မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယောဟန်နှင့် ယုဒစာတို့မှ ပေါ်လွင်ချက်များ

ယောဟန်နှင့် ယုဒစာတို့မှ ပေါ်လွင်ချက်များ

ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏

ယောဟန်နှင့် ယုဒစာတို့မှ ပေါ်လွင်ချက်များ

စီအီး ၉၈ တွင် ဧဖက်မှရေးခဲ့ဖွယ်ရှိသော တမန်တော်ယောဟန်၏စာသုံးစောင်သည် မှုတ်သွင်းခံကျမ်းစာတွင်ပါသော နောက်ဆုံးစာစောင်များဖြစ်သည်။ ပထမစာနှစ်စောင်က ခရစ်ယာန်များအား အလင်း၌ ဆက်၍လျှောက်လှမ်းနေကြရန်နှင့် အယူဖောက်ပြန်ခြင်းကို ဆီးတားတိုက်လှန်ကြရန် အားပေးထားသည်။ တတိယစာစောင်တွင် ယောဟန်သည် အမှန်တရားတွင်လျှောက်လှမ်းခြင်းအကြောင်း ပြောထားရုံသာမက ခရစ်ယာန်ပူးပေါင်းလုပ်ဆောင်ခြင်းကိုပါ အားပေးထားသည်။

စီအီး ၆၅ တွင်ဖြစ်ဖွယ်ရှိပြီး ပါလက်စတိုင်းမှရေးခဲ့သော မိမိ၏စာတွင် ယေရှု၏မိတူဖကွဲညီယုဒသည် အသင်းတော်တွင်းသို့လျှိုဝင်လာကြသော ဆိုးညစ်သူတို့နှင့်ပတ်သက်၍ ခရစ်ယာန်ချင်းများကို သတိပေးပြီး မကောင်းသောသြဇာလွှမ်းမိုးမှုများ ဆီးတားနိုင်ပုံနှင့်ပတ်သက်၍ အကြံပေးသည်။ ယောဟန်၏စာသုံးစောင်နှင့် ယုဒစာပါသတင်းစကားကို အာရုံစိုက်ခြင်းက အတားအဆီးများကြား ယုံကြည်ခြင်းတွင်ခိုင်မြဲနေရန် ကျွန်ုပ်တို့အား ထောက်ကူနိုင်သည်။—ဟေဗြဲ ၄:၁၂

အလင်း၌၊ ချစ်ခြင်းမေတ္တာ၌ ယုံကြည်ခြင်းအားဖြင့် ဆက်၍လျှောက်လှမ်းကြလော့

(၁ ယော. ၁:၁–၅:၂၁)

ခရစ်တော်နှင့်တစည်းတလုံးတည်းရှိသော အသင်းတော်တစ်ခုလုံးအတွက် ရည်ရွယ်ရေးခဲ့သော ယောဟန်၏ပထမစာစောင်သည် ခရစ်ယာန်များ အယူဖောက်ပြန်ခြင်းကို ဆီးတားရာတွင်၊ အမှန်တရားနှင့် ဖြောင့်မတ်ခြင်းအတွက် ခိုင်မြဲစွာရပ်တည်ရာတွင် ကူညီပေးရန်ရည်စူးလျက် ကောင်းမွန်သောသွန်သင်ချက်ကိုပေးသည်။ အလင်း၌၊ ချစ်ခြင်းမေတ္တာ၌ ယုံကြည်ခြင်းအားဖြင့် ဆက်၍လျှောက်လှမ်းနေရန်လိုကြောင်း အလေးပေးဖော်ပြသည်။

