မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်ရည်ရွယ်ချက်တွင် မာရိ၏အခန်းကဏ္ဍ

ဘုရားသခင့်ရည်ရွယ်ချက်တွင် မာရိ၏အခန်းကဏ္ဍ

ဘုရားသခင့်ရည်ရွယ်ချက်တွင် မာရိ၏အခန်းကဏ္ဍ

ယေရှု ဓမ္မအမှုဆောင်နေစဉ် တစ်ကြိမ်တွင် လူအုပ်ထဲမှ အမျိုးသမီးတစ်ဦးသည် “ကိုယ်တော့်ကို ဝမ်းနှင့်လွယ်၍ နို့တိုက်ခဲ့သောသူသည် ပျော်ရွှင်၏” ဟုအော်ပြောလေ၏။ ယေရှုသာ လူတို့အား မိမိ၏မိခင်ကို ကြည်ညိုလေးမြတ်စေလိုပါက ယင်းသည် ထိုသို့ပြုလုပ်ပါဟု ထောက်ခံပြောဆိုရန် အခွင့်ကောင်းပင်။ ယင်းအစား ကိုယ်တော်က “ဘုရားသခင်၏တရားစကားတော်ကို ကြားနာ၍ စောင့်ရှောက်သောသူသည် သာ၍ပျော်ရွှင်၏” ဟုပြန်၍မိန့်ဆိုခဲ့သည်။—လုကာ ၁၁:၂၇၊ ၂၈

ယေရှုသည် မိမိ၏မိခင်ကို အထူးဂုဏ်တင်ကာ ကြည်ညိုကိုင်းရှိုင်းမှုများ မပြုခဲ့၊ သူ၏တပည့်များကိုလည်း ထိုသို့ပြုရန် မမိန့်ဆိုခဲ့ပါ။ သို့သော် လူများစွာသည် မာရိကို ကိုးကွယ်နေကြရာ ယင်းနှင့်မည်သို့ကိုက်ညီမှုရှိသနည်း။ ယေရှု၏မိခင်မာရိနှင့်ပတ်သက်၍ အများလက်ခံထားသော သွန်သင်ချက်အချို့ကို ကျမ်းစာနှင့်နှိုင်းယှဉ်စစ်ဆေးကြည့်ကြပါစို့။

“ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသောသူ၊” ‘မိန်းမတကာတို့ထက် ကောင်းချီးခံစားရသောသူ’

ဘုရားသခင့်ရည်ရွယ်ချက်တွင် မာရိ၏အခန်းကဏ္ဍမည်သို့ရှိမည်ကို ကောင်းကင်တမန်ဂါဗြေလ လာရောက်ပြောပြခဲ့သည်။ ထိုအချိန်တွင် သူက မာရိအား ‘အထူးမျက်နှာသာရသောသူ၊ သင်၌ ငြိမ်သက်ခြင်းရှိပါစေ။ ယေဟောဝါဘုရားသခင်သည် သင်နှင့်အတူ ရှိတော်မူ၏’ ဟုနှုတ်ဆက်၏။ (လုကာ ၁:၂၈) ယင်းကို “ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသောသူ၊ သခင်ဘုရားသည် သင်နှင့်အတူရှိတော်မူ၏” ဟုလည်း ဘာသာပြန်ဆိုနိုင်သည်။ ထို့နောက် မကြာမီ မာရိသည် ဧလိရှဗက်ထံသွားလည်ရာ သူက “သင်သည် မိန်းမတကာတို့ထက် ကောင်းချီးခံစားရ၏။ သင်၏ဝမ်း၌ရှိသော သူငယ်သည်လည်း ကောင်းချီးခံစားရ၏” ဟုနှုတ်ဆက်ပြန်၏။ (လုကာ ၁:၄၂) ထိုစကားစုများက မာရိသည် အထူးကြည်ညိုလေးမြတ်မှုကို ရထိုက်ကြောင်း ဖော်ပြနေသည်မဟုတ်လော။

