မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆုကျေးဇူးကို မျက်ခြည်မပြတ်နှင့်

ဆုကျေးဇူးကို မျက်ခြည်မပြတ်နှင့်

ဆုကျေးဇူးကို မျက်ခြည်မပြတ်နှင့်

“ငါသည် . . . ဆုကျေးဇူးကိုရရန် ပန်းတိုင်သို့ ပြေးနေ၏။”—ဖိ. ၃:၁၄

၁။ အဘယ်ဆုကျေးဇူးကို တမန်တော်ပေါလုအား ကမ်းလှမ်းခဲ့သနည်း။

တာရှုမြို့သားရှောလုဟု လူသိများသော တမန်တော်ပေါလုသည် ထင်ရှားသောမိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ သူသည် မိရိုးဖလာဂျူးဘာသာတွင် ကျော်ကြားသောပညတ်တရားသွန်သင်သူ ဂါမလျေလ၏သင်ကြားပေးခြင်းခံခဲ့ရ၏။ (တ. ၂၂:၃) ပေါလုသည် ကောင်းမွန်သောအသက်မွေးဝမ်းကျောင်း ရနိုင်သည့်အလားအလာရှိ၏၊ သို့သော် သူသည် သူ၏ဝတ်ပြုရေးကိုစွန့်ပြီး ခရစ်ယာန်တစ်ဦးဖြစ်လာခဲ့သည်။ ထို့နောက် သူ့အားကမ်းလှမ်းခဲ့သည့် ထာဝရအသက်ဆုကျေးဇူးကို မျှော်လင့်ခဲ့သည်၊ ယင်းမှာ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်တွင် မသေနိုင်သောဘုရင်နှင့် ယဇ်ပုရောဟိတ်ဖြစ်ရခြင်းဖြစ်သည်။ ထိုဘုရားသခင့်နိုင်ငံတော်သည် မြေကြီးပရဒိသုကို အုပ်ချုပ်လိမ့်မည်။—မ. ၆:၁၀; ဗျာ. ၇:၄; ၂၀:၆

၂၊ ၃။ ပေါလုသည် ကောင်းကင်အသက်တာဆုကျေးဇူးကို မည်မျှတန်ဖိုးထားခဲ့သနည်း။

ယင်းဆုကျေးဇူးကို ပေါလုအလွန်တန်ဖိုးထားကြောင်းတင်ပြကာ ဤသို့ပြောသည်– “ငါ့အတွက် အကျိုးအမြတ်ဖြစ်သည့်အရာများကို ခရစ်တော်ကြောင့် ရှုံးစေသောအရာဟု ယူမှတ်၏။ ထိုမျှမက ငါ၏သခင် ခရစ်တော်ယေရှုနှင့်ပတ်သက်သော အသိပညာသည် သာလွန်ထူးမြတ်သောကြောင့် အရာခပ်သိမ်းကို ရှုံးစေသောအရာဟု ငါယူမှတ်၏။ ကိုယ်တော်ကြောင့် ငါသည် အရာခပ်သိမ်းကို အရှုံးခံ၍ အမှိုက်သရိုက်ကဲ့သို့ ယူမှတ်၏။” (ဖိ. ၃:၇၊ ၈) ပေါလုသည် လူသားများအတွက် ယေဟောဝါ၏ရည်ရွယ်တော်မူချက်နှင့်ပတ်သက်သော အမှန်တရားကိုသင်ယူသိရှိခဲ့ပြီးနောက် လူအများစုက အရေးပါသည့်အရာများဟု ယူဆကြသည့် ရာထူး၊ ကြွယ်ဝချမ်းသာခြင်း၊ အလုပ်အကိုင်၊ နာမည်ကြီးခြင်းတို့ကို ငြင်းပယ်ရမည့်အရာများအဖြစ် ယူဆခဲ့သည်။

ထိုအချိန်မှစ၍ ပေါလုအတွက် အမှန်တကယ်အရေးပါသည့်အရာမှာ ယေဟောဝါ၊ ခရစ်တော်နှင့်ဆိုင်သော တန်ဖိုးရှိလှသည့်အသိပညာဖြစ်သည်၊ ယင်းနှင့်ပတ်သက်၍ ဘုရားသခင်ထံ ယေရှု ဤသို့ဆုတောင်းခဲ့သည်– “ထာဝရအသက်ရရန် မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်။” (ယော. ၁၇:၃) ပေါလုသည် ထာဝရအသက်ရရန် အလွန်ဆန္ဒရှိကြောင်း ဖိလိပ္ပိ ၃:၁၄ တွင်မှတ်တမ်းတင်ထားသော သူ၏ဤစကားများတွင် အထင်အရှားတွေ့ရ၏– “ငါသည် ခရစ်တော်ယေရှုအားဖြင့် အထက်အရပ်သို့ ဘုရားသခင်၏ ခေါ်တော်မူခြင်း ဆုကျေးဇူးကိုရရန် ပန်းတိုင်သို့ ပြေးနေ၏။” မှန်ပါသည်၊ ဘုရားသခင့်နိုင်ငံတော်အစိုးရ၏အစိတ်အပိုင်းအဖြစ် ကောင်းကင်တွင်ရမည့် ထာဝရအသက်ဆုကျေးဇူးကို သူသည် မျက်ခြည်မပြတ်အာရုံစိုက်ခဲ့သည်။

ကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်ခြင်း

၄၊ ၅။ ယနေ့ ဘုရားသခင့်အလိုတော်ထမ်းဆောင်နေကြသည့် သန်းချီသောသူတို့အား အဘယ်ဆုကျေးဇူး ကမ်းလှမ်းထားသနည်း။

ဘုရားသခင့်အလိုတော်ထမ်းဆောင်ရန် ရွေးချယ်သူတို့ထဲကအများစုအတွက် ကြိုးစားလုပ်ဆောင်ရကျိုးနပ်သည့်ဆုကျေးဇူးမှာ ဘုရားသခင့်ကမ္ဘာသစ်တွင် ထာဝစဉ်အသက်ရှင်ခြင်းဖြစ်သည်။ (ဆာ. ၃၇:၁၁၊ ၂၉) ယင်းသည် သေချာသောမျှော်လင့်ချက်ဖြစ်ကြောင်း ယေရှုအတည်ပြုခဲ့သည်။ ကိုယ်တော်ဤသို့မိန့်တော်မူ၏– “နူးညံ့သိမ်မွေ့သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ထိုသူတို့သည် မြေကြီးကို အမွေရကြလိမ့်မည်။” (မ. ၅:၅) ဆာလံ ၂:၈ တွင် ဖော်ပြထားသည့်အတိုင်း မြေကြီးကို အဓိကအမွေခံမည့်သူမှာ ယေရှုကိုယ်တော်တိုင်ဖြစ်သည်၊ ကောင်းကင်တွင် ကိုယ်တော်နှင့်အတူ ၁၄၄,၀၀၀ တို့တွဲဖက်အုပ်ချုပ်ကြမည်။ (ဒံ. ၇:၁၃၊ ၁၄၊ ၂၂၊ ၂၇) ကမ္ဘာပေါ်တွင် အမှန်တကယ်အသက်ရှင်ကြမည့် သိုးလိုစိတ်ထားရှိသူတို့သည် ‘ဤလောကတည်ချိန်မှစ၍ သူတို့အတွက်ပြင်ဆင်သော’ နိုင်ငံတည်းဟူသောမြေကြီးဆိုင်ရာနယ်ပယ်ကို “အမွေခံကြ” မည်။ (မ. ၂၅:၃၄၊ ၄၆) ယင်းသို့ဖြစ်လာမည်မှာ သေချာသည်၊ အကြောင်းမှာ “မုသားနှင့်ကင်းစင်သော ဘုရားသခင်” ကတိပေးတော်မူသောကြောင့်ဖြစ်သည်။ (တိ. ၁:၂) ယောရှုက ဣသရေလလူတို့အား ‘သင်တို့၏ဘုရားသခင်ယေဟောဝါသည် သင်တို့အဖို့မိန့်တော်မူသော ကောင်းကျိုးတစ်စုံတစ်ပါးမျှ မယုတ်မလျော့၊ အကုန်အစင်ပြည့်စုံခဲ့သည်’ ဟုပြောခဲ့ချိန်တွင် ဘုရားသခင့်ကတိတော်များ၏ပြည့်စုံမှုကို သူယုံကြည်စိတ်ချခဲ့သကဲ့သို့ ကျွန်ုပ်တို့လည်း အလားတူယုံကြည်စိတ်ချနိုင်သည်။—ယောရှု ၂၃:၁၄

ဘုရားသခင့်ကမ္ဘာသစ်တွင်အသက်ရှင်ခြင်းသည် ယနေ့အချိန်ကဲ့သို့ စိတ်ပျက်ဖွယ်၊ မကျေနပ်ဖွယ်ရာများကို ကြုံတွေ့ရတော့မည်မဟုတ်။ စစ်မှု၊ ရာဇဝတ်မှု၊ ဆင်းရဲမှု၊ မတရားမှု၊ ဖျားနာမှုနှင့် သေခြင်းတို့ရှိတော့မည်မဟုတ်သောကြောင့် အလွန်ကွာခြားလိမ့်မည်။ ထိုအခါ လူတို့သည် စုံလင်သောကျန်းမာရေးရှိလာပြီး ပရဒိသုအဖြစ်သို့ပြောင်းသွားပြီဖြစ်သော ကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ကြမည်။ ထိုတွင်အသက်ရှင်ခြင်းသည် ကျွန်ုပ်တို့၏အနှစ်သက်ဆုံးသောအိပ်မက်များထက် ပြည့်စုံပြီး ကျေနပ်ဖွယ်ကောင်းလိမ့်မည်။ မှန်ပါသည်၊ နေ့ရက်တိုင်းသည် မွေ့လျော်စရာကောင်းသောနေ့ရက်ဖြစ်ပေလိမ့်မည်။ အလွန်ကောင်းမွန်သောဆုကျေးဇူးပင်!