ယောဟန်ဤသို့ရေးသည်– “ကိုယ်တော် [ဘုရားသခင်] သည် အလင်း၌ရှိတော်မူသည်နည်းတူ ငါတို့လည်း အလင်း၌လျှောက်လှမ်းလျှင် အချင်းချင်း မိတ်သဟာယဖွဲ့ရာရောက်၏။” ထို့ပြင် ဘုရားသခင်သည် မေတ္တာ၏ရင်းမြစ်ဖြစ်သောကြောင့် တမန်တော်ဤသို့ပြောသည်– “အချင်းချင်း ဆက်၍ချစ်ကြစို့။” “ဘုရားသခင်ကို ချစ်ခြင်း” က “ကိုယ်တော်၏ပညတ်များကို လိုက်နာ” ရန်ကျွန်ုပ်တို့ကို လှုံ့ဆော်သောကြောင့် ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင်၊ သမ္မာကျမ်းစာနှင့် ကိုယ်တော့်သားတော်တို့အပေါ်ထားသော ‘ကျွန်ုပ်တို့၏ယုံကြည်ခြင်း’ အားဖြင့် လောကကိုအောင်နိုင်ကြသည်။—၁ ယော. ၁:၇; ၄:၇; ၅:၃၊ ၄

ကျမ်းစာမေးခွန်းများအဖြေ–

၂:၂; ၄:၁၀—ယေရှုသည် မည်သို့ “အပြစ်ဖြေရာယဇ်” ဖြစ်သနည်း။ အပြစ်ဖြေခြင်းဟူသည် “ကျေအေးစေ” ရန် သို့မဟုတ် “ကျေနပ်စေ” ရန်ဟုအဓိပ္ပာယ်ရသည်။ ယေရှုသည် မိမိအသက်ကို အပြစ်ဖြေရာယဇ်အဖြစ် ပေးဆက်ခဲ့ပြီး ယင်းသို့ပြုခြင်းဖြင့် ကိုယ်တော်သည် ပြည့်ဝစုံလင်သောတရားမျှတမှု၏တောင်းဆိုချက်ကို ကျေအေးစေ သို့မဟုတ် ကျေနပ်စေခဲ့သည်။ ယင်းအပြစ်ဖြေရာယဇ်ကို အခြေခံ၍ ဘုရားသခင်သည် သနားကြင်နာမှုတင်ပြနိုင်ပြီး ယေရှုကိုယုံကြည်ကြောင်းတင်ပြသူတို့၏အပြစ်များကို ခွင့်လွှတ်နိုင်သည်။—ယော. ၃:၁၆; ရော. ၆:၂၃

၂:၇၊ ၈—ယောဟန်သည် အဘယ်ပညတ် “ဟောင်း” နှင့် ပညတ် “သစ်” အကြောင်းပြောသနည်း။ ညီအစ်ကိုချင်းကိုယ်ကျိုးစွန့်မေတ္တာပညတ်အကြောင်း ပြောဆိုနေခြင်းဖြစ်သည်။ (ယော. ၁၃:၃၄) ယင်းကို ပညတ် “ဟောင်း” အဖြစ်ရည်ညွှန်းရသည့်အကြောင်းမှာ ယောဟန်၏ပထမမှုတ်သွင်းခံစာစောင်မရေးမီ နှစ်ပေါင်း ၆၀ ကျော်တွင် ယင်းပညတ်ကို ယေရှုပေးခဲ့ပြီးဖြစ်သောကြောင့်ဖြစ်၏။ ထို့ကြောင့် ယုံကြည်သူများသည် ခရစ်ယာန်များအဖြစ် မိမိတို့အသက်တာ “စကတည်းက” ယင်းကို ကြားသိပြီးဖြစ်သည်။ ယင်းပညတ်သည် ‘အသစ်’ လည်းဖြစ်၏၊ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်” ဟူသောပညတ်ထက်သာလွန်ပြီး ကိုယ်ကျိုးစွန့်မေတ္တာတင်ပြရန် လိုအပ်သောကြောင့်ဖြစ်သည်။—ဝတ်. ၁၉:၁၈; ယော. ၁၅:၁၂၊ ၁၃

