မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့သည် ‘သိုးသငယ်နောက်သို့ အစဉ်တစိုက်လိုက်ကြ’

သူတို့သည် ‘သိုးသငယ်နောက်သို့ အစဉ်တစိုက်လိုက်ကြ’

သူတို့သည် ‘သိုးသငယ်နောက်သို့ အစဉ်တစိုက်လိုက်ကြ’

“ထိုသူတို့သည် . . . သိုးသငယ် သွားလေရာရာနောက်သို့ အစဉ်တစိုက် လိုက်ပါသူများ ဖြစ်ကြ၏။” —ဗျာ. ၁၄:၄

၁။ ယေရှု၏စစ်မှန်သောတပည့်များသည် ကိုယ်တော့်နောက်လိုက်ခြင်းနှင့်ပတ်သက်၍ မည်သို့သဘောထားခဲ့ကြသနည်း။

ယေရှုသည် မိမိဓမ္မအမှုဆောင်ချိန်နှစ်နှစ်ခွဲခန့်တွင် “ကပေရနောင်မြို့ရှိ လူတို့စုဝေးရာ တရားဇရပ်၌ သွန်သင်ပေး” နေသည်။ ကိုယ်တော်၏သွန်သင်ချက်သည် လက်ခံရန်ခက်လှကြောင်း တွေ့ရှိကြကာ ‘တပည့်အများတို့သည် ဆုတ်ခွာ၍ နောက်တော်သို့ မလိုက်ကြတော့ချေ။’ မိမိ၏တမန်တော် ၁၂ ပါးကိုလည်း ထွက်သွားလိုကြသလောဟု ယေရှုမေးတော်မူလျှင် ရှိမုန်ပေတရုက ဤသို့ပြန်ပြောခဲ့သည်– “သခင်၊ မည်သူ့ထံ ကျွန်ုပ်တို့သွားရပါမည်နည်း။ ထာဝရအသက်နှင့်ဆိုင်သောစကားသည် ကိုယ်တော်၌ရှိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းတော်မူသောသူဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်သိမှတ်ကြပါပြီ။” (ယော. ၆:၄၈၊ ၅၉၊ ၆၀၊ ၆၆-၆၉) ယေရှု၏စစ်မှန်သောတပည့်များသည် ကိုယ်တော့်နောက်လိုက်ခြင်းမှ မရပ်တန့်လိုကြပါ။ သူတို့သည် သန့်ရှင်းသောစွမ်းအားတော်ဖြင့် ဘိသိက်ပေးခံရပြီးနောက်တွင် ယေရှု၏ညွှန်ကြားချက်ကို ဆက်၍လက်အောက်ခံခဲ့ကြသည်။—တ. ၁၆:၇-၁၀

၂။ (က) မည်သူသည် ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ သို့မဟုတ် ‘တည်ကြည်သော ဘဏ္ဍာစိုး’ ဖြစ်သနည်း။ (ခ) ကျွန်သည် ‘သိုးသငယ်နောက်လိုက်ခြင်း’ နှင့်ပတ်သက်၍ ကောင်းသောမှတ်တမ်းကို မည်သို့ထားခဲ့သနည်း။

မျက်မှောက်ခေတ် ဘိသိက်ပေးခံရသောခရစ်ယာန်များနှင့်ပတ်သက်၍ကော မည်သို့ပြောနိုင်သနည်း။ “[မိမိ] ရောက်ရှိနေခြင်းနှင့် ဤလောကစနစ်နိဂုံးပိုင်း၏နိမိတ်” နှင့်ပတ်သက်သောပရောဖက်ပြုချက်တွင် ယေရှုက ကမ္ဘာပေါ်ရှိ စွမ်းအားတော်ဖွားနောက်လိုက်များဖြင့် ဖွဲ့စည်းထားသောအုပ်စုကို ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ သို့မဟုတ် ‘တည်ကြည်သော ဘဏ္ဍာစိုး’ အဖြစ်ကိုယ်တော်ရည်ညွှန်းခဲ့သည်။ (မ. ၂၄:၃၊ ၄၅; လု. ၁၂:၄၂) အုပ်စုတစ်စုအနေနှင့် ကျွန်အတန်းအစားသည် ‘သိုးသငယ်သွားလေရာရာနောက်သို့ အစဉ်တစိုက်လိုက်ခြင်း’ တွင်အကောင်းဆုံးမှတ်တမ်းကို ထားခဲ့ကြသည်။ (ဗျာ. ၁၄:၄၊ ၅ ကိုဖတ်ပါ။) ယင်းအဖွဲ့ဝင်များသည် ကမ္ဘာ့အယူမှားဝတ်ပြုရေးအင်ပါယာဖြစ်သော “မဟာဗာဗုလုန်” ၏ယုံကြည်ချက်များ၊ အကျင့်များနှင့် မိမိတို့ကိုယ်ကိုမညစ်ညူးစေခြင်းဖြင့် ပုံဆောင်သဘောအရ အပျိုစင်များဖြစ်နေကြဆဲဖြစ်သည်။ (ဗျာ. ၁၇:၅) အယူဝါဒဆိုင်ရာ အဘယ်မုသားကိုမျှ ‘သူတို့၏နှုတ်၌ မတွေ့ရ၊’ ထို့ပြင် သူတို့သည် စာတန့်လောကမှ “အပြစ်အနာအဆာကင်းစင်” လျက်နေကြ၏။ (ယော. ၁၅:၁၉) ကမ္ဘာပေါ်ရှိဘိသိက်ပေးခံရသူအကြွင်းအကျန်တို့သည် အနာဂတ်တွင် ကောင်းကင်ထဲအထိတိုင်အောင် သိုးသငယ်နောက် ‘လိုက်ကြလိမ့်မည်။’—ယော. ၁၃:၃၆

