မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သေလွန်သူများကို သင် ကြောက်ရွံ့သလော

သေလွန်သူများကို သင် ကြောက်ရွံ့သလော

သေလွန်သူများကို သင် ကြောက်ရွံ့သလော

လူများစွာက “မကြောက်ပါဘူး။ ဘာလို့ကြောက်ရမှာလဲ” ဟုဖြေဆိုကြသည်။ သေလွန်သူများသည် အမှန်ပင် သေဆုံးသွားကြောင်း သူတို့ယုံကြည်သောကြောင့်ဖြစ်သည်။ သို့သော် သန်းနှင့်ချီသောလူများကမူ သေလွန်သူများသည် ဝိညာဉ်များအဖြစ် ဆက်အသက်ရှင်နေသည်ဟု ယုံကြည်ကြသည်။

သေလွန်သူတို့သည် မိသားစုဝင်များကိုသတ်ရန် ပြန်လာတတ်သည်ဟု အာဖရိကအနောက်ပိုင်းရှိ ဘီနင်နိုင်ငံမှ လူများစွာယုံကြည်ကြသည်။ ထို့ကြောင့် သေဆုံးသွားသော ဆွေမျိုးသားချင်းများ ကျေနပ်စေရန် တိရစ္ဆာန်ယဇ်ကောင်များကို ပူဇော်ပေးရပြီး ယင်းအတွက် သူတို့ပိုင်ဆိုင်ရာများကို ရောင်းချကြရသည် သို့မဟုတ် အကြွေးတင်နေကြရသည်။ သေလွန်သူ၏ဝိညာဉ်သည် ဆက်အသက်ရှင်နေပြီး အသက်ရှင်နေသူများကို ဆက်သွယ်နိုင်စွမ်းရှိသည်ဟူ၍ ယုံကြည်သော နတ်ဆိုးပညာ လိုက်စားသူများလည်းရှိသည်။ သေလွန်သူတို့၏ဝိညာဉ်များက ခြောက်လှန့်သည်ဟု ယူဆရသည့် အဖြစ်အပျက်များကိုလည်း လူအချို့ ကြုံတွေ့ဖူးကြသည်။

ထိုသို့ကြုံတွေ့ခဲ့သူတစ်ဦးမှာ ဘီနင်နှင့်နိုင်ဂျီးရီးယားနိုင်ငံကြား နယ်စပ်ဒေသအနီးတွင်နေထိုင်သော အာဂ်ဘူလာဖြစ်သည်။ သူဤသို့ပြောသည်– “ကျွန်တော်တို့ဒေသမှာ နတ်ဆိုးပညာက ဘဝကဏ္ဍတိုင်းမှာ ပါဝင်ပတ်သက်နေတယ်။ ဝိညာဉ်ဘုံအတွက် ကြိုတင်ပြင်ဆင်ပေးတဲ့အနေနဲ့ လူသေအလောင်းတွေကို ရိုးရာဓလေ့နဲ့အညီ ရေချိုးပေးရတဲ့ထုံးစံရှိတယ်။ အဲဒီလို ရေချိုးပေးပြီးတော့ ကျန်နေတဲ့ဆပ်ပြာကို ကျွန်တော် စုသိမ်းပြီး အရွက်တချို့နဲ့ရောလိုက်တယ်။ ပြီးတဲ့နောက် ကျွန်တော့်ရဲ့အမဲလိုက်ရိုင်ဖယ်ကို ခုနက ရောထားတဲ့ဆပ်ပြာတွေ သုတ်လိမ်းပြီး ကျွန်တော်ပစ်သတ်ချင်တဲ့သားကောင်ရဲ့အမည်ကို အော်ပြောလိုက်တယ်။ ဒီလိုလုပ်တာက ထုံးစံလိုဖြစ်နေပြီ၊ တော်တော်လည်းထိရောက်တဲ့ပုံပဲ။ ဒါပေမဲ့ နတ်ဆိုးပညာတချို့က တော်တော်ကြောက်စရာကောင်းတယ်။

