတော်သည် အသက်ရှင်၍ တန်ခိုးရှိ၏။ မည်သည့်သန်လျက်ထက်မဆို ထက်၍ လူ့အပြင်ပန်းနှင့် အတွင်းသဘောကိုလည်းကောင်း၊ အရိုးဆစ်နှင့် ခြင်ဆီကိုလည်းကောင်း ခွဲခြား၍ ထွင်းဖောက်တတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း ပိုင်းခြားသိမြင်တတ်၏” ဟုပေါလုရေးခဲ့သည်။ (ဟေဗြဲ ၄:၁၂) ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာပါ သတင်းစကားသည် ကျွန်ုပ်တို့၏ဘဝအသက်တာအပေါ် များစွာသြဇာလွှမ်းမိုးနိုင်စွမ်းရှိသည်။ ယင်းသည် ကျွန်ုပ်တို့၏ အတွင်းစိတ်နှလုံးကို ထွင်းဖောက်သည်၊ ပုံဆောင်သဘောဖြင့် အရိုးများ၏အတွင်းအကျဆုံးအပိုင်းရှိ ခြင်ဆီထိတိုင် ဖြစ်သည်။ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏အတွေးအခေါ်နှင့် စိတ်သဘောထားကို ဖော်ပြပြီး ကျွန်ုပ်တို့သည် အပြင်ပန်းဖြစ်ပုံရသည့်လူစား သို့မဟုတ် မိမိကိုယ်ကိုထင်မြင်ထားသည်နှင့်ခြားနားလျက် အတွင်း၌အမှန်တကယ် မည်သို့သောသူဖြစ်သည်ကို ထုတ်ဖော်ပြသည်၊ ဘုရားသခင့်နှုတ်မြွက်တော်သည် ကျွန်ုပ်တို့၏ပြဿနာများကိုအသိအမှတ်ပြုရန် အမှန်တကယ်လုပ်ဆောင်နိုင်သည်။

ကျွန်ုပ်တို့သည် အိမ်အိုကြီးတစ်လုံးကို ပြုပြင်သည့်အခါ ပျက်စီးသွားရာများကို အစားထိုးရုံဖြင့် လုံလောက်မည်မဟုတ်ပါ။ ချို့ယွင်းမှုများ ဖြစ်ပေါ်ရသည့်အကြောင်းရင်းကို သိထားခြင်းက အလားတူပြဿနာများ ပြန်မဖြစ်ရန်လုပ်ဆောင်ဖို့ အကူအညီဖြစ်စေပါသည်။ အလားတူ၊ ကျွန်ုပ်တို့၏ မနှစ်မြို့ဖွယ်ဝသီများကို ခွဲခြားသိမြင်ခြင်းသာမက ယင်းကိုဖြစ်ပေါ်စေသည့်အရာ သို့မဟုတ် လှုံ့ဆော်ပေးရာများကို သီးခြားခွဲထုတ်ခြင်းကလည်း အားနည်းချက်များကို ဆက်လက်ထိန်းချုပ်ရန် ကျွန်ုပ်တို့ကို ကူညီပေးနိုင်ပါသည်။ များစွာသောအကြောင်းရင်းများသည် ကျွန်ုပ်တို့၏ဥပဓိရုပ်ကို ပုံသွင်းပေးပါသည်။ ယင်းတို့ထဲတွင် ကျွန်ုပ်တို့၏လူမှုရေးအဆင့်အတန်းနှင့် စီးပွားရေးအခြေအနေ၊ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်၊ ကျွန်ုပ်တို့၏ယဉ်ကျေးမှု၊ ကျွန်ုပ်တို့၏မိဘများ၊ ကျွန်ုပ်တို့အပေါင်းအသင်းများနှင့် ဘာသာရေးနောက်ခံတို့ ပါဝင်သည်။ အခြားသောဖျော်ဖြေမှုပုံစံများအပါအဝင် ကျွန်ုပ်တို့ကြည့်ရှုသည့် ရုပ်မြင်သံကြားအစီအစဉ်များနှင့် ရုပ်ရှင်များပင် ကျွန်ုပ်တို့၏ဥပဓိရုပ်အပေါ် အကျိုးသက်ရောက်မှုရှိသည်။ ကျွန်ုပ်တို့၏ဥပဓိရုပ်အပေါ် အပျက်သဘောလွှမ်းမိုးမှုများကို အသိအမှတ်ပြုခြင်းက ယင်းတို့၏အကျိုးဆက်ကို လျော့နည်းသွားအောင်လုပ်ရန် ကျွန်ုပ်တို့ကို အကူအညီဖြစ်စေပါသည်။