၃။ ကျွန်အတန်းအစားကို ကျွန်ုပ်တို့ယုံကြည်စိတ်ချရန် အဘယ်ကြောင့် အရေးကြီးသနည်း။

ယေရှုသည် တည်ကြည်ပြီးသတိပညာရှိသောကျွန်ကို “မိမိအိမ်သူအိမ်သားတို့” ဖြစ်သော ကျွန်အတန်းအစားဝင်တစ်ဦးစီအား “အချိန်တန်အစာဝေပေးရန်” ခန့်အပ်ခဲ့သည်။ ကိုယ်တော်သည် ကျွန်ကို “မိမိ၏ဥစ္စာရှိသမျှအပေါ်၌” လည်းခန့်အပ်ထားသည်။ (မ. ၂၄:၄၅-၄၇) ယင်း ‘ဥစ္စာများ’ တွင် “အခြားသိုးများ” မှတိုးများလာနေသော “လူအုပ်ကြီး” ပါဝင်သည်။ (ဗျာ. ၇:၉; ယော. ၁၀:၁၆) ဘိသိက်ပေးခံရသူများထဲမှ အဖွဲ့ဝင်များရော “အခြားသိုးများ” ပါ မိမိတို့အပေါ်ခန့်အပ်ထားသောကျွန်ကို ယုံကြည်စိတ်ချသင့်သည်မဟုတ်လော။ ကျွန်အတန်းအစားကို ကျွန်ုပ်တို့ယုံကြည်စိတ်ချထိုက်သည့် အကြောင်းရင်းများစွာရှိသည်။ ထင်ရှားသောအကြောင်းရင်းနှစ်ခုမှာ– (၁) ယေဟောဝါသည် ကျွန်အတန်းအစားကို ယုံကြည်စိတ်ချတော်မူ၏။ (၂) ယေရှုသည်လည်း ကျွန်အတန်းအစားကို ယုံကြည်စိတ်ချတော်မူ၏။ တည်ကြည်ပြီးသတိပညာရှိသောကျွန်အပေါ် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ် လုံးလုံးလျားလျားယုံကြည်စိတ်ချရသည့် အထောက်အထားကို ဆန်းစစ်ကြည့်ကြစို့။

ယေဟောဝါသည် ကျွန်ကို ယုံကြည်စိတ်ချတော်မူ၏

၄။ ကျွန်ုပ်တို့သည် တည်ကြည်ပြီးသတိပညာရှိသောကျွန်အားဖြင့်ပေးသော ကျမ်းစာဆိုင်ရာပုံဆောင်အစာကို အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။

မည်သည့်အရာက တည်ကြည်ပြီးသတိပညာရှိကျွန်အား ကျွန်ုပ်တို့လိုအပ်သည့် အချိန်တန်သော၊ ကျမ်းစာဆိုင်ရာပုံဆောင်အစာပေးစေနိုင်သည်ကို သုံးသပ်ကြည့်ပါ။ ယေဟောဝါဤသို့မိန့်တော်မူ၏– “သင့်ကို ငါထိုးထွင်းသိမြင်စေမည်၊ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်အားအကြံပေး၍ ကြည့်ရှုပြုစုမည်။” (ဆာ. ၃၂:၈ကဘ) မှန်ပါသည်၊ ယေဟောဝါသည် ကျွန်ကို လမ်းပြညွှန်ကြားတော်မူ၏။ ထို့ကြောင့် ကျွန်ထံမှ ကျွန်ုပ်တို့ရရှိသည့် ကျမ်းဆိုင်ရာထိုးထွင်းသိမြင်မှု၊ နားလည်မှုနှင့် လမ်းညွှန်မှုတို့ကို အပြည့်အဝယုံကြည်စိတ်ချနိုင်သည်။

၅။ ကျွန်အတန်းအစားသည် ဘုရားသခင့်စွမ်းအားတော်၏တန်ခိုးခံရကြောင်း အဘယ်အရာက တင်ပြသနည်း။

