မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူသည် အမှားများမှ သင်ခန်းစာယူခဲ့

သူသည် အမှားများမှ သင်ခန်းစာယူခဲ့

သူတို့၏ယုံကြည်ခြင်းကို တုပကြလော့

သူသည် အမှားများမှ သင်ခန်းစာယူခဲ့

ယောနသည် ထိတ်လန့်ဖွယ်အသံများကို မကြားလိုတော့ပါ။ သင်္ဘောရွက်တိုင်များကြားမှ ကြောက်လန့်ဖွယ်လေတိုးသံ၊ လှိုင်းလုံးကြီးများက သင်္ဘောကိုယ်ထည်ကို အရှိန်ပြင်းစွာ ရိုက်ခတ်သည့်အခါ သစ်သားနံရံများ ပွတ်တိုက်မိပြီး ကျိုးကျိုးကြိတ်ကြိတ်မြည်နေသည့်အသံများဖြစ်သည်။ ပိုဆိုးသည်မှာ သင်္ဘောမနစ်မြုပ်စေရန် အသည်းအသန်ကြိုးစားနေသည့် မာလိန်မှူးနှင့်သင်္ဘောသားတို့၏ အော်ဟစ်ဆူညံသံများဖြစ်သည်။ သင်္ဘောပေါ်စီးနင်းလိုက်ပါလာသူအားလုံး အသက်ဆုံးရှုံးတော့မည်ဖြစ်ကြောင်း ယောန သေချာသိနေသည်၊ ထိုသို့ဖြစ်ရခြင်းမှာ သူ့ကြောင့်ပင်။

ထိုအခြေအနေဆိုးကို ယောန အဘယ်ကြောင့် ကြုံတွေ့ခဲ့ရသနည်း။ ယေဟောဝါဘုရားသခင်အပေါ် ကြီးလေးသည့်အမှားတစ်ခု သူကျူးလွန်ခဲ့သောကြောင့်ဖြစ်၏။ မည်သည့်အမှားကို သူကျူးလွန်ခဲ့သနည်း။ ဘုရားသခင်နှင့်သူ၏ဆက်ဆံရေးမှာ လုံးဝပျက်ပြားသွားပြီလော။ ကျွန်ုပ်တို့သည် ထိုမေးခွန်းများ၏အဖြေများမှ များစွာသင်ယူနိုင်သည်။ ဥပမာ၊ စစ်မှန်သောယုံကြည်ခြင်းရှိသူများပင် အမှားများကို မည်သို့ပြုမိနိုင်ပြီး ထိုအမှားများမှ သင်ခန်းစာယူကာ မည်သို့ပြုပြင်နိုင်ကြောင်း ယောန၏ဖြစ်ရပ်က ကျွန်ုပ်တို့ကို နားလည်စေသည်။

ဂါလိလဲမှ ပရောဖက်တစ်ဦး

ယောနအကြောင်း လူတို့တွေးမိသောအခါ သူ၏မနာခံမှု သို့မဟုတ် ခေါင်းမာမှုကို မြင်ယောင်ပြီး အကောင်းမမြင်ကြပေ။ သို့သော် သူနှင့်ပတ်သက်၍ ကျွန်ုပ်တို့ သိထားသင့်သည့်အရာ များစွာရှိသည်။ ယောနသည် ယေဟောဝါဘုရားသခင်၏ ပရောဖက်တစ်ဦးအဖြစ် အမှုဆောင်ရန် ရွေးချယ်ခံခဲ့ရကြောင်း အမှတ်ရပါ။ သူသည် သစ္စာမရှိသူ သို့မဟုတ် မဖြောင့်မတ်သူဖြစ်ပါက ထိုကြီးလေးသည့်တာဝန်ကို ထမ်းဆောင်ရန် ယေဟောဝါရွေးချယ်မည်မဟုတ်ပေ။

ယောန၏ဘဝနောက်ခံကို ၄ ဓမ္မရာဇဝင် ၁၄:၂၅ မှ အနည်းအကျဉ်းသိရှိနိုင်သည်။ နောက်ရှစ်ရာစုခန့်အကြာတွင် ယေရှုခရစ်ကြီးပြင်းလာမည့် နာဇရက်မြို့မှ နှစ်မိုင်ခွဲခန့်ဝေးသော ဂါသေဖာမြို့သည် သူ၏ဇာတိမြေဖြစ်သည်။ * ဣသရေလဆယ်နွယ်နိုင်ငံ၏ဘုရင် ဒုတိယမြောက်ယေရောဗောင်လက်ထက်တွင် ပရောဖက်တစ်ပါးအဖြစ် သူအမှုဆောင်ခဲ့သည်။ ဧလိယခေတ်ကုန်လွန်ပြီးနောက် သူ့ကိုဆက်ခံသူ ဧလိရှဲသည်လည်း ယေရောဗောင်၏ဖခင် နန်းစံချိန်အတွင်း ကွယ်လွန်ခဲ့လေပြီ။ ဗာလဝတ်ပြုရေးကို သုတ်သင်ဖယ်ရှားရန် ထိုသူတို့ကို ယေဟောဝါအသုံးပြုခဲ့သော်လည်း ဣသရေလလူတို့သည် တစ်ဖန်လမ်းလွဲကြပြန်သည်။ ယခု၊ နိုင်ငံသည် ‘ယေဟောဝါရှေ့တော်၌ မကောင်းမှုကိုပြု’ သောဘုရင်တစ်ပါးလက်အောက် ကျရောက်လျက်ရှိသည်။ (၄ ဓမ္မရာဇဝင် ၁၄:၂၄) ထို့ကြောင့် ထိုတွင် ပရောဖက်တစ်ဦးအဖြစ် အမှုဆောင်ရန် ယောနအတွက် အတော်ပင် ခက်ခဲပေမည်။ သို့သော် ယောနသည် သစ္စာရှိစွာ တာဝန်ထမ်းဆောင်ခဲ့သည်။