မိမိကိုယ်ကိုဆန်းစစ်ပြီးနောက် ‘ဒါက ငါ့ရဲ့ဗီဇပဲ’ ဟုဆိုပေမည်။ ယင်းသည် မှားယွင်းသောဆင်ခြင်မှုဖြစ်သည်။ ကောရိန္သုအသင်းတော်ရှိ မတရားမေထုန်ပြုသူ၊ ယောက်ျားချင်းမေထုန်ပြုသူ၊ သောက်ကြူးသူစသောသူများကို ရည်ညွှန်းကာ ပေါလု ဤသို့ပြောခဲ့သည်– “သင်တို့ထဲမှ အချို့သည် ယခင်က ထိုသို့သောသူများ ဖြစ်ကြ၏။ သို့သော်  . . ငါတို့ဘုရားသခင်၏ စွမ်းအားတော်အားဖြင့် သင်တို့သည် ဆေးကြောသန့်စင်ခြင်းခံရ” ပြီ။ (၁ ကော. ၆:၉-၁၁) ကျွန်ုပ်တို့လည်း လိုအပ်သောပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာတွင် ယေဟောဝါ၏စွမ်းအားတော်အကူအညီဖြင့် အောင်မြင်နိုင်ပါသည်။

ဖိလစ်ပိုင်တွင်နေထိုင်သော မားကို့စ် အမည်ရှိလူတစ်ဦးအကြောင်းကို သုံးသပ်ကြည့်ပါ။ * ၎င်း၏နောက်ကြောင်းနှင့်ပတ်သက်၍ မားကို့စ် ဤသို့ပြောသည်– “ကျွန်တော့်မိဘတွေဟာ အမြဲတမ်းစကားများကြတယ်။ ဒါကြောင့် ကျွန်တော် အသက် ၁၉ နှစ်မှာ ပုန်ကန်ခဲ့တယ်။” မားကို့စ်သည် လောင်းကစားခြင်း၊ ခိုးခြင်းနှင့် လက်နက်ကိုင်ကာ လုယက်ခြင်းတို့ကြောင့် နာမည်ဆိုးထွက်ခဲ့သည်။ သူနှင့်လူတချို့တို့သည် လေယာဉ်တစ်စီးကို အပိုင်စီးဖို့ပင် ကြံစည်ခဲ့ကြသော်လည်း ယင်းအကြံအစည်မှာ အထမမြောက်ခဲ့ပါ။ အိမ်ထောင်ကျပြီးနောက် မားကို့စ်သည် ဆိုးသွမ်းသည့်အကျင့်များကို ဆက်လက်ပြုလုပ်နေခဲ့သည်။ နောက်ဆုံး၌ သူသည် လောင်းကစားသည့်အတွက် အရာအားလုံး ဆုံးရှုံးသွားသည်။ ယင်းနောက်မကြာမီတွင် မားကို့စ်သည် ယေဟောဝါသက်သေများနှင့်ကျမ်းစာသင်နေသော မိမိဇနီးနှင့်အတူ သင်အံမှုတွင်ပါဝင်ခဲ့သည်။ အစပိုင်းတွင် မိမိသည် သက်သေခံတစ်ယောက်ဖြစ်လာရန် မထိုက်တန်ဟု ခံစားခဲ့ရသည်။ သို့သော်၊ သင်ယူသိရှိရာများကို လက်တွေ့ကျင့်သုံးခြင်းနှင့် အစည်းအဝေးများတက်ခြင်းတို့သည် မားကို့စ်အား ယခင်လမ်းစဉ်ဟောင်းကို စွန့်လွှတ်ရန် အထောက်အကူဖြစ်စေခဲ့သည်။ ယခု မားကို့စ်သည် အခြားသူများအား သူတို့လည်း မည်ကဲ့သို့ပြောင်းလဲနိုင်ပုံကို ပုံမှန်သင်ကြားပေးနေသော နှစ်ခြင်းခံပြီးသည့် ခရစ်ယာန်တစ်ဦးဖြစ်နေပြီဖြစ်သည်။