ထို့ပြင် ယေဟောဝါသည် သန့်ရှင်းသောစွမ်းအားတော်ဖြင့် ကျွန်အတန်းအစားကို ကောင်းချီးပေးတော်မူ၏။ ယေဟောဝါ၏စွမ်းအားတော်သည် မြင်နိုင်သည့်အရာမဟုတ်သော်လည်း ယင်းကိုရရှိသူတို့၏ လုပ်ဆောင်မှုများကိုကား မြင်တွေ့နိုင်၏။ ယေဟောဝါဘုရားသခင်၊ ကိုယ်တော့်သားတော်နှင့် ဘုရားသခင့်နိုင်ငံတော်အကြောင်း ကမ္ဘာတစ်ဝန်းသက်သေခံရာတွင် တည်ကြည်ပြီးသတိပညာရှိသောကျွန် ပြီးမြောက်အောင်မြင်ခဲ့ရာကို စဉ်းစားကြည့်ပါ။ ယေဟောဝါအားဝတ်ပြုကိုးကွယ်သူများသည် နိုင်ငံနှင့်ကျွန်းစုပေါင်း ၂၃၀ ကျော်တွင် ဘုရားသခင့်နိုင်ငံတော်သတင်းစကားကို တက်ကြွစွာကြွေးကြော်နေကြသည်။ ယင်းမှာ ကျွန်အတန်းအစားသည် ဘုရားသခင့်စွမ်းအားတော်၏တန်ခိုးခံရကြောင်း မငြင်းနိုင်သောအထောက်အထားမဟုတ်ပေလော။ (တမန်တော် ၁:၈ ကိုဖတ်ပါ။) ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါ၏လူမျိုးအတွက် အချိန်တန်ကျမ်းဆိုင်ရာပုံဆောင်အစာကိုပေးရာတွင် ကျွန်အတန်းအစားသည် အရေးကြီးသောဆုံးဖြတ်ချက်များ ချရကြသည်။ ကျွန်အတန်းအစားသည် ယင်းဆုံးဖြတ်ချက်များချရာတွင် မေတ္တာ၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ဘုရားသခင့်စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသော အခြားကဏ္ဍများကို ထင်ရှားပေါ်လွင်စေကြသည်။—ဂလ. ၅:၂၂၊ ၂၃

၆၊ ၇။ ယေဟောဝါသည် တည်ကြည်သောကျွန်ကို မည်မျှအထိ ယုံကြည်စိတ်ချတော်မူသနည်း။

တည်ကြည်သောကျွန်ကို ယေဟောဝါမည်မျှအထိယုံကြည်စိတ်ချကြောင်း နားလည်သဘောပေါက်ရန် ယင်းအဖွဲ့ဝင်များအား ကိုယ်တော်ကတိပေးသည့်အရာကို စဉ်းစားကြည့်ပါ။ တမန်တော်ပေါလုက “တံပိုးမှုတ်သောအခါ လူသေတို့သည် မပုပ်ပျက်နိုင်သောအဖြစ်သို့ ထမြောက်၍ ငါတို့ရှိသမျှသည် ပြောင်းလဲကြရလိမ့်မည်။ ပုပ်ပျက်တတ်သောအရာသည် မပုပ်ပျက်နိုင်သောအဖြစ်သို့ ပြောင်းလဲရမည်။ သေနိုင်သောအရာသည် မသေနိုင်သောအဖြစ်သို့ ပြောင်းလဲရမည်။” (၁ ကော. ၁၅:၅၂၊ ၅၃) ဘုရားသခင်အား တည်ကြည်စွာအမှုဆောင်ပြီး ပုပ်ပျက်နိုင်သောလူ့ခန္ဓာကိုယ်ဖြင့် သေဆုံးကြသော ခရစ်တော်၏ဘိသိက်ပေးခံရသောနောက်လိုက်များသည် ထာဝရအသက်ဖြင့် ဝိညာဉ်သတ္တဝါများထက် သာလွန်သည့်အဖြစ်သို့ ထမြောက်ခဲ့ကြသည်။ သူတို့သည် မသေနိုင်သောအဖြစ်—ထာဝရအသက်နှင့် ဖျက်ဆီး၍မရသည့်အဖြစ်သို့ ရောက်ရကြ၏။ ထို့ပြင် သူတို့သည် မပုပ်ပျက်နိုင်သော၊ ပျက်စီးယိုယွင်းခြင်းမရှိနိုင်သောခန္ဓာကိုယ်ရရှိကြ၍ မိမိဘာသာရပ်တည်နိုင်ကြပုံရသည်။ ဗျာ. ၄:၄ က ဤထမြောက်ခဲ့ပြီးသောသူတို့ကို ခေါင်းပေါ်တွင် ရွှေသရဖူများဆောင်းထားလျက် ကောင်းကင်တွင်စံမြန်းနေကြသူများအဖြစ် ဖော်ပြထားသည်။ ဘိသိက်ပေးခံရသောခရစ်ယာန်များကို မင်းမျိုးမင်းနွယ်ဂုဏ်ကျက်သရေက စောင့်ကြိုနေသည်။ သို့သော် နောက်ထပ်ရှိပါသေးသည်။