တစ်နေ့တွင် ယောန၏ဘဝအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာသည်။ သူသည် ယေဟောဝါထံမှ တာဝန်တစ်ခုရရှိခဲ့ပြီး ယင်းသည် အလွန့်အလွန်ခက်ခဲကြောင်း သိလိုက်ရသည်။ အဘယ်အရာလုပ်ဆောင်ရန် သူ့ကို ယေဟောဝါ တောင်းဆိုခဲ့သနည်း။

‘ထ၍ နိနေဝေမြို့သို့သွားလော့’

ယောနကို ယေဟောဝါ ဤသို့မိန့်ဆိုသည်– ‘သင်ထ၍ နိနေဝေမြို့ကြီးသို့သွားပြီးလျှင် ခြိမ်းခြောက်သောစကားနှင့်ကြွေးကြော်လော့။ ထိုမြို့ပြုသောအပြစ်သည် ငါ့ရှေ့သို့တက်လာပြီ။’ (ယောန ၁:၂) ထိုတာဝန်သည် အမှန်ပင်စိတ်ပျက်အားလျော့ဖွယ်ဖြစ်ပုံရသည်။ အကြောင်းမှာ နိနေဝေမြို့သည် အရှေ့ဘက် မိုင် ၅၀၀ ခန့်တွင်တည်ရှိပြီး ကုန်းကြောင်းခရီးဖြင့် ခြေကျင်လျှောက်သွားပါက တစ်လခန့်ကြာမည်။ သို့သော် ထိုခရီးကြမ်းသည် ထမ်းဆောင်ရမည့်တာဝန်နှင့်နှိုင်းယှဉ်လျှင် မပြောပလောက်သော ခက်ခဲမှုသာဖြစ်သည်။ ထိုနိနေဝေမြို့တွင် ယောနသည် အလွန့်အလွန်ရက်စက်ကြမ်းတမ်းသော အာရှုရိလူမျိုးများအား ယေဟောဝါ၏တရားစီရင်ခြင်းသတင်းကို ကြေညာရမည်ဖြစ်သည်။ ဘုရားသခင့်လူမျိုးတော်အတွင်း၌ပင် နားထောင်သူမရှိသလောက်ဖြစ်နေလျှင် ထိုအယူမှားကိုးကွယ်သူများထံမှ ယောန အဘယ်အရာမျှော်လင့်နိုင်ပါမည်နည်း။ “လူအသက်ကိုသတ်တတ်သောမြို့” ဟုအမည်တွင်လာမည့် နိနေဝေမြို့ကြီးတွင် ယေဟောဝါ၏ကျေးကျွန်တစ်ဦးတည်း မည်သို့အောင်မြင်နိုင်ပါမည်နည်း။—နာဟုံ ၃:၁၊

ယောနသည် အမှန်ပင် ထိုသို့တွေးတောမိပေမည်။ တပ်အပ်ကား မပြောနိုင်ချေ။ သူ ထွက်ပြေးသွားသည်ကိုသာ ကျွန်ုပ်တို့သိရသည်။ ယေဟောဝါသည် ယောနကို အရှေ့ဘက်သို့ ဦးတည်စေ၏၊ သို့သော် အနောက်ဘက် ဝေးနိုင်သမျှဝေးဝေးသို့ သူဦးတည်သွားခဲ့သည်။ ယုပ္ပေဟူသော ဆိပ်ကမ်းမြို့တွင် တာရှုမြို့သို့သွားမည့် သင်္ဘောတစ်စင်းကို သူတွေ့သည်။ ကျမ်းပညာရှင်အချို့က တာရှုမြို့သည် စပိန်နိုင်ငံတွင် တည်ရှိသည်ဟုဆိုသည်။ သို့ဆိုလျှင် ယောနသည် နိနေဝေမြို့မှ မိုင်ပေါင်း ၂,၂၀၀ ခန့်ဝေးလံသည့်နေရာသို့ ဦးတည်ခြင်းဖြစ်သည်။ မြေထဲပင်လယ်ဟူ၍ ယနေ့တွင်ခေါ်ဆိုကြသည့် ပင်လယ်ကြီး၏အစွန်းတစ်ဘက်သို့ ဦးတည်နေသည့် ထိုခရီးစဉ်သည် တစ်နှစ်ခန့်ကြာပေမည်။ ယောနသည် ယေဟောဝါပေးသည့်တာဝန်ကို လွှဲရှောင်ရန် လုံးဝစိတ်ပိုင်းဖြတ်လိုက်သည်။

ထို့ကြောင့် ယောနသည် သူရဲဘောနည်းသူဖြစ်သည်ဟု ဆိုလိုသလော။ ထိုသို့ အလျင်စလို ကောက်ချက်မချသင့်ချေ။ သူ၏ ထူးခြားသည့်ရဲရင့်မှုကို နောက်ပိုင်းတွင် ကျွန်ုပ်တို့သိလာပေမည်။ သို့သော် ယောနသည်လည်း ကျွန်ုပ်တို့ကဲ့သို့ပင် အားနည်းချက်များစွာကို ကြိုးစားတိုက်လှန်နေရသော မစုံလင်သူလူသားတစ်ဦးသာဖြစ်သည်။ (ဆာလံ ၅၁:၅) တစ်ကြိမ်တစ်ခါမျှ ကြောက်စိတ်မဝင်ဖူးသူ ရှိပါသလော။

တစ်ခါတစ်ရံ၊ ဘုရားသခင်တောင်းဆိုရာများသည် ကျွန်ုပ်တို့အတွက် ခက်ခဲပြီး မဖြစ်နိုင်ပုံရပေမည်။ ခရစ်ယာန်များထံမှ တောင်းဆိုထားသော ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းသည်ပင် စိတ်ပျက်အားလျော့ဖွယ် ဖြစ်လာနိုင်သည်။ (မဿဲ ၂၄:၁၄) “ဘုရားသခင်သည် အရာခပ်သိမ်းကို တတ်နိုင်တော်မူ၏” ဟူသော ယေရှုမိန့်ဆိုခဲ့သည့်အမှန်တရားကို ကျွန်ုပ်တို့ အလွယ်တကူ မေ့လျော့သွားနိုင်သည်။ (မာကု ၁၀:၂၇) ထိုအမှန်တရားကို ကျွန်ုပ်တို့မေ့လျော့သွားချိန်တွင် ယောန၏အခက်အခဲကို နားလည်နိုင်ပေမည်။ ယောနထွက်ပြေးခဲ့သောကြောင့် အကျိုးဆက်ကား အဘယ်နည်း။

