မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများအမေး

ဆုတောင်းချက်အချို့ကို ဘုရားသခင် အဘယ်ကြောင့် မဖြေကြားသနည်း

ဆုတောင်းချက်အချို့ကို ဘုရားသခင် အဘယ်ကြောင့် မဖြေကြားသနည်း

ဘုရားသခင်သည် အလွန်ချဉ်းကပ်ရလွယ်သော၊ ဖော်ရွေခင်မင်တတ်သော ပုဂ္ဂိုလ် ဖြစ်၏။ သားသမီးများက ရင်းနှီးပွင့်လင်းစွာ ပြောဆိုသည်ကို မေတ္တာရှိဖခင်တစ်ဦး နှစ်သက်သကဲ့သို့ ယေဟောဝါ ဘုရားသခင်သည်လည်း ကျွန်ုပ်တို့ကို ကိုယ်တော့်ထံ ဆုတောင်းစေလိုသည်။ တစ်ချိန်တည်းတွင် ပညာရှိဖခင်များကဲ့သို့ပင် ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဆုတောင်းချက်အချို့ကို မဖြေကြားရသည့် ခိုင်လုံသော အကြောင်းရင်းများ ရှိသည်။ ကိုယ်တော်သည် ထိုအကြောင်းရင်းများကို လျှို့ဝှက်ထားသလော သို့မဟုတ် ကျမ်းစာတွင် ရှင်းပြထားပါသလော။

အလိုတော်နှင့်အညီ ငါတို့တောင်းသမျှကို ကိုယ်တော် နားညောင်းတော်မူကြောင်း ငါတို့ ယုံကြည်စိတ်ချကြ၏” ဟု တမန်တော်ယောဟန် ရှင်းပြသည်။ (၁ ယောဟန် ၅:၁၄) ကျွန်ုပ်တို့၏ ဆုတောင်းချက်များသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီရမည်။ ဥပမာ၊ ထီပေါက်ရန်၊ လောင်းကစားပွဲတွင် အနိုင်ရရန်စသည်တို့အတွက် ဆုတောင်းခြင်းမှာ ဘုရားသခင်၏ အလိုတော်နှင့် လုံးဝမကိုက်ညီပါ။ အချို့သူတို့၏ ဆုတောင်းချက်များသည် ရည်ရွယ်ချက် မမှန်ပေ။ ဆုတောင်းချက်ကို အလွဲသုံးစားပြုသူများအား တပည့်ဖြစ်သူ ယာကုပ် ဤသို့သတိပေးခဲ့သည်– “သင်တို့သည် တောင်းလျှောက်သော်လည်း မရရှိကြ။ အကြောင်းမူကား ပြင်းပြသော အလိုဆန္ဒများအတွက် အသုံးချနိုင်ရန် ရည်ရွယ်ချက်လွဲမှားစွာ တောင်းလျှောက်သောကြောင့် ဖြစ်၏။”—ယာကုပ် ၄:၃

ဥပမာ၊ ပြိုင်ဘက်ဘောလုံးအသင်း နှစ်သင်းစလုံးသည် အနိုင်ရဖို့ ဆုတောင်းကြသည်ကို မြင်ယောင်ကြည့်ပါ။ ထိုသို့သော ဆန့်ကျင်ဘက် ဆုတောင်းချက်မျိုးကို ဘုရားသခင် ဖြေကြားမည်ဟု မမျှော်လင့်နိုင်ပါ။ အလားတူ၊ ယနေ့ခေတ် စစ်ပွဲတွင် အနိုင်ရရန် နှစ်ဖက်စလုံးက ဆုတောင်းသည့်အခါတွင်လည်း ကိုယ်တော် ဖြေကြားမည် မဟုတ်ပါ။

ဘုရားသခင့် ပညတ်များကို မထီမဲ့မြင်ပြုသူများ၏ ဆုတောင်းချက်များသည် အချည်းနှီးဖြစ်သည်။ တစ်ကြိမ်တွင် အရေခြုံဟန်ဆောင်သူများကို ယေဟောဝါ ဤသို့ပြော၏– ‘[သင်တို့သည်] များစွာသော ဆုတောင်းစကားကို ဆိုကြသောအခါ ငါသည် နားမထောင်။ သင်တို့လက်တို့သည် အသွေးနှင့် ပြည့်ကြ၏။’ (ဟေရှာယ ၁:၁၅) ထို့ပြင် ‘တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်းသော်လည်း သူ၏ဆုတောင်းစကားသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏’ ဟု ကျမ်းစာတွင် ဖော်ပြသည်။—သု. ၂၈:၉