၃:၂သမ—ဘိသိက်ပေးခံရသောခရစ်ယာန်များအတွက် “မထင်ရှားသေး” သည့်အရာကား အဘယ်နည်း၊ မည်သူ့ကို “အဖြစ်တော်အတိုင်း” သူတို့မြင်ကြမည်နည်း။ ဘိသိက်ပေးခံရသောခရစ်ယာန်များ မသိရသေးသည့်အရာမှာ ဝိညာဉ်ခန္ဓာဖြင့် ကောင်းကင်သို့ထမြောက်ကြသောအခါ သူတို့သည် မည်သည့်အရာနှင့်တူမည်ကို ဖြစ်သည်။ (ဖိ. ၃:၂၀၊ ၂၁) သို့သော် သူတို့သိထားသည့်အရာကား “[ဘုရားသခင်] ထင်ရှားတော်မူသည့်ကာလ” ‘ဝိညာဉ်ပုဂ္ဂိုလ်’ “အဖြစ်တော်အတိုင်းပင် ဖူးမြင်ခွင့်ရသောကြောင့် ပုံသဏ္ဌာန်တော်အလိုက်ဖြစ်မည်ကို သိကြ၏။”—၂ ကော. ၃:၁၇၊ ၁၈

၅:၅-၈—“ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်” သည်ဟူသောအချက်ကို ရေ၊ သွေးနှင့် စွမ်းအားတော်တို့က မည်သို့သက်သေခံခဲ့ကြသနည်း။ ရေတွင် ယေရှုနှစ်ခြင်းခံခဲ့သောအခါ ယေဟောဝါကိုယ်တော်တိုင်သည် ကိုယ်တော်အား မိမိသားတော်အဖြစ် နှစ်သက်လက်ခံကြောင်းဖော်ပြသောကြောင့် ရေသည် သက်သေခံတော်မူခဲ့၏။ (မ. ၃:၁၇) ယေရှု၏အသွေး သို့မဟုတ် အသက်ကို “လူအပေါင်းတို့အတွက် ညီမျှသောရွေးနုတ်ဖိုး” အဖြစ်ပေးဆက်ခဲ့ခြင်းကလည်း ယေရှုသည် ဘုရားသခင့်သားတော်ဖြစ်ကြောင်း တင်ပြ၏။ (၁ တိ. ၂:၅၊ ၆) ယေရှုနှစ်ခြင်းခံချိန်တွင် ကိုယ်တော့်အပေါ် သန့်ရှင်းသောစွမ်းအားတော်ဆင်းသက်ခဲ့ပြီး ကိုယ်တော်သည် ‘တစ်ပြည်လုံးလှည့်လည်၍ ကျေးဇူးပြုလျက် စာတန်ညှဉ်းဆဲသောသူအပေါင်းတို့ကို ကျန်းမာစေ’ နိုင်ခြင်းအားဖြင့် ဘုရားသခင့်သားတော်ဖြစ်ကြောင်း သန့်ရှင်းသောစွမ်းအားတော်က သက်သေခံတော်မူခဲ့သည်။—ယော. ၁:၂၉-၃၄; တ. ၁၀:၃၈

ကျွန်ုပ်တို့အတွက် သင်ခန်းစာ–

၂:၉-၁၁; ၃:၁၅ခရစ်ယာန်တစ်ဦးသည် တစ်စုံတစ်ခု သို့မဟုတ် တစ်ဦးတစ်ယောက်ကြောင့် မိမိ၏ညီအစ်ကိုချင်းမေတ္တာကို ပျက်စီးစေခွင့်ပြုပါက သူသည် အဘယ်နေရာသို့သွားသည်ကိုမသိဘဲ အမှောင်ထဲတွင် လျှောက်လှမ်းနေခြင်းဖြစ်သည်။

ဆက်၍ ‘အမှန်တရားတွင် လျှောက်လှမ်းနေခြင်း’

(၂ ယော. ၁-၁၃)