ဇွတ်တရွတ်နိုင်သောပရောဖက်ကို ယေဟောဝါဆုံးမ

ယောနသည် ဖိုနီးရှားကုန်တင်သင်္ဘောဖြစ်ဖွယ်ရှိသော သင်္ဘောတစ်စင်းပေါ်တွင် ရောက်နေသည်ဟု ကျွန်ုပ်တို့မြင်ယောင်ကြည့်နိုင်သည်။ ဆိပ်ကမ်းမှ သင်္ဘောစတင်ထွက်ခွာနိုင်ရန် မာလိန်မှူးနှင့်သင်္ဘောသားတို့ ယောက်ယက်ခတ်လှုပ်ရှားနေပုံကို သူကြည့်နေသည်။ ဆိပ်ကမ်းသည် မြင်ကွင်းမှ တဖြည်းဖြည်းပျောက်ကွယ်သွားစဉ် ယောနသည် သူအလွန်ကြောက်သော အန္တရာယ်မှ လွတ်မြောက်ပြီဟု ခံစားမိပေမည်။ သို့သော် ရာသီဥတုက ရုတ်တရက် ပြောင်းလဲသွားသည်။

ပင်လယ်ပြင်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်လာပြီး ယနေ့ခေတ်သင်္ဘောများထက်ပင် ပိုကြီးမားသည့် လှိုင်းလုံးကြီးများသည် သင်္ဘောကို အရှိန်ပြင်းစွာ တဝုန်းဝုန်းရိုက်ခတ်လေတော့သည်။ သင်္ဘောသည် သေးငယ်၍ကျိုးပဲ့တော့မယောင်ဖြစ်နေပြီး ကျယ်ပြန့်လွန်းသည့်ပင်လယ်ပြင်တွင် ဧရာမလှိုင်းလုံးကြီးများကြား၌ မကြာမီ နစ်မြုပ်သွားတော့မည်။ နောက်ပိုင်းတွင် ယောနရေးသားခဲ့သည့်အတိုင်း ‘ယေဟောဝါသည် ပြင်းစွာသောလေကို ပင်လယ်အပေါ်သို့စေလွှတ်တော်မူ’ ကြောင်း ထိုအခိုက်အတန့်တွင် သူသိရှိခဲ့သလော။ ကျွန်ုပ်တို့ သေချာမပြောနိုင်ပါ။ သို့သော် သင်္ဘောသားတို့သည် သူတို့ကိုးကွယ်သောနတ်ဘုရားအသီးသီးထံ အော်ဟစ်နေသည်ကို သူတွေ့မြင်ရသည်။ ထိုမှားယွင်းသည့်နတ်ဘုရားများထံမှ မည်သည့်အကူအညီမျှရနိုင်မည်မဟုတ်ကြောင်း သူသိနေသည်။ “သင်္ဘောသည် ပျက်လုသောလက္ခဏာရှိ၏” ဟုသူ၏မှတ်တမ်းတွင် ဆိုထားသည်။ (ယောန ၁:၄; ဝတ်ပြုရာ ၁၉:၄) ယောနမှာမူ သူရှောင်ပြေးခဲ့သည့် ဘုရားသခင်ထံ မည်သို့ဆုတောင်းနိုင်ပါမည်နည်း။

မိမိဘက်မှ ဘာမျှမတတ်နိုင်သဖြင့် ယောနသည် သင်္ဘောကုန်းပတ်အောက်သို့ဆင်းကာ အိပ်လေတော့သည်။ ထိုနေရာတွင်ပင် သူအိပ်မောကျသွားသည်။ * မာလိန်မှူးသည် ယောနကိုတွေ့သွားရာ လှုပ်နှိုးပြီး အခြားသူများနည်းတူ သူ၏ဘုရားသခင်ထံ ဆုတောင်းရန် တိုက်တွန်းလေသည်။ ထိုမုန်တိုင်းသည် သဘာဝလွန်စွမ်းအားကြောင့်ဖြစ်ကြောင်း သင်္ဘောသားများရိပ်စားမိရာ ပြဿနာဖြစ်ပေါ်စေသော တရားခံကို သိရှိနိုင်ရန် မဲချကြသည်။ မဲချစဉ် တစ်ဦးပြီးတစ်ဦး မဲမကျသောကြောင့် ယောနအတော်ပင်ထိတ်လန့်နေပေမည်။ နောက်ဆုံးတွင် အမှန်တရားကား ပေါ်လာပြီ။ ယေဟောဝါသည် မုန်တိုင်းကို ဖြစ်ပေါ်စေသည့်အပြင် မဲကိုလည်း ယောန၌ကျစေလေသည်။—ယောန ၁:၅-၇