“သိုးသငယ်၏ထိမ်းမြားမင်္ဂလာပွဲ ရောက်ပြီဖြစ်၍ ကိုယ်တော်၏ဇနီးသည် မိမိကိုယ်ကို အသင့်ပြင်ဆင်ထားလေပြီ။ မှန်ပေသည်၊ သူသည် တောက်ပသန့်စင်သော ချည်ချောထည်ကို ဆင်မြန်းခွင့်ရ၏၊ အကြောင်းမူကား ချည်ချောထည်သည် သန့်ရှင်းသူတို့၏ဖြောင့်မတ်သော လုပ်ဆောင်မှုများကို ကိုယ်စားပြု၏” ဟု ဗျာ. ၁၉:၇၊ ၈ တွင်ဖော်ပြထားသည်။ ယေဟောဝါသည် မိမိသားတော်အတွက် ဘိသိက်ပေးခံရသောခရစ်ယာန်များကို အနာဂတ်သတို့သမီးလောင်းအဖြစ် ရွေးချယ်တော်မူ၏။ မပုပ်ပျက်နိုင်သော၊ မသေနိုင်သော၊ မင်းမျိုးမင်းနွယ်၊ “သိုးသငယ်၏ထိမ်းမြားမင်္ဂလာပွဲ”—ယင်းတို့သည် အံ့သြမိန်းမောဖွယ်ဆုကျေးဇူးများဖြစ်သည်! ယင်းတို့သည် “သိုးသငယ် သွားလေရာရာနောက်သို့ အစဉ်တစိုက် လိုက်ပါသူများဖြစ်ကြ” သောဘိသိက်ပေးခံရသူတို့ကို ဘုရားသခင်ယုံကြည်စိတ်ချကြောင်း စိတ်လှုပ်ရှားဖွယ်အထောက်အထားများဖြစ်ပေသည်။

ယေရှုသည် ကျွန်ကို ယုံကြည်စိတ်ချ

၈။ စွမ်းအားတော်ဖြင့်ဘိသိက်ပေးခံရသော မိမိနောက်လိုက်များကို ယေရှုယုံကြည်စိတ်ချကြောင်း မည်သို့ဖော်ပြသနည်း။

ယေရှုသည် စွမ်းအားတော်ဖြင့်ဘိသိက်ပေးခံရသော မိမိနောက်လိုက်များကို အပြည့်အဝယုံကြည်စိတ်ချကြောင်း အဘယ်အထောက်အထားရှိသနည်း။ ယေရှုသည် မိမိ၏မြေကြီးအသက်တာနောက်ဆုံးညတွင် တည်ကြည်သောတမန်တော် ၁၁ ပါးအား ကတိပေးတော်မူခဲ့သည်။ သူတို့ကို ဤသို့မိန့်တော်မူခဲ့သည်– ‘စုံစမ်းသွေးဆောင်ခြင်းကို ငါခံရစဉ်တွင် သင်တို့သည် ငါ၌မှီဝဲသောသူများဖြစ်ကြ၏။ ငါ့ခမည်းတော်သည် ငါနှင့်ပဋိညာဉ်ဖွဲ့သည့်နည်းတူ ငါသည်လည်း ဘုရားသခင့်နိုင်ငံတော်အတွက် သင်တို့နှင့်ပဋိညာဉ်ဖွဲ့၏။ သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်ရကြမည်။ . . . အစ္စရေးလူမျိုး တစ်ဆယ့်နှစ်နွယ်ကို တရားစီရင်ရကြလိမ့်မည်။’ (လု. ၂၂:၂၈-၃၀) တမန်တော် ၁၁ ပါးနှင့် ယေရှုဖွဲ့ခဲ့သည့်ပဋိညာဉ်သည် ၁၄၄,၀၀၀ သောဘိသိက်ပေးခံရသည့်ခရစ်ယာန်အားလုံးအတွက်ပါ ဖြစ်မည်။ (လု. ၁၂:၃၂; ဗျာ. ၅:၉၊ ၁၀; ၁၄:၁) ယေရှုသည် သူတို့ကို ယုံကြည်စိတ်ချမှုမရှိပါက မိမိနှင့်အတူအုပ်ချုပ်ခွင့်ရစေသည့် ပဋိညာဉ်ကို သူတို့နှင့်ဖွဲ့ခဲ့မည်လော။

၉။ “[ခရစ်တော်၏] ဥစ္စာရှိသမျှ” တွင်အဘယ်အရာများပါဝင်သနည်း။

ထို့ပြင် ယေရှုခရစ်သည် ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ အား မြေကြီးပေါ်ရှိဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားရှိသမျှဖြစ်သော “မိမိ၏ဥစ္စာရှိသမျှအပေါ်၌” ခန့်အပ်တော်မူခဲ့သည်။ (မ. ၂၄:၄၇) ယင်းဥစ္စာများတွင် ယေဟောဝါသက်သေများ၏ကမ္ဘာ့ဌာနချုပ်များရှိ အဆောက်အဦများ၊ နိုင်ငံအသီးသီးရှိ ဌာနခွဲရုံးများ၊ ကမ္ဘာတစ်ဝန်းရှိစည်းဝေးပွဲခန်းမများနှင့် ဘုရားသခင့်နိုင်ငံတော်ခန်းမများ ပါဝင်သည်။ ထို့ပြင် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းလည်း ပါဝင်သည်။ အဘယ်သူသည် မိမိ၏တန်ဖိုးရှိရာများကို ထိန်းသိမ်း၊ အသုံးပြုရန် မိမိယုံကြည်စိတ်ချမှုမရှိသူအား တာဝန်ပေးပါမည်လော။