သို့သော် ယေဟောဝါသည် ကိုယ်တော့်အလိုတော်နှင့်အညီ အမှုဆောင်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသော စိတ်ရင်းမှန်သူများ၏ ဆုတောင်းချက်ကို အမြဲ ဖြေကြားတော်မူလိမ့်မည်။ ယင်းက သူတို့၏ ဆုတောင်းချက်တိုင်းကို ဖြေကြားသည်ဟူသော အဓိပ္ပာယ်လော။ မဟုတ်ပါ။ ကျမ်းစာမှ ပုံနမူနာအချို့ကို ဆန်းစစ်ကြည့်ပါ။

မောရှေသည် ဘုရားသခင်နှင့် အလွန်ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သည်၊ သို့သော် သူသည်လည်း ဘုရားသခင်၏ “အလိုတော်နှင့် အညီ” ဆုတောင်းခဲ့ရသည်။ သူသည် ဘုရားသခင် မိန့်ဆိုပြီးသော ရည်ရွယ်ချက်နှင့် ဆန့်ကျင်လျက် ခါနာန်ပြည်ထဲ ဝင်ခွင့်ပေးရန် ဤသို့တောင်းဆိုသည်– “အကျွန်ုပ်သည် ယော်ဒန်မြစ်တစ်ဖက်သို့ကူး၍ ထိုကောင်းမွန်သောပြည်. . .ကို မြင်ရမည်အကြောင်း အခွင့်ပေးတော်မူပါ။” သို့သော် သူကျူးလွန်ခဲ့သော အမှားကြောင့် ထိုပြည်ထဲ ဝင်ခွင့်မရကြောင်း ကိုယ်တော် မိန့်ဆိုခဲ့ပြီး ဖြစ်၏။ ယခု မောရှေ၏ တောင်းဆိုချက်ကို လက်ခံမည့်အစား ယေဟောဝါသည် “တန်တော့၊ ဤအမှုနှင့်ဆိုင်သောစကားကို နောက်တစ်ဖန် မလျှောက်နှင့်” ဟုမိန့်ဆိုသည်။—တရားဟောရာ ၃:၂၅၊ ၂၆။ ၃၂:၅၁

တမန်တော်ပေါလုသည် သူ၏ “ကိုယ်၌စူးသောဆူး” ကိုဖယ်ရှားပေးပါရန် ဆုတောင်းခဲ့သည်။ (၂ ကောရိန္သု ၁၂:၇) ထို “ဆူး” သည် နာတာရှည် မျက်စိရောဂါ သို့မဟုတ် ဆန့်ကျင်သူများနှင့် “ညီအစ်ကို အတုအယောင်များ” ၏ အဆက်မပြတ် နှောင့်ယှက်မှုကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ (၂ ကောရိန္သု ၁၁:၂၆။ ဂလာတိ ၄:၁၄၊ ၁၅) “ထိုဆူးကို ဖယ်ရှားပေးရန် သခင်ထံ သုံးကြိမ်တိုင်တိုင် ငါအသနားခံ၏” ဟုသူရေးခဲ့သည်။ သို့သော် ပေါလုသည် “ကိုယ်၌စူးသောဆူး” ရှိနေသည့်ကြားမှ ဆက်၍ဟောပြောနေမည်ဆိုလျှင် ယင်းက ဘုရားသခင်၏ တန်ခိုးတော်နှင့် ကိုယ်တော်အပေါ် ပေါလု၏ အကြွင်းမဲ့ယုံကြည်ကိုးစားမှုကို ကောင်းစွာ ပေါ်လွင်စေမည်ကို ကိုယ်တော် သိသည်။ ထို့ကြောင့် ပေါလု၏ ဆုတောင်းချက်ကို ဖြေကြားမည့်အစား “သင်အားနည်းသောအခါ ငါ၏တန်ခိုးသည် အပြည့်အဝ ထင်ရှားလာ၏” ဟု ဘုရားသခင် မိန့်တော်မူ၏။—၂ ကောရိန္သု ၁၂:၈၊ ၉

မည်သည့်ဆုတောင်းချက်ကို ဖြေကြားလျှင် ကျွန်ုပ်တို့အတွက် အကောင်းဆုံးဖြစ်မည်ကို ဘုရားသခင် အသိဆုံးဖြစ်သည်။ ယေဟောဝါသည် ကျမ်းစာတွင် ဖော်ပြထားသော ကောင်းမြတ်လှသည့် ရည်ရွယ်ချက်များနှင့်အညီ ကျွန်ုပ်တို့၏ အကျိုးအတွက် အမြဲလုပ်ဆောင်တော်မူသည်။