သူသည် အတိုင်းအဆမဲ့တန်ခိုးရှင် ယေဟောဝါ၏ကျေးကျွန်တစ်ဦးဖြစ်ကြောင်း၊ ထိုဘုရားသခင်ကို ပြစ်မှားပြီးထွက်ပြေးလာခဲ့သောကြောင့် ဤအန္တရာယ်ကို ယခု အားလုံးရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သင်္ဘောသားများအား ယောနပြောပြလိုက်သည်။ သူတို့အားလုံး ထိတ်လန့်သွားကြပြီး မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်နေသည်ကို ယောနမြင်လိုက်သည်။ သင်္ဘောမပျက်စီးရန်နှင့် သူတို့အသက်ချမ်းသာရရန် ဘာလုပ်သင့်ကြောင်း ယောနကို မေးမြန်းကြသည်။ ယောနမည်သို့ပြန်ဖြေသနည်း။ အေးစက်ပြီး လှိုင်းလေထန်နေသော ပင်လယ်ပြင်ထဲ မိမိနစ်မြုပ်သွားပုံကို စိတ်ထဲမြင်ယောင်မိပြီး ယောန ကျောချမ်းသွားပေမည်။ သို့သော် သူကူညီပေးနိုင်မှန်းသိလျက်နှင့် လူများစွာ ရေနစ်သေဆုံးသွားမည့်အဖြစ်ကို မည်သို့ကြည့်ရက်နိုင်ပါမည်နည်း။ ထို့ကြောင့် “ငါ့ကိုချီ၍ ပင်လယ်ထဲသို့ချပစ်ကြလော့။ သို့ပြုလျှင် လှိုင်းတံပိုးသည် သင်တို့၌ငြိမ်းလိမ့်မည်။ ဤပြင်းစွာသောမိုးသက်မုန်တိုင်းသည် ငါ့ကြောင့်သာ သင်တို့အပေါ်သို့ရောက်သည်ကို ငါသိ၏” ဟုသူပြောခဲ့သည်။—ယောန ၁:၁၂

သူရဲဘောနည်းသူတစ်ဦးသည် ထိုသို့ပြောမည်မဟုတ်ပေ။ အသက်အန္တရာယ်ကြားမှ ယောန၏ ရဲရင့်မှုနှင့် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ကို မြင်သောအခါ ယေဟောဝါ အမှန်ပင်ကြည်နူးမိပေမည်။ ဤတွင် ယောန၏ယုံကြည်ခြင်းခိုင်ခံ့ပုံကို ကျွန်ုပ်တို့တွေ့မြင်နိုင်သည်။ ကိုယ့်ထက် အခြားသူများ၏အကျိုးကို ဦးစားပေးခြင်းဖြင့် ယင်းကို ကျွန်ုပ်တို့ တုပနိုင်သည်။ (ယောဟန် ၁၃:၃၄၊ ၃၅) အခြားသူတစ်ဦးသည် ကာယရေးအရဖြစ်စေ၊ စိတ်ဓာတ်ရေးအရဖြစ်စေ၊ ဝိညာဉ်ရေးအရဖြစ်စေ အကူအညီလိုအပ်နေကြောင်း ကျွန်ုပ်တို့တွေ့မြင်သောအခါ သူတို့ကို ကူညီပေးရန် မိမိကိုယ်ကို ပေးဆက်ကြပါသလော။ ထိုသို့ပြုလုပ်ပါက ယေဟောဝါ အလွန်ပင်နှစ်သက်ပေမည်။

သင်္ဘောသားများသည်လည်း ထိုကိုယ်ကျိုးစွန့်စိတ်ဓာတ်တင်ပြရန် လှုံ့ဆော်ခံရဟန်တူသည်၊ အကြောင်းမှာ ယောနပြောသည့်အတိုင်း လုပ်ဆောင်ရန် အစပိုင်းတွင် သူတို့ငြင်းဆိုခဲ့ကြသောကြောင့်ပင်။ သို့သော် မုန်တိုင်းစဲသွားရန် သူတို့တတ်နိုင်သမျှ လုပ်ဆောင်ကြသော်လည်း အချည်းနှီးသာဖြစ်သည်။ မုန်တိုင်းမှာ အရှိန်ပြင်းသည်ထက်ပြင်းလာသည်။ နောက်ဆုံးတွင် အခြားရွေးချယ်စရာနည်းလမ်းမရှိတော့ကြောင်း သူတို့သိလာသည်။ ထို့ကြောင့် သူတို့ကို ခွင့်လွှတ်ပေးရန် ယောန၏ဘုရားသခင်ယေဟောဝါကို ကြွေးကြော်တောင်းပန်ပြီး ယောနကို ချီ၍ ပင်လယ်ထဲသို့ ချပစ်လိုက်ကြသည်။—ယောန ၁:၁၃-၁၅

ယောနကို ဘုရားသခင်ကရုဏာပြပြီး ကယ်တင်ခဲ့

ယောနသည် တဝုန်းဝုန်းမြည်နေသော ပင်လယ်ထဲကျသွားသည်။ ရေပေါ် ပေါလောပေါ်နေရန် ခန္ဓာကိုယ်ကို ကြိုးစားဖော့ထားစဉ် သင်္ဘောမှာ တရွေ့ရွေ့ဝေးသွားသည်ကို ရေစက်ရေမှုန်များကြားမှ သူတွေ့မြင်နေရသည်။ ထိုစဉ် လှိုင်းလုံးကြီးတစ်ခုက သူ့ကို ရိုက်ချလိုက်ရာ သူ ရေထဲနစ်မြုပ်သွားတော့သည်။ ပင်လယ်ကြမ်းပြင်သို့ တဖြည်းဖြည်းနိမ့်ဆင်းသွားစဉ် မျှော်လင့်ချက်ဟူသမျှ ဆုံးရှုံးသွားလေပြီဟု သူခံစားလိုက်ရသည်။

ထိုအချိန်တွင် မည်သို့ခံစားခဲ့ရကြောင်း နောက်ပိုင်းတွင် ယောနဖော်ပြခဲ့သည်။ သူ့စိတ်ထဲတွင် ပုံရိပ်များကို တဖျတ်ဖျတ်မြင်ယောင်လာသည်။ ဂျေရုဆလင်ရှိ ယေဟောဝါ၏ လှပသည့်ဝတ်ပြုရာအိမ်တော်ကို ဘယ်တော့မျှမြင်တွေ့ခွင့်ရတော့မည်မဟုတ်ကြောင်း စဉ်းစားရင်း သူဝမ်းနည်းလာသည်။ ရေမှော်ပင်များက သူ့ကို ရစ်ပတ်လိုက်စဉ် နက်ရှိုင်းသည့်ပင်လယ်ကြမ်းပြင်သို့ ရောက်လာပြီဖြစ်ကြောင်း သူသိလိုက်သည်။ ထိုနေရာသည်ပင် သူ၏သချိုင်းဖြစ်လာပေတော့မည်။—ယောန ၂:၂-၆

