မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“နိုးနိုးကြားကြားရှိကြလော့”

“နိုးနိုးကြားကြားရှိကြလော့”

“နိုးနိုးကြားကြားရှိကြလော့”

“အရာခပ်သိမ်း၏အဆုံးသည် ရောက်လုနီးပြီဖြစ်၍ . . . ဆုတောင်းခြင်းအမှု၌ နိုးနိုးကြားကြားရှိကြလော့။”—၁ ပေ. ၄:၇

၁။ ယေရှုအဓိကသွန်သင်သည့်အကြောင်းအရာမှာ အဘယ်နည်း။

ယေရှုခရစ်ကမ္ဘာပေါ်ရှိခဲ့ချိန်တွင် ကိုယ်တော်အဓိကသွန်သင်သည့်အကြောင်းအရာမှာ ဘုရားသခင့်နိုင်ငံတော်ဖြစ်သည်။ ယေဟောဝါသည် ထိုနိုင်ငံတော်အားဖြင့် မိမိ၏စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သံသယကင်းရှင်းစေမည်၊ မိမိနာမတော်ကို သန့်ရှင်းမြင့်မြတ်စေမည်ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် မိမိတပည့်များအား ဘုရားသခင်ထံ ဤသို့ဆုတောင်းရန် သင်ပေးတော်မူခဲ့သည်– ‘ဘုရားသခင့်နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။’ (မ. ၄:၁၇; ၆:၉၊ ၁၀) ထိုဘုရားသခင့်နိုင်ငံတော်အစိုးရသည် မကြာမီ စာတန့်လောကကို အဆုံးတိုင်စေမည်၊ ထို့နောက် ကမ္ဘာတစ်ဝန်း ဘုရားသခင့်အလိုတော်ထမ်းဆောင်ခြင်းကို ကြီးကြပ်တော့မည်ဖြစ်သည်။ ဒံယေလကြိုဟောထားသည့်အတိုင်း ဘုရားသခင့်နိုင်ငံတော်သည် “အထက်ဆိုခဲ့ပြီးသော [လက်ရှိအချိန်တွင်ရှိသော] နိုင်ငံရှိသမျှကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”—ဒံ. ၂:၄၅

၂။ (က) ဘုရားသခင့်နိုင်ငံတော်တန်ခိုးဖြင့် ယေရှု ရောက်ရှိခြင်းကို ကိုယ်တော့်နောက်လိုက်များ မည်သို့သိကြမည်နည်း။ (ခ) နိမိတ်က အဘယ်အရာကိုလည်း ဖော်ပြသနည်း။

ဘုရားသခင့်နိုင်ငံတော်လာခြင်းသည် ယေရှုနောက်လိုက်များအတွက် အလွန်အရေးကြီးသောကြောင့် ကိုယ်တော်အားဤသို့မေးခဲ့ကြသည်– ‘ကိုယ်တော်ရောက်ရှိနေခြင်းနှင့် ဤလောကစနစ်နိဂုံးပိုင်း၏နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်နည်း။’ (မ. ၂၄:၃) ဘုရားသခင့်နိုင်ငံတော်တန်ခိုးဖြင့် ခရစ်တော်၏ရောက်ရှိခြင်းကို ကမ္ဘာပေါ်ရှိလူများမြင်နိုင်မည်မဟုတ်သောကြောင့် မြင်နိုင်သည့်နိမိတ်ရှိပါလိမ့်မည်။ ယင်းနိမိတ်သည် သမ္မာကျမ်းစာတွင်ကြိုဟောထားသော လက္ခဏာအမျိုးမျိုးရှိသည့် စုပေါင်းနိမိတ်ဖြစ်မည်။ ထို့ကြောင့် ထိုအချိန်တွင်အသက်ရှင်ကြသော ယေရှု၏နောက်လိုက်များသည် ကိုယ်တော် ကောင်းကင်တွင် စတင်အုပ်ချုပ်နေပြီဖြစ်ကြောင်း ပိုင်းခြားသိမြင်နိုင်ကြသည်။ ယင်းက ယခု ကမ္ဘာကိုလွှမ်းမိုးနေသည့် ဆိုးယုတ်သောလောကစနစ်၏ “နောက်ဆုံးသောနေ့ရက်များ” အဖြစ် သမ္မာကျမ်းစာမှသိရှိရသော အချိန်ကာလ၏အစကိုလည်း မှတ်သားဖော်ပြပါလိမ့်မည်။—၂ တိ. ၃:၁-၅၊ ၁၃; မ. ၂၄:၇-၁၄

