မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယာကုပ်နှင့် ပေတရု၏စာများမှ ပေါ်လွင်ချက်များ

ယာကုပ်နှင့် ပေတရု၏စာများမှ ပေါ်လွင်ချက်များ

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

ယာကုပ်နှင့် ပေတရု၏စာများမှ ပေါ်လွင်ချက်များ

စီအီး ၃၃ ပင်တေကုတ္တေပွဲပြီးနောက် နှစ်ပေါင်း ၃၀ နီးပါးခန့်တွင် ယေရှု၏မိတူဖကွဲညီဖြစ်သော တပည့်ဖြစ်သူယာကုပ်သည် ဘုရားသခင်၏ဣသရေလအမျိုး “တစ်ဆယ့်နှစ်နွယ်” ကို စာတစ်စောင်ရေးခဲ့သည်။ (ယာ. ၁:၁) သူ၏ရည်ရွယ်ချက်မှာ စမ်းသပ်မှုများရင်ဆိုင်ရချိန်တွင် ယုံကြည်ခြင်းသန်မာနေရန်နှင့် ခံနိုင်ရည်တင်ပြရန် သူတို့ကိုတိုက်တွန်းနှိုးဆော်ဖို့ဖြစ်သည်။ အသင်းတော်များတွင်ဖြစ်ပေါ်နေသော အနှောင့်အယှက်ဖြစ်စေသည့် အခြေအနေများကိုတည့်မတ်ပေးသည့် ဆုံးမစကားများကိုလည်း သူဖော်ပြသည်။

ရောမဧကရာဇ်နီရို၏ နှိပ်စက်ညှဉ်းပန်းမှုကင်ပိန်းမစမီလေးဖြစ်သော စီအီး ၆၄ တွင် တမန်တော်ပေတရုသည် ခရစ်ယာန်များကိုလိပ်မူပြီး ယုံကြည်ခြင်းတွင်မြဲမြံရန်အားပေးသည့် သူ၏ပထမစာကိုရေးခဲ့သည်။ ပထမစာကိုရေးပြီးမကြာမီအချိန်တွင်ရေးသော ဒုတိယစာတွင် ယုံကြည်သူချင်းများအား ဘုရားသခင့်နှုတ်မြွက်တရားတော်ကို အာရုံစိုက်ရန်အားပေးကာ ယေဟောဝါ၏နေ့ရောက်ရှိတော့မည်အကြောင်း သတိပေးသည်။ မှန်ပါသည်၊ ယာကုပ်နှင့် ပေတရု၏စာများတွင်ပါသော သတင်းစကားများကိုအာရုံစိုက်ခြင်းမှ အကျိုးခံစားရနိုင်ပါသည်။—ဟေဗြဲ ၄:၁၂

ဘုရားသခင်သည် ‘ယုံကြည်ခြင်းနှင့် တောင်းလျှောက်’ သူတို့ကို ဉာဏ်ပညာပေး

(ယာ. ၁:၁–၅:၂၀)

“စမ်းသပ်မှုကို ဆက်၍ခံရပ်သူသည် ပျော်ရွှင်၏။ အကြောင်းမူကား ထိုသူသည် နှစ်သက်တော်မူခြင်း ခံရသောကြောင့် . . . အသက်သရဖူကိုရလိမ့်မည်” ဟုယာကုပ်ရေးသည်။ “ယုံကြည်ခြင်းနှင့် ဆက်၍တောင်းလျှောက်” သူတို့အား စမ်းသပ်မှုများကိုခံရပ်ရန်လိုအပ်သော ဉာဏ်ပညာကို ယေဟောဝါပေးတော်မူမည်။—ယာ. ၁:၅-၈၊ ၁၂