သို့သော် ကြည့်လိုက်ပါဦး။ အနီးတွင် မဲနက်နေသော ဧရာမအကောင်ကြီးတစ်ကောင် ရွေ့လျားနေသည်။ ထိုအကောင်ကြီးသည် တဖြည်းဖြည်းနီးကပ်လာပြီး သူ့ထံ ဦးတည်လာ၏။ ထို့နောက် ပါးစပ်ကြီးဟလာကာ သူ့ကို ဟပ်လိုက်ပြီး မျိုချပစ်လိုက်တော့သည်။

သူ့ဘဝသည် ဤတွင်အဆုံးတိုင်လေပြီ။ သို့သော် ယောနသည် ထူးထူးဆန်းဆန်းကြီး ခံစားနေရသည်။ သူအသက်ရှင်နေသေးသည်။ စိစိညက်ညက်ကြေမွမသွားသည့်အပြင် အသက်ရှူမွန်းကျပ်သလိုပင် သူ မခံစားရချေ။ သေပြီဟု မိမိကိုယ်ကိုယူဆထားသော်လည်း သူ အသက်ရှင်နေဆဲဖြစ်ကြောင်း သိလာသည်။ ယောနသည် အံ့သြခြင်းကြီးစွာဖြင့် တစ်စုံတစ်ရာကို သဘောပေါက်လိုက်သည်။ မှန်ပါသည်၊ ‘ယောနကိုမျိုစေခြင်းငှာ ငါးကြီးကို . . . ခန့်ထားတော်မူ’ သောအရှင်မှာ သူ၏ဘုရားသခင်ယေဟောဝါပင်ဖြစ်သည်။ *ယောန ၁:၁၇

အချိန်သည် မိနစ်ပိုင်းမှ နာရီပိုင်းအထိပင် ကြာညောင်းလာပြီ။ ယောနသည် အမှောင်မိုက်ဆုံးသောနေရာတွင် စဉ်းစားဆင်ခြင်ပြီး ယေဟောဝါဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ ယောနအခန်းကြီး ၂ တွင်ပြည့်စုံစွာမှတ်တမ်းတင်ထားသော သူ၏ဆုတောင်းချက်သည် သူ့အကြောင်းကို လှစ်ဟပြနေသည်။ ယင်းတွင် ဆာလံကျမ်းကို အကြိမ်ကြိမ်ကိုးကားထားသောကြောင့် ယောနသည် ကျမ်းစာအသိပညာကြွယ်ဝသူဖြစ်ကြောင်း သိနိုင်သည်။ ထို့ပြင် နှလုံးနွေးထွေးစေသော ကျေးဇူးတင်တတ်သည့်စိတ်ကိုလည်း ပေါ်လွင်စေသည်။ ယောနဤသို့နိဂုံးချုပ်ခဲ့သည်– ‘အကျွန်ုပ်မူကား ကျေးဇူးတော်ကိုချီးမွမ်းသောစကားနှင့် ကိုယ်တော်အားယဇ်ပူဇော်ပါမည်။ သစ္စာကတိထားသည်အတိုင်း သစ္စာဝတ်ကိုပြုပါမည်။ ယေဟောဝါ၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်။’—ယောန ၂:၉

ယေဟောဝါသည် မည်သူ့ကိုမဆို၊ အချိန်အခါမရွေး၊ နေရာမရွေး ကယ်တင်နိုင်သည့်အရှင်ဖြစ်ကြောင်း ယောနသိမြင်ခဲ့သည်။ ဒုက္ခရောက်နေသောကျေးကျွန်သည် “ငါး၏ဝမ်းထဲ” တွင်ရောက်နေသည့်တိုင် ယေဟောဝါတွေ့မြင်ပြီး ကယ်မတော်မူသည်။ (ယောန ၁:၁၇) လူတစ်ဦးကို ငါးကြီး၏ဝမ်းဗိုက်ထဲတွင် သုံးရက်နှင့်သုံးညတိုင် အသက်ဆက်ရှင်နေစေရန် ယေဟောဝါတစ်ပါးတည်းသာ တတ်နိုင်တော်မူသည်။ ထို့ကြောင့် ယေဟောဝါသည် “အသက်သခင်” ဖြစ်တော်မူကြောင်း ကျွန်ုပ်တို့ အမှတ်ရသင့်သည်။ (ဒံယေလ ၅:၂၃) ကျွန်ုပ်တို့၏ ထွက်သက်ဝင်သက်မှန်သမျှ၊ ဖြစ်တည်မှုမှန်သမျှကို ကိုယ်တော်ပိုင်ဆိုင်တော်မူသည်။ ယင်းအတွက် ကျွန်ုပ်တို့ ကျေးဇူးတင်ပါသလော။ သို့ဆိုလျှင် ကျွန်ုပ်တို့သည် ယေဟောဝါကို နာခံသင့်သည် မဟုတ်လော။

ယောနကော အသို့နည်း။ ယေဟောဝါကို နာခံခြင်းဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သလော။ အမှန်ပင် ဖော်ပြခဲ့သည်။ သုံးရက်နှင့်သုံးညကြာပြီးနောက် ငါးကြီးသည် ယောနကို “ကုန်းပေါ်သို့အန်လေ၏။” (ယောန ၂:၁၀) စဉ်းစားကြည့်ပါ၊ ယောနသည် ကမ်းခြေပေါ်ရောက်ရန် ရေကူးစရာပင် မလိုခဲ့ချေ။ ထိုကမ်းခြေသည် မည်သည့်နေရာပင်ဖြစ်ပါစေ၊ ပြန်နိုင်မည့်နည်းလမ်းကိုတော့ သူရှာရပေမည်။ များမကြာမီတွင် ကျေးဇူးသိတတ်သော သူ၏စိတ်ဓာတ်သည် စမ်းသပ်ခံရလေပြီ။ ယောန ၃:၁၊ ၂ တွင် ဤသို့ဆိုသည်– ‘နောက်တစ်ဖန် ယေဟောဝါ၏ နှုတ်မြွက်တော်သည် ယောနသို့ရောက်လာသည်ကား “သင်ထ၍ နိနေဝေမြို့ကြီးသို့သွားလော့။ ငါမှာထားသည်အတိုင်း ကြွေးကြော်လော့” ဟုမိန့်တော်မူ၏။’ ယခု ယောန ဘာလုပ်မည်နည်း။

