မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူကိုမကြောက်ဘဲ ဘုရားသခင်ကိုသာ ကြောက်ရွံ့ရမည့် အကြောင်းရင်းငါးချက်

လူကိုမကြောက်ဘဲ ဘုရားသခင်ကိုသာ ကြောက်ရွံ့ရမည့် အကြောင်းရင်းငါးချက်

လူကိုမကြောက်ဘဲ ဘုရားသခင်ကိုသာ ကြောက်ရွံ့ရမည့် အကြောင်းရင်းငါးချက်

လူငယ်တစ်ဦးသည် အတော်ပင် အံ့သြမိသည်။ အကြောင်းမှာ သူလုံးဝမမျှော်လင့်ထားသောအရာများကို ကြားနာခဲ့ရသောကြောင့်ဖြစ်သည်။ ယေဟောဝါသက်သေနှစ်ဦးနှင့် သူဆွေးနွေးခဲ့ရာ ယင်းက သူ့အတွက် အသစ်အဆန်းချည်းဖြစ်နေသည်။ ဘုရားသခင်သည် ဆင်းရဲခက်ခဲမှုများကို အဘယ်ကြောင့်ခွင့်ပြုထားရသနည်းဟူသောမေးခွန်းကြောင့် နှစ်အတော်ကြာ သူစိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်၊ ယခု ထိုမေးခွန်း၏အဖြေကို ကျမ်းစာမှ ရှင်းရှင်းလင်းလင်းသိခဲ့ရပြီ။ ကျမ်းစာတွင် ဤမျှအဖိုးထိုက်တန်ပြီး စိတ်ကျေနပ်ဖွယ်ကောင်းသော အကြောင်းအရာများပါရှိကြောင်း သူ ယခင်က မသိခဲ့ပေ။

ထိုသက်သေခံနှစ်ဦးပြန်သွားပြီးနောက် မကြာမီတွင် သူ၏အိမ်ရှင်အမျိုးသမီးသည် အခန်းထဲသို့ ဝုန်းဒိုင်းကြဲဝင်လာပြီး “ဒီလူတွေ ဘယ်သူတွေလဲ” ဟုဒေါသတကြီးမေးမြန်းသည်။

ထိုလူငယ်သည် ရုတ်တရက် ကြောင်အမ်းအမ်းဖြစ်ပြီး ဘာပြောရမှန်းမသိဖြစ်သွားသည်။

“သူတို့ဘယ်သူလဲဆိုတာ ငါသိတယ်။ နောက်တစ်ခါ သူတို့ကို မင်းလက်ခံရင် ဒီကနေထွက်သွားပြီး တခြားအိမ်ခန်းရှာပေတော့” ဟု ထိုအမျိုးသမီးအော်ပြောသည်။

ထို့နောက် တံခါးကိုဆောင့်ပိတ်ကာ ထွက်သွားတော့သည်။

ခရစ်တော်၏နောက်လိုက်စစ်များသည် ဆန့်ကျင်မှုကို မျှော်လင့်ထားကြ

ထိုလူငယ်၏အဖြစ်အပျက်သည် အဆန်းမဟုတ်ချေ။ ‘ခရစ်တော်ယေရှုနှင့် တစည်းတလုံးတည်းရှိလျက် ဘုရားသခင်ကိုဆည်းကပ်မှုဖြင့် အသက်ရှင်နေထိုင်လိုသူအပေါင်းတို့သည်လည်း ညှဉ်းပန်းနှိပ်စက်မှုကို ခံကြရလိမ့်မည်’ ဟု ကျမ်းစာကဆိုသည်။ (၂ တိမောသေ ၃:၁၂) ယနေ့ ခရစ်ယာန်စစ်များသည် လူအများစု၏နှစ်သက်မှုကို မခံရပေ၊ အတိတ်တွင်လည်း လူကြိုက်မများခဲ့ချေ။ အဘယ်ကြောင့်နည်း။ “ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြောင်း၊ တစ်လောကလုံးသည် ဆိုးညစ်သူ၏ဩဇာအောက်တွင် ရှိနေကြောင်း ငါတို့သိကြ၏” ဟုခရစ်ယာန်ချင်းများကို တမန်တော်ယောဟန်ပြောပြခဲ့သည်။ ထို့ပြင် စာတန်သည် “ဟောက်သောခြင်္သေ့ကဲ့သို့ တစ်ဦးတစ်ယောက်ကို မျိုရန် လှည့်လည်ရှာဖွေလျက်ရှိ” ကြောင်းကိုလည်း ဖော်ပြထားသည်။ (၁ ယောဟန် ၅:၁၉; ၁ ပေတရု ၅:၈) လူကိုကြောက်ရွံ့ခြင်းသည် စာတန်အသုံးပြုသော အထိရောက်ဆုံးလက်နက်တစ်ခုဖြစ်သည်။