သင် အဘယ်အရာဖြစ်ချင်သနည်း

ခရစ်ယာန်အရည်အသွေးများကို တိုးတက်လာစေရန် ကျွန်ုပ်တို့သည် အဘယ်ပြောင်းလဲမှုများပြုလုပ်ရန် လိုအပ်မည်နည်း။ ပေါလုသည် ခရစ်ယာန်များကို ဤသို့အကြံပေးခဲ့၏– “ယခုမူကား အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မိုက်မဲခြင်း၊ ဆဲဆိုခြင်း၊ သင်တို့၏နှုတ်မှ ညစ်ညမ်းသောစကားပြောဆိုခြင်း ရှိသမျှတို့ကို ဖယ်ရှားကြလော့။ အချင်းချင်း လိမ်လည်ပြောဆိုခြင်း မပြုကြနှင့်။ ပင်ကိုစရိုက်ဟောင်းနှင့်တကွ ယင်း၏အကျင့်အကြံများကို ချွတ်ပယ်၍ ဖန်ဆင်းတော်မူသောအရှင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ တိကျမှန်ကန်သော အသိပညာဖြင့် အသစ်ပြုပြင်သော စရိုက်သစ်ကို ဝတ်ဆင်ကြလော့။”—ကော. ၃:၈-၁၀

ကျွန်ုပ်တို့၏  အဓိကပန်းတိုင်မှာ  ဥပဓိရုပ်ဟောင်းကိုချွတ်ပယ်၍ အသစ်ကိုယူတင်ဝတ်ဆောင်ရန်ဖြစ်သည်။ ယင်းကိုအောင်မြင်ရန် ကျွန်ုပ်တို့သည် အဘယ်အရည်အသွေးများကို ပြုစုပျိုးထောင်ရန် လိုအပ်သနည်း။ ပေါလုဤသို့ပြောခဲ့သည်– “သနားစာနာခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်ကြလော့။ တစ်ဦးနှင့်တစ်ဦး မကျေနပ်စရာအကြောင်းရှိလျှင် အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်ကြလော့။ ယေဟောဝါဘုရားသခင်သည် သင်တို့ကို အကြွင်းမဲ့ခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့လည်း ထိုနည်းတူပြုကြလော့။ ထိုအရာများအပြင် ချစ်ခြင်းမေတ္တာကိုလည်း ဝတ်ဆင်ကြလော့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် စည်းလုံးခြင်းအတွက် ခိုင်မြဲသောနှောင်ကြိုးဖြစ်၏။” (ကော. ၃:၁၂-၁၄) ထိုအရည်အသွေးများကို ကြိုးစား၍ပြုစုပျိုးထောင်ခြင်းက ကျွန်ုပ်တို့အား ‘ထာဝရဘုရားသခင်ရှေ့၊ လူတို့ရှေ့၌ မျက်နှာရ’ ရန် အကူအညီဖြစ်စေပါလိမ့်မည်။ (၁ ရာ. ၂:၂၆) ကမ္ဘာမြေကြီးပေါ်ရှိချိန်တွင် ယေရှုသည် ဘုရားသခင်နှစ်သက်သောအရည်အသွေးများကို ထူးခြားထင်ရှားစွာပြသခဲ့သည်။ ကိုယ်တော်၏ပုံနမူနာကို လေ့လာပြီး တုပခြင်းအားဖြင့် ကျွန်ုပ်တို့သည် ‘ဘုရားသခင်ကိုတုပသူများ’ အဖြစ်ခရစ်တော်နှင့် ပို၍တူလာနိုင်ပါသည်။—ဧ. ၅:၁၊ ၂