နောက်ဆုံးသောနေ့ရက်များတွင် နိုးနိုးကြားကြားရှိပါ

၃။ ခရစ်ယာန်များသည် အဘယ်ကြောင့် နိုးနိုးကြားကြားရှိဖို့လိုသနည်း။

တမန်တော်ပေတရု ဤသို့ရေးခဲ့သည်– “အရာခပ်သိမ်း၏အဆုံးသည် ရောက်လုနီးပြီဖြစ်၍ သမာသတိရှိကြလော့။ ဆုတောင်းခြင်းအမှု၌ နိုးနိုးကြားကြားရှိကြလော့။” (၁ ပေ. ၄:၇) ယေရှု၏နောက်လိုက်များသည် နိုးနိုးကြားကြားရှိဖို့၊ ဘုရားသခင့်နိုင်ငံတော်တန်ခိုးဖြင့် ကိုယ်တော်ရောက်ရှိနေကြောင်း ဖော်ပြသည့်ကမ္ဘာ့အဖြစ်အပျက်များကို သတိနှင့်စောင့်ကြည့်ဖို့လိုသည်။ ဆိုးယုတ်သောလက်ရှိလောကစနစ်၏အဆုံး နီးကပ်လာသည်နှင့်အမျှ သူတို့၏နိုးကြားမှုသည် သာ၍အရေးတကြီးဖြစ်လာသည်။ ယေရှုသည် မိမိတပည့်များကို ဤသို့မိန့်တော်မူခဲ့သည်– “အိမ်ရှင်သည် . . . [စာတန့်လောကကို တရားစီရင်ရန်] အဘယ်အချိန်၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။”—မာ. ၁၃:၃၅၊ ၃၆

၄။ စာတန့်လောကအဝင်ဖြစ်သူတို့နှင့် ယေဟောဝါကျေးကျွန်တို့၏စိတ်နေသဘောထား ခြားနားမှုကို ဖော်ပြပါ။ (လေးထောင့်ကွက်ကို ပါဝင်စေပါ။)

လူအများစုသည် စာတန့်လွှမ်းမိုးမှုအောက်ရှိကြပြီး ကမ္ဘာ့ဖြစ်ရပ်များ၏အဓိပ္ပာယ်နှင့်ပတ်သက်၍ သတိနှင့်မစောင့်ကြည့်ခဲ့ကြပါ။ ဘုရားသခင့်နိုင်ငံတော်တန်ခိုးဖြင့် ခရစ်တော်၏ရောက်ရှိခြင်းကို သူတို့မသိမြင်ကြပါ။ သို့သော် ခရစ်တော်၏နောက်လိုက်စစ်များမူ နိုးနိုးကြားကြားရှိခဲ့ကြပြီး လွန်ခဲ့သောရာစုနှစ်တွင် ဖြစ်ပျက်ခဲ့သည့်အရာ၏အဓိပ္ပာယ်မှန်ကို ပိုင်းခြားသိမြင်ခဲ့ကြသည်။ ပထမကမ္ဘာစစ်နှင့် ယင်းနောက်ဖြစ်ပျက်သည့်အရာများသည် ၁၉၁၄ ခုနှစ်တွင် ကောင်းကင်နိုင်ငံတော်တန်ခိုးဖြင့် ခရစ်တော်၏ရောက်ရှိခြင်း စတင်နေပြီဖြစ်ကြောင်း သေချာသည့်အထောက်အထားဖြစ်သည်ဟု ၁၉၂၅ ခုနှစ်ကတည်းက ယေဟောဝါသက်သေများသိမှတ်ခဲ့ကြသည်။ ထို့ကြောင့် စာတန့်လက်အောက်ရှိ ဆိုးယုတ်သောဤလောကစနစ်၏နောက်ဆုံးနေ့ရက်များ စတင်ခဲ့ပြီဖြစ်သည်။ မျက်စိရှင်သူများစွာတို့သည် အဓိပ္ပာယ်ကိုမသိကြသော်လည်း ပထမကမ္ဘာစစ်မတိုင်မီကာလနှင့် ယင်းနောက်ပိုင်းကာလတို့၏ သိသာသောခြားနားချက်ကို အသိအမှတ်ပြုကြသည်။— “ကသောင်းကနင်းနိုင်သောခေတ်စတင်ပြီ” လေးထောင့်ကွက်ကို ကြည့်ပါ။