ကောင်းမှုများစွာပြုခဲ့ပြီး တစ်ခါမျှအပြစ်မကျူးလွန်ခဲ့သော ယေရှုခရစ်ပင် ကဲ့ရဲ့လှောင်ပြောင်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုခံခဲ့ရသည်။ “သူတို့သည် အကြောင်းမဲ့ ငါ့ကိုမုန်းကြ၏” ဟု ကိုယ်တော်ထုတ်ဖော်ပြောခဲ့သည်။ (ယောဟန် ၁၅:၂၅) ကိုယ်တော်မသေဆုံးမီညတွင် မိမိနောက်လိုက်များကို ဤသို့ကြိုတင်မိန့်မှာခဲ့သည်– “လောကသည် သင်တို့ကိုမုန်းလျှင် သင်တို့ကိုမမုန်းမီ ငါ့ကိုမုန်းကြောင်း သိမှတ်ကြလော့။ ကျွန်သည် သခင်ထက် သာ၍ကြီးမြတ်သည်မဟုတ်ဟု ငါဆိုခဲ့ပြီးသောစကားကို သတိရကြလော့။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကိုလည်း ညှဉ်းဆဲကြလိမ့်မည်။”—ယောဟန် ၁၅:၁၈၊ ၂၀

ထိုမိန့်မှာချက်ကြောင့် လူများစွာသည် စစ်မှန်သောဝတ်ပြုရေးဘက်ရပ်တည်ရန် တွန့်ဆုတ်သွားကြသည်။ တစ်ကြိမ်တွင်၊ ယေရှုကိုရှာဖွေသူများအကြောင်း ကျမ်းစာက ဤသို့ဆိုသည်– “ဂျူးတို့ကို ကြောက်သောကြောင့် ကိုယ်တော်၏အကြောင်းကို မည်သူမျှ လူသိရှင်ကြား မပြောဝံ့ကြ။” (ယောဟန် ၇:၁၃; ၁၂:၄၂) ခရစ်တော်ကို ယုံကြည်သူမည်သူမဆို တရားဇရပ်မှနှင်ထုတ်ခံရမည်ဟု ထိုခေတ်ရှိဘာသာရေးခေါင်းဆောင်များက ခြိမ်းခြောက်သည်။ လူကိုကြောက်ရွံ့စိတ်ကြောင့် ခရစ်ယာန်ဖြစ်မလာသူများစွာ ရှိခဲ့သည်။—တမန်တော် ၅:၁၃

ခရစ်ယာန်အသင်းတော် တည်ထောင်ပြီးနောက်ပိုင်းတွင် ဂျေရုဆလင်မြို့ရှိ အသင်းတော်သည် “နှိပ်စက်ညှဉ်းဆဲခြင်းကို ပြင်းထန်စွာခံရ” သည်ဟု ကျွန်ုပ်တို့ဖတ်ရသည်။ (တမန်တော် ၈:၁) အမှန်မှာ ရောမအင်ပါယာတစ်ခွင်လုံးရှိ ခရစ်ယာန်များသည် နှိပ်စက်ညှဉ်းဆဲခြင်းခံခဲ့ရသည်။ “ဤဂိုဏ်းသည် အရပ်ရပ်တွင် ဆန့်ကျင်ပြောဆိုခံရကြောင်း ငါတို့သိထား၏” ဟုရောမမြို့ရှိ အထင်ကရပုဂ္ဂိုလ်များက တမန်တော်ပေါလုကိုပြောခဲ့သည်။ (တမန်တော် ၂၈:၂၂) မှန်ပါသည်၊ ခရစ်ယာန်စစ်များသည် အမှန်ပင် ဆန့်ကျင်တားဆီးမှုကြုံခဲ့ရသည်။