“ကျွန်တော့်ရဲ့သားနှစ်ယောက်က ရုတ်တရက် ထူးထူးဆန်းဆန်းသေဆုံးသွားတဲ့အခါ တစ်ယောက်ယောက်က နတ်ဆိုးပညာနဲ့ ကျွန်တော့်ကို ဒုက္ခပေးတာများလားဆိုပြီး သံသယဝင်လာတယ်။ ဒါနဲ့၊ အစွမ်းထက်တယ်လို့ နာမည်ကြီးနေတဲ့ နတ်ဆရာတစ်ယောက်ဆီ ကျွန်တော်သွားတယ်။ ကျွန်တော်ထင်ထားတာ မှန်တယ်လို့ သူပြောတယ်။ ပိုဆိုးတာက ကျွန်တော့်သားနှစ်ယောက်က သူတို့ကိုသတ်တဲ့လူ သေတဲ့အခါ အဲဒီလူရဲ့ အစေခံလုပ်ဖို့ ဝိညာဉ်ဘုံမှာ စောင့်နေတယ်ဆိုပဲ။ ပြီးတော့ တတိယသားလည်း သေလိမ့်မယ်လို့ သူပြောတယ်။ သိပ်မကြာဘူး၊ တတိယသားလေး သေသွားတယ်။”

အာဂ်ဘူလာသည် အိမ်နီးချင်းနိုင်ဂျီးရီးယားနိုင်ငံမှ ယေဟောဝါသက်သေတစ်ဦးဖြစ်သော ဂျွန်နှင့် ဆုံတွေ့ခဲ့သည်။ ဂျွန်သည် လူသေတို့၏အခြေအနေအကြောင်းကို ကျမ်းစာဖြင့်ရှင်းပြခဲ့သည်။ ထိုရှင်းပြချက်သည် သူ၏ဘဝကို ပြောင်းလဲစေခဲ့သည်။ ယင်းသည် သင့်ဘဝကိုလည်း ပြောင်းလဲစေနိုင်သည်။

လူသေများ အသက်ရှင်နေကြသလော

ထိုမေးခွန်းကို မည်သူ အကောင်းဆုံးဖြေဆိုနိုင်သနည်း။ အစွမ်းထက်သည်ဟု နာမည်ကြီးနေသော နတ်ဆရာများ မဟုတ်ပါ။ “ကောင်းကင်နှင့် မြေကြီးပေါ်တွင် ရှိသမျှသော မြင်နိုင်သည့်အရာ၊ မမြင်နိုင်သည့်အရာ” များကို ဖန်ဆင်းတော်မူသောအရှင် ယေဟောဝါသာ ဖြေကြားနိုင်၏။ (ကောလောသဲ ၁:၁၆) ကိုယ်တော်သည် ဝိညာဉ်ဘုံတွင်နေထိုင်မည့် ကောင်းကင်တမန်များနှင့် မြေကြီးပေါ်တွင်နေထိုင်မည့် လူနှင့်တိရစ္ဆာန်များကို ဖန်ဆင်းခဲ့သည်။ (ဆာလံ ၁၀၄:၄၊ ၂၃၊ ၂၄) နေရာတိုင်းမှ သက်ရှိသတ္တဝါအားလုံးသည် ကိုယ်တော်ကြောင့်သာ ဖြစ်တည်လာရခြင်းဖြစ်သည်။ (ဗျာ. ၄:၁၁) သို့ဆိုလျှင် ဘုရားသခင့်နှုတ်မြွက်တော် သမ္မာကျမ်းစာက သေခြင်းနှင့်ပတ်သက်၍ မည်သို့ဖော်ပြကြောင်း သုံးသပ်ကြည့်ပါ။