ယောဟန်သည် မိမိ၏ဒုတိယစာကို ဤသို့အစပြုဖော်ပြ၏– ‘အသက်ကြီးသူဖြစ်သော ငါသည် ရွေးချယ်တော်မူသော အမျိုးသမီးနှင့် သူ၏သားသမီးတို့ထံ စာရေးလိုက်ပါသည်။’ “[သူ၏] သားသမီးအချို့သည် အမှန်တရားတွင် လျှောက်လှမ်းနေကြသည်” ကိုတွေ့ရသဖြင့် ဝမ်းမြောက်ကြောင်း ဖော်ပြသည်။—၂ ယော. ၁၊

ချစ်ခြင်းမေတ္တာကို ပြုစုပျိုးထောင်ရန် အားပေးပြီးနောက် ယောဟန်ဤသို့ရေးသည်– “ချစ်ခြင်းမေတ္တာဟူသည် ကိုယ်တော့်ပညတ်အတိုင်း လျှောက်လှမ်းနေခြင်းဖြစ်၏။” ယောဟန်သည် “လှည့်ဖြားသူ၊ ခရစ်တော်ကို ဆန့်ကျင်သူ” အကြောင်းကိုလည်း သတိပေးသည်။—၂ ယော. ၅-၇

ကျမ်းစာမေးခွန်းများအဖြေ–

၁၃—“ရွေးချယ်တော်မူသော အမျိုးသမီး” ကားမည်သူနည်း။ ယောဟန်သည် ဂရိစကားဖြင့် “မိန်းမမြတ်” ဟုအဓိပ္ပာယ်ရှိသော ကီရီယာဟူ၍ လိပ်မူထားသောကြောင့် အမျိုးသမီးတစ်ဦးတစ်ယောက်ကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ သို့မဟုတ် နှိပ်စက်ညှဉ်းပန်းသူတို့ကို မျက်စိလည်သွားစေဖို့ အသင်းတော်တစ်ခုကို လိပ်မူရာတွင် ပုံဆောင်စကားကို အသုံးပြုခြင်းဖြစ်ပေမည်။ ဒုတိယဖော်ပြချက် မှန်ကန်သည်ဆိုလျှင် သူ၏သားသမီးများသည် ယင်းအသင်းတော်သားများဖြစ်မည်ဖြစ်ပြီး “[သူ့] ညီအစ်မ၏သားသမီးတို့” သည်အခြားအသင်းတော်သားများကို ရည်ညွှန်းနေခြင်းဖြစ်မည်။

—ဤတွင် ယောဟန်သည် ယေရှု၏အဘယ် “ကြွလာ” ခြင်းအကြောင်း ပြောသနည်း၊ လှည့်ဖြားသူများသည် ယင်းကို မည်သို့ “မယုံကြည်” ဘဲရှိကြသနည်း။ ဤ “ကြွလာ” ခြင်းသည် အနာဂတ်တွင် ယေရှု၏မျက်မြင်မရသောနည်းဖြင့် ကြွလာခြင်းမဟုတ်ပါ။ ယင်းအစား “လူ့ဇာတိကိုခံယူပြီး ကြွလာတော်မူ” ခြင်းနှင့် ခရစ်တော်အဖြစ် ဘိသိက်ပေးခံရခြင်းဖြစ်သည်။ (၁ ယော. ၄:၂) လှည့်ဖြားသူများသည် ဤလူ့ဇာတိနှင့်ကြွလာခြင်းကို မယုံကြည်ကြပါ။ ယေရှုအသက်ရှင်ခဲ့ဖူးသည် သို့မဟုတ် ကိုယ်တော်သည် သန့်ရှင်းသောစွမ်းအားတော်ဖြင့် ဘိသိက်ပေးခံခဲ့ရသည်ကို သူတို့ငြင်းပယ်ကောင်းငြင်းပယ်ကြပေမည်။

ကျွန်ုပ်တို့အတွက် သင်ခန်းစာ–

။ သမ္မာကျမ်းစာ၏အစိတ်အပိုင်းဖြစ်လာခဲ့သည့် ခရစ်ယာန်သွန်သင်ခြင်းတစ်ခုလုံးတည်းဟူသော “အမှန်တရား” ကိုကျွန်ုပ်တို့သိရှိလာခြင်းနှင့် ယင်းကိုလိုက်နာခြင်းသည် ကျွန်ုပ်တို့ကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ်သည်။—၃ ယော. ၃၊ ၄