ယုံကြည်ခြင်းနှင့်ဉာဏ်ပညာသည် အသင်းတော်တွင် “ဆရာ” ဖြစ်လာသူတို့၏ လိုအပ်ရာလည်းဖြစ်သည်။ လျှာသည် “တစ်ကိုယ်လုံးကို ညစ်ညူးစေ” နိုင်စွမ်းရှိသော “သေးငယ်သောကိုယ်အင်္ဂါ” ဖြစ်ကြောင်းဖော်ပြပြီးနောက် ဘုရားသခင်နှင့် လူတစ်ဦး၏ဆက်ဆံရေးကို ပျက်ပြားစေနိုင်သည့် လောကလိုအင်ဆန္ဒများကို ယာကုပ်သတိပေးသည်။ ဘုရားသခင်နှင့်ဆက်ဆံရေး ပြတ်တောက်နေသူမည်သူမဆိုသည် ဆက်ဆံရေးပြန်လည်ကောင်းလာစေရန် လုပ်ဆောင်သင့်သည့်ခြေလှမ်းများကိုလည်း သူဖော်ပြသည်။—ယာ. ၃:၁၊ ၅၊ ၆; ၅:၁၄၊ ၁၅

ကျမ်းစာမေးခွန်းများအဖြေ–

၂:၁၃—အဘယ်နည်းဖြင့် “သနားကြင်နာခြင်းသည် တရားစီရင်ခြင်းကို အောင်ပွဲခံ” သနည်း။ ဘုရားသခင်ထံ ကျွန်ုပ်တို့စာရင်းရှင်းချိန်တွင် ကိုယ်တော်သည် အခြားသူများအားကျွန်ုပ်တို့ပြသခဲ့သည့် သနားကြင်နာမှုကိုထည့်သွင်းစဉ်းစားကာ မိမိသားတော်၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကိုအခြေခံ၍ ကျွန်ုပ်တို့ကိုခွင့်လွှတ်တော်မူသည်။ (ရော. ၁၄:၁၂) ယင်းသည် သနားကြင်နာခြင်းကို ကျွန်ုပ်တို့၏အသက်တာတွင် ထင်ရှားသောအရည်အသွေးတစ်ခုဖြစ်စေသင့်သည့် အကြောင်းရင်းတစ်ခု မဟုတ်ပေလော။

၄:၅—ဤတွင် အဘယ်ကျမ်းစကားကို ယာကုပ်ကိုးကားခဲ့ခြင်းနည်း။ သတ်သတ်မှတ်မှတ်အခန်းငယ်တစ်ခုခုကို ယာကုပ်ကိုးကားခြင်းမဟုတ်ပါ။ သို့သော် ဤဘုရားသခင့်မှုတ်သွင်းခံစကားမှာ ကမ္ဘာဦး ၆:၅; ၈:၂၁; သု. ၂၁:၁၀ နှင့် ဂလာတိ ၅:၁၇ ကဲ့သို့သော ကျမ်းချက်များနောက်ကွယ်ရှိ ယေဘုယျအယူအဆကို အခြေခံခြင်းဖြစ်နိုင်သည်။

၅:၂၀—“အပြစ်ပြုသူကို မှားယွင်းသောလမ်းစဉ်မှ ပြန်လှည့်လာစေသူသည်” မည်သူ့ကို သေခြင်းမှ ကယ်တင်မည်နည်း။ အမှားပြုသူကို အပြစ်လမ်းစဉ်မှပြန်လှည့်လာစေသော ခရစ်ယာန်တစ်ဦးသည် နောင်တရသူကို ဘုရားသခင့်ရှုထောင့်တွင် သေနေသည့်အဖြစ်မှ၊ ဖြစ်နိုင်သည်မှာ ထာဝရပျက်စီးခြင်းမှ ကယ်တင်ခြင်းဖြစ်သည်။ ဤနည်းဖြင့် အပြစ်ပြုသူကိုအကူအညီပေးသူသည် ထိုသူ၏ “များစွာသောအပြစ်ကို ဖုံးအုပ်” ခြင်းလည်းဖြစ်ပေလိမ့်မည်။

ကျွန်ုပ်တို့အတွက်သင်ခန်းစာ–

၁:၁၄၊ ၁၅အပြစ်သည် မတော်လျော်သောတပ်မက်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့တွင် မှားယွင်းသောတပ်မက်မှုများ ကိန်းအောင်းမနေစေသင့်ပါ။ ယင်းအစား တည်ဆောက်မှုဖြစ်စေသည့်အရာများကို “ဆက်၍ဆင်ခြင်သုံးသပ်” ပြီး ယင်းတို့ဖြင့် ကျွန်ုပ်တို့၏စိတ်နှလုံးကို ဖြည့်ထားဖို့လိုသည်။—ဖိ. ၄:၈