သေခြင်းအကြောင်း ဦးစွာပြောဆိုခဲ့သူမှာ ယေဟောဝါဖြစ်သည်။ မိမိကို မနာခံလျှင် သေဆုံးမည်ဟု အာဒံနှင့်ဧဝအား ကိုယ်တော်သတိပေးခဲ့သည်။ (ကမ္ဘာဦး ၂:၁၇) ယင်းသည် ဘာကိုဆိုလိုသနည်း။ “သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်” ဟုယေဟောဝါရှင်းပြခဲ့သည်။ (ကမ္ဘာဦး ၃:၁၉) ကိုယ်ခန္ဓာသည် သေဆုံးသောအခါ ယိုယွင်းပျက်စီးသွားပြီး မြေမှုန့်ပြန်ဖြစ်သွားသည်။ အသက်လည်း မတည်ရှိတော့ချေ။

အာဒံနှင့်ဧဝသည် စိတ်လိုကိုယ်လျောက် မနာခံခဲ့ခြင်းဖြစ်ရာ သေဒဏ်ချမှတ်ခံရ၏။ သို့သော် သူတို့သည် ဦးဆုံးသေဆုံးခဲ့သူများ မဟုတ်ပါ။ သူတို့၏သားဖြစ်သူ အာဗေလသည် ဦးစွာသေဆုံးခဲ့၏။ အစ်ကိုဖြစ်သူ ကာဣနက သတ်ခဲ့ခြင်းဖြစ်သည်။ (ကမ္ဘာဦး ၄:၈) သို့သော် ကာဣနသည် သေဆုံးသွားသော ညီဖြစ်သူက ပြန်ကလဲ့စားချေမည်ကို မကြောက်ရွံ့ခဲ့ချေ။ ယင်းအစား၊ ကာဣနသည် အသက်ရှင်နေသည့်လူသားများက မိမိအား အန္တရာယ်ပြုမည်ကိုသာ ပို၍စိုးရိမ်ခဲ့သည်။—ကမ္ဘာဦး ၄:၁၀-၁၆

ရာစုနှစ်များစွာကြာပြီးနောက်၊ နက္ခတ်ဗေဒင်ဆရာများက ဘုရင်ဟေရုဒ်အား သူ၏နိုင်ငံတွင် “ယုဒရှင်ဘုရင်” ဖွားမြင်ပြီဖြစ်ကြောင်း သတင်းပေးသောအခါ သူစိုးရိမ်တုန်လှုပ်သွားသည်။ ဟေရုဒ်သည် ဘုရင်ဖြစ်လာမည့်သူကို သတ်လိုသောကြောင့် ဘက်သလီဟင်မြို့ရှိ နှစ်နှစ်နှင့်နှစ်နှစ်အောက်သားယောက်ျားအားလုံးကို သတ်ရန် အမိန့်ထုတ်ခဲ့သည်။ သို့သော် ကောင်းကင်တမန်တစ်ပါးက မာရိနှင့်သူငယ်ယေရှုကိုခေါ်၍ “အီဂျစ်ပြည်သို့ ထွက်ပြေး” ရန် ယောသပ်ကို သတိပေးခဲ့သည်။—မဿဲ ၂:၁-၁၆

ဟေရုဒ်သေဆုံးသောအခါ ကောင်းကင်တမန်က ယောသပ်ကို “အစ္စရေးပြည်သို့ ပြန်သွားလော့။ သူငယ်၏အသက်ကို သတ်လိုသူတို့ သေဆုံးသွားကြပြီ” ဟုပြောခဲ့သည်။ (မဿဲ ၂:၁၉၊ ၂၀) ဟေရုဒ်သည် ယေရှုကို အန္တရာယ်ပြုနိုင်တော့မည်မဟုတ်ကြောင်း ဝိညာဉ်ပုဂ္ဂိုလ်တစ်ပါးဖြစ်သော ထိုကောင်းကင်တမန် သိသည်။ ယောသပ်သည်လည်း သေဆုံးသွားသော ဘုရင်ဟေရုဒ်ကို မကြောက်ရွံ့ခဲ့ချေ။ ယင်းအစား ဟေရုဒ်၏သားဖြစ်သူ မင်းဆိုးအာခေလက အန္တရာယ်ပြုမည်ကိုသာ ယောသပ်စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ယောသပ်သည် အာခေလ၏စီရင်ပိုင်ခွင့်နယ်မြေ အပြင်ဘက်ရှိ ဂါလိလဲနယ်တွင် သူ့မိသားစုကို အခြေချခဲ့သည်။—မဿဲ ၂:၂၂