၅။ ကျွန်ုပ်တို့သည် ဆက်၍နိုးနိုးကြားကြားရှိနေဖို့ အဘယ်ကြောင့် အရေးကြီးသနည်း။

ယခု ရာစုနှစ်တစ်ခုနီးပါးရှိနေပြီ၊ ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေသည့် ကြောက်မက်ဖွယ်အဖြစ်အပျက်များက ကျွန်ုပ်တို့သည် နောက်ဆုံးနေ့ရက်များတွင် အသက်ရှင်နေကြောင်း ထင်ရှားဖော်ပြသည်။ ယေဟောဝါသည် စာတန့်လောကကိုတိုက်ခိုက်ရန် တန်ခိုးကြီးသောကောင်းကင်တမန်အင်အားစုကို ဦးဆောင်ဖို့ ခရစ်တော်ကိုအမိန့်ပေးရန် အချိန်အနည်းငယ်သာကျန်တော့သည်။ (ဗျာ. ၁၉:၁၁-၂၁) စစ်မှန်သောခရစ်ယာန်များ စောင့်နေကြရန် မိန့်မှာခံရကြသည်။ ထို့ကြောင့် ဤစနစ်၏အဆုံးကို ကျွန်ုပ်တို့မျှော်လင့်စောင့်စားသည့်အတိုင်း ဆက်၍စောင့်နေဖို့ အရေးကြီးသည်။ (မ. ၂၄:၄၂) ကျွန်ုပ်တို့သည် သတိနှင့်စောင့်မြဲစောင့်နေကြရမည်၊ ခရစ်တော်၏လမ်းညွှန်မှုအောက်တွင် သတ်သတ်မှတ်မှတ်လုပ်ငန်းတစ်ခုကို ကမ္ဘာတစ်လွှား ပြီးမြောက်အောင်မြင်ရမည်။

ကမ္ဘာချီလုပ်ငန်း

၆၊ ၇။ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းသည် နောက်ဆုံးနေ့ရက်များအတွင်း မည်သို့တိုးတက်လာခဲ့ပြီနည်း။

ယေဟောဝါ၏ကျေးကျွန်များ လုပ်ရမည့်လုပ်ငန်းကို စုပေါင်းနိမိတ်၏အစိတ်အပိုင်းအဖြစ် ကြိုဟောထားပြီး ယင်းက ကျွန်ုပ်တို့သည် ဆိုးယုတ်သောဤလက်ရှိလောကစနစ်၏ နောက်ဆုံးသောနေ့ရက်များတွင် အသက်ရှင်နေကြောင်းကို ဖော်ပြသည်။ နောက်ဆုံးသောကာလတွင် ဖြစ်ပျက်မည့်အရာများစွာကို ယေရှုတစ်ခုပြီးတစ်ခုဖော်ပြသောအခါ ဤကမ္ဘာချီလုပ်ငန်းကို ဖော်ပြခဲ့သည်။ ကိုယ်တော်၏ပရောဖက်ပြုချက်တွင် အဓိပ္ပာယ်ရှိလှသောဤဖော်ပြချက်ကို ပါဝင်စေခဲ့သည်– ‘လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်။’—မ. ၂၄:၁၄

ယေရှု၏ပရောဖက်ပြုချက်ဆိုင်ရာ အသေးစိတ်အချက်အလက်နှင့်ဆက်စပ်သည့် အချက်တချို့ကို သုံးသပ်ကြည့်ပါ။ နောက်ဆုံးသောနေ့ရက်များစတင်ခဲ့သော ၁၉၁၄ ခုနှစ်တွင် သတင်းကောင်းကြွေးကြော်နေသူတို့၏အရေအတွက်မှာ အလွန်နည်းလှသည်။ ယခုအခါတွင်မူ ထိုအရေအတွက်သည် အလွန်ပင်များပြားလာခဲ့ပြီ။ ဖွဲ့စည်းထားသည့်အသင်းတော်ပေါင်း ၁၀၀,၀၀၀ ကျော်တွင် ကမ္ဘာတစ်ဝန်းဟောပြောနေကြသော ယေဟောဝါသက်သေများ ၇,၀၀၀,၀၀၀ ကျော်ရှိသည်။ ၂၀၀၈ ခုနှစ်၌ ခရစ်တော်၏သေခြင်းသတိရအောက်မေ့ပွဲတွင် ယေဟောဝါသက်သေများနှင့်အတူ လူပေါင်း ၁၀,၀၀၀,၀၀၀ စုဝေးခဲ့ကြသည်။ ယင်းသည် လွန်ခဲ့သောနှစ်ထက် သိသိသာသာတိုးများလာခြင်းဖြစ်သည်။