၆၊ ၇။ (က) ဘုရားသခင့်ကမ္ဘာသစ်တွင် ဖြစ်ပျက်လာမည်ဟု ကျွန်ုပ်တို့မျှော်လင့်နိုင်သည့်အရာကို ယေရှု မည်သို့ပြသခဲ့သနည်း။ (ခ) သေလွန်သူများပင် မည်သို့ ဘဝသစ်စတင်ခွင့်ရရှိကြမည်နည်း။

ယေရှုကမ္ဘာပေါ်ရှိခဲ့ချိန်တွင် ကမ္ဘာသစ်၌ မြေကြီးတစ်ပြင်လုံးတွင်ဖြစ်ပျက်မည့်အံ့ဖွယ်ရာများကို ပြသရန် ဘုရားသခင်သည် သန့်ရှင်းသောစွမ်းအားတော်တန်ခိုးကို ကိုယ်တော်အားပေးခဲ့သည်။ ဥပမာ၊ ယေရှုသည် နှစ်ပေါင်း ၃၈ နှစ်တိုင်အကြောသေနေသူတစ်ဦးကို လှမ်းသွားရန် ပြောခဲ့သည်။ ထိုလူသည် လှမ်းသွား၏ဟု သမ္မာကျမ်းစာကဖော်ပြသည်။ (ယောဟန် ၅:၅-၉ ကိုဖတ်ပါ။) နောက်အဖြစ်အပျက်တစ်ခုတွင် ယေရှုသည် “ဝမ်းတွင်းပါ မျက်မမြင်တစ်ဦး” နှင့်တွေ့ဆုံခဲ့ပြီး သူ့ကိုကုသပေးခဲ့သည်။ နောက်ပိုင်းတွင် ယခင်မျက်မမြင်ဖြစ်ခဲ့သောထိုသူသည် အဘယ်သူကုသပေးကြောင်း မေးမြန်းခံခဲ့ရာတွင် သူက– “မျက်စိမမြင်ဘဲမွေးလာသူ၏မျက်စိကို တစ်စုံတစ်ယောက်သောသူသည် မြင်စေကြောင်း ရှေးအချိန်ကတည်းက မကြားစဖူး။ ထိုသူသည် ဘုရားသခင်ထံမှ ကြွလာသူမဟုတ်လျှင် အဘယ်အမှုကိုမျှမတတ်နိုင်” ဟုပြန်ပြော၏။ (ယော. ၉:၁၊ ၆၊ ၇၊ ၃၂၊ ၃၃) ယေရှုသည် ယင်းတို့အားလုံးကို လုပ်ဆောင်နိုင်စွမ်းရှိ၏၊ အကြောင်းမှာ ကိုယ်တော်သည် ဘုရားသခင်၏တန်ခိုးခံရသောကြောင့်ဖြစ်သည်။ ယေရှုသွားလေရာရာ၌ “ဖျားနာသူတို့ကို ကျန်းမာစေတော်မူ၏။”—လု. ၉:၁၁

ယေရှုသည် ဖျားနာသူများ၊ ကိုယ်အင်္ဂါချို့တဲ့သူများကို ကုသပေးနိုင်ရုံသာမက သေလွန်သူကိုလည်း ထမြောက်စေနိုင်တော်မူ၏။ ဥပမာအနေနှင့် ၁၂ နှစ်အရွယ်ရှိ မိန်းမငယ်လေး၏သေခြင်းက သူ့မိဘများအား များစွာဝမ်းနည်းပူဆွေးစေခဲ့သည်။ သို့သော် ယေရှုဤသို့ပြောခဲ့သည်– “သူငယ်မ၊ ထလော့ ငါဆို၏။” ထိုအခါ သူငယ်မ ထလာခဲ့သည်။ သူ့မိဘများနှင့် ထိုတွင်ရှိခဲ့သူတို့၏တုံ့ပြန်မှုကို သင်မြင်ယောင်ကြည့်နိုင်သလော။ (မာကု ၅:၃၈-၄၂ ကိုဖတ်ပါ။) ဘုရားသခင့်ကမ္ဘာသစ်တွင် သန်းထောင်နှင့်ချီသောလူတို့ ထမြောက်လာသောအခါ “အလွန်အံ့သြမိန်းမော” ကြလိမ့်မည်၊ အကြောင်းမှာ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်” ဖြစ်သောကြောင့်တည်း။ (တ. ၂၄:၁၅; ယော. ၅:၂၈၊ ၂၉) ဤသူတို့သည် ထိုအချိန်မှစ၍ ရှေ့ဆက်အသက်ရှင်ရန်၊ ထာဝစဉ်အသက်ရှင်ခြင်းပင်ဖြစ်မည့်အလားအလာဖြင့် ဘဝသစ်စတင်ခွင့် ရရှိကြမည်ဖြစ်သည်။