ယနေ့တိုင် စာတန်သည် လူတို့ကို ခရစ်တော်၏နောက်လိုက်စစ်များ မဖြစ်လာစေရန် လူကိုကြောက်ရွံ့ခြင်းဟူသောလက်နက်ဖြင့် ဆီးတားနှောင့်ယှက်နေဆဲပင်။ ယေဟောဝါသက်သေများနှင့်ကျမ်းစာလေ့လာနေသော စိတ်ရိုးဖြောင့်သူများစွာသည် ကျောင်း၊ အလုပ်ခွင်၊ အိမ်နီးချင်း၊ မိတ်ဆွေအပေါင်းသင်းများကြားတွင် ဆန့်ကျင်မှုနှင့် ကဲ့ရဲ့လှောင်ပြောင်မှုခံနေရသည်။ သူတို့သည် လူတို့အရိုအသေပျက်မည်၊ မိတ်ဆွေများ၏ခင်မင်မှု ပျက်ပြားမည် သို့မဟုတ် ရုပ်ပစ္စည်းထောက်ပံ့မှု မရတော့မည်ကို ကြောက်ရွံ့ကြသည်။ အချို့ကျေးလက်ဒေသများတွင် အိမ်နီးချင်းများက ကောက်ရိတ်သိမ်းချိန်၌ ဝိုင်းဝန်းမကူညီမည် သို့မဟုတ် သိုးနွားများကို ဝိုင်းဝန်းမကာကွယ်ပေးမည်ကို လယ်သမားများစိုးရိမ်ကြသည်။ ထိုသို့ကြောက်ရွံ့စိတ်များရှိသည့်ကြားမှပင် သန်းနှင့်ချီသောလူများသည် ယေရှုခရစ်နည်းတူ ဘုရားသခင်ကိုယုံကြည်ကိုးစားရန်နှင့် ကိုယ်တော့်နှုတ်ထွက်စကားတော်နှင့်အညီ အသက်ရှင်ရန် စိတ်ဆုံးဖြတ်ထားသည်။ ထို့ကြောင့် ယေဟောဝါသည် သူတို့ကို ကောင်းချီးပေးတော်မူသည်။

လူကိုမကြောက်ဘဲ ဘုရားသခင်ကိုသာ အဘယ်ကြောင့်ကြောက်ရွံ့ရ

လူကိုမကြောက်ဘဲ ဘုရားသခင်ကိုကြောက်ရွံ့ရန် ကျမ်းစာက တိုက်တွန်းထားသည်။ ‘ယေဟောဝါကို ကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏’ ဟုဆိုသည်။ (ဆာလံ ၁၁၁:၁၀) ထိုကြောက်ရွံ့ခြင်းသည် စိုးရွံ့ထိတ်လန့်နေခြင်းမဟုတ်ဘဲ အသက်သခင်၏စိတ်တော်ငြိုငြင်မည်ကို စိုးရိမ်ခြင်းဖြစ်သည်။ ယင်းသည် မေတ္တာနှင့်နီးကပ်စွာ ဆက်စပ်နေသည်။ သို့သော် လူကို မကြောက်ဘဲ ဘုရားသခင်ကို အဘယ်ကြောင့် ကြောက်ရွံ့သင့်သနည်း။ အကြောင်းရင်းငါးချက်ကို သုံးသပ်ကြည့်ကြစို့။