သေလွန်သူများသည် မည်သည့်အရာကိုမျှ မတတ်စွမ်းနိုင်ကြောင်း ထိုမှတ်တမ်းများက နားလည်စေသည်။ သို့ဆိုလျှင် အာဂ်ဘူလာနှင့် အခြားသူတို့ ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များကို မည်သို့ဆိုမည်နည်း။

‘နတ်ဆိုးများ’ သို့မဟုတ် ညစ်ညူးသောနတ်များ

တစ်ကြိမ်တွင် ယေရှုသည် နတ်ဆိုးများနှင့် ကြုံတွေ့ခဲ့သည်။ ထိုသူတို့သည် ယေရှုကိုမှတ်မိကာ “ဘုရားသခင်၏သားတော်” ဟုခေါ်ခဲ့ကြသည်။ ယေရှုလည်း ၎င်းတို့မည်သူဖြစ်ကြောင်း ကောင်းစွာသိသည်။ ၎င်းတို့သည် သေလွန်သူများ၏ ဝိညာဉ်များမဟုတ်ပါ။ ယင်းအစား ယေရှုက ၎င်းတို့သည် “နတ်ဆိုး” သို့မဟုတ် ညစ်ညူးသောနတ်များဖြစ်ကြောင်း ဖော်ပြခဲ့သည်။—မဿဲ ၈:၂၉-၃၁; ၁၀:၈; မာကု ၅:၈

ဘုရားသခင်ကို တည်ကြည်သော ဝိညာဉ်သတ္တဝါများနှင့် ဆန့်ကျင်ပုန်ကန်သောနတ်ဆိုးများအကြောင်း ကျမ်းစာတွင် ဖော်ပြထားသည်။ ယေဟောဝါသည် မနာခံသော အာဒံနှင့်ဧဝကို ဧဒင်ဥယျာဉ်မှနှင်ထုတ်ပြီးနောက် မည်သူမျှမဝင်နိုင်အောင် ထိုဥယျာဉ်၏အရှေ့အရပ်တွင် ကောင်းကင်တမန်ခေရုဗိမ်တို့ကို အစောင့်အရှောက်ထားခဲ့ကြောင်း ကမ္ဘာဦးကျမ်းက ဖော်ပြထားသည်။ (ကမ္ဘာဦး ၃:၂၄) ယင်းသည် ဝိညာဉ်သတ္တဝါများကို လူသားတို့ ဦးဆုံးအကြိမ် မျက်ဝါးထင်ထင် တွေ့မြင်ရခြင်း ဖြစ်ပေမည်။

နောက်ပိုင်းတွင် ကောင်းကင်တမန်အချို့သည် မြေကြီးပေါ်သို့ ဆင်းသက်လာကာ လူအယောင်ဆောင်ကြသည်။ ယေဟောဝါသည် ၎င်းတို့ကို မြေကြီးပေါ်တွင် ထမ်းဆောင်ရန် မည်သည့်တာဝန်ကိုမျှ မပေးခဲ့ချေ။ အမှန်မှာ ၎င်းတို့သည် ဝိညာဉ်ဘုံဖြစ်သော “မိမိတို့နေသင့်ရာအရပ်ကို စွန့်ခွာ” ခဲ့ခြင်းဖြစ်သည်။ (ယုဒ ၆) ၎င်းတို့၏ရည်ရွယ်ချက်မှာ တစ်ကိုယ်ကောင်းဆန်၏။ ၎င်းတို့သည် လူမိန်းမများနှင့် စုံဖက်ကြပြီး နက်ဖလင်ဟုခေါ်သော နှစ်မျိုးစပ်ကလေးများ မွေးဖွားလာသည်။ ထိုနက်ဖလင်များနှင့် ပုန်ကန်သောဖခင်များသည် မြေကြီးပေါ်တွင် အကြမ်းဖက်မှုနှင့် အခြားဆိုးသွမ်းမှုများ ပြည့်နှက်စေခဲ့သည်။ (ကမ္ဘာဦး ၆:၁-၅) ယေဟောဝါသည် နောဧခေတ်တွင် ကမ္ဘာချီရေလွှမ်းမိုးဘေးကျရောက်စေခြင်းဖြင့် ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။ လွှမ်းမိုးသောရေသည် ထိုဆိုးသွမ်းသောယောက်ျားမိန်းမများနှင့် နက်ဖလင်များကို ဖျက်ဆီးခဲ့သည်။ သို့သော် ထိုကောင်းကင်တမန်များကော မည်သို့ဖြစ်သွားသနည်း။