၈၊ ၉။ (က) ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ချိန်အတွင်း အာဒံထံမှအမွေရထားသောအပြစ်သည် မည်သို့ဖြစ်သွားမည်နည်း။ (ခ) သေလွန်သူများသည် အဘယ်အရာပေါ်အခြေခံကာ တရားစီရင်ခြင်းခံရကြမည်နည်း။

ရှင်ပြန်ထမြောက်လာသူတို့သည် အသက်ရရန်အခွင့်အရေးရှိသည်။ ရှင်ပြန်ထမြောက်လာသူတို့သည် မသေမီက သူတို့ကျူးလွန်ခဲ့သောအပြစ်များအပေါ်အခြေခံ၍ တရားစီရင်ခြင်းခံရကြမည်မဟုတ်ပါ။ (ရော. ၆:၇) ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ချိန်အတွင်း ရွေးနုတ်ဖိုးပူဇော်ရာယဇ်၏အကျိုးကျေးဇူးများကို အသုံးချသွားသည်နှင့်အမျှ ဘုရားသခင့်နိုင်ငံတော်၏ နာခံမှုရှိသောလက်အောက်ခံသားများသည် တဖြည်းဖြည်းစုံလင်လာကြပြီး နောက်ဆုံးတွင် အာဒံအပြစ်၏အကျိုးဆက်အားလုံးမှ လုံးလုံးလျားလျားလွတ်မြောက်လာကြမည်။ (ရော. ၈:၂၁) ယေဟောဝါသည် ‘သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသခင်သည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။’ (ဟေရှာ. ၂၅:၈) ဘုရားသခင့်နှုတ်မြွက်စကားတော်က ‘စာလိပ်များဖွင့်ထားမည်’ ဟုလည်းဆိုထား၏၊ ယင်းက ထိုအချိန်တွင် အသက်ရှင်သူတို့အား အချက်အလက်သစ်ပေးမည်ကို ဖော်ပြ၏။ (ဗျာ. ၂၀:၁၂) ကမ္ဘာကြီးသည် ပရဒိသုအဖြစ်ပြောင်းလဲလာသည်နှင့်အမျှ ‘လောကသားတို့သည် ဖြောင့်မတ်ခြင်းတရားကိုသင်ရကြ၏။’—ဟေရှာ. ၂၆:၉သမ။

ရှင်ပြန်ထမြောက်လာသူတို့သည် အာဒံထံမှအမွေရသောအပြစ်ပေါ်အခြေခံ၍မဟုတ်ဘဲ သူတို့ရွေးချယ်ပြုလုပ်သည့်အရာပေါ် အခြေခံ၍ တရားစီရင်ခြင်းခံရကြလိမ့်မည်။ ဗျာ. ၂၀:၁၂ ကဤသို့ဆိုထားသည်– “သေလွန်သူတို့သည် စာလိပ်များတွင် ရေးထားချက်များနှင့်အညီ မိမိတို့အကျင့်များအတိုင်း တရားစီရင်ခြင်းခံရ၏၊” ယင်းသည် သူတို့ထမြောက်ပြီးနောက်မှပြုလုပ်သည့် သူတို့၏လုပ်ရပ်များကို ဆိုလိုသည်။ ယေဟောဝါ၏တရားမျှတမှု၊ သနားကြင်နာမှုနှင့် မေတ္တာဆိုင်ရာ အလွန်ကောင်းသောပုံသက်သေပင်! ထို့ပြင် ဤလောကဟောင်းတွင် သူတို့၏ယခင်အသက်ရှင်စဉ်က နာကြည်းဖွယ်ရာများကို “သတိမရ၊ မှတ်မိတော့မည်မဟုတ်။” (ဟေရှာ. ၆၅:၁၇သမ္မာ) တည်ဆောက်ဖွယ် အချက်အလက်သစ်များနှင့် ကောင်းသောအရာများဖြင့် ပြည့်နေသည့်ဘဝကြောင့် သူတို့သည် အတိတ်က ဝမ်းနည်းဖွယ်ရာများဖြင့် ဆက်၍စိတ်ဆင်းရဲနေတော့မည်မဟုတ်ပါ။ ယင်းသို့သောအတိတ်ကအတွေ့အကြုံများကို မေ့ပျောက်သွားမည်။ (ဗျာ. ၂၁:၄) အာမဂေဒုန်ကိုကပ်ကျော်သော “လူအုပ်ကြီး” အတွက်လည်း အလားတူမှန်ကန်ပါလိမ့်မည်။—ဗျာ. ၇:၉၊ ၁၀၊ ၁၄

