မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်သည် တန်ခိုးကြီးစွမ်းအားတစ်ခုလော

ဘုရားသခင်သည် တန်ခိုးကြီးစွမ်းအားတစ်ခုလော

ဘုရားသခင်သည် တန်ခိုးကြီးစွမ်းအားတစ်ခုလော

လူအများစု၏ ဖြေဆိုချက်များ–

▪ “ဘုရားသခင်က လေထုလိုပဲ။ နေရာတိုင်း၊ အရာရာတိုင်းမှာ ရှိနေတယ်။”

▪ “ဘုရားသခင်က စိတ်ကူးနဲ့ပဲသိနိုင်တဲ့၊ အတိအကျဖော်ပြလို့မရနိုင်တဲ့ တန်ခိုးကြီးစွမ်းအားတစ်ခုပဲ။”

ယေရှု ပြောဆိုခဲ့ရာများ

▪ “ငါ့အဖ၏အိမ်တော်၌ နေစရာအခန်းများစွာရှိ၏။” (ယောဟန် ၁၄:၂) ဘုရားသခင်တွင် စံမြန်းရာနေရာ သို့မဟုတ် အိမ်တော်ရှိသည်ဟု ယေရှုတင်စားပြောခဲ့သည်။

▪ “ငါသည် ခမည်းတော်ထံမှကြွလာ၍ ဤလောကသို့ ရောက်လာပြီ။ တစ်ဖန် ဤလောကမှထွက်၍ ခမည်းတော်ထံသို့ သွားဦးမည်။” (ယောဟန် ၁၆:၂၈) ဘုရားသခင်သည် နေရာတိုင်းတွင်ရှိသော စွမ်းအားတစ်ခုမဟုတ်ဘဲ သတ်သတ်မှတ်မှတ်နေရာတစ်ခုတွင် စံမြန်းတော်မူကြောင်း ယေရှုယုံကြည်ခဲ့သည်။

ဘုရားသခင်သည် စိတ်ကူးဖြင့်သာသိနိုင်သော စွမ်းအားတစ်ခုဖြစ်သည်ဟု မည်သည့်အခါမျှ ယေရှုမဖော်ပြခဲ့ချေ။ ယင်းအစား ယေရှုသည် ဘုရားသခင်နှင့် စကားပြောဆိုခဲ့ပြီး ကိုယ်တော့်ထံဆုတောင်းခဲ့သည်။ ထို့ပြင် မိမိနှင့်အလွန်ရင်းနှီးသောဆက်ဆံရေးရှိကြောင်း သိသာထင်ရှားစေသောစကားလုံးဖြစ်သည့် ကောင်းကင်ဘုံရှိခမည်းတော်ဟူ၍ ယေဟောဝါကို မကြာခဏခေါ်ဆိုခဲ့သည်။—ယောဟန် ၈:၁၉၊ ၃၈၊ ၅၄

“ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်” သောကြောင့် ကိုယ်တော်ကို “မည်သူမျှမမြင်ဖူး” သည်မှာ မှန်၏။ (ယောဟန် ၁:၁၈; ၄:၂၄) သို့သော် ယင်းက ကိုယ်တော်သည် ကိုယ်ခန္ဓာ သို့မဟုတ် ပုံသဏ္ဌာန် လုံးဝမရှိဟု မဆိုလိုပါ။ ‘ရုပ်ခန္ဓာကိုယ်ရှိလျှင် ဝိညာဉ်ခန္ဓာကိုယ်လည်း ရှိ၏’ ဟုကျမ်းစာကဆိုသည်။ (၁ ကောရိန္သု ၁၅:၄၄) သို့ဆိုလျှင် ယေဟောဝါတွင် ဝိညာဉ်ခန္ဓာရှိသလော။

ရှိပါသည်။ ယေရှုသည် ရှင်ပြန်ထမြောက်လာပြီးနောက် “ဘုရားသခင့်ရှေ့တော်မှောက်သို့ ရောက်ရှိရန် ကောင်းကင်ဘုံထဲ ယခုဝင်တော်မူပြီ” ဟုကျမ်းစာတွင်ဖော်ပြထားသည်။ (ဟေဗြဲ ၉:၂၄) ယင်းက ဘုရားသခင်နှင့်ပတ်သက်သော အရေးကြီးသည့်အချက်နှစ်ချက်ကို နားလည်စေသည်။ ပထမ၊ ဘုရားသခင်တွင် စံမြန်းရာနေရာတစ်ခုရှိသည်။ ဒုတိယ၊ ဘုရားသခင်သည် နေရာတိုင်းတွင်ကျိန်းဝပ်သော အတိအကျမဖော်ပြနိုင်သည့် စွမ်းအားတစ်ခုမျှသာ မဟုတ်ပါ။

သို့ဆိုလျှင် ဘုရားသခင့်တန်ခိုးတော်သည် နေရာတိုင်းသို့ မည်သို့သက်ရောက်နိုင်မည်နည်း။ ဘုရားသခင်သည် မိမိ၏သန့်ရှင်းသောစွမ်းအားတော် သို့မဟုတ် လုပ်ဆောင်နိုင်သည့်တန်ခိုးကို စကြဝဠာရှိ မည်သည့်နေရာ၌မဆို အသုံးပြုနိုင်သည်။ ဖခင်တစ်ဦးသည် ကလေးငယ်ကို နှစ်သိမ့်ရန်၊ ထူမပေးရန် လက်ကိုကမ်းလင့်ပေးသည့်နည်းတူ ဘုရားသခင်သည် မိမိရည်ရွယ်ချက်များပြီးမြောက်စေရန် သန့်ရှင်းသောစွမ်းအားတော်ကို အသုံးပြုတော်မူသည်။—ဆာလံ ၁၀၄:၃၀; ၁၃၉:၇

ဘုရားသခင်၌ နှစ်သက်ရာ၊ မနှစ်သက်ရာစသော ပင်ကိုစရိုက်လက္ခဏာများအပြင် ခံစားချက်များပင် ရှိတော်မူသည်။ ကိုယ်တော်သည် မိမိလူမျိုးကို ချစ်မြတ်နိုးကြောင်း၊ မိမိလုပ်ဆောင်ချက်များကို နှစ်သက်ကြောင်း၊ ရွံမုန်းသည့်အရာများရှိကြောင်းနှင့် မတရားမှုကြောင့် စိတ်ပူပန်တော်မူကြောင်း ကျမ်းစာတွင် ဖော်ပြထားသည်။ (ကမ္ဘာဦး ၆:၆; တရားဟောရာ ၁၆:၂၂; ၃ ဓမ္မရာဇဝင် ၁၀:၉; ဆာလံ ၁၀၄:၃၁) ၁ တိမောသေ ၁:၁၁ တွင် ကိုယ်တော်ကို “ပျော်ရွှင်သောဘုရားသခင်” ဟုဖော်ပြထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်မြတ်နိုးတတ်ရန် သင်ယူနိုင်ကြောင်း ယေရှုပြောခဲ့ခြင်းမှာ အံ့အားသင့်စရာမဟုတ်ချေ။—မာကု ၁၂:၃၀ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 ထိုအကြောင်းအရာနှင့်ပတ်သက်၍ ထပ်ဆင့်သိလိုပါက ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ် အခန်း ၁ တွင်ကြည့်ပါ။

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

ဖခင်တစ်ဦးသည် လက်ကိုကမ်းလင့်ပေးသည့်နည်းတူ ဘုရားသခင်သည် မိမိရည်ရွယ်ချက်များပြီးမြောက်စေရန် သန့်ရှင်းသောစွမ်းအားတော်ကို အသုံးပြုသည်