ယောနသည် မတွန့်ဆုတ်ခဲ့ချေ။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– ‘ထိုအခါ ယေဟောဝါ၏အမိန့်တော်အတိုင်း ယောနသည်ထ၍ နိနေဝေမြို့သို့သွား၏။’ (ယောန ၃:၃) မှန်ပါသည်၊ သူနာခံခဲ့၏။ သူ၏အမှားများမှ သင်ခန်းစာယူခဲ့ကြောင်း ထင်ရှားသည်။ ဤကိစ္စတွင်လည်း ယောန၏ယုံကြည်ခြင်းကို ကျွန်ုပ်တို့ တုပသင့်ပါသည်။ ကျွန်ုပ်တို့အားလုံးသည် အပြစ်ကျူးလွန်ကာ အမှားလုပ်မိကြသည်။ (ရောမ ၃:၂၃) သို့သော် ကျွန်ုပ်တို့သည် လက်လျှော့အရှုံးပေးမည်လော သို့မဟုတ် အမှားများမှ သင်ခန်းစာယူပြီး ဘုရားသခင်ကိုနာခံသည့်လမ်းစဉ်သို့ ပြန်လှည့်လာမည်လော။

ယေဟောဝါသည် ယောန၏နာခံမှုကို ကောင်းချီးပေးခဲ့သလော။ အမှန်ပင် ပေးခဲ့သည်။ တစ်ခုမှာ ထိုသင်္ဘောသားတို့ အသက်ရှင်လွတ်မြောက်သွားကြောင်း ယောနသိမြင်ခဲ့ပုံရသည်။ ယောန၏ကိုယ်ကျိုးစွန့်လုပ်ရပ်ကြောင့် မုန်တိုင်းချက်ချင်းရပ်သွားသောအခါ သင်္ဘောသားတို့သည် ‘ယေဟောဝါကို အလွန်ကြောက်ရွံ့သဖြင့်’ သူတို့၏မှားယွင်းသော နတ်ဘုရားကိုပူဇော်မည့်အစား ယေဟောဝါကို ယဇ်ပူဇော်ခဲ့ကြသည်။—ယောန ၁:၁၅၊ ၁၆

နောက်ပိုင်းတွင် ထိုထက်ကြီးမားသော ကောင်းချီးရခဲ့ပြန်သည်။ ယေရှုသည် သင်္ချိုင်းထဲတွင် မိမိနေရမည့်အချိန်ကို ငါးကြီးဝမ်းထဲ ယောနနေခဲ့သည့်အချိန်နှင့် နှိုင်းယှဉ်ကာ ပရောဖက်ပြုခဲ့သည်။ (မဿဲ ၁၂:၃၈-၄၀) မြေကြီးပေါ်သို့ ရှင်ပြန်ထမြောက်လာသောအခါ ထိုကောင်းချီးရခဲ့ကြောင်း ယောန သိမြင်ပြီး ပျော်လိုက်မည်ဖြစ်ခြင်း။ (ယောဟန် ၅:၂၈၊ ၂၉) ယေဟောဝါသည် သင့်ကိုလည်း ကောင်းချီးပေးလိုသည်။ ယောနကဲ့သို့ပင် သင့်အမှားများမှသင်ခန်းစာယူပြီး နာခံမှုနှင့် ကိုယ်ကျိုးစွန့်စိတ်ဓာတ် တင်ပြမည်လော။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 7 ယောန၏ဇာတိမြေသည် ဂါလိလဲနယ်မှမြို့တစ်မြို့ဖြစ်သည်ဟူသည့်အချက်မှာ မှတ်သားဖွယ်ဖြစ်၏၊ အကြောင်းမှာ ယေရှုကို ဖာရိရှဲများက “ကျမ်းစာကို ဆန်းစစ်ဦးလော့။ ဂါလိလဲပြည်မှ အဘယ်ပရောဖက်မျှ မပေါ်ထွန်းသည်ကို သိမှတ်လော့” ဟုမောက်မာစွာပြောခဲ့သောကြောင့်ဖြစ်သည်။ (ယောဟန် ၇:၅၂) မထင်ပေါ်သော ဂါလိလဲပြည်မှ ပရောဖက်တစ်ဦးမျှ မပေါ်ထွန်းခဲ့ကြောင်း သို့မဟုတ် ပေါ်ထွန်းမည်မဟုတ်ကြောင်း ဖာရိရှဲတို့ အဆင်ခြင်မဲ့စွာ သိမ်းရုံးပြောလိုက်ခြင်းဖြစ်သည်ဟု ဘာသာပြန်သူများနှင့် သုတေသီများက ဆိုသည်။ သို့ဆိုလျှင် ထိုဖာရိရှဲတို့သည် သမိုင်းနှင့်ပရောဖက်ပြုချက်ကို တမင်တကာလျစ်လျူရှုလိုက်ခြင်းဖြစ်သည်။—ဟေရှာယ ၉:၁၊ ၂

^ အပိုဒ်၊ 17 ယောနသည် အိပ်မောကျစဉ် ဟောက်သံပင်ထွက်နေသည်ဟု စက်ပ်တွားဂျင့်ကျမ်းက အလေးပေးဖော်ပြထားသည်။ ထိုသို့အိပ်မောကျသွားသောကြောင့် ယောနသည် အခြေအနေကို လျစ်လျူရှုနိုင်လွန်းရာကျသည်ဟု ကျွန်ုပ်တို့ ကောက်ချက်မချသင့်ချေ၊ စိတ်ဓာတ်ကျနေချိန်တွင် အိပ်ချင်စိတ်ကို တစ်ခါတစ်ရံ မထိန်းချုပ်နိုင်ကြောင်း အမှတ်ရသင့်သည်။ ဂေသရှေမန်ဥယျာဉ်တွင် ယေရှုဝေဒနာပြင်းစွာခံစားရစဉ် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် “ဝမ်းနည်း၍ အိပ်ပျော်” သွားခဲ့ကြသည်။—လုကာ ၂၂:၄၅