၁၀။ (က) ဘုရားသခင့်ကမ္ဘာသစ်တွင်အသက်တာသည် မည်သို့ဖြစ်မည်နည်း။ (ခ) ဆုကျေးဇူးကိုမျက်ခြည်မပြတ်စေရန် သင်အဘယ်အရာပြုနိုင်သနည်း။

၁၀ ဘုရားသခင့်ကမ္ဘာသစ်တွင် လူတို့သည် ဖျားနာခြင်း သို့မဟုတ် သေခြင်းမရှိတော့ဘဲ အသက်ရှင်နိုင်ကြမည်ဖြစ်သည်။ “မြို့သားကလည်း ငါနာသည်ဟုမဆိုရ။” (ဟေရှာ. ၃၃:၂၄) နောက်ဆုံးတွင် မြေကြီးသစ်တွင်နေထိုင်သူတို့သည် နံနက်တိုင်း စုံလင်သောကျန်းမာခြင်းနှင့်နိုးထလာမည်၊ အလွန်ကောင်းသောနောက်တစ်နေ့ကို ထက်သန်စွာမျှော်လင့်နေကြမည်။ သူတို့သည် စိတ်ကျေနပ်မှုပေးသောအလုပ်ကို မျှော်လင့်ကြမည်ဖြစ်ပြီး သူတို့ကို ဂရုစိုက်ကြသောသူတို့နှင့် ပေါင်းသင်းကြမည်။ ထိုသို့သောအသက်တာသည် အလွန်ကောင်းသောဆုကျေးဇူး အမှန်ဖြစ်ပေသည်။ သို့ဖြစ်သောကြောင့် သင့်ကျမ်းစာအုပ်တွင် ဟေရှာယ ၃၃:၂၄ နှင့် ၃၅:၅-၇ ပါပရောဖက်ပြုချက်များကို ဖတ်လိုပေမည်။ ယင်းသရုပ်ဖော်ပုံတွင် သင်ကိုယ်တိုင်ရှိသည်ဟု မြင်ယောင်ကြည့်ပါ။ ယင်းက ဆုကျေးဇူးကိုမျက်ခြည်မပြတ်စေရန် အထောက်အကူပြုမည်။

ဆုကျေးဇူးကို မျက်ခြည်ပြတ်သူများ

၁၁။ ရှောလမုန်အုပ်ချုပ်မှု၏ အလွန်ကောင်းမွန်သောအစပိုင်းအကြောင်း ဖော်ပြပါ။

၁၁ ကျွန်ုပ်တို့သည် ဆုကျေးဇူးအကြောင်း သင်ယူသိရှိသည်နှင့် ယင်းကိုမျက်ခြည်မပြတ်အာရုံစိုက်နိုင်ရန် ဝီရိယရှိရှိကြိုးစားဖို့လိုသည်၊ အကြောင်းမှာ ယင်းဆုကျေးဇူးကို မျက်ခြည်ပြတ်သွားနိုင်သောကြောင့်ဖြစ်သည်။ ဥပမာ၊ ရှောလမုန်သည် ရှေးဣသရေလဘုရင်ဖြစ်လာသောအခါ ဘုရားသခင့်လူမျိုးတော်ကို မှန်ကန်စွာတရားစီရင်နိုင်မည်အကြောင်း ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်မှုရှိရန် ကိုယ်တော့်ထံ နှိမ့်ချစွာဆုတောင်းခဲ့သည်။ (၃ ဓမ္မရာဇဝင် ၃:၆-၁၂ ကိုဖတ်ပါ။) ရလဒ်ကို သမ္မာကျမ်းစာ၌ ဤသို့ဖော်ပြသည်– ‘ဘုရားသခင်သည် များစွာသောဉာဏ်ပညာကို ပေးတော်မူသည်။’ အမှန်ပင် ရှောလမုန်၏ “ပညာတော်သည် အရှေ့ပြည်သားပညာနှင့် အဲဂုတ္တုပြည်သားပညာကို လွန်ကဲ၏။”—၃ ရာ. ၄:၂၉-၃၂

၁၂။ ယေဟောဝါသည် ဣသရေလနိုင်ငံတွင် ဘုရင်ဖြစ်လာမည့်သူများအား အဘယ်သတိပေးချက်ကို ပေးတော်မူခဲ့သနည်း။