အမှန်မှာ မဖော်ပြပါ။ ကက်သလစ်များသည် ထိုစကားလုံးများဖြင့် မာရိထံဆုတောင်းကြသော်လည်း သူ့ထံဆုတောင်းခြင်းနှင့်ပတ်သက်သည့် အထောက်အထား ကျမ်းစာတွင် မပါရှိပေ။ ဂါဗြေလနှင့်ဧလိရှဗက်သည် မေရှိယကိုဖွားမြင်မည့်သူအဖြစ် မာရိ၏ ထူးခြားသောအခွင့်ထူးကို အသိအမှတ်ပြုခြင်းသာဖြစ်သည်။ သို့သော် မာရိထံဆုတောင်းခြင်းနှင့်ပတ်သက်သည့် ယူဆချက်ကို သမ္မာကျမ်းစာတွင် လုံးဝမတွေ့ရပါ။ ယင်းအစား မည်သို့ဆုတောင်းရမည်ကို သင်ပေးပါဟု ယေရှု၏တပည့်များ တောင်းဆိုသောအခါ ကိုယ်တော်က မိမိခမည်းတော်ထံသာ ဦးတိုက်ဆုတောင်းရန် သင်ပေးခဲ့သည်။ ထို့ကြောင့် ယေရှုသင်ပေးခဲ့သော စံပြဆုတောင်းချက်သည် “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ” ဟူသောစကားစုဖြင့် အစပြုထားခြင်းဖြစ်သည်။—မဿဲ ၆:၉

အုပ်စိုးရှင်များမှတစ်ဦး

မာရိနှင့်ပတ်သက်၍ လူသိများသည့် နောက်သွန်သင်ချက်တစ်ခုမှာ သူသည် ယခု “ကောင်းကင်မိဖုရား” ဖြစ်နေပြီဟူသောအချက်ဖြစ်သည်။ ကျမ်းစာတွင် မာရိကို တစ်ခါမျှ ထိုသို့မခေါ်ဆိုထားပါ။ သို့သော် သူသည် ဘုရားသခင့်ကောင်းကင်အစီအစဉ်တွင် အထူးနေရာတစ်နေရာရရှိကြောင်းကိုမူ ကျမ်းစာကဖော်ပြသည်။ အဘယ်နေရာနည်း။

ယေရှုက မိမိ၏သစ္စာရှိနောက်လိုက်အချို့သည် ဘုရားသခင့်နိုင်ငံတော်တွင် မိမိနှင့်အတူ စိုးစံရမည်ဟုမိန့်ဆိုခဲ့ဖူးသည်။ (လုကာ ၂၂:၂၈-၃၀) ယေရှုသည် ထိုရွေးချယ်ထားသူများကို “ကျွန်ုပ်တို့၏ ဘုရားသခင်အတွက် . . . ယဇ်ပုရောဟိတ်များ ဖြစ်စေတော်မူ၍ . . . ဘုရင်များအဖြစ် မြေကြီးကို အုပ်စိုး” ရန် အာဏာအပ်နှင်းပါမည်။ (ဗျာ. ၅:၁၀) ထိုအခွင့်ထူးအပ်နှင်းခံရသူများတွင် မာရိလည်းပါဝင်ကြောင်း ကျမ်းစာက ရှင်းလင်းစွာဖော်ပြပါသည်။ ယင်းသို့ဖြစ်ကြောင်း မည်သို့ဆိုနိုင်သနည်း။

ယေရှုသေဆုံးပြီးနောက် မာရိသည် ယေရှု၏တပည့်များ၊ ညီများနှင့်အတူ “အမြဲဆုတောင်း” နေကြောင်း သင်မှတ်မိပေမည်။ ထိုသို့ဆုတောင်းရန် “အမျိုးသမီးအချို့” အပါအဝင် လူ ၁၂၀ ခန့်စုဝေးခဲ့သည်။ (တမန်တော် ၁:၁၂-၁၅) “ပင်တေကုတ္တေပွဲ ကျင်းပနေစဉ် ထိုသူအပေါင်းတို့သည် တစ်နေရာတည်း၌ စုဝေး၍နေကြ၏၊” ထိုအချိန်တွင် သူတို့အပေါ်သို့ ဘုရားသခင်၏သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းခံရပြီး ဘာသာခြားစကားများ ပြောနိုင်စွမ်းကိုရရှိခဲ့သည်ဟု ကျမ်းစာကဆိုသည်။—တမန်တော် ၂:၁-၄

သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်းခံရသူများတွင် မာရိပါဝင်သည်ဟူသောအချက်က ယေရှု၏ကောင်းကင်နိုင်ငံတော်တွင် ကိုယ်တော်နှင့်အတူတွဲဖက်အုပ်စိုးရန် သူရွေးချယ်ခံရကြောင်း ဖော်ပြသည်။ ထို့ကြောင့် ယခု မာရိသည် ကောင်းကင်တွင် ယေရှုနှင့်အတူ ဘုန်းဝင်စားနေပြီဖြစ်ကြောင်း ယုံကြည်နိုင်ပါသည်။ (ရောမ ၈:၁၄-၁၇) ဘုရားသခင့်ရည်ရွယ်ချက်များပြည့်စုံလာရေးတွင် မာရိနှင့် အခြားတွဲဖက်အုပ်စိုးရှင်များ ရရှိမည့် အခွင့်ထူးအချို့ကို သုံးသပ်ကြည့်ပါ။