^ အပိုဒ်၊ 25 “ငါး” ဟူသောဟေဗြဲစကားလုံးကို ဂရိဘာသာစကားဖြင့် “ဧရာမမြွေနဂါး” သို့မဟုတ် “ဧရာမငါး” ဟုပြန်ဆိုကြသည်။ ထိုငါးကြီး၏ အမျိုးအစားကို တိကျစွာ မသတ်မှတ်နိုင်သော်လည်း မြေထဲပင်လယ်တွင် လူတစ်ကိုယ်လုံးမျိုချနိုင်လောက်အောင် ကြီးမားသည့် ငါးမန်းများရှိကြောင်း တွေ့ရှိခဲ့ကြသည်။ ဝေလငါးမန်းသည် ၄၅ ပေ သို့မဟုတ် ထို့ထက်ပင်ရှည်နိုင်ပြီး ထိုငါးမန်းကြီးများကို အခြားနေရာများတွင်လည်း တွေ့ရသည်။

[စာမျက်နှာ ၂၉ ပါပုံစာ]

ယောနကျမ်း ဝေဖန်ခံရ

▪ ယောနကျမ်းတွင် မှတ်တမ်းတင်ထားသော ဖြစ်ရပ်များသည် အမှန်တကယ်ဖြစ်ပျက်ခဲ့သလော။ ထိုကျမ်းသည် ရှေးအချိန်ကတည်းက ဝေဖန်ခံခဲ့ရ၏။ မျက်မှောက်ခေတ် ထိပ်တန်းဝေဖန်ရေးသမားများလက်ထက်သို့ ရောက်လာသောအခါ ထိုကျမ်းကို ပုံပြင်၊ ယုံတမ်းစကား၊ ဒဏ္ဍာရီ သို့မဟုတ် ဝတ္ထုဇာတ်လမ်းအဖြစ် ယူမှတ်ကာ ပယ်ထားကြသည်။ ခရစ်ယာန်ဓမ္မဆရာတစ်ဦးသည် ယောနနှင့်ငါးကြီး၏မှတ်တမ်းကို ဖြစ်ရပ်မှန်မဟုတ်သည့် ပုံခိုင်းချက်တစ်ခုအနေဖြင့် ရှင်းပြခဲ့ရာ ၁၉ ရာစုမှ စာရေးဆရာတစ်ဦးက ယင်းကို ဤသို့ဖော်ပြခဲ့သည်– ယောနသည် ယုပ္ပေမြို့တွင် ဝေလငါးအမည်ရှိဟိုတယ်တစ်ခု၌ တည်းခိုခဲ့သည်။ ကျသင့်ငွေပေးရန် သူ့တွင် ငွေအလုံအလောက်မရှိသောအခါ ဟိုတယ်ပိုင်ရှင်က နှင်ချလိုက်သည်။ ဤသဘောမျိုးဖြင့် ဝေလငါးသည် ယောနကို “မျို” ပြီး “အန်ထုတ်” ခဲ့ခြင်းဖြစ်သည်။ ကျမ်းစာဝေဖန်ရေးသမားများသည် ငါးကြီးထက် ယောနအမှန်တကယ်အသက်ရှင်ခဲ့သည်ဟူသောအချက်ကို ပို၍ဖျောက်ဖျက်ပစ်လိုပုံရသည်။

လူများစွာသည် ထိုကျမ်းစောင်ကို အဘယ်ကြောင့် မယုံကြည်ကြသနည်း။ အကြောင်းမှာ ထိုကျမ်းတွင် အံ့ဖွယ်ဖြစ်ရပ်များကို ဖော်ပြထားသောကြောင့်ဖြစ်သည်။ ဝေဖန်ရေးသမားများသည် မဖြစ်နိုင်ဟူသည့် တစ်ယူသန်ဆန်သောအမြင်ဖြင့် အံ့ဖွယ်ဖြစ်ရပ်များကို ရှုမြင်ပုံရသည်။ သို့သော် ထိုရှုမြင်ပုံသည် အမှန်ပင် ကျိုးကြောင်းညီညွတ်ပါသလော။ ‘သမ္မာကျမ်းစာရဲ့ ဦးဆုံးဝါကျကို ငါယုံကြည်သလား’ ဟုသင့်ကိုသင်မေးကြည့်ပါ။ ထိုဝါကျမှာ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏” ဟူ၍ဖြစ်သည်။ (ကမ္ဘာဦး ၁:၁) ယုတ္တိရှိရှိစဉ်းစားတတ်သည့် သန်းနှင့်ချီသောလူများသည် ထိုရိုးရှင်းသည့်အမှန်တရားကို လက်ခံကြသည်။ အမှန်မှာ ထိုဝါကျသည် ကျမ်းစာပါ အခြားမည်သည့်အံ့ဖွယ်အမှုထက်မဆို ပို၍ထူးခြားသော အံ့ဖွယ်ဖြစ်ရပ်အကြောင်း ဖော်ပြနေခြင်းဖြစ်သည်။

ဤအချက်ကိုသုံးသပ်ကြည့်ပါ– အတိုင်းမသိကျယ်ပြောသည့်ကောင်းကင်နှင့် ကမ္ဘာပေါ်ရှိ ရှုပ်ထွေးဆန်းကြယ်လှသည့် သက်ရှိအားလုံးကို ဖန်ဆင်းသောအရှင်သည် ယောနကျမ်းပါဖြစ်ရပ်များကို အဘယ်ကြောင့် မစွမ်းဆောင်နိုင်ရမည်နည်း။ မုန်တိုင်းတစ်ခုဖြစ်ပေါ်စေခြင်း။ လူတစ်ဦးကို မျိုချရန် ဧရာမငါးကြီးတစ်ကောင်အား စေခိုင်းခြင်း။ ထိုငါးကြီးကပင် ထိုလူကို ပြန်အန်ထုတ်စေခြင်း။ အတိုင်းအဆမဲ့တန်ခိုးရှင်တစ်ဦးအတွက် ထိုအံ့ဖွယ်အမှုများလုပ်ဆောင်နိုင်ရန် လုံးဝမခက်ခဲချေ။—ဟေရှာယ ၄၀:၂၆