၁ ယေဟောဝါသည် အမြင့်မြတ်ဆုံးအရှင်ဖြစ်သည်။ ယေဟောဝါသည် မည်သည့်လူသားထက်မဆို တန်ခိုးကြီးတော်မူသည်။ ကိုယ်တော့်ရှေ့တွင် “လူအမျိုးမျိုးတို့သည် ရေပုံးမှကျသော ရေစက်ကဲ့သို့ဖြစ်” သည်။ ကျွန်ုပ်တို့သည် အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်ကိုရိုသေခန့်ညားပြီး ပညတ်တော်များကိုနာခံခြင်းဖြင့် ကိုယ်တော်ဘက်တွင် ရပ်တည်ကြောင်း တင်ပြနိုင်ကြသည်။ (ဟေရှာယ ၄၀:၁၅) ဘုရားသခင်သည် အတိုင်းအဆမဲ့တန်ခိုးရှင်ဖြစ်သောကြောင့် မိမိအပေါ်တည်ကြည်သူများ၏ “တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ အထမမြောက်” စေရန် ကာကွယ်ပေးနိုင်သည့်အစွမ်းရှိတော်မူသည်။ (ဟေရှာယ ၅၄:၁၇) ထို့ပြင် ဘုရားသခင်သည် ထာဝရအသက်ရထိုက်သူများကို ရွေးချယ်ဆုံးဖြတ်မည်ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော့်အကြောင်းလေ့လာပြီး ကိုယ်တော့်အလိုတော်ဆောင်ခြင်းကို အတားအဆီးဖြစ်စေရန် မည်သည့်အရာကိုမျှ ခွင့်မပြုသင့်ပေ။—ဗျာ. ၁၄:၆၊ ၇

၂ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကူညီပြီး ကာကွယ်ပေးမည်။ ‘လူကိုကြောက်ရွံ့ခြင်းသဘောသည် ကျော့ကွင်းကိုထောင်တတ်၏။ ယေဟောဝါကို ခိုလှုံသောသူမူကား လုံခြုံလိမ့်မည်’ ဟုကျမ်းစာတွင်ဖော်ပြသည်။ (သု. ၂၉:၂၅) လူကိုကြောက်ရွံ့ခြင်းသည် ကျော့ကွင်းဖြစ်၏၊ အကြောင်းမှာ ယင်းသည် ဘုရားသခင်ကိုယုံကြည်ကြောင်း လူသိရှင်ကြား မကြေညာရဲဘဲ နောက်တွန့်သွားစေနိုင်သောကြောင့်ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်နိုင်စွမ်းရှိသောကြောင့် ဤသို့အာမခံတော်မူသည်– “မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင်ငါသည် သင့်ကိုခိုင်ခံ့စေမည်။ သင့်ကိုစောင့်မမည်။ ငါ့သစ္စာလက်ယာလက်ဖြင့် ထောက်ပင့်မည်။”—ဟေရှာယ ၄၁:၁၀

၃ ဘုရားသခင်သည် မိမိထံချဉ်းကပ်သူများကို ချစ်တော်မူသည်။ တမန်တော်ပေါလုက ဤသို့ရေးခဲ့သည်– “သေခြင်းဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အစိုးရအာဏာဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာမည့်အရာဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ အခြားမည်သည့်ဖန်ဆင်းခံအရာမျှ ငါတို့၏သခင် ခရစ်တော်ယေရှု၌ရှိသော ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါယုံကြည်စိတ်ချ၏။” (ရောမ ၈:၃၇-၃၉) ကျွန်ုပ်တို့သည် ဘုရားသခင်ကိုယုံကြည်ကိုးစားပြီး နာခံတတ်ရန် သင်ယူပါက စကြဝဠာပိုင်သအုပ်စိုးရှင်နှင့် ခိုင်မြဲသောမေတ္တာဖွဲ့ခွင့်ရနိုင်သည်။ အခွင့်ထူးလှသည်တကား။

၄ ကျွန်ုပ်တို့အတွက် ဘုရားသခင်လုပ်ဆောင်ပေးရာအားလုံးကို ကျွန်ုပ်တို့ အလွန်လေးမြတ်သည်။ ယေဟောဝါသည် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်၊ အသက်သခင်ဖြစ်တော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အသက်ရှင်သန်ခွင့်ပေးရုံသာမက အသက်တာကို ပျော်မွေ့စေရန်နှင့် နှစ်သက်ဖွယ်ဖြစ်စေရန် လိုအပ်သည့်အရာများကိုလည်း စီမံပေးတော်မူသည်။ ကိုယ်တော်သည် ကောင်းမြတ်သောဆုကျေးဇူးမှန်သမျှ၏ အရင်းအမြစ်ဖြစ်တော်မူသည်။ (ယာကုပ် ၁:၁၇) ဘုရားသခင်၏ချစ်ခင်ကြင်နာမှုကို အလွန်လေးမြတ်သော သစ္စာရှိသူဒါဝိဒ် ဤသို့ရေးခဲ့သည်– ‘အကျွန်ုပ်၏ဘုရားသခင်ယေဟောဝါ၊ အကျွန်ုပ်တို့အဖို့ပြုတော်မူသော အံ့သြဖွယ်အမှုတို့နှင့် ကြံစည်တော်မူသောအကြံအစည်တို့သည် များလှပါ၏။ . . . ရေတွက်၍မကုန်နိုင်အောင် များလှပါ၏။’—ဆာလံ ၄၀:၅