၈။ ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းအောင်မြင်နေမှုကို ဆန့်ကျင်မှုများက အဘယ်ကြောင့်မတားဆီးနိုင်သနည်း။

ဤစနစ်အဆုံးမလာမီ လူမျိုးအပေါင်းတို့အား ဘုရားသခင့်နိုင်ငံတော်အကြောင်းဟောပြောနေခြင်းက ကြီးမားသောသက်သေခံချက်ပင်ဖြစ်သည်။ စာတန်သည် “ဤလောကစနစ်၏ဘုရား” ဖြစ်နေသည့်ကြားမှ ယင်းသို့သက်သေခံခဲ့ကြသည်။ (၂ ကော. ၄:၄) ဤလောက၏နိုင်ငံရေး၊ ဝတ်ပြုရေးနှင့် စီးပွားရေးအားလုံးအပြင် ယင်း၏သတင်းဖြန့်ချိရေးလမ်းကြောင်းများသည် စာတန့်လွှမ်းမိုးမှုအောက်တွင်ရှိသည်။ သို့ဆိုလျှင် သက်သေခံခြင်းလုပ်ငန်း အံ့ဖွယ်အောင်မြင်ရသည့်အကြောင်းရင်းကား အဘယ်နည်း။ ယေဟောဝါ၏ကျောထောက်နောက်ခံခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းကို ရပ်တန့်အောင် စာတန်ကြိုးစားအားထုတ်သော်လည်း အံ့ဖွယ်ကောင်းလောက်အောင် ဆက်၍ဆောင်ရွက်နေသည်။

၉။ ဟောပြောခြင်းလုပ်ငန်းအောင်မြင်ခြင်း၊ အရေအတွက်နှင့် အသိပညာတွင် ဆက်တိုးတက်နေခြင်းကို အံ့ဖွယ်အမှုဟု အဘယ်ကြောင့်ခေါ်နိုင်သနည်း။

ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းအောင်မြင်ခြင်းနှင့် ယေဟောဝါ၏လူတို့သည် အရေအတွက်နှင့် အသိပညာတွင် ဆက်တိုးတက်နေခြင်းကို အံ့ဖွယ်အမှုအဖြစ် ဖော်ပြနိုင်သည်။ မိမိလူတို့အပေါ် ဘုရားသခင်၏လမ်းညွှန်မှုနှင့် ကာကွယ်မှုတို့အပါအဝင် ကိုယ်တော်၏ထောက်မမှုမပါဘဲ ဟောပြောခြင်းလုပ်ငန်းသည် ဖြစ်မြောက်နိုင်မည်မဟုတ်ပါ။ (မဿဲ ၁၉:၂၆ ကိုဖတ်ပါ။) အမှုတော်ကို ထမ်းဆောင်လိုသော နိုးကြားသည့်လူတို့၏နှလုံးတွင် ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်လုပ်ဆောင်ခြင်းဖြင့် ဤဟောပြောခြင်းလုပ်ငန်း အောင်မြင်စွာနိဂုံးချုပ်သည်အထိ ဆက်ဆောင်ရွက်သွားမည်၊ “သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်” ကိုကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။ ထိုအချိန်သည် အလျင်အမြန်ချဉ်းကပ်လျက်ရှိသည်။

‘ကြီးစွာသောဆင်းရဲခြင်း’