၁၀။ ယေရှုခရစ်သည် စွမ်းအားတော်ဖြင့် ဘိသိက်ပေးခံရသောမိမိနောက်လိုက်များနှင့်အတူရှိကြောင်း အဘယ်အရာကဖော်ပြသနည်း။

၁၀ ကောင်းကင်သို့မတက်ကြွမီလေးတွင် ရှင်ပြန်ထမြောက်ပြီဖြစ်သောယေရှုသည် မိမိ၏တည်ကြည်သောတပည့်များရှေ့ပေါ်လာပြီး သူတို့ကိုကတိပေးကာ ကိုယ်တော်ဤသို့မိန့်တော်မူ၏– “ငါသည်လည်း ဤလောကစနစ်နိဂုံးပိုင်းတိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။” (မ. ၂၈:၂၀) ယင်းကတိတော်ကို ယေရှုပြည့်စုံစေခဲ့သလော။ လွန်ခဲ့သော ၁၅ နှစ်အတွင်း ကမ္ဘာတစ်ဝန်း ယေဟောဝါသက်သေများ၏အသင်းတော်အရေအတွက်သည် ၇၀,၀၀၀ ခန့်မှ ၁၀၀,၀၀၀ ကျော်အထိတိုးများလာခဲ့သည်၊ ၄၀ ရာခိုင်နှုန်းကျော်တိုးတက်မှုဖြစ်သည်။ တပည့်သစ်များ မည်မျှထပ်တိုးလာခဲ့သနည်း။ လွန်ခဲ့သော ၁၅ နှစ်အတွင်း ၄.၅ သန်းနီးပါးသောတပည့်များသည် နှစ်ခြင်းခံခဲ့ကြသည်၊ တစ်နေ့တွင် ပျမ်းမျှအားဖြင့် ၈၀၀ ကျော်ဖြစ်သည်။ ယင်းသို့အကြီးအကျယ်တိုးများနေခြင်းက ခရစ်တော်သည် စွမ်းအားတော်ဖြင့် ဘိသိက်ပေးခံရသောမိမိနောက်လိုက်များ၏ အသင်းတော်အစည်းအဝေးများတွင် သူတို့ကိုညွှန်ကြားနေကြောင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် သူတို့ကိုထောက်မပေးနေကြောင်း မြင်သာသည့်အထောက်အထားဖြစ်သည်။

ကျွန်သည် တည်ကြည်ပြီး သတိပညာရှိ

၁၁၊ ၁၂။ ကျွန်သည် တည်ကြည်ပြီး သတိပညာရှိကြောင်း ကိုယ်တိုင်မည်သို့တင်ပြခဲ့ပြီနည်း။

၁၁ ယေဟောဝါနှင့် ယေရှုခရစ်သည် တည်ကြည်ပြီး သတိပညာရှိသောကျွန်ကို အပြည့်အဝယုံကြည်စိတ်ချသောကြောင့် ကျွန်ုပ်တို့လည်း အလားတူယုံကြည်စိတ်ချသင့်သည်မဟုတ်လော။ ပို၍အရေးကြီးသည်ကား ကျွန်ကိုယ်နှိုက်သည် မိမိရထားသောလုပ်ငန်းတာဝန်ကို လုပ်ဆောင်ရာတွင် ယုံကြည်စိတ်ချထိုက်ကြောင်း သက်သေထူခဲ့သည်။ ဥပမာ၊ ကင်းမျှော်စင်မဂ္ဂဇင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၁၃၀ ခန့်ကစ၍ ပုံနှိပ်ထုတ်ဝေလာခဲ့သည်။ ယေဟောဝါသက်သေများ၏အစည်းအဝေးများ၊ စည်းဝေးပွဲများနှင့် စည်းဝေးကြီးများသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မပြတ်ခိုင်ခံ့မြဲမြံစေသည်။