၅ ကျွန်ုပ်တို့ကို ဆန့်ကျင်သူများသည် ပြောင်းလဲလာနိုင်သည်။ သင်သည် အလျှော့မပေးဘဲ ဘုရားသခင်ကိုကြောက်ရွံ့၍ ချစ်မြတ်နိုးရန် ခိုင်မာစွာစိတ်ပိုင်းဖြတ်ထားခြင်းဖြင့် ဆန့်ကျင်သူများကို ကူညီပေးနိုင်သည်။ ယေရှု၏ဆွေမျိုးများအကြောင်း သုံးသပ်ကြည့်ပါ။ အစပိုင်းတွင် သူတို့သည် ကိုယ်တော်ကို မယုံကြည်သောကြောင့် “သူသည် ရူးသွပ်လေပြီ” ဟုဆိုခဲ့သည်။ (မာကု ၃:၂၁; ယောဟန် ၇:၅) သို့သော် ယေရှုသေဆုံးကာ ရှင်ပြန်ထမြောက်ပြီးနောက်ပိုင်းတွင် သူတို့ယုံကြည်လာကြသည်။ ယေရှု၏မိတူဖကွဲညီ၊ ယာကုပ်နှင့်ယုဒတို့သည် ကျမ်းစာစောင်များရေးသားရာတွင်ပင် ပါဝင်ခဲ့ကြသည်။ ခရစ်ယာန်များကို နှိပ်စက်ညှဉ်းပန်းသူ၊  တစ်ယူသန်သောရှောလုသည်လည်း နောက်ပိုင်းတွင် တမန်တော်ပေါလုဖြစ်လာခဲ့သည်။ ယခု ဆန့်ကျင်နေသူအချို့သည် ကျွန်ုပ်တို့၏ခိုင်မာရဲရင့်သည့်ရပ်တည်ချက်ကြောင့် ကျွန်ုပ်တို့တွင်ကျမ်းစာအမှန်တရားရှိကြောင်း နောင်တစ်ချိန်တွင် သဘောပေါက်လာကြပေမည်။—၁ တိမောသေ ၁:၁၃

ဥပမာ၊ အာဖရိကနိုင်ငံမှ အမျိုးသမီးတစ်ဦးဖြစ်သူ အဘီရာရှ်သည် ဘုရားသခင်နှင့်ပတ်သက်သည့်အမှန်တရားကို ရှာတွေ့နိုင်ရန် ဆုတောင်းခဲ့သည်။ ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာသောအခါ သူ၏မိသားစုဝင်များနှင့် ဘာသာရေးခေါင်းဆောင်များ၏ အပြင်းအထန်ဆန့်ကျင်မှုကို ကြုံရတော့သည်။ သူ့နည်းတူကျမ်းစာလေ့လာနေသော ဆွေမျိုးအချို့သည် လူကိုကြောက်ရွံ့စိတ်ကြောင့် ကျမ်းစာဆက်မလေ့လာကြတော့ချေ။ သို့သော် သူသည် ခွန်အားနှင့်ရဲစွမ်းသတ္တိပေးရန် ဘုရားသခင်ထံဆုတောင်းပြီး ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံလိုက်သည်။ အကျိုးကျေးဇူးကား အဘယ်နည်း။ သူ၏ဆွေမျိုးရှစ်ဦးသည် သူ့ပုံနမူနာကြောင့် ရဲစွမ်းသတ္တိရှိလာပြီး ကျမ်းစာပြန်လေ့လာကာ ယခု ကောင်းစွာတိုးတက်နေကြသည်။