၎င်းတို့သည် ရေလွှမ်းမိုးဘေးကြောင့် ဝိညာဉ်ဘုံသို့ ပြန်တက်သွားကြသည်။ သို့သော် ယေဟောဝါသည် ၎င်းတို့၏ “မူလအခွင့်အရာ” ကို ပြန်လည်ရယူခွင့်မပြုခဲ့ချေ။ (ယုဒ ၆) ကျမ်းစာတွင် ဤသို့ဆိုသည်– “ဘုရားသခင်သည် ပြစ်မှားသောကောင်းကင်တမန်များကို အပြစ်မပေးဘဲ နေတော်မမူ။ သူတို့ကို တားတရပ်စ်သို့ ပစ်ချ၍ တရားစီရင်ရန် မှောင်မိုက်တွင်းများတွင် ထားတော်မူ၏။”—၂ ပေတရု ၂:၄

တားတရပ်စ်သည် ပကတိနေရာတစ်ခု မဟုတ်ချေ။ ယင်းသည် နှင်ချခံရသောနတ်ဆိုးများ၏ လုပ်ဆောင်မှုများကို ကန့်သတ်ချုပ်နှောင်လိုက်သည့် အကျဉ်းထောင်နှင့်တူသော နိမ့်ကျသည့်အခြေအနေဖြစ်သည်။ ထိုနတ်ဆိုးများသည် လူ့သဏ္ဌာန်ကို ထပ်မံယူဆောင်ခွင့်မရတော့ချေ၊ သို့သော် သူတို့တွင် တန်ခိုးများစွာရှိဆဲဖြစ်ပြီး လူတို့အပေါ် အကြီးအကျယ်သြဇာလွှမ်းမိုးနေဆဲဖြစ်သည်။ ၎င်းတို့သည် လူသားများနှင့် တိရစ္ဆာန်များကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ (မဿဲ ၁၂:၄၃-၄၅; လုကာ ၈:၂၇-၃၃) ၎င်းတို့သည် သေလွန်သူတို့၏ ဝိညာဉ်များအယောင်ဆောင်ကာ လူသားများကို လှည့်စားကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေဟောဝါနှစ်သက်လက်ခံသည့်နည်းဖြင့် ကိုယ်တော်ကို လူတို့မကိုးကွယ်စေရန်နှင့် သေလွန်သူတို့၏ အခြေအနေမှန်နှင့်ပတ်သက်၍ လူတို့ကို စိတ်ရှုပ်ထွေးစေရန်ဖြစ်သည်။