အံ့ဖွယ်ကောင်းချီးများကို မျှဝေပေးခြင်း

လူပေါင်း ၁၄၄,၀၀၀ သည် ယဇ်ပုရောဟိတ်များ၊ တရားသူကြီးများနှင့်ဘုရင်များအဖြစ် ယေရှုနှင့်အတူ အမှုဆောင်ရန် ကောင်းကင်သို့ထမြောက်ကြမည်ဟု ကျမ်းစာကဆိုသည်။ (ဗျာ. ၁၄:၁၊ ၄; ၂၀:၄၊) သူတို့သည် ယေရှုရွေးနုတ်ဖိုး၏ အကျိုးကျေးဇူးများကိုသုံးကာ နာခံမှုရှိလူသားအားလုံး ဘုရားသခင်နှင့်သူတို့၏ဆက်ဆံရေး၊ ကိုယ်ကျင့်တရားနှင့် ရုပ်ပိုင်းတို့တွင် စုံလင်လာရန် ဝိုင်းဝန်းလုပ်ဆောင်ပေးခြင်းဖြင့် ယဇ်ပုရောဟိတ်တာဝန်ကို ထမ်းဆောင်ကြမည်။ (ဗျာ. ၂၁:၁-၄) ထိုအံ့မခန်းဖွယ်အချိန်ကို တွေ့မြင်ခွင့်ရခြင်းသည် ယေဟောဝါအား သစ္စာရှိစွာဝတ်ပြုသူအားလုံးအတွက် အခွင့်ထူးကြီးပင်။ *

မာရိသည် ယေဟောဝါ၏ရည်ရွယ်ချက်များ ပြည့်စုံလာရေးတွင် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်ခဲ့ပြီး ပါဝင်နေဆဲဖြစ်သည်။ မာရိ၏ နှိမ့်ချမှုရှိခြင်း၊ ယုံကြည်ခြင်း၊ နာခံမှုရှိခြင်း၊ မိခင်တစ်ဦးအဖြစ် သစ္စာရှိခြင်း၊ စမ်းသပ်မှုများအောက် ခံနိုင်ရည်ရှိခြင်းတို့ကြောင့် မာရိကို တုပထိုက်ပါသည်။ မေရှိယကို ဖွားမြင်ပေးခြင်း၊ ရွေးနုတ်ဖိုး၏ထာဝရကောင်းချီးများကို လူသားတို့အား မျှဝေပေးရာတွင် ပါဝင်ခြင်းတို့ကြောင့် မာရိကို အလွန်လေးမြတ်သင့်ပါသည်။

သို့သော် မာရိထံမှရရှိသော အရေးကြီးဆုံးသင်ခန်းစာမှာ မာရိသည် အခြားသစ္စာရှိကျေးကျွန်အားလုံးနည်းတူ ယေဟောဝါမှတစ်ပါး အခြားဘုရားသခင်များကို မဝတ်ပြုခဲ့ခြင်းဖြစ်သည်။ ‘. . . ပေါ်တွင် ထိုင်တော်မူသောအရှင် [ယေဟောဝါဘုရားသခင်] နှင့် သိုးသငယ် [ယေရှုခရစ်] သည် ကောင်းချီးမင်္ဂလာ၊ ဂုဏ်အသရေ၊ ထည်ဝါသောအသရေ၊ အစွမ်းခွန်အားတို့နှင့် အစဉ်ထာဝရ ပြည့်စုံတော်မူပါစေ’ ဟု ခရစ်တော်၏ အခြားတွဲဖက်အုပ်စိုးရှင်များနှင့်အတူ ကောင်းကင်တွင် မာရိ ကြွေးကြော်နေပါသည်။—ဗျာ. ၅:၁၃; ၁၉:၁၀

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ထိုကောင်းချီးများနှင့်ပတ်သက်သည့် ထပ်ဆင့်အချက်အလက်များကို ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ် အခန်း ၈ တွင်ကြည့်ပါ။

[စာမျက်နှာ ၁၀ ပါ အကျဉ်းဖော်ပြချက်]

မာရိ၏ နှိမ့်ချမှုရှိခြင်း၊ ယုံကြည်ခြင်း၊ နာခံမှုရှိခြင်းတို့ကို တုပထိုက်ပါသည်