၂:၈၊ ၉“မျက်နှာလိုက်” ခြင်းသည် မေတ္တာဆိုင်ရာ “တော်ဝင်ပညတ်” နှင့်ဆန့်ကျင်သည်။ ထို့ကြောင့် ခရစ်ယာန်စစ်များသည် မျက်နှာမလိုက်ကြပါ။

၂:၁၄-၂၆ကျွန်ုပ်တို့သည် မောရှေပညတ် သို့မဟုတ် ခရစ်ယာန်များအနေနှင့်လုပ်ဆောင်သော “လုပ်ရပ်ကြောင့် မဟုတ်ဘဲ” “ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြ” သည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ယုံကြည်သည်ဟုပြောရုံထက်မက ပိုလိုအပ်သည်။ (ဧ. ၂:၈၊ ၉; ယော. ၃:၁၆) ယုံကြည်ခြင်းသည် ဘုရားသခင့်အလိုတော်နှင့်အညီ လုပ်ဆောင်ရန် ကျွန်ုပ်တို့အား စေ့ဆော်သင့်သည်။

၃:၁၃-၁၇“အထက်မှသက်ရောက်သော ဉာဏ်ပညာ” သည် “မြေကြီးနှင့်ဆိုင်သော၊ တိရစ္ဆာန်နှင့်ဆိုင်သော၊ နတ်ဆိုးနှင့်ဆိုင်သော” ဉာဏ်ပညာထက် အမှန်ပင်သာလွန်သည်။ ကျွန်ုပ်တို့သည် ‘ဝှက်ထားသောဘဏ္ဍာကိုရှာဖွေသကဲ့သို့ ဘုရားသခင်ထံမှဉာဏ်ပညာကို’ ဆက်၍ရှာဖွေသင့်သည်။—သု. ၂:၁-၅

၃:၁၈ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းမျိုးစေ့ကို ‘သင့်မြတ်စေသူများက ငြိမ်သက်သောအခြေအနေတွင်ကြဲ’ ရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် မောက်မာသူ၊ ရန်လိုသူ သို့မဟုတ် ရုန်းရင်းဆန်ခတ်ပြုသူများမဖြစ်ဘဲ ရန်ငြိမ်းစေသူများဖြစ်ဖို့ အရေးကြီးသည်။

“ယုံကြည်ခြင်းတွင် ခိုင်ခံ့မြဲမြံကြလော့”

(၁ ပေ. ၁:၁–၅:၁၄)

ပေတရုက ယုံကြည်သူချင်းများအား ကောင်းကင်တွင်အမွေရရှိမည်ဟူသည့် သူတို့၏ “ရှင်သန်သောမျှော်လင့်ချက်” ကိုအမှတ်ရစေသည်။ သူတို့သည် “ရွေးချယ်ခံရသောအမျိုး၊ တော်ဝင်ယဇ်ပုရောဟိတ်အဖွဲ့၊ သန့်ရှင်းသောလူမျိုး” ဖြစ်သည်ဟု ပေတရုဆိုသည်။ လက်အောက်ခံခြင်းနှင့်ပတ်သက်၍ သတ်သတ်မှတ်မှတ်သွန်သင်ချက်ပေးပြီးနောက် အားလုံးကို သူဤသို့တိုက်တွန်း၏– “တစ်သဘောတည်းရှိကြလော့။ စာနာစိတ်ပြကြလော့။ ညီရင်းအစ်ကိုကဲ့သို့ ချစ်ခင်စုံမက်ခြင်း၊ သနားစာနာခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။”—၁ ပေ. ၁:၃၊ ၄; ၂:၉; ၃:၈

ဂျူးအစီအစဉ်စနစ်၏ “အဆုံးသည် ရောက်လုနီးပြီဖြစ်၍” ညီအစ်ကိုများ ‘သမာသတိရှိကြရန်၊ ဆုတောင်းခြင်းအမှု၌ နိုးနိုးကြားကြားရှိကြ” ရန် ပေတရုအကြံပေးသည့်ပြင် သူတို့အားဤသို့ဆို၏– “သင်တို့သည် သတိရှိလျက် နိုးကြားနေကြလော့။ [စာတန်] ကို ဆန့်ကျင်ကြလော့။ ယုံကြည်ခြင်းတွင် ခိုင်ခံ့မြဲမြံကြလော့။”—၁ ပေ. ၄:၇; ၅:၈၊ ၉