၈-၁၁‘ခမည်းတော်ဘုရားသခင်နှင့် ယေရှုခရစ်ထံမှ မဟာကျေးဇူးတော်၊ သနားကြင်နာခြင်း၊ ငြိမ်သက်ခြင်း’ နှင့်တစ်ကွ ယုံကြည်သူချင်းများနှင့်မေတ္တာပါပါပေါင်းသင်းခြင်းတို့ကို မဆုံးရှုံးစေလိုပါက ကျွန်ုပ်တို့သည် ခရစ်တော်၏သွန်သင်ချက်တွင် တည်နေကြောင်းသေချာစေရန် မိမိတို့ကိုယ်ကို “သတိပြု” သင့်ပြီး “ခရစ်တော်၏သွန်သင်ချက်တွင် မတည်မနေ” သူတို့ကို ငြင်းပယ်သင့်သည်။—၂ ယော. ၃

“အမှန်တရား၌ လုပ်ဖော်ဆောင်ဖက်များ” ဖြစ်လာကြလော့

(၃ ယော. ၁-၁၄)

ယောဟန်၏တတိယစာစောင်သည် မိမိမိတ်ဆွေဂါယုထံ ရေးသောစာဖြစ်သည်။ “ငါ၏သားသမီးတို့သည် အမှန်တရားတွင် လိုက်လျှောက်နေကြောင်း ကြားသိရခြင်းထက် သာ၍ဝမ်းမြောက်စရာအကြောင်းမရှိ” ဟူ၍ရေးသည်။—၃ ယော. ၄

ယောဟန်သည် ဂါယုအား လည်ပတ်ရောက်ရှိလာကြသောညီအစ်ကိုများကို ကူညီပေးရာတွင် “သစ္စာရှိရှိလုပ်ဆောင်ပေး” သည့်အတွက်ချီးမွမ်းသည်။ တမန်တော် ဤသို့ပြောသည်– “ငါတို့သည် ထိုသို့သောသူတို့ကို ဧည့်ဝတ်ပြုရမည့်တာဝန်ရှိ၏။ သို့မှသာ အမှန်တရား၌ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြမည်။”—၃ ယော. ၅-၈

ကျမ်းစာမေးခွန်းများအဖြေ–

၁၁—အချို့သူတို့သည် အဘယ်ကြောင့် အကျင့်ဆိုးတွင် ပါဝင်ကြသနည်း။ ခရစ်ယာန်သွန်သင်ခြင်းကို တန်ဖိုးထားရန်ပျက်ကွက်ခြင်းကြောင့် အချို့သူတို့သည် သိမြင်နားလည်ခြင်းမျက်စိနှင့် ဘုရားသခင်ကို မမြင်ကြပါ။ မိမိတို့၏ပကတိမျက်စိဖြင့် ကိုယ်တော်ကိုမမြင်နိုင်သောကြောင့် သူတို့သည် ကိုယ်တော်မမြင်သည့်အလား ပြုမူကြသည်။—ယေဇ. ၉:၉

၁၄—မည်သူတို့ကို “မိတ်ဆွေများ” အဖြစ်ရည်ညွှန်းခဲ့သနည်း။ ဤတွင်အသုံးပြုသော “မိတ်ဆွေများ” ဟူသောဝေါဟာရသည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးသောဆက်ဆံရေးရှိကြသူတို့ထက်မက ပါဝင်သည်။ ယောဟန်သည် ယေဘုယျသဘောဖြင့် ယုံကြည်သူချင်းများကို ရည်ညွှန်းရန် ယင်းကိုအသုံးပြုသည်။