ကြောက်ရွံ့စိတ်ကို ကျော်လွှားနိုင်ပုံ

သေခြင်း၊ လူသေတို့၏ဝိညာဉ်များနှင့်ပတ်သက်၍ ကျမ်းစာရှင်းလင်းချက်သည် ကျိုးကြောင်းညီညွတ်ကြောင်း အာဂ်ဘူလာသိမြင်လာသည်။ နောက်ထပ်သင်ယူရန် လိုအပ်ကြောင်းကိုလည်း သူနားလည်သည်။ သို့နှင့် သူသည် ကျမ်းစာနှင့်ကျမ်းစာအခြေပြုစာပေများကို ဂျွန်နှင့်အတူ စလေ့လာခဲ့သည်။ သူ၏သားတို့သည် လူသတ်သမားထံကျွန်ခံရန် တမလွန်တွင် စောင့်ဆိုင်းမနေဘဲ သင်္ချိုင်းတွင် အိပ်ပျော်နေကြောင်း သိရသောအခါ သူစိတ်သက်သာရာရခဲ့သည်။—ယောဟန် ၁၁:၁၁-၁၃

ထို့ပြင် နတ်ဆိုးပညာလိုက်စားမှုမှန်သမျှကို လုံးဝအဆက်ဖြတ်ရမည်ဖြစ်ကြောင်း အာဂ်ဘူလာနားလည်လာသည်။ သူသည် မှော်အတတ်နှင့်ဆိုင်သော ပိုင်ဆိုင်ရာပစ္စည်းအားလုံးကို မီးရှို့ပစ်သည်။ (တမန်တော် ၁၉:၁၉) နတ်ဆိုးများက ဆိုးဝါးစွာ ဒဏ်ခတ်လိမ့်မည်ဟု သူ့ကို ဆွေမျိုးအသိုင်းအဝိုင်းများ သတိပေးကြသည်။ သို့သော် သူ မကြောက်ရွံ့တော့ပေ။ “ဘုရားသခင်ထံတော်မှ ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်ကြလော့။ အကြောင်းမူကား ငါတို့သည် . . . နတ်ဆိုးများနှင့် . . . ဆိုင်ပြိုင်တိုက်လှန်နေကြ၏” ဟူသော ဧဖက် ၆:၁၁၊ ၁၂ ပါ အကြံပြုချက်ကို သူလိုက်နာခဲ့သည်။ ဘုရားသခင်ပြင်ဆင်ပေးသော ထိုချပ်ဝတ်တန်ဆာများတွင် အမှန်တရား၊ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်းသတင်းကောင်း၊ ယုံကြည်ခြင်းနှင့် ဘုရားသခင့်တရားစကားတော်တည်းဟူသော စွမ်းအားတော်ဓားတို့ပါဝင်သည်။ ထိုချပ်ဝတ်တန်ဆာများသည် ဘုရားသခင်ထံမှအရင်းခံပြီး တန်ခိုးပါ၏။

နတ်ဆိုးပညာနှင့်ဆိုင်သော ဓလေ့ထုံးစံများကို စွန့်လွှတ်လိုက်သောအခါ အာဂ်ဘူလာကို မိတ်ဆွေများနှင့်ဆွေမျိုးများက ဝိုင်းပယ်ထားကြသည်။ သို့သော် သူသည် ကျမ်းစာသွန်သင်ရာကို ယုံကြည်သော မိတ်ဆွေသစ်များကို ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ရရှိခဲ့သည်။