၁၀။ ရောက်ရှိလာမည့်ကြီးစွာသောဆင်းရဲခြင်းကို ယေရှုမည်သို့ဖော်ပြခဲ့သနည်း။

၁၀ ‘ကြီးစွာသောဆင်းရဲခြင်း’ ဖြင့်ဤစနစ်ဆိုး၏အဆုံး ရောက်ရှိလာမည်ဖြစ်သည်။ (ဗျာ. ၇:၁၄) ယင်းသည် မည်မျှကြာညောင်းမည်ကို သမ္မာကျမ်းစာတွင် မဖော်ပြထားပါ၊ သို့သော် ယေရှုဤသို့မိန့်တော်မူ၏– ‘ဤလောကတည်ချိန်မှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်လည်း ဖြစ်မည်မဟုတ်သည့် ကြီးစွာသောဆင်းရဲခြင်းသည် ထိုကာလ၌ ဖြစ်လိမ့်မည်။’ (မ. ၂၄:၂၁) လူသန်းပေါင်း ၅၀ မှ ၆၀ ခန့်သေဆုံးခဲ့သည့် ဒုတိယကမ္ဘာစစ်ကဲ့သို့သော ဤလောက ကြုံတွေ့ခဲ့သည့်ဆင်းရဲခြင်းကို ကျွန်ုပ်တို့သုံးသပ်ကြည့်သောအခါ ရောက်ရှိလာမည့်ကြီးစွာသောဆင်းရဲခြင်းသည် အလွန်ပင်ကြီးမားပြင်းထန်လိမ့်မည်။ ယင်းသည် အာမဂေဒုန်စစ်ပွဲတွင် အထွတ်အထိပ်ရောက်လိမ့်မည်။ ယေဟောဝါသည် စာတန်၏မြေကြီးဆိုင်ရာစနစ်ရှိ အစအနအားလုံးကိုဖျက်ဆီးရန် ကိုယ်တော်၏လက်မရွံ့အာဏာသားများကို လွှတ်မည့်အချိန်ဖြစ်လိမ့်မည်။—ဗျာ. ၁၆:၁၄၊ ၁၆

၁၁၊ ၁၂။ အဘယ်အဖြစ်အပျက်က ကြီးစွာသောဆင်းရဲခြင်းအစကို အချက်ပြသနည်း။

၁၁ ကြီးစွာသောဆင်းရဲခြင်း၏ပထမအဆင့်စတင်မည့်ရက်စွဲကို သမ္မာကျမ်းစာပရောဖက်ပြုချက်တွင် မဖော်ပြထားပါ၊ သို့သော် ယင်း၏အစကိုအချက်ပြမည့် ထူးဆန်းသောအဖြစ်အပျက်ကိုမူ ကျွန်ုပ်တို့အားအသိပေးထားပါသည်။ ယင်းအဖြစ်အပျက်မှာ နိုင်ငံရေးအင်အားစုများက မှားသောဝတ်ပြုရေးရှိသမျှကို ဖျက်ဆီးခြင်းဖြစ်သည်။ ဗျာဒိတ် အခန်းကြီး ၁၇ နှင့် ၁၈ တွင်တွေ့ရသော ကျမ်းစာပရောဖက်ပြုချက်တွင် မှားသောဝတ်ပြုရေးကို ကမ္ဘာ့နိုင်ငံရေးစနစ်နှင့် ဖောက်ပြန်သောပြည့်တန်ဆာနှင့် ခိုင်းနှိုင်းထားသည်။ ဤနိုင်ငံရေးအင်အားစုများက ‘ပြည့်တန်ဆာကို မုန်းလိမ့်မည်၊ သူ့ကို ပျက်ပြုန်းစေ၍ အဝတ်အချည်းစည်းရှိစေလျက် သူ၏အသားကို စားပြီးလျှင် သူ့ကို လုံးလုံးမီးရှို့ပစ်လိမ့်မည့်’ အချိန် မကြာမီရောက်လာတော့မည်ဖြစ်ကြောင်း ဗျာ. ၁၇:၁၆ ကဖော်ပြသည်။

၁၂ ယင်းသို့ဖြစ်ပျက်မည့်အချိန်ရောက်သောအခါ ဘုရားသခင်သည် မှားသောဝတ်ပြုရေးရှိသမျှကို ဖျက်ဆီးပစ်ဖို့ “မိမိ၏အကြံတော်ကိုဖော်ဆောင်ရန် သူတို့ [နိုင်ငံရေးအုပ်စိုးရှင်များ] ၏နှလုံးထဲသို့ အကြံသွင်းတော်မူ” လိမ့်မည်။ (ဗျာ. ၁၇:၁၇) ထို့ကြောင့် ဤဖျက်ဆီးခြင်းကို ဘုရားသခင်ထံမှလာမည်ဟု ပြောနိုင်သည်။ ယင်းသည် အရေခြုံဝတ်ပြုရေးအပေါ် ကိုယ်တော့်တရားစီရင်ချက်ဖြစ်၏၊ အကြောင်းမှာ ဘုရားသခင့်အလိုတော်နှင့်ဆန့်ကျင်သော အယူဝါဒများကို ကြာမြင့်စွာကသွန်သင်လာခဲ့ခြင်း၊ ကိုယ်တော့်ကျေးကျွန်များကို နှိပ်စက်ညှဉ်းပန်းခဲ့ခြင်းကြောင့်ဖြစ်သည်။ လောကသားအများစုသည် ရောက်လာမည့် မှားသောဝတ်ပြုရေးပျက်စီးခြင်းကို မျှော်လင့်မထားကြပါ။ သို့သော် ယေဟောဝါ၏တည်ကြည်သောကျေးကျွန်များမူ မျှော်လင့်ထားကြသည်။ ထို့ပြင် သူတို့သည် ဤနောက်ဆုံးသောနေ့ရက်များတစ်လျှောက် ယင်းအကြောင်းကို လူတို့အား ပြောပြကြသည်။