ကျွန်ုပ်တို့အတွက်သင်ခန်းစာ–

အသင်းတော်ရှိ ဘုရားသခင်ကိုကြောက်ရွံ့သောရင့်ကျက်သူတို့သည် ငယ်ရွယ်သူများ “အမှန်တရားတွင် လိုက်လျှောက်နေ” ကြသည်ကိုတွေ့ရသောအခါ များစွာဝမ်းမြောက်ကြသည်။ မိဘတို့သည် မိမိတို့၏ကလေးများ ယေဟောဝါ၏ကျေးကျွန်များဖြစ်လာရန် ကူညီပေးရာတွင် အောင်မြင်သောအခါ မနှိုင်းယှဉ်နိုင်သောရွှင်လန်းမှုကို ခံစားကြရသည်။

၅-၈ယေဟောဝါနှင့် မိမိတို့၏ညီအစ်ကိုများကိုချစ်သောကြောင့် ညီအစ်ကိုများအတွက် ကြိုးစားလုပ်ဆောင်သူတို့ထဲတွင် နယ်လှည့်ကြီးကြပ်မှူးများ၊ ခရစ်ယာန်သာသနာပြုများ၊ ဗေသလအိမ် သို့မဟုတ် ဌာနခွဲရုံးများတွင်အမှုထမ်းဆောင်သူများနှင့် ရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်သူတို့ ပါဝင်ကြသည်။ သူတို့၏ယုံကြည်ခြင်းသည် တုပထိုက်ပြီး သူတို့သည် ကျွန်ုပ်တို့၏မေတ္တာပါသောထောက်ပံ့မှုကို ရထိုက်သည်။

၉-၁၂မကောင်းပြောဆိုသူ၊ ရှုတ်ချဂုဏ်ဖျက်သူ ဒယောတရပ်ကိုမဟုတ်ဘဲ တည်ကြည်သောဒေမေတရိ၏ပုံသက်သေကို ကျွန်ုပ်တို့တုပသင့်သည်။

“ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့”

(ယု. ၁-၂၅)

ယုဒက အသင်းတော်ထဲစိမ့်ဝင်လာသူတို့သည် “မိမိတို့၏ဘဝအခြေအနေကို မကျေမနပ် ညည်းညူမြည်တမ်းကြ၍ မိမိတို့အလိုဆန္ဒနောက်သို့ လိုက်ကြ” သူများအဖြစ် ဖော်ပြသည်။ သူတို့သည် “ဝါကြွားသောစကားများကို ပြောဆိုကာ . . . သူတစ်ပါးကို မြှောက်ပင့်တတ်ကြ၏။”—ယု. ၄၊ ၁၆

ခရစ်ယာန်များသည် မကောင်းသောသြဇာလွှမ်းမိုးမှုများကို မည်သို့ဆီးတားနိုင်သနည်း။ ယုဒ ဤသို့ရေးသည်– “ချစ်ရသောသူတို့၊ ငါတို့သခင်ယေရှုခရစ်၏တမန်တော်များ အထက်ကပြောဆိုခဲ့ဖူးသောစကားများကို သတိရကြလော့။” ဤသို့လည်းပြော၏– “ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့။”—ယု. ၁၇-၂၁

ကျမ်းစာမေးခွန်းများအဖြေ–

၃၊ ၄—ယုဒသည် ခရစ်ယာန်များအား “ယုံကြည်ခြင်းအတွက် ကြိုးစား၍တိုက်လှန်” ကြရန် အဘယ်ကြောင့် တိုက်တွန်းခဲ့သနည်း။ အကြောင်းမှာ ‘ဘုရားတရားမဲ့သောသူတို့သည် အသင်းတော်ထဲလျှိုဝင်လာခဲ့’ သောကြောင့်ဖြစ်သည်။ ထိုသူတို့သည် ‘ဘုရားသခင့် ကျေးဇူးတော်ကို အခွင့်ကောင်းယူ၍ အကျင့်ပျက်နေကြ၏။’