၁၂ သို့သော် ဘုရင်ဖြစ်လာသူမည်သူမဆို “ကိုယ်အဖို့များစွာသောမြင်းတို့ကို မမွေးရ။ . . . သူ၏စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း များစွာသောမယားတို့ကိုမယူရ” ဟုအစောပိုင်းတွင် ယေဟောဝါသတိပေးတော်မူခဲ့သည်။ (တရား. ၁၇:၁၄-၁၇) ဘုရင်၏မြင်းများ များပြားလာခြင်းက သူသည် လူမျိုးတော်ကို ကာကွယ်ရန် ကာကွယ်တော်မူသောအရှင် ယေဟောဝါကို မှီခိုမည့်အစား မိမိအင်အားနှင့်စစ်တပ်ကို မှီခိုအားကိုးကြောင်း တင်ပြရာရောက်ပေမည်။ ထို့ပြင် မယားများစွာယူခြင်းသည် အန္တရာယ်ရှိပေမည်၊ အကြောင်းမှာ မယားအချို့သည် မှားယွင်းသောဝတ်ပြုရေးတွင်ပါဝင်ခဲ့သော ပတ်ဝန်းကျင်အယူမှားနိုင်ငံများမှဖြစ်နိုင်ပြီး ထိုမယားများက ဘုရင်အား ယေဟောဝါ၏စစ်မှန်သောဝတ်ပြုရေးမှ သွေဖည်သွားစေနိုင်သည်။

၁၃။ ရှောလမုန်သည် သူ့အားပေးအပ်ထားသည့်အရာကို မည်သို့မျက်ခြည်ပြတ်ခဲ့သနည်း။

၁၃ ရှောလမုန်သည် ယင်းသတိပေးချက်များကို အလေးမထားခဲ့ပါ။ ယင်းအစား သူသည် ဘုရင်များမလုပ်သင့်ဟု ယေဟောဝါ သတ်သတ်မှတ်မှတ်မိန့်တော်မူသည့်အရာကို ပြုလုပ်ခဲ့သည်။ သူသည် မြင်းများနှင့် မြင်းစီးသူရဲများစွာကို စုဆောင်းခဲ့သည်။ (၃ ရာ. ၄:၂၆) ထို့ပြင် သူသည် မိဖုရား ၇၀၀ နှင့် မောင်းမမိဿံ ၃၀၀ ယူထား၏၊ များစွာတို့သည် အိမ်နီးချင်းအယူမှားနိုင်ငံများမှဖြစ်ကြသည်။ သူတို့က ‘စိတ်နှလုံးတော်ကို အခြားတစ်ပါးသောနတ်ဘုရားနောက်သို့ လွဲစေသဖြင့် စိတ်နှလုံးတော်သည် ယေဟောဝါရှေ့တော်၌ စုံလင်ခြင်းမရှိ။’ ရှောလမုန်သည် သူ၏တစ်ပါးအမျိုးသားမိန်းမများကိုးကွယ်သော အယူမှားနိုင်ငံများ၏စက်ဆုပ်ရွံရှာဖွယ်ကောင်းသော မှားယွင်းသည့်ဝတ်ပြုရေးတွင် ပါဝင်ခဲ့သည်။ ရလဒ်အနေနှင့် ယေဟောဝါသည် ရှောလမုန်ထံမှ ‘နိုင်ငံတော်ကို ဆက်ဆက်နုတ်’ မည်ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။—၃ ရာ. ၁၁:၁-၆၊ ၁၁

၁၄။ ရှောလမုန်နှင့် ဣသရေလနိုင်ငံ၏မနာခံမှုက အဘယ်ရလဒ်ဖြစ်စေခဲ့သနည်း။

၁၄ ရှောလမုန်သည် စစ်မှန်သောဘုရားသခင်အား ကိုယ်စားပြုရသော တန်ဖိုးရှိအခွင့်ထူးကို အာရုံမစိုက်ခဲ့ချေ။ ဘုရင်သည် မှားယွင်းသောဝတ်ပြုရေးတွင် လုံးလုံးပါဝင်တော့သည်။ နောက်ဆုံးတွင် တစ်မျိုးသားလုံး အယူဖောက်ပြန်ခဲ့ကြသောကြောင့် ဘီစီ ၆၀၇ ခုတွင် ဖျက်ဆီးခံခဲ့ရသည်။ နောက်ပိုင်းဂျူးများသည် စစ်မှန်သောဝတ်ပြုရေးကို ပြန်လည်ထူထောင်ခဲ့သော်လည်း နောက်ပိုင်းရာစုနှစ်များတွင် ယေရှုသည် ဤသို့ကြွေးကြော်ရန် လှုံ့ဆော်ခံခဲ့ရသည်– “ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့ထံမှနုတ်ယူ၍ အသီးသီးမည့် လူမျိုးအား ပေးရလိမ့်မည်။” ထိုအတိုင်းဖြစ်ပျက်လာခဲ့သည်။ ယေရှုဤသို့ကြွေးကြော်ခဲ့သည်– “သင်တို့၏အိမ်တော်သည် စွန့်ပစ်ခံရလေပြီ။” (မ. ၂၁:၄၃; ၂၃:၃၇၊ ၃၈) သူတို့၏မတည်ကြည်မှုကြောင့် လူမျိုးတော်သည် စစ်မှန်သောဘုရားသခင်အား ကိုယ်စားပြုရသောအခွင့်ထူးကြီးကို ဆုံးရှုံးခဲ့ကြသည်။ စီအီး ၇၀ တွင် ရောမစစ်တပ်သည် ယေရုရှလင်မြို့နှင့် ဝတ်ပြုရာအိမ်တော်ကို ဖျက်ဆီးခဲ့ကြပြီး ကျန်ကြွင်းသောဂျူးများစွာသည် ကျွန်များဖြစ်လာခဲ့ကြသည်။