လူကိုကြောက်ရွံ့စိတ်ကို သင်ကျော်လွှားနိုင်

လူကိုကြောက်သည့်စိတ်၏သားကောင်မဖြစ်ရန် ဘုရားသခင်ကိုချစ်သော သင်၏မေတ္တာကိုခိုင်မြဲစေဖို့ အတတ်နိုင်ဆုံးလုပ်ဆောင်ပါ။ ထိုသို့လုပ်ဆောင်နိုင်သည့်နည်းမှာ ကျမ်းစာလေ့လာခြင်းနှင့် ဟေဗြဲ ၁၃:၆ ကဲ့သို့သော ကျမ်းချက်များကို တွေးတောဆင်ခြင်ခြင်းဖြစ်သည်။ ထိုကျမ်းချက်တွင် ‘ယေဟောဝါဘုရားသခင်သည် ငါ့ကို ကူညီမစသောအရှင်ဖြစ်၍ ငါမကြောက်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း’ ဟုဆိုထားသည်။ လူကိုမကြောက်ဘဲ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းသည် အဘယ်ကြောင့် မှန်ကန်သော၊ ပညာရှိသောလုပ်ရပ်ဖြစ်ရကြောင်း မမေ့ပါနှင့်။

ကျမ်းစာမှသင်ယူသိရှိရာများကို လက်တွေ့ကျင့်သုံးခြင်းကြောင့် ရရှိလာသောကောင်းချီးများကိုလည်း စိတ်စွဲမှတ်ထားပါ။ ဘဝ၏အရေးကြီးသောမေးခွန်းများနှင့်ပတ်သက်သည့် စိတ်ကျေနပ်ဖွယ်အဖြေများကို သင်ရှာတွေ့နိုင်သည်။ ဘဝအခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနိုင်သော လက်တွေ့ကျဉာဏ်ပညာကို သင် ရယူနိုင်သည်။ ယနေ့ခေတ် စိတ်ရှုပ်ထွေးဖွယ်အခြေအနေများကြားမှ ကောင်းမွန်သောမျှော်လင့်ချက်ကို သင် ရရှိနိုင်သည်။ ထို့ပြင် အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်ထံ အချိန်မရွေး သင် ဆုတောင်းချဉ်းကပ်နိုင်သည်။

“လောကနှင့် လောကတပ်မက်ခြင်းတို့သည် ရွေ့သွားကွယ်ပျောက်ဆဲရှိ၏။ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူမူကား အစဉ်အမြဲတည်၏” ဟုတမန်တော်ယောဟန်ရေးခဲ့သည်။ (၁ ယောဟန် ၂:၁၇) ဘုရားသခင်ကိုကြောက်ရွံ့သည့်လမ်းစဉ်တွင် လျှောက်လှမ်းကာ ခိုင်မာစွာရပ်တည်ရမည့်အချိန်သည် ယခုအချိန်ပင်ဖြစ်သည်။ သင်သည် လူကိုကြောက်သည့်စိတ်ကြောင့် လက်လျှော့အရှုံးပေးမည့်အစား ဘုရားသခင်၏ဤတိုက်တွန်းချက်ကို နာခံရန် ရွေးချယ်နိုင်သည်– “ငါ့သား ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကိုရွှင်လန်းစေလော့။” (သု. ၂၇:၁၁) မွန်မြတ်လှသည့် အခွင့်ထူးပါတကား။

ဘုရားသခင်ကို ကြောက်ရွံ့သူများအား ကိုယ်တော်ပေးသနားမည့်အရာများကို မည်သည့်လူသားမျှ မပေးနိုင်ကြောင်း အမှတ်ရပါ– ‘စိတ်နှိမ့်ချခြင်း၊ ယေဟောဝါကိုကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကိုရတတ်၏။’—သု. ၂၂:၄

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

အဘီရာရှ်၏ ရဲစွမ်းသတ္တိကြောင့် ဆွေမျိုးရှစ်ဦးသည် ကျမ်းစာ ဆက်လေ့လာနေ