၁၂ တည်ကြည်သောကျွန်သည် ယေဟောဝါရှေ့မှပြေးခြင်းဖြင့် ကျိုးနွံမှုမဲ့စွာမပြုသကဲ့သို့ ကိစ္စရပ်တစ်ခုနှင့်ပတ်သက်၍ ဘုရားသခင့်လမ်းညွှန်ချက်သည် ရှင်းရှင်းလင်းလင်းဖြစ်သောအခါ နာခံမှုပြရန် မဖင့်နွှဲခြင်းဖြင့်လည်း သတိပညာရှိ၏။ ဥပမာ၊ မှားယွင်းသောဝတ်ပြုရေးသွန်သင်သူများသည် တစ်ကိုယ်ကောင်းဆန်မှု၊ ဘုရားသခင်မရှိသကဲ့သို့ပြုမူခြင်းကို သာမန်အရာအဖြစ် နှုတ်ဆိတ်သဘောတူကြ သို့မဟုတ် ပွင့်ပွင့်လင်းလင်းဝန်ခံသဘောတူကြစဉ် ကျွန်အတန်းအစားမူကား စာတန့်စနစ်ဆိုး၏ ထောင်ချောက်များကို သတိပေးသည်။ ကျွန်သည် ပညာရှိသော၊ အချိန်မီဖြစ်သောသတိပေးချက်များကို ပေးစွမ်းနိုင်၏၊ အကြောင်းမှာ ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ် ကောင်းချီးပေးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျွန်သည် ကျွန်ုပ်တို့၏အပြည့်အဝယုံကြည်စိတ်ချမှု ရထိုက်သည်။ သို့ဆိုလျှင် တည်ကြည်ပြီး သတိပညာရှိသောကျွန်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချကြောင်း မည်သို့တင်ပြနိုင်သနည်း။

ဘိသိက်ပေးခံရသူများ သိုးသငယ်နောက်လိုက်သကဲ့သို့ သူတို့ ‘နှင့်အတူလိုက်လော့’

၁၃။ ဇာခရိပရောဖက်ပြုချက်အရ တည်ကြည်ပြီးသတိပညာရှိသောကျွန်အပေါ် ယုံကြည်စိတ်ချမှုတင်ပြဖို့ မည်သို့ဖြစ်နိုင်သနည်း။

၁၃ “တစ်ကျိပ်သောလူတို့” သည် “ယုဒလူဖြစ်သောသူ” ထံချဉ်းကပ်လျက် “သင်တို့နှင့်အတူလိုက်ပါမည်” ဟူ၍ပြောဆိုကြောင်း ဇာခရိကျမ်းတွင် ဖော်ပြထားသည်။ (ဇာခရိ ၈:၂၃ ကိုဖတ်ပါ။) “ယုဒလူဖြစ်သောသူ” အား “သင်တို့” ဟုပြောဆိုထားသောကြောင့် သူသည် စုပေါင်းထားသောလူအဖွဲ့ကို ကိုယ်စားပြုသည်။ ကျွန်ုပ်တို့အချိန်တွင် သူသည် “ဘုရားသခင်၏ အစ္စရေးလူမျိုး” အဝင်ဖြစ်ပြီး စွမ်းအားတော်ဖြင့်ဘိသိက်ပေးခံရသော ခရစ်ယာန်အကြွင်းအကျန်ကို ကိုယ်စားပြုသည်။ (ဂလ. ၆:၁၆) “ဘာသာအသီးအသီးကိုပြောတတ်သော လူအမျိုးမျိုးတို့တွင် တစ်ကျိပ်သောလူတို့” သည် အခြားသိုးများမှ လူအုပ်ကြီးကို ကိုယ်စားပြုသည်။ ဘိသိက်ပေးခံရသောခရစ်ယာန်များသည် သိုးသငယ်သွားလေရာရာနောက် လိုက်ကြသကဲ့သို့ လူအုပ်ကြီးသည် တည်ကြည်ပြီးသတိပညာရှိသောကျွန် “နှင့်အတူလိုက်ပါ” လာသည်။ လူအုပ်ကြီးအဝင်တို့သည် “ကောင်းကင်ခေါ်တော်မူခြင်းခံရသော” သူတို့၏အပေါင်းပါဖြစ်ကြောင်းဖော်ပြခံရသည်ကို လုံးဝမရှက်သင့်ပါ။ (ဟေဗြဲ ၃:၁) ယေရှုသည် ဘိသိက်ပေးခံရသူတို့အား “ညီအစ်ကိုများ” ဟုခေါ်ရန် ရှက်တော်မမူ။”—ဟေဗြဲ ၂:၁၁