၂၀၊ ၂၁—ကျွန်ုပ်တို့သည် “ဘုရားသခင့်မေတ္တာတော်၌ [မိမိတို့ကိုယ်ကို]” မည်သို့ “တည်နေ” နိုင်သနည်း။ ကျွန်ုပ်တို့လုပ်နိုင်သည့်နည်းသုံးနည်းရှိသည်– (၁) သမ္မာကျမ်းစာကို ဝီရိယရှိရှိလေ့လာပြီး ဟောပြောခြင်းလုပ်ငန်းတွင် ဇွဲဖြင့်ပါဝင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ “အသန့်ရှင်းဆုံး ယုံကြည်ခြင်းတရား” တွင် မိမိတို့ကိုယ်ကိုတည်ဆောက်ခြင်း၊ (၂) “သန့်ရှင်းသော စွမ်းအားတော်နှင့်အညီ” သို့မဟုတ် ယင်း၏လွှမ်းမိုးမှုနှင့်အညီဆုတောင်းခြင်းနှင့် (၃) ထာဝရအသက်ရရှိစေနိုင်သည့်အရာတည်းဟူသော ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ကြောင်းတင်ပြခြင်းတို့ဖြစ်ကြသည်။—ယော. ၃:၁၆၊ ၃၆

ကျွန်ုပ်တို့အတွက်သင်ခန်းစာ–

၅-၇ဆိုးညစ်သူတို့သည် ဘုရားသခင့်တရားစီရင်ခြင်းမှ လွတ်မြောက်နိုင်သလော။ ယုဒတင်ပြခဲ့သည့် သတိပေးနမူနာသုံးခုအရ မလွတ်မြောက်နိုင်။

၈-၁၀ကောင်းကင်တမန်မင်းမိက္ခေလ၏ပုံသက်သေကို ကျွန်ုပ်တို့လိုက်လျှောက်သင့်ပြီး ယေဟောဝါအခွင့်အာဏာပေးထားသူတို့အပေါ် ရိုသေလေးစားမှုတင်ပြသင့်သည်။

၁၂ရေအောက်ကျောက်ဆောင်များသည် သင်္ဘောများ သို့မဟုတ် ရေကူးသမားများအတွက် အန္တရာယ်ရှိသကဲ့သို့ ဟန်ဆောင်ချစ်တတ်သောအယူဖောက်ပြန်သူတို့သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းအတွက် အန္တရာယ်ရှိသည်။ အတုအယောင်ဆရာများသည် ရက်ရောသူတို့ဖြစ်ပုံပေါက်ပေမည်၊ သို့သော် သူတို့သည် ဘုရားသခင့်အသိပညာမရှိကြသောကြောင့် ရေမရှိသောမိုးတိမ်များနှင့်တူကြသည်။ ထိုသို့သောသူတို့သည် ဆောင်းဦးနှောင်းပိုင်းတွင် အသီးမဲ့အပင်သေများဖြစ်ကြသည်။ နုတ်ပစ်ခံရသောသစ်ပင်များကဲ့သို့ သူတို့လည်း ဖျက်ဆီးခြင်းကို ရင်ဆိုင်ကြရသည်။ အယူဖောက်ပြန်သူတို့ကိုရှောင်ကြဉ်ခြင်းသည် ပညာရှိရာရောက်၏။

၂၂၊ ၂၃စစ်မှန်သောခရစ်ယာန်များသည် မကောင်းမှုကို မုန်းကြသည်။ ထာဝရဖျက်ဆီးခြင်းမီးဒဏ်မှ “ယုံမှားသံသယဖြစ်သူအချို့ကို” ကယ်နုတ်ဖို့ကြိုးစားရာတွင် အသင်းတော်ရှိရင့်ကျက်သူတို့—အထူးသဖြင့် ခန့်အပ်ခံကြီးကြပ်မှူးများ—သည် ထိုသူတို့၏ယုံကြည်ခြင်းပြန်လည်ရှိရန် ကူညီပေးကြသည်။

[စာမျက်နှာ ၂၈ ပါပုံစာ]

ရေ၊ စွမ်းအားတော်နှင့် သွေးတို့က “ယေရှုသည် ဘုရားသခင့် သားတော်ဖြစ်” ကြောင်းသက်သေခံကြ