ကျမ်းစာမေးခွန်းများအဖြေ–

၃:၂၀-၂၂—နှစ်ခြင်းသည် ကျွန်ုပ်တို့ကို မည်သို့ကယ်တင်သနည်း။ ကယ်တင်ခြင်းရရန်ကြိုးစားနေသူတို့သည် နှစ်ခြင်းခံဖို့လိုသည်။ သို့သော် နှစ်ခြင်းကိုယ်နှိုက်က ကျွန်ုပ်တို့ကို မကယ်တင်ပါ။ ကယ်တင်ခြင်းသည် အမှန်မှာ “ယေရှုခရစ်၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့်” ဖြစ်သည်။ နှစ်ခြင်းခံသူလူသစ်က ယေရှုသည် ပူဇော်ရာယဇ်အဖြစ်သေဆုံးကာ ရှင်ပြန်ထမြောက်ပြီးဖြစ်သည့်ပြင် “ဘုရားသခင်၏လက်ယာဘက်” ၌ရှိတော်မူပြီး အသက်ရှင်သောသူ၊ သေလွန်သူများအပေါ် အခွင့်အာဏာရှိသောကြောင့်သာ ကယ်တင်ခြင်းရနိုင်ကြောင်း ယုံကြည်ရမည်ဖြစ်သည်။ ထိုကဲ့သို့သောယုံကြည်ခြင်းအပေါ် အခြေတည်ထားသောနှစ်ခြင်းသည် ‘လူရှစ်ဦးရေထဲမှကယ်တင်’ ခံရခြင်းနှင့်အလားတူသည်။

၄:၆—‘သတင်းကောင်းဟောခြင်းခံရသော သေလွန်သောသူတို့’ မှာမည်သူတို့နည်း။ ထိုသူတို့မှာ မကောင်းမှု “အပြစ်များ၌သေလွန်သူ” သို့မဟုတ် သတင်းကောင်းကိုမကြားမီက ယေဟောဝါနှင့်ဆက်ဆံရေးမရှိခဲ့သူတို့ဖြစ်သည်။ (ဧ. ၂:၁) သို့သော် သတင်းကောင်းကိုယုံကြည်ပြီးနောက် သူတို့သည် ဘုရားသခင်နှင့်ဆက်ဆံရေးတွင် “အသက်ရှင်” လာကြသည်။

ကျွန်ုပ်တို့အတွက်သင်ခန်းစာ–

၁:၇ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အလွန်အဖိုးထိုက်စေရန် စစ်ဆေးခံပြီးသော သို့မဟုတ် စမ်းသပ်ခံပြီးသောအရည်အသွေးဖြစ်ရမည်။ ထိုကဲ့သို့သောခိုင်မြဲသည့်ယုံကြည်ခြင်းသည် အမှန်ပင် “အသက်ဆက်ရှင်နိုင်” စေသည်။ (ဟေဗြဲ ၁၀:၃၉) ကျွန်ုပ်တို့သည် ယုံကြည်ခြင်းစမ်းသပ်မှုများမှ နောက်ဆုတ်သူများမဖြစ်ရပါ။

၁:၁၀-၁၂ကောင်းကင်တမန်များသည် ဘိသိက်ပေးခံရသောခရစ်ယာန်အသင်းတော်နှင့်စပ်လျဉ်း၍ ဘုရားသခင်၏ရှေးပရောဖက်များရေးသားခဲ့သော နက်နဲသည့်အမှန်တရားများကို စေ့စေ့ကြည့်ရှုလိုစိတ်၊ နားလည်သဘောပေါက်လိုစိတ် ရှိခဲ့ကြသည်။ သို့သော် ယေဟောဝါသည် အသင်းတော်နှင့်စတင်ဆက်ဆံချိန်မှသာ ထိုအရာများသည် ရှင်းလင်းလာခဲ့သည်။ (ဧ. ၃:၁၀) ကျွန်ုပ်တို့သည် ကောင်းကင်တမန်များ၏ပုံနမူနာကိုလိုက်လျှောက်ကာ “ဘုရားသခင်၏နက်နဲရာတို့ကို” စစ်ဆေးရန် ကြိုးစားသင့်သည်မဟုတ်လော။—၁ ကော. ၂:၁၀

