မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အစဉ်အမြဲ တရားသဖြင့်ပြုတော်မူသော တရားသူကြီး

အစဉ်အမြဲ တရားသဖြင့်ပြုတော်မူသော တရားသူကြီး

ဘုရားသခင်၌ ချဉ်းကပ်ကြလော့

အစဉ်အမြဲ တရားသဖြင့်ပြုတော်မူသော တရားသူကြီး

ကမ္ဘာဦး ၁၈:၂၂–၃၂

တရားမျှတမှု။ ဖြောင့်မှန်မှု။ ဘက်မလိုက်မှု။ ထိုအရည်အသွေးကောင်းများကို သင်နှစ်သက်သည်မဟုတ်လော။ ကျွန်ုပ်တို့လူသားများသည် မျှတစွာဆက်ဆံခံလိုသည်မှာ သဘာဝပင်။ ဝမ်းနည်းစရာမှာ ယနေ့လောကတွင် တရားမျှတမှုသည် အလွန်ရှားပါးနေ၏။ သို့သော် ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့ ယုံကြည်စိတ်ချထိုက်သောတရားသူကြီးတစ်ဦးဖြစ်၏။ ကိုယ်တော်သည် အစဉ်အမြဲ တရားသဖြင့်ပြုတော်မူသည်။ ကမ္ဘာဦး ၁၈:၂၂-၃၂ တွင် မှတ်တမ်းတင်ထားသည့် ယေဟောဝါနှင့်အာဗြဟံတို့ အပြန်အလှန်စကားပြောဆိုပုံက ယင်းကိုသက်သေထူသည်။ *

သောဒုံနှင့်ဂေါမောရမြို့၏ အခြေအနေကိုစုံစမ်းရန် ယေဟောဝါဆုံးဖြတ်ထားကြောင်း မိန့်ဆိုချိန်တွင် အာဗြဟံသည် မိမိတူလောတအပါအဝင် ထိုမြို့များတွင်နေထိုင်သော ဖြောင့်မတ်သူတစ်ဦးဦး၏ဘေးကင်းရေးအတွက် စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ယေဟောဝါအား သူဤသို့အသနားခံသည်– “ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွ ဖျက်ဆီးတော်မူမည်လော။ ထိုမြို့တွင် ဖြောင့်မတ်သောသူငါးဆယ်ရှိလျှင် ဖျက်ဆီးတော်မူမည်လော။ ဖြောင့်မတ်သောသူငါးဆယ်ပါသောမြို့ကို သူတို့အတွက်မနှမြောဘဲ ဖျက်ဆီးတော်မူမည်လော။” (အခန်းငယ် ၂၃၊ ၂၄) ဖြောင့်မတ်သူ ၅၀ သာရှိလျှင် ထိုမြို့များကိုမဖျက်ဆီးဟု ဘုရားသခင်မိန့်ဆိုသည်။ အာဗြဟံသည် ယေဟောဝါကို နောက်ထပ်ငါးကြိမ်တိုင် အသနားခံခဲ့ရာ နောက်ဆုံးတွင် အရေအတွက်မှာ ဆယ်ယောက်အထိ လျော့ကျသွားသည်။ ထိုမြို့များတွင် ဖြောင့်မတ်သူများရှိလျှင် မဖျက်ဆီးဟု အကြိမ်တိုင်းတွင် ဘုရားသခင်မိန့်ဆိုခဲ့သည်။