၁၅။ အမှန်တကယ်အရေးကြီးသောအရာများကို မျက်ခြည်ပြတ်ခဲ့သောအမျိုးသားများ၏ပုံနမူနာများကို ဖော်ပြပါ။

၁၅ ယုဒရှကာရုတ်သည် ယေရှု၏တမန်တော် ၁၂ ပါးအဝင်ဖြစ်သည်။ ယုဒသည် ယေရှု၏ အလွန်ကောင်းသောသွန်သင်ချက်များကို ကြားခဲ့ပြီး ဘုရားသခင့်စွမ်းအားတော်အကူအညီဖြင့် ကိုယ်တော်ပြုတော်မူသောအံ့ဖွယ်အမှုများကို မြင်တွေ့ခဲ့သည်။ သို့တိုင် ယုဒသည် မိမိနှလုံးကို မစောင့်ထိန်းခဲ့ပါ။ သူသည် ယေရှုနှင့်တမန်တော် ၁၂ ပါးတို့ပိုင်ဆိုင်သောငွေသေတ္တာကို အပ်နှင်းခံခဲ့ရသူဖြစ်သည်။ သို့သော် ‘သူသည် သူခိုးဖြစ်၍ ငွေသေတ္တာကို ဆောင်ရသူဖြစ်ပြီး ထည့်ဝင်သောငွေများကို နှိုက်ယူတတ်၏။’ (ယော. ၁၂:၆) သူသည် လောဘအလွန်ကြီးသောကြောင့် နောက်ဆုံးတွင် ယေရှုအား ငွေ ၃၀ ဖြင့်သစ္စာဖောက်ရန် ဟန်ဆောင်အရေခြုံသောယဇ်ပုရောဟိတ်မင်းများနှင့် ပူးပေါင်းကြံစည်ခဲ့သည်။ (မ. ၂၆:၁၄-၁၆) မျက်ခြည်ပြတ်ခဲ့သူနောက်တစ်ဦးမှာ တမန်တော်ပေါလု၏အပေါင်းအဖော်တစ်ဦးဖြစ်သူ ဒေမဖြစ်သည်။ ဒေမသည် သူ၏နှလုံးကို မစောင့်ထိန်းခဲ့ပါ။ ပေါလုဤသို့ဖော်ပြခဲ့သည်– “ဒေမသည် လက်ရှိလောကစနစ်ကို ချစ်သောကြောင့် ငါ့ကိုစွန့်ခွာ” ခဲ့သည်။—၂ တိ. ၄:၁၀; သု. ၄:၂၃ ကိုဖတ်ပါ။

ကျွန်ုပ်တို့ယောက်တိုင်းအတွက် သင်ခန်းစာ

၁၆၊ ၁၇။ (က) ကျွန်ုပ်တို့ရင်ဆိုင်ကြုံတွေ့နေသည့်ဆန့်ကျင်မှုသည် မည်မျှတန်ခိုးရှိသနည်း။ (ခ) ကျွန်ုပ်တို့အား စာတန်တိုက်ခိုက်သည့်အရာမှန်သမျှကို ဆန့်ကျင်၍ခုခံနိုင်ရန် အဘယ်အရာက ကျွန်ုပ်တို့အား ကူညီပေးနိုင်သနည်း။

၁၆ ဘုရားသခင့်ကျေးကျွန်အားလုံးသည် သမ္မာကျမ်းစာတွင်ဖော်ပြထားသော ပုံနမူနာများကို အလေးအနက်စဉ်းစားသင့်သည်၊ အကြောင်းမှာ ကျွန်ုပ်တို့အား ဤသို့ပြောထား၍ဖြစ်၏– “ထိုအကြောင်းအရာများသည် ပုံနမူနာအဖြစ် ထိုသူတို့၌ဖြစ်ပျက်၏။ ခေတ်စနစ်များအဆုံးတွင်ရှိသော ငါတို့ကို သတိပေးရန် ကျမ်းစာ၌ရေးထား၏။” (၁ ကော. ၁၀:၁၁) ယနေ့ ကျွန်ုပ်တို့သည် ဆိုးယုတ်သောဤလက်ရှိလောကစနစ်၏ နောက်ဆုံးနေ့ရက်များအတွင်း အသက်ရှင်နေကြသည်။—၂ တိ. ၃:၁၊ ၁၃