ကျွန်ုပ်တို့ပြုလုပ်ရန်လိုအပ်သည့် ပြောင်းလဲမှုများကို သိမြင်နားလည်ရန် အခြားနည်းလမ်းတစ်ခုမှာ ကျမ်းစာဇာတ်ကောင်များ၏ပင်ကိုစရိုက်များကို လေ့လာခြင်း၊ ၎င်းတို့နှင့်ပတ်သက်၍ အဘယ်အရာများသည် နှစ်သက်ဖွယ်ရာများဖြစ်ကြောင်းနှင့် အဘယ်အရာများမှာ နှစ်သက်ဖွယ်ရာမဟုတ်ကြောင်း တွေးတောဆင်ခြင်ခြင်းဖြစ်သည်။ ဥပမာအနေနှင့် ဘိုးဘေးယာကုပ်၏သား ယောသပ်ကို စဉ်းစားကြည့်ပါ။ မတရားမှုများကို ကြုံတွေ့ခဲ့ရသော်လည်း ယောသပ်သည် အပြုသဘောထားနှင့် အတွင်းအလှကို ထိန်းသိမ်းထားခဲ့သည်။ (က. ၄၅:၁-၁၅) အခြားတစ်ဖက်တွင်မူ၊ ဘုရင်ဒါဝိဒ်၏သား အဗရှလုံသည် လူများကို လွန်စွာစိတ်ဝင်စားယောင်ဆောင်ခဲ့ပြီး မိမိ၏အလှအတွက်ချီးမြှောက်ခဲ့သည်။ သို့သော်၊ အမှန်မှာ သူသည် သစ္စာဖောက်သူနှင့် လူသတ်သမားဖြစ်သည်။ (၂ ရာ ၁၃:၂၈၊ ၂၉; ၁၄:၂၅; ၁၅:၁-၁၂) ကောင်းသယောင်ဆောင်ခြင်းနှင့် ကာယပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိခြင်းတို့သည် လူတစ်ဦးကို စစ်မှန်သောနှစ်သက်ဖွယ်ရာ မဖြစ်စေပါ။

ကျွန်ုပ်တို့အောင်မြင်နိုင်

ကျွန်ုပ်တို့၏ဥပဓိရုပ်ကို တိုးတက်စေရန်နှင့် ဘုရားသခင့်အမြင်တွင်လှပနေရန် ကျွန်ုပ်တို့သည် အတွင်းလူကို ဂရုစိုက်ရန်လိုအပ်သည်။ (၁ ပေ. ၃:၃၊ ၄) ကျွန်ုပ်တို့၏ဥပဓိရုပ်ကို ပြောင်းလဲမှုများပြုလုပ်ရန် ကျွန်ုပ်တို့သည် ဘုရားသခင်နှစ်သက်သောအရည်အသွေးများကို ပြုစုပျိုးထောင်ခြင်းအပြင် အပျက်သဘောထားများနှင့် ယင်းတို့ကို ဖြစ်ပေါ်စေသည့်အကြောင်းအရင်းများ သို့မဟုတ် လှုံ့ဆော်ပေးရာများကို ခွဲခြားသိမြင်ရန်လိုအပ်သည်။ ကျွန်ုပ်တို့သည် ကြိုးစားအားထုတ်ပါက တိုးတက်လာလိမ့်မည်ကို ယုံကြည်စိတ်ချနိုင်ပါသလော။

စိတ်ချနိုင်ပါသည်၊ ယေဟောဝါ၏အကူအညီဖြင့် လိုအပ်သောပြုပြင်ပြောင်းလဲမှုများကို ကျွန်ုပ်တို့ပြုလုပ်နိုင်ပါသည်။ ဆာလံဆရာနည်းတူ ကျွန်ုပ်တို့ ဤသို့ဆုတောင်းနိုင်သည်– “အိုဘုရားသခင် အကျွန်ုပ်အထဲ၌ စင်ကြယ်သောနှလုံးကိုဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သောသဘောကို အသစ်ပြုပြင်တော်မူပါ။” (ဆာ. ၅၁:၁၀) ကျွန်ုပ်တို့၏အသက်တာကို ကိုယ်တော့်အလိုတော်နှင့် ပို၍အပြည့်အဝကိုက်ညီစေရန် ကျွန်ုပ်တို့၏ဆန္ဒကိုတိုးမြှင့်ပေးဖို့ ကျွန်ုပ်တို့အတွင်းတွင် ဘုရားသခင့်စွမ်းအားတော်လုပ်ဆောင်ရန် တောင်းခံနိုင်သည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏အမြင်တွင် ပို၍နှစ်လို့ဖွယ်ကောင်းသူများဖြစ်လာခြင်း၌ အမှန်အောင်မြင်နိုင်ပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 အမည်အရင်းမဟုတ်ပါ။

[စာမျက်နှာ ၄ ပါပုံ]

မုန်တိုင်းဒဏ်ကြောင့် ပျက်စီးယိုယွင်းနေသော ဤအိမ်၏အပြင်ဘက်ကို ဆေးသုတ်ခြင်းသည် လုံလောက်မည်လော

[စာမျက်နှာ ၅ ပါပုံ]

သင့်ဥပဓိရုပ်သည် ခရစ်တော်နည်းတူ ဖြစ်လာပြီလော