အာဗြဟံသည် ဘုရားသခင်နှင့် အငြင်းအခုံလုပ်နေခြင်းလော။ လုံးဝမဟုတ်ပါ။ ထိုသို့ငြင်းခုံမည်ဆိုလျှင် အလွန်ရောင့်တက်ရာကျပေမည်။ အာဗြဟံ၏အသံနေအသံထားသည် ရိုသေလေးစားသော၊ နှိမ့်ချသောသဘောဆောင်သည်။ သူသည် မိမိကိုယ်ကို “မြေမှုန့်နှင့်ပြာသက်သက်” ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ထို့နောက် “စိတ်ရှိတော်မမူပါနှင့်၊ အကျွန်ုပ်လျှောက်ပါရစေ” ဟုနှစ်ကြိမ်တိုင်ပြောဆိုသည်။ (အခန်းငယ် ၃၀၊ ၃၂) ထို့ပြင် ယေဟောဝါ၏တရားမျှတမှုကို ယုံကြည်စိတ်ချကြောင်း အာဗြဟံ၏စကားများက ဖော်ပြနေသည်။ ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှုသည် “ကိုယ်တော်နှင့်ဝေးပါစေသတည်း” ဟုတစ်ကြိမ်မက နှစ်ကြိမ်တိုင် သူပြောဆိုခဲ့သည်။ “မြေကြီးလုံးကိုစီရင်တော်မူသော” တရားသူကြီးသည် “တရားသဖြင့်ပြုတော်မူမည်” ဖြစ်ကြောင်း ထိုသစ္စာရှိဘိုးဘေး ယုံကြည်စိတ်ချသည်ဟု ထုတ်ပြောခဲ့သည်။—အခန်းငယ် ၂၅

အာဗြဟံပြောဆိုရာများသည် မှန်ကန်ခဲ့သလော။ အမှားတစ်ဝက် အမှန်တစ်ဝက်ဖြစ်သည်။ သောဒုံနှင့်ဂေါမောရမြို့တွင် ဖြောင့်မတ်သူအနည်းဆုံး ဆယ်ယောက်ရှိမည်ဟု သူတွေးထင်ခဲ့သည်မှာ မှားသွားသည်။ သို့သော် ဘုရားသခင်သည် “ဖြောင့်မတ်သောသူတို့ကို မတရားသောသူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှု” ကို ဘယ်တော့မျှလုပ်ဆောင်မည်မဟုတ်ကြောင်း သူပြောဆိုသည်မှာ မှန်ကန်သည်။ နောက်ပိုင်း ထိုဆိုးညစ်သောမြို့များကို ဘုရားသခင်ဖျက်ဆီးသောအခါ ဖြောင့်မတ်သူလောတနှင့် သူ၏သမီးနှစ်ယောက်သည် ကောင်းကင်တမန်၏အကူအညီဖြင့် လွတ်မြောက်သွားသည်။—၂ ပေတရု ၂:၇-၉

ထိုမှတ်တမ်းက ယေဟောဝါနှင့်ပတ်သက်၍ အဘယ်အရာ သွန်သင်ပေးသနည်း။ ယေဟောဝါသည် မြို့ကိုစုံစမ်းမည်ဟူသော မိမိ၏ဆုံးဖြတ်ချက်အကြောင်း အာဗြဟံကိုပြောပြခြင်းက သူ၏သဘောထားကို ထုတ်ဖော်စေရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။ ကိုယ်တော်၏အဆွေ အာဗြဟံသည် သူ၏စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်သောအခါ ကိုယ်တော် စိတ်ရှည်စွာနားထောင်ခဲ့သည်။ (ဟေရှာယ ၄၁:၈) ယေဟောဝါသည် နှိမ့်ချသောဘုရားသခင်ဖြစ်ပြီး မြေကြီးပေါ်ရှိကျေးကျွန်များကို ဂုဏ်တင်လေးစားကြောင်း လှပစွာဖော်ကျူးလိုက်ခြင်းပင်။ ထို့ကြောင့် အစဉ်အမြဲ တရားသဖြင့်ပြုတော်မူသောတရားသူကြီး ယေဟောဝါကို အကြွင်းမဲ့ယုံကြည်ကိုးစားထိုက်သည့် အကြောင်းရင်းများစွာရှိပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 1 ထိုအချိန်တွင် ကောင်းကင်တမန်သည် ယေဟောဝါကိုယ်စား စကားပြောဆိုသည်။ နောက်ထပ်နမူနာကို ကမ္ဘာဦး ၁၆:၇-၁၁၊ ၁၃ တွင်ကြည့်ပါ။

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

အာဗြဟံသည် သောဒုံ၊ ဂေါမောရမြို့များနှင့်ပတ်သက်၍ ယေဟောဝါထံအသနားခံ