ဘုရားသခင်၏တန်ခိုးမပါသည့်တိုင် အံ့သြဖွယ်ကောင်းသောဖြစ်ရပ်များသည် မကြာခဏဖြစ်လေ့ရှိသည်။ ဥပမာ၊ ၁၇၅၈ ခုနှစ်တွင် သင်္ဘောသားတစ်ဦးသည် သင်္ဘောပေါ်မှ မြေထဲပင်လယ်ထဲသို့ ချော်ကျသွားရာ ငါးမန်းတစ်ကောင်က သူ့ကိုမျိုချလိုက်သည်။ သို့သော် ထိုငါးမန်းကို အမြောက်ဖြင့်ပစ်ခတ်ရာ အမြောက်ဆန်ထိမှန်သွားသောငါးမန်းသည် သင်္ဘောသားကို ပြန်အန်ထုတ်လိုက်သည်၊ ထိုသင်္ဘောသားသည် ဒဏ်ရာတစ်ခုမျှမရဘဲ အသက်ရှင်လွတ်မြောက်ခဲ့သည်။ ယင်းသည် ဖြစ်ရပ်မှန်ဆိုလျှင် ဘုရားသခင်ဖြစ်ပေါ်စေသော အံ့ဖွယ်အမှုမဟုတ်သည့်တိုင် ကြုံတောင့်ကြုံခဲအံ့သြဖွယ်ရာအဖြစ် ကျွန်ုပ်တို့ လက်ခံမည်သာဖြစ်သည်။ ထိုထက်ပို၍အံ့အားသင့်ဖွယ်ကောင်းသော တန်ခိုးကြီးလုပ်ရပ်များကို ဘုရားသခင် မစွမ်းဆောင်နိုင်ပေလော။

ငါးကြီး၏ဝမ်းထဲတွင် သုံးရက်တိုင်တိုင် အသက်ရှူမွန်းကျပ်စွာ မည်သူမျှအသက်မရှင်နိုင်ဟု ဝေဖန်ရေးသမားများက ဆိုသည်။ သို့သော် လူသားတို့ပင်လျှင် ရေအောက်တွင် အချိန်အတန်ကြာ အသက်ရှူနိုင်ရန် ဖိသိပ်ထည့်ထားသည့်လေဘူးများကို အသုံးပြုဖို့ သိနားလည်ကြသည်။ သို့ဆိုလျှင် ဘုရားသခင်သည် ယောနကို သုံးရက်ကြာ အသက်ဆက်ရှင်သန်စေရန် မိမိ၏ အတိုင်းအဆမဲ့တန်ခိုးနှင့် ဉာဏ်ပညာကို အသုံးမပြုနိုင်ပေလော။ ယေရှု၏မိခင် မာရိကို ယေဟောဝါ၏ကောင်းကင်တမန်တစ်ပါး ပြောဆိုခဲ့သည့်အတိုင်း “ဘုရားသခင်၏မိန့်ဆိုချက်သည် မပြည့်စုံဘဲမနေ။”—လုကာ ၁:၃၇

ယောနကျမ်းကို သမိုင်းဝင်ဖြစ်ရပ်မှန်အဖြစ် သက်သေထူသည့် အခြားအရာများ ရှိပါသလော။ ယောနကျမ်းတွင် ဖော်ပြထားသော သင်္ဘောနှင့်သင်္ဘောသားတို့အကြောင်းသည် အမှန်ပင်အသေးစိတ်ကျပြီး လက်တွေ့ကျ၏။ သင်္ဘောသားတို့သည် သင်္ဘောဝန်ပေါ့စေရန် ပစ္စည်းများကို ပင်လယ်ထဲသို့ပစ်ချကြောင်း ယောန ၁:၅ တွင် ဖော်ပြထားသည်။ ရာသီဥတုဆိုးဝါးသည့်အခါ ထိုသို့အမြဲပြုလုပ်လေ့ရှိကြောင်း ရှေးခေတ်သမိုင်းပညာရှင်များအပြင် ရဗ္ဗိပညတ်တွင်ပင် ဖော်ပြထားသည်။ နိနေဝေမြို့နှင့်ပတ်သက်သည့် ယောန၏နောက်ပိုင်းဖော်ပြချက်များသည်လည်း သမိုင်းဆိုင်ရာအထောက်အထားများ၊ ရှေးဟောင်းသုတေသနတွေ့ ရှိချက်များနှင့် ကိုက်ညီသည်။ ထို့ထက်ကား ယေရှုခရစ်သည် သင်္ချိုင်းတွင် သုံးရက်ကြာနေရမည့် မိမိ၏အဖြစ်ကို ငါးကြီးဝမ်းထဲတွင် သုံးရက်နေခဲ့ရသည့် ယောန၏အဖြစ်အပျက်နှင့် နှိုင်းယှဉ်ဖော်ပြခဲ့သည်။ (မဿဲ ၁၂:၃၈-၄၀) ထို့ကြောင့် ယေရှုကိုယ်နှိုက်၏ထိုပြောဆိုချက်က ယောန၏ဖြစ်ရပ်မှန်ကန်ကြောင်း သေချာစေသည်။

“ဘုရားသခင်၏ မိန့်ဆိုချက်သည် မပြည့်စုံဘဲမနေ။” —လုကာ ၁:၃၇

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ယောန၏တိုက်တွန်းချက်ကြောင့် သင်္ဘောသားများသည် သူ့ကို ချီ၍ ပင်လယ်ထဲသို့ချပစ်လိုက်ကြ၏