၁၄။ ခရစ်တော်၏ညီတော်များအား တည်ကြည်သောထောက်မမှု မည်သို့ပေးနိုင်သနည်း။

၁၄ မိမိ၏ညီတော်များအား တည်ကြည်စွာထောက်မပေးမှုကို မိမိအားထောက်မနေခြင်းဖြစ်သည်ဟု ယေရှုခရစ်ယူမှတ်တော်မူ၏။ (မဿဲ ၂၅:၄၀ ကိုဖတ်ပါ။) သို့ဆိုလျှင် မြေကြီးမျှော်လင့်ချက်ရှိသူတို့သည် စွမ်းအားတော်ဖြင့်ဘိသိက်ပေးခံရသော ခရစ်တော်၏ညီတော်များကို အဘယ်နည်းဖြင့် ထောက်မပေးနိုင်သနည်း။ အဓိကအားဖြင့် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းတွင် သူတို့ကို ကူညီပေးခြင်းအားဖြင့်ဖြစ်သည်။ (မ. ၂၄:၁၄; ယော. ၁၄:၁၂) ကမ္ဘာပေါ်တွင် ဘိသိက်ပေးခံရသူတို့၏အရေအတွက် လျော့နည်းလာနေစဉ် အခြားသိုးအရေအတွက်မှာ နှစ်များတစ်လျှောက် တိုးများလျက်နေသည်။ မြေကြီးမျှော်လင့်ချက်ရှိသူတို့သည် သက်သေခံခြင်းလုပ်ငန်းတွင် ပါဝင်ကြသောအခါ—အချိန်ပြည့်သတင်းကောင်းဟောပြောသူများအဖြစ် အမှုဆောင်ခြင်းပင်ဖြစ်နိုင်သည်—သူတို့သည် တပည့်ဖြစ်စေခြင်းတာဝန်ကို ဆောင်ရွက်ရာတွင် စွမ်းအားတော်ဖြင့်ဘိသိက်ပေးခံရသူတို့ကို ထောက်မကြသည်။ (မ. ၂၈:၁၉၊ ၂၀) နည်းအမျိုးမျိုးနှင့်အလှူငွေများထည့်ဝင်ခြင်းဖြင့် ဤလုပ်ငန်းကို ထောက်မရသည့်အခွင့်အရေးများကို လျစ်လျူမရှုသင့်ချေ။

၁၅။ ကျွန်အတန်းအစားထံမှ အချိန်တန်အစာနှင့် ကျွန်အတန်းအစားကဆုံးဖြတ်သည့် အဖွဲ့အစည်းဆိုင်ရာဆုံးဖြတ်ချက်များကို ခရစ်ယာန်များ မည်သို့တုံ့ပြန်သင့်သနည်း။

၁၅ ကျမ်းစာအခြေပြုစာပေများ၊ ခရစ်ယာန်အစည်းအဝေးနှင့် စည်းဝေးပွဲများမှတစ်ဆင့် တည်ကြည်သောကျွန်ဝေမျှပေးသည့် အချိန်တန်အစာကို ခရစ်ယာန်တစ်ဦးချင်းစီအနေနှင့် ကျွန်ုပ်တို့မည်သို့ရှုမြင်သနည်း။ ယင်းတို့ကို ကျေးဇူးတင်လေးမြတ်စိတ်ဖြင့်သုံးဆောင်ပြီး သင်ယူသိရှိရာများကို စိတ်ပါလက်ပါကျင့်သုံးကြပါသလော။ ကျွန်အတန်းအစားကဆုံးဖြတ်သည့် အဖွဲ့အစည်းဆိုင်ရာဆုံးဖြတ်ချက်များကို ကျွန်ုပ်တို့မည်သို့တုံ့ပြန်သနည်း။ ပေးလှာသည့်လမ်းညွှန်ချက်ကို ကျွန်ုပ်တို့လိုလိုလားလားနာခံခြင်းသည် ယေဟောဝါ၏အစီအစဉ်ကို ကျွန်ုပ်တို့ယုံကြည်မှုရှိကြောင်း အထောက်အထားဖြစ်သည်။—ယာ. ၃:၁၇

၁၆။ ခရစ်ယာန်အားလုံးသည် ခရစ်တော်၏ညီတော်များစကားကို အဘယ်ကြောင့် နားထောင်သင့်သနည်း။

၁၆ ယေရှုဤသို့မိန့်တော်မူ၏– “ငါ၏သိုးတို့သည် ငါ့စကားသံကို နားထောင်ကြ၏။ ထိုသိုးတို့ကို ငါသိ၍ သူတို့သည်လည်း ငါ့နောက်သို့ လိုက်ကြ၏။” (ယော. ၁၀:၂၇) ယင်းသည် ဘိသိက်ပေးခံရသောခရစ်ယာန်များအတွက် မှန်ကန်သည်။ သူတို့နှင့် “အတူလိုက်ပါ” ကြသူတို့ကော အသို့နည်း။ ထိုသို့သောသူတို့သည် ယေရှုကို နားထောင်ကြရမည်။ သူတို့သည် ကိုယ်တော်၏ညီတော်များကိုလည်း နားထောင်ကြရမည်။ အမှန်မှာ ဘုရားသခင့်လူတို့ကိုလမ်းညွှန်ပြီး ဂရုစိုက်စောင့်ရှောက်ရသည့်အဓိကတာဝန်ကို သူတို့အား အပ်နှင်းထားခဲ့သည်။ ခရစ်တော်၏ညီတော်များစကားကို နားထောင်ခြင်းတွင် အဘယ်အရာများပါဝင်သနည်း။