ယေဟောဝါသည် မြေကြီးပေါ်ရှိ ဆိုးသွမ်းမှုများကို မကြာမီ ပယ်ရှင်းကာ နတ်ဆိုးများ၏ လုပ်ဆောင်မှုမှန်သမျှကို တားဆီးမည်ဖြစ်ကြောင်း အာဂ်ဘူလာယုံကြည်သည်။ နောက်ဆုံးတွင် ကိုယ်တော်သည် ၎င်းတို့ကို ဖျက်ဆီးတော်မူမည်။ (ဗျာ. ၂၀:၁၊ ၂၊ ၁၀) ဘုရားသခင်သည် “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့” ကို မြေကြီးပေါ်သို့ ရှင်ပြန်ထမြောက်စေတော်မူမည်။ (ယောဟန် ၅:၂၈၊ ၂၉) ထိုသူတို့တွင် အာဗေလ၊ ဘုရင်ဟေရုဒ်သတ်ဖြတ်ခဲ့သော အပြစ်မဲ့ကလေးများနှင့် အခြားလူသန်းပေါင်းများစွာ ပါဝင်လိမ့်မည်။ ထမြောက်လာသူတို့တွင် သူ၏သားသုံးယောက်လည်း ပါဝင်မည်ဟု အာဂ်ဘူလာယုံကြည်သည်။ ကွယ်လွန်သွားသော သင်ချစ်မြတ်နိုးရသူများလည်း ထမြောက်လာပေမည်။ သူတို့အတွက် ရည်စူးကျင်းပခဲ့သောအခမ်းအနားများအပါအဝင် မည်သည့်အရာကိုမျှမသိဘဲ သေဆုံးချိန်မှ ရှင်ပြန်ထမြောက်လာချိန်တိုင်အောင် လုံးဝသတိမဲ့နေခဲ့ကြောင်း ထိုထမြောက်လာသူအားလုံးက အခိုင်အမာပြောဆိုကြပါလိမ့်မည်။

ထို့ကြောင့် သင်သည် သေလွန်သူများကို လုံးဝကြောက်ရွံ့စရာမလိုပါ။ ယင်းအစား ချစ်မြတ်နိုးရသော သေလွန်သူများနှင့် ပြန်ဆုံတွေ့ရန် မျှော်လင့်နိုင်သည်။ ဤအတောအတွင်း သင့်ယုံကြည်ခြင်းကို ခိုင်ခံ့စေရန် ကျမ်းစာလေ့လာပါ။ ကျမ်းစာသွန်သင်ရာကိုယုံကြည်သူများနှင့် ပေါင်းသင်းပါ။ သင်သည် အပျင်းပြေဖြစ်စေ၊ စမ်းသပ်လိုသည့်သဘောဖြင့်ဖြစ်စေ နတ်ဆိုးပညာကိုလိုက်စားနေပါက ယင်းတို့ကို လုံးဝအဆက်ဖြတ်ပစ်ပါ။ “ဘုရားသခင်ထံတော်မှ ချပ်ဝတ်တန်ဆာ အပြည့်အစုံ” ကို ဝတ်ဆင်ခြင်းဖြင့် နတ်ဆိုးများ၏ရန်မှ သင့်ကိုယ်သင် ကာကွယ်ပါ။ (ဧဖက် ၆:၁၁) ယေဟောဝါသက်သေများက သင့်ကို ဝမ်းမြောက်စွာ ကူညီပေးလိုကြသည်။ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ကိုအသုံးပြု၍ အခမဲ့ကျမ်းစာလေ့လာရန် သူတို့ ကမ်းလှမ်းလျက်ရှိသည်။ *

အာဂ်ဘူလာသည် သေလွန်သူများကို မကြောက်ရွံ့တော့သည့်အပြင် နတ်ဆိုးများအား တွန်းလှန်နိုင်ပုံကိုပါ သိရှိခဲ့သည်။ သူဤသို့ပြောသည်– “ကျွန်တော့်သားသုံးယောက်ကို သေအောင်လုပ်တာ ဘယ်သူလဲဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ယေဟောဝါကို ကိုးကွယ်တဲ့အချိန်ကစပြီး နောက်ထပ်ကလေးခုနစ်ယောက် ကျွန်တော်ရခဲ့တယ်။ သူတို့ကို နတ်ဆိုးတွေ ထပ်ပြီး ဒုက္ခမပေးတော့ဘူး။”

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 25 ယေဟောဝါသက်သေများ ထုတ်ဝေသည်။

[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]

သေဆုံးသွားသောညီဖြစ်သူ ကလဲ့စားချေမည်ကို ကာဣန မစိုးရိမ်ခဲ့

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

အာဂ်ဘူလာသည် သေလွန်သူများကို မကြောက်ရွံ့တော့သည့်အပြင် နတ်ဆိုးများအား တွန်းလှန်နိုင်ပုံကိုပါ သိရှိခဲ့