၁၃။ မှားသောဝတ်ပြုရေး၏အဆုံးသည် လျင်မြန်စွာဖြစ်မည်ကို အဘယ်အရာက ဖော်ပြသနည်း။

၁၃ မှားသောဝတ်ပြုရေးကို ဖျက်ဆီးလိုက်ခြင်းသည် လူတို့အတွက် ထိတ်လန့်စရာကြီးဖြစ်လိမ့်မည်။ “မြေကြီးဘုရင်တို့” ထဲမှတချို့ပင်လျှင် ယင်းပျက်စီးခြင်းနှင့်ပတ်သက်၍ ဤသို့ကြွေးကြော်ကြမည်ဟု သမ္မာကျမ်းစာပရောဖက်ပြုချက်က ဖော်ပြသည်– “အဖြစ်ဆိုးလိုက်လေခြင်း၊ အဖြစ်ဆိုးလိုက်လေခြင်း။ အကြောင်းမူကား သင်၏တရားစီရင်ချက်သည် တစ်နာရီအတွင်း ရောက်လာပြီ။” (ဗျာ. ၁၈:၉၊ ၁၀၊ ၁၆၊ ၁၉) “တစ်နာရီ” ဟူသောစကားလုံးကို ကျမ်းစာအသုံးပြုခြင်းက ယင်းအဖြစ်အပျက်သည် အတော်အတန်လျင်မြန်မည်ကို ဖော်ပြသည်။

၁၄။ ယေဟောဝါ၏ရန်သူများသည် ကိုယ်တော့်ကျေးကျွန်များကို နောက်ဆုံးတွင် တိုက်ခိုက်သောအခါ ဘုရားသခင်မည်သို့တုံ့ပြန်တော်မူမည်နည်း။

၁၄ မှားသောဝတ်ပြုရေးဖျက်ဆီးခံရပြီးနောက် မကြာမီတွင် ယေဟောဝါ၏တရားစီရင်ခြင်းသတင်းကိုကြေညာနေကြသော ကိုယ်တော့်ကျေးကျွန်များ တိုက်ခိုက်ခံရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့နားလည်ထားသည်။ (ယေဇ. ၃၈:၁၄-၁၆) ယင်းတိုက်ခိုက်မှုစတင်သောအခါ တိုက်ခိုက်သူများသည် ယေဟောဝါနှင့်ထိပ်တိုက်ရင်ဆိုင်ကြရလိမ့်မည်၊ မိမိ၏တည်ကြည်သောလူတို့အား ကာကွယ်မည်ဟု ကိုယ်တော်ကတိပြုထား၍ဖြစ်သည်။ ယေဟောဝါဤသို့ကြေညာသည်– ‘ငါ၏ဒေါသမီးလောင်လျက် ငါပြောပြီ၊ . . . ငါသည် ယေဟောဝါဖြစ်ကြောင်း သူတို့သိရကြလိမ့်မည်။’ (ယေဇကျေလ ၃၈:၁၈-၂၃ ကိုဖတ်ပါ။) ဘုရားသခင်သည် မိမိ၏နှုတ်မြွက်စကားတော်တွင် ဤသို့ဖော်ပြထား၏– “သင်တို့ [ကိုယ်တော်၏တည်ကြည်သောကျေးကျွန်များ] ကိုထိသောသူသည် မျက်ဆန်တော်ကိုထိသောသူဖြစ်၏။” (ဇာ. ၂:၈) ထို့ကြောင့် ယေဟောဝါ၏ရန်သူများသည် ကိုယ်တော့်ကျေးကျွန်များကို ကမ္ဘာချီတိုက်ခိုက်လာသောအခါ ကိုယ်တော်တုံ့ပြန်တော်မူမည်။ ကြီးစွာသောဆင်းရဲခြင်း၏နောက်ဆုံးအဆင့်၊ ယင်း၏အထွတ်အထိပ်ဖြစ်သော အာမဂေဒုန်သို့ဦးတည်စေရန် ကိုယ်တော်လုပ်ဆောင်ပါလိမ့်မည်။ ခရစ်တော်၏အမိန့်တော်အောက်တွင် တန်ခိုးကြီးသောကောင်းကင်တမန်အင်အားစုသည် စာတန့်လောကအပေါ် ယေဟောဝါ၏တရားစီရင်ချက်ကို အကောင်အထည်ဖော်ပါလိမ့်မည်။