၁၇။ ကျွန်အတန်းအစားကို နားထောင်ခြင်းတွင် အဘယ်အရာပါဝင်သနည်း။

၁၇ ယနေ့ တည်ကြည်ပြီးသတိပညာရှိသောကျွန်ကို အုပ်ချုပ်ရေးအဖွဲ့က ကိုယ်စားပြုသည်၊ ယင်းအဖွဲ့သည် ကမ္ဘာတစ်ဝန်း ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်ပြီး ညှိနှိုင်းဆောင်ရွက်ပေးသည်။ အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် အတွေ့အကြုံရှိသူများ၊ ဘိသိက်ပေးခံရသောအကြီးအကဲများဖြစ်ကြသည်။ အထူးသဖြင့် သူတို့ကို ကျွန်ုပ်တို့အလယ်တွင် ‘ဦးဆောင်နေသောသူတို့’ အဖြစ် ဖော်ပြနိုင်သည်။ (ဟေဗြဲ ၁၃:၇) ကမ္ဘာတစ်ဝန်းအသင်းတော်ပေါင်း ၁၀၀,၀၀၀ ကျော်ရှိ ၇,၀၀၀,၀၀၀ ကျော်သော ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများကို ဂရုစိုက်ရာတွင် ဤဘိသိက်ပေးခံရသောကြီးကြပ်မှူးများသည် “သခင်၏အမှုတော်တွင် အလုပ်များလျက်နေကြ” သည်။ (၁ ကော. ၁၅:၅၈) ကျွန်အတန်းအစားကို နားထောင်ခြင်းသည် ယင်း၏အုပ်ချုပ်ရေးအဖွဲ့အား ကျွန်ုပ်တို့ အပြည့်အဝပူးပေါင်းလုပ်ဆောင်ခြင်းကို ဆိုလို၏။

ကျွန်ကို နားထောင်သူတို့ ကောင်းချီးခံစားကြ

၁၈၊ ၁၉။ (က) တည်ကြည်ပြီး သတိပညာရှိသောကျွန်၏စကားကို နားထောင်သောသူတို့သည် မည်သို့ကောင်းချီးခံစားကြသနည်း။ (ခ) ကျွန်ုပ်တို့သည် မည်သို့စိတ်ပိုင်းဖြတ်ထားသင့်သနည်း။

၁၈ ခန့်အပ်ခံရချိန်မှစ၍ တည်ကြည်ပြီးသတိပညာရှိသောကျွန်သည် “လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်း” ခဲ့ကြသည်။ (ဒံ. ၁၂:၃) ထိုသူတို့တွင် လက်ရှိဆိုးသွမ်းသောလောကစနစ်ဖျက်ဆီးခံရခြင်းမှ လွတ်မြောက်ဖို့မျှော်လင့်ချက်ရှိသူတို့ပါဝင်ကြသည်။ ဘုရားသခင်ရှေ့မှောက် ဖြောင့်မတ်စွာရပ်တည်နိုင်ခြင်းသည် ကောင်းချီးဖြစ်၏။

၁၉ အနာဂတ်တွင် “သန့်ရှင်းသောမြို့တော်တည်းဟူသော ဂျေရုဆလင်မြို့သစ် [၁၄၄,၀၀၀ ပါဝင်] သည် ခင်ပွန်းအတွက် တန်ဆာဆင်ယင်ထားသည့် သတို့သမီးကဲ့သို့ပြင်ဆင်လျက် ဘုရားသခင့်အထံတော် ကောင်းကင်ဘုံမှ ဆင်းလာ” သောအခါ ကျွန်၏စကားကို နားထောင်သောသူတို့သည် အဘယ်အရာကို တွေ့ကြုံခံစားကြရမည်နည်း။ သမ္မာကျမ်းစာ ဤသို့ဖော်ပြသည်– “ဘုရားသခင် ကိုယ်တော်တိုင်လည်း သူတို့နှင့်အတူ ရှိတော်မူမည်။ ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။” (ဗျာ. ၂၁:၂-၄) ထိုအတွက်ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့် စွမ်းအားတော်ဖြင့်ဘိသိက်ပေးခံရသော ယုံကြည်စိတ်ချထိုက်သည့် ကိုယ်တော်၏ညီတော်များကို နားထောင်ကြစို့။

သင်အဘယ်အရာ သိရှိခဲ့သနည်း

• ယေဟောဝါသည် တည်ကြည်ပြီးသတိပညာရှိသောကျွန်ကို ယုံကြည်စိတ်ချကြောင်း အဘယ်အထောက်အထားရှိသနည်း။

• ယေရှုခရစ်သည် ကျွန်အတန်းအစားကို အပြည့်အဝယုံကြည်စိတ်ချကြောင်း အဘယ်အရာက ဖော်ပြသနည်း။

• တည်ကြည်သောဘဏ္ဍာစိုးသည် ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို အဘယ်ကြောင့် ရထိုက်သနည်း။

• ကျွန်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချကြောင်း မည်သို့တင်ပြနိုင်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ယေဟောဝါသည် မိမိ၏သားတော်အတွက် အနာဂတ်သတို့သမီးဖြစ်ရန် အဘယ်သူကို ရွေးချယ်တော်မူခဲ့သည်ကို သင်သိပါသလော

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ယေရှုခရစ်သည် တည်ကြည်ပြီးသတိပညာရှိသော ကျွန်ကို မိမိ၏ ‘ဥစ္စာများ’ အပ်နှင်းတော်မူခဲ့

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

သက်သေခံခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ပါဝင်သောအခါ စွမ်းအားတော်ဖြင့် ဘိသိက်ခံရသူတို့ကို ထောက်မနေခြင်းဖြစ်