၁၇ “ဤလောကစနစ်၏ဘုရား” စာတန်သည် “မိမိအချိန် တိုတောင်းသည်ကို” သိ၏။ (၂ ကော. ၄:၄; ဗျာ. ၁၂:၁၂) သူသည် ယေဟောဝါကျေးကျွန်များ၏ ခရစ်ယာန်သမာဓိကို ချိုးဖျက်ရန် အတတ်နိုင်ဆုံးသွေးဆောင်ပါလိမ့်မည်။ စာတန်သည် ဤလောကနှင့် ယင်း၏ဝါဒဖြန့်ချိရေးလမ်းကြောင်းများကို ထိန်းချုပ်ထားသည်။ သို့သော် ယေဟောဝါ၏လူတို့သည် သာ၍တန်ခိုးကြီးသော “သာမန်ထက်ထူးကဲသောတန်ခိုးတော်” ကိုရရှိကြသည်။ (၂ ကော. ၄:၇) ကျွန်ုပ်တို့အား စာတန်တိုက်ခိုက်သည့်အရာမှန်သမျှကို ဆန့်ကျင်ခုခံနိုင်ရန် ဘုရားသခင်ထံမှလာသော ဤတန်ခိုးတော်ကို ကျွန်ုပ်တို့မှီခိုအားထားနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မပြတ်ဆုတောင်းရန် တိုက်တွန်းခံရကြသည်၊ ယေဟောဝါသည် ‘တောင်းသောသူတို့အား သန့်ရှင်းသောစွမ်းအားတော်ကို ပေးတော်မူ’ မည်ဟု ယုံကြည်စိတ်ချနိုင်သည်။—လု. ၁၁:၁၃

၁၈။ ဤလက်ရှိလောကအပေါ် ကျွန်ုပ်တို့ အဘယ်သဘောထားရှိသင့်သနည်း။

၁၈ စာတန့်စနစ်တစ်ခုလုံး မကြာမီ ဖျက်ဆီးခံရမည်၊ စစ်မှန်သောခရစ်ယာန်များမူကား အသက်ရှင်လွတ်မြောက်မည်ဟု သိထားခြင်းကလည်း ကျွန်ုပ်တို့ကို ခွန်အားရှိစေသည်။ “လောကနှင့် လောကတပ်မက်ခြင်းတို့သည် ရွေ့သွားကွယ်ပျောက်ဆဲရှိ၏။ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သောသူမူကား အစဉ်အမြဲတည်၏။” (၁ ယော. ၂:၁၇) ယင်းကိုထောက်ရှုသော် ဘုရားသခင့်ကျေးကျွန်တစ်ဦးသည် ဤလက်ရှိစနစ်တွင် ယေဟောဝါနှင့် မိမိ၏ဆက်ဆံရေးထက် ပို၍တည်မြဲသည့် အကျိုးကျေးဇူးဖြစ်နိုင်သောတစ်စုံတစ်ရာရှိသည်ဟု ယူမှတ်ခြင်းသည် အလွန်ပင်ပညာမဲ့ရာကျလိမ့်မည်။ စာတန့်ထိန်းချုပ်မှုအောက်ရှိ ဤလောကသည် နစ်မြှုပ်နေသောသင်္ဘောကြီးတစ်စီးနှင့် တူသည်။ ယေဟောဝါသည် မိမိ၏တည်ကြည်သောကျေးကျွန်များအတွက် ခရစ်ယာန်အသင်းတော်ကို “အသက်ကယ်လှေ” အဖြစ်ပြင်ဆင်ပေးထားသည်။ သူတို့သည် ကမ္ဘာသစ်ဆီသို့သွားနေစဉ် ဤကတိတော်ကို ယုံကြည်စိတ်ချနိုင်သည်– ‘ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်။ ယေဟောဝါကိုမျှော်လင့်သောသူတို့မူကား ပြည်တော်ကိုအမွေခံရကြလိမ့်မည်။’ (ဆာ. ၃၇:၉) ထို့ကြောင့် ဤအလွန်ကောင်းသောဆုကျေးဇူးကို မျက်ခြည်မပြတ်ပါနှင့်။

သင်မှတ်မိသလော

• ပေါလုသည် မိမိအားကမ်းလှမ်းခဲ့သောဆုကျေးဇူးကို မည်သို့ရှုမြင်ခဲ့သနည်း။

• ကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်မည့်သူတို့သည် အဘယ်အရာပေါ်အခြေခံကာ တရားစီရင်ခြင်းခံရကြမည်နည်း။

• ယခု သင့်အတွက် ပညာရှိလမ်းစဉ်ကား အဘယ်နည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၂၊ ၁၃ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာမှတ်တမ်းများကို ဖတ်ရှုသောအခါ ဆုကျေးဇူးခံစားနေရသည်ဟု သင့်ကိုယ်သင် မြင်ယောင်ပါသလော