ကျွန်ုပ်တို့အပေါ် အကျိုးသက်ရောက်သင့်ပုံ

၁၅။ ဤလောကစနစ်၏အဆုံးနီးပြီဖြစ်ကြောင်း သိရခြင်းက ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်သင့်သနည်း။

၁၅ ဤဆိုးယုတ်သောလောကစနစ်၏အဆုံးသည် အလျင်အမြန်ချဉ်းကပ်နေကြောင်း သိရခြင်းက ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်သင့်သနည်း။ တမန်တော်ပေတရုဤသို့ရေးခဲ့သည်– ‘ထိုအရာရှိသမျှတို့သည် အရည်ပျော်ရမည်ဖြစ်သောကြောင့် မည်သို့သောလူစားဖြစ်သင့်သည်ကို ဆင်ခြင်ကြလော့။ သင်တို့သည် သန့်ရှင်းသောအမူအကျင့်များကျင့်၍ ဘုရားသခင်ဝတ်၌မွေ့လျော်သူများ ဖြစ်သင့်၏။’ (၂ ပေ. ၃:၁၁) ယင်းစကားများက ကျွန်ုပ်တို့၏အမူအကျင့်သည် ဘုရားသခင့်တောင်းဆိုချက်များနှင့်အညီဖြစ်ကြောင်း၊ ယေဟောဝါအား ချစ်မြတ်နိုးစိတ်ကိုပေါ်လွင်စေခြင်းဖြင့် ကျွန်ုပ်တို့၏အသက်တာကို ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းလုပ်ငန်းတွင်ပါဝင်ကြောင်း သေချာအောင် မပြတ်ဂရုစိုက်ဖို့လိုအပ်သည်ကို အလေးပေး၏။ ထိုသို့သောလုပ်ဆောင်မှုများတွင် အဆုံးမလာမီ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းတွင် ကျွန်ုပ်တို့အတတ်နိုင်ဆုံးလုပ်ဆောင်ခြင်းပါဝင်သည်။ ပေတရု ဤသို့လည်းရေးခဲ့သည်– “အရာခပ်သိမ်း၏အဆုံးသည် ရောက်လုနီးပြီဖြစ်၍ . . . ဆုတောင်းခြင်းအမှု၌ နိုးနိုးကြားကြားရှိကြလော့။” (၁ ပေ. ၄:၇) ကျွန်ုပ်တို့သည် ယေဟောဝါထံ မပြတ်ဆုတောင်းခြင်း၊ ကိုယ်တော်၏သန့်ရှင်းသောစွမ်းအားတော်နှင့် ကမ္ဘာချီအသင်းတော်အားဖြင့် ကျွန်ုပ်တို့အား လမ်းညွှန်ချက်ပေးရန်တောင်းဆိုခြင်းဖြင့် ကိုယ်တော့်ထံချဉ်းကပ်ကြ၊ ကိုယ်တော့်ကိုချစ်ကြောင်း တင်ပြကြသည်။

၁၆။ ကျွန်ုပ်တို့သည် ဘုရားသခင့်သွန်သင်ချက်ကို အဘယ်ကြောင့် အနီးကပ်လိုက်လျှောက်ဖို့လိုသနည်း။