၂:၂၁ကျွန်ုပ်တို့၏စံနမူနာရှင်ယေရှုခရစ်ကိုတုပသည့်အနေနှင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကိုထောက်ခံရာတွင် သေသည့်အထိ တလိုတလားဆင်းရဲဝေဒနာခံသင့်သည်။

၅:၆၊ ၇ကျွန်ုပ်တို့၏စိုးရိမ်မှုကို ယေဟောဝါထံပုံအပ်ထားသည့်အခါ နောက်နေ့မည်သို့ဖြစ်မည်ကို အလွန်အမင်းစိုးရိမ်မည့်အစား ကျွန်ုပ်တို့အသက်တာတွင် မှန်သောဝတ်ပြုရေးကို ဆက်၍ဦးစားထားရန် ကိုယ်တော်ထောက်ကူတော်မူသည်။—မ. ၆:၃၃၊ ၃၄

‘ယေဟောဝါ၏နေ့သည် လာလိမ့်မည်’

(၂ ပေ. ၁:၁–၃:၁၈)

“ပရောဖက်ပြုချက်မည်သည် လူ့အလိုအားဖြင့် မည်သည့်အခါမျှ ဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောစွမ်းအားတော်တိုက်တွန်းခြင်းအားဖြင့် ဘုရားသခင်ထံတော်မှစကားကို လူတို့ပရောဖက်ပြုခြင်းဖြစ်၏” ဟု ပေတရုရေးသည်။ ပရောဖက်ပြုချက်စကားကိုအာရုံစိုက်ခြင်းသည် “ဆရာအတုအယောင်များ” နှင့် ဖောက်ပြန်ယိုယွင်းသောအခြားသူများရန်မှ အကာအကွယ်ရနိုင်သည်။—၂ ပေ. ၁:၂၁; ၂:၁-၃

“နောက်ဆုံးသောနေ့ရက်များတွင် ပြက်ရယ်ပြုတတ်သူတို့သည် ပြက်ရယ်ပြုသောစကားနှင့် ပေါ်လာကြလိမ့်မည်” ဟုပေတရုသတိပေးသည်။ သို့သော် ‘ယေဟောဝါ၏နေ့သည် သူခိုးလာသကဲ့သို့ လာလိမ့်မည်။’ ‘ယေဟောဝါ၏နေ့ရောက်လာမည်ကို စောင့်မျှော်၍စိတ်စွဲလမ်း’ သူတို့အဖို့ အလွန်ကောင်းမွန်သောသွန်သင်ချက်ဖြင့် မိမိ၏စာကို ပေတရု နိဂုံးချုပ်ထားသည်။—၂ ပေ. ၃:၃၊ ၁၀-၁၂

ကျမ်းစာမေးခွန်းများအဖြေ–

၁:၁၉—မည်သူသည် “မိုးသောက်ကြယ်” ဖြစ်ပြီး အဘယ်အချိန်တွင် ပေါ်ထွက်ကာ ယင်းသို့ပေါ်ထွက်ကြောင်း ကျွန်ုပ်တို့ မည်သို့သိလာကြသနည်း။ “မိုးသောက်ကြယ်” မှာ ဘုရားသခင့်နိုင်ငံတော်တန်ခိုးအာဏာ လက်ခံရရှိပြီးဖြစ်သော ယေရှုခရစ်ဖြစ်သည်။ (ဗျာ. ၂၂:၁၆) နေ့သစ်တစ်နေ့၏အရုဏ်ဦးပေါ်လာသကဲ့သို့ ၁၉၁၄ ခုနှစ်တွင် ယေရှုသည် မေရှိယဘုရင်အဖြစ် ဖန်ဆင်းရာအားလုံးရှေ့တွင် ပေါ်ထွန်းလာသည်။ ကိုယ်ယောင်ပြောင်းလဲခြင်းက ယေရှု၏ဂုဏ်ကျက်သရေနှင့် ဘုရားသခင့်နိုင်ငံတော်တန်ခိုးဆိုင်ရာ ကြိုတင်မြင်ကွင်းဖြစ်ပြီး ယင်းက ဘုရားသခင်၏ပရောဖက်ပြုချက်စကားကို ယုံကြည်စိတ်ချနိုင်ကြောင်း ပေါ်လွင်သည်။ ထိုပရောဖက်ပြုချက်စကားကို အာရုံစိုက်ခြင်းဖြင့် ကျွန်ုပ်တို့၏စိတ်နှလုံးကိုထွန်းလင်းစေပြီး မိုးသောက်ကြယ်ထွက်ပေါ်ခဲ့ပြီးဖြစ်သည်ကို သတိပြုမိစေသည်။