၁၆ အန္တရာယ်များသောဤအချိန်ကာလတွင် ဘုရားသခင့်နှုတ်မြွက်တော်၏ ဤသွန်သင်ချက်ကို ကျွန်ုပ်တို့အနီးကပ်လိုက်လျှောက်ဖို့လိုသည်– “သင်တို့၏ကျင့်ကြံပြုမူပုံသည် ပညာမဲ့ကဲ့သို့မဟုတ်ဘဲ ပညာရှိကဲ့သို့ဖြစ်စေရန် ကြပ်ကြပ်သတိပြုလျက်နေကြလော့။ ယခုနေ့ရက်ကာလသည် ဆိုးညစ်သောကြောင့် အခွင့်သာသောအချိန်ကို ဝယ်ယူကြလော့။” (ဧ. ၅:၁၅၊ ၁၆) ယခုအခါ ဆိုးသွမ်းမှုသည် ခါတိုင်းထက်ပို၍များပြားလာသည်။ စာတန်သည် လူတို့အား ယေဟောဝါ၏အလိုတော်မထမ်းဆောင်စေရန် သို့မဟုတ် သွေဖည်သွားစေရန်အရာများစွာကို ဖန်တီးထားသည်။ ဘုရားသခင့်ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့သည် ယင်းကိုသိထားကြသည်၊ ထို့ပြင် ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏တည်ကြည်မှု အားနည်းသွားစေရန် မည်သည့်အရာကိုမျှ ကျွန်ုပ်တို့ခွင့်မပြုလိုကြပါ။ မကြာမီ အဘယ်အရာဖြစ်ပျက်တော့မည်ကိုလည်း ကျွန်ုပ်တို့သိထား၏၊ ယေဟောဝါနှင့် ကိုယ်တော့်ရည်ရွယ်ချက်များကို ကျွန်ုပ်တို့ယုံကြည်စိတ်ချသည်။—၁ ယောဟန် ၂:၁၅-၁၇ ကိုဖတ်ပါ။

၁၇။ ရှင်ပြန်ထမြောက်ခြင်းဖြစ်လာသောအခါ အာမဂေဒုန်ကပ်ကျော်သူများ မည်သို့တုံ့ပြန်ကြမည်ကို ဖော်ပြပါ။

၁၇ သေလွန်သူများ အသက်ပြန်ရှင်လာမည်ဟူသော ဘုရားသခင်၏အံ့ဖွယ်ကတိတော်ဖြစ်ပျက်လာမည်၊ အကြောင်းမှာ “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့သည် ရှင်ပြန်ထမြောက်ကြလိမ့်မည်” ဖြစ်သောကြောင့်တည်း။ (တ. ၂၄:၁၅) ယင်းကတိတော်ကို မည်သို့အလေးပေးထားသည်ကို သတိပြုပါ– “ရှင်ပြန်ထမြောက်ကြလိမ့်မည်။” ယင်းကို သံသယရှိစရာမလိုပါ၊ အကြောင်းမှာ ယေဟောဝါမိန့်ဆိုခဲ့ပြီဖြစ်သောကြောင့်တည်း! ဟေရှာယ ၂၆:၁၉ တွင်ဤသို့ကတိပြုထားသည်– “ကိုယ်တော်၏လူသေတို့သည် အသက်ရှင်ကြပါလိမ့်မည်။ . . . မြေမှုန့်၌နေသောသူတို့သည် နိုး၍ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။ . . . မြေကြီးသည် သင်္ချိုင်းသားတို့ကို ထုတ်ဖော်ရပါလိမ့်မည်။” ယင်းစကားများသည် ဘုရားသခင်၏ရှေးလူမျိုးတော် သူတို့နေရင်းပြည်သို့ပြန်ရောက်ချိန်တွင် ကနဦးပြည့်စုံခဲ့သည်၊ ယင်းက ကမ္ဘာသစ်တွင် ပကတိပြည့်စုံလာမည်ကို ကျွန်ုပ်တို့အား ယုံကြည်စိတ်ချစေသည်။ ရှင်ပြန်ထမြောက်လာသူများသည် မိမိတို့ချစ်မြတ်နိုးရသူတို့နှင့် ပြန်လည်ပေါင်းစည်းသောအခါ အလွန်ရွှင်လန်းစရာကောင်းပါလိမ့်မည်! မှန်ပါသည်၊ စာတန့်လောက၏အဆုံး နီးပြီ၊ ဘုရားသခင့်ကမ္ဘာသစ်သည် အလွန်နီးနေပြီ။ ကျွန်ုပ်တို့နိုးနိုးကြားကြားရှိနေဖို့ အရေးကြီးလှသည်။

သင်မှတ်မိသလော

• ယေရှုအဓိကသွန်သင်သည့်အကြောင်းအရာမှာ အဘယ်နည်း။

• ယခုအခါ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း မည်မျှပျံ့နှံ့နေသနည်း။

• နိုးနိုးကြားကြားရှိနေဖို့ အဘယ်ကြောင့်အရေးကြီးသနည်း