၂:၄—“တားတရပ်စ်” မှာအဘယ်နည်း၊ အဘယ်အချိန်တွင် ပုန်ကန်သောကောင်းကင်တမန်များကို ထိုနေရာသို့ပစ်ချခဲ့သနည်း။ လူသားများကိုမဟုတ်ဘဲ ဝိညာဉ်သတ္တဝါများကိုသာ ချုပ်နှောင်သည့် ထောင်ကဲ့သို့သောအခြေအနေဖြစ်သည်။ ဘုရားသခင်၏ထွန်းတောက်သော ရည်ရွယ်တော်မူချက်များနှင့်စပ်လျဉ်း၍ စိတ်ပိုင်းဆိုင်ရာထူထပ်သောမှောင်မိုက်ဖုံးလွှမ်းသည့် အခြေအနေတစ်ခုဖြစ်သည်။ တားတရပ်စ်တွင်ရှိသူတို့သည် အနာဂတ်မျှော်လင့်ချက်မရှိကြပါ။ ဘုရားသခင်သည် နောဧခေတ်တွင် နာခံမှုမရှိသောကောင်းကင်တမန်များကို တားတရပ်စ်သို့ပစ်ချခဲ့ပြီး သူတို့ဖျက်ဆီးမခံရမချင်း ထိုနိမ့်ကျသည့်အခြေအနေတွင် ရှိနေကြမည်။

၃:၁၇—“ကြိုသိ” သည်ဟုဆိုရာတွင် ပေတရုအဘယ်အရာကိုဆိုလိုခြင်းနည်း။ မိမိနှင့်အခြားကျမ်းရေးသူတို့မှုတ်သွင်းခံခဲ့ရသော အနာဂတ်ဆိုင်ရာအဖြစ်အပျက်များကို ကြိုသိခြင်းကို ပေတရုရည်ညွှန်းခြင်းဖြစ်သည်။ ယင်းသည် အဆုံးမရှိသောအသိပညာကို ရည်ညွှန်းနေခြင်းမဟုတ်သောကြောင့် ယင်းသို့သိထားခြင်းက အစောပိုင်းခရစ်ယာန်များသည် အနာဂတ်အဖြစ်အပျက်များနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်အားလုံးကို သိထားခြင်းမဟုတ်ပါ။ အဘယ်အရာမျှော်လင့်နိုင်သည်နှင့်ပတ်သက်၍ ယေဘုယျအကြောင်းအချက်ကိုသာ သိလာကြခြင်းဖြစ်သည်။

ကျွန်ုပ်တို့အတွက်သင်ခန်းစာ–

၁:၂၊ ၅-၇ယုံကြည်ခြင်း၊ ခံနိုင်ရည်၊ ဘုရားတရားဆည်းကပ်ခြင်းကဲ့သို့သော အရည်အသွေးများကို ပြုစုပျိုးထောင်ရန် အစွမ်းကုန်ကြိုးစားအားထုတ်ခြင်းက ‘ဘုရားသခင်၊ ယေရှုနှင့်သက်ဆိုင်သည့် တိကျမှန်ကန်သောအသိပညာ’ တိုးပွားရန် ကျွန်ုပ်တို့အားထောက်ကူသည့်အပြင် ထိုအသိပညာနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့သည် “ပျင်းရိခြင်း၊ အချည်းနှီးဖြစ်ခြင်းတို့ ဖြစ်” နိုင်မည်မဟုတ်ပါ။—၂ ပေ. ၁:၈

၁:၁၂-၁၅ကျွန်ုပ်တို့သည် “အမှန်တရား၌ခိုင်ခံ့မြဲမြံနေ” ရန် အသင်းတော်အစည်းအဝေးများ၊ ကိုယ်ပိုင်လေ့လာမှု၊ ကျမ်းစာဖတ်ရှုခြင်းတို့မှရရှိသော သတိပေးချက်များ မပြတ်လိုအပ်သည်။

၂:၂ကျွန်ုပ်တို့၏အပြုအမူသည် ယေဟောဝါနှင့် ကိုယ်တော်အဖွဲ့အစည်းကို ကဲ့ရဲ့ရှုတ်ချစရာမဖြစ်စေရန် သတိပြုသင့်သည်။—ရော. ၂:၂၄

၂:၄-၉အတိတ်က ယေဟောဝါပြုတော်မူခဲ့ရာကိုထောက်ရှုကာ ကိုယ်တော်သည် ‘ဘုရားသခင်၏တရား၌ဆည်းကပ်သူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ မည်သို့ကယ်နုတ်ရမည်ကို သိတော်မူပြီး မဖြောင့်မတ်သောသူတို့ကိုမူ တရားစီရင်ရာနေ့၌ ပြစ်ဒဏ်ခံစေရန် ထားတော်မူ’ ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။

၂:၁၀-၁၃ခရစ်ယာန်အကြီးအကဲများတွင် ချွတ်ယွင်းချက်များရှိပြီး တစ်ခါတစ်ရံ အမှားပြုမိကြမည်ဖြစ်သော်လည်း ကျွန်ုပ်တို့သည် သူတို့အကြောင်းကို ရင့်ရင့်သီးသီးမပြောဆိုရပါ။—ဟေဗြဲ ၁၃:၇၊ ၁၇

၃:၂-၄၊ ၁၂“သန့်ရှင်းသောပရောဖက်များ ရှေးကပြောဆိုခဲ့သောစကားနှင့် . . . သခင်နှင့် ကယ်တင်ရှင်မိန့်မြွက်ခဲ့သောအမိန့်ကို” ကောင်းစွာအာရုံစိုက်ခြင်းဖြင့် ယေဟောဝါ၏နေ့နီးပြီဖြစ်ကြောင်း မပြတ်အာရုံစိုက်ရန်အထောက်အကူပြုမည်။

၃:၁၁-၁၄‘ယေဟောဝါ၏နေ့ရောက်လာမည်ကို စောင့်မျှော်၍စိတ်စွဲလမ်းကြ’ သူများအနေနှင့် ကျွန်ုပ်တို့သည် (၁) ကာယပိုင်း၊ စိတ်ပိုင်း၊ ကိုယ်ကျင့်တရားပိုင်း၊ ဝတ်ပြုရေးပိုင်းတို့တွင် သန့်ရှင်းစင်ကြယ်မှုရှိရန် ထိန်းသိမ်းခြင်းဖြင့် “သန့်ရှင်းသောအမူအကျင့်များကျင့်” ရမည်၊ (၂) ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းနှင့်ဆက်နွှယ်ရာများကဲ့သို့သော ‘ဘုရားသခင်၏တရား၌ဆည်းကပ်’ ခြင်းအမှုများကိုလုပ်ဆောင်ရမည်၊ (၃) ကျွန်ုပ်တို့၏အမူအကျင့်နှင့် စရိုက်လက္ခဏာများကို လောက၏ “အစွန်းအထင်း” များနှင့်မညစ်ညူးဘဲနေရမည်၊ (၄) အဘယ်အရာကိုမဆို စိတ်ရင်းမှန်ဖြင့်လုပ်ဆောင်ခြင်းဖြင့် “အပြစ်အနာအဆာမရှိဘဲ” နေရမည်၊ (၅) ဘုရားသခင်နှင့်၊ ခရစ်ယာန်ညီအစ်ကိုများနှင့်၊ လူသားချင်းနှင့် အသင့်အတင့်ရှိခြင်းဖြင့် “ငြိမ်သက်ခြင်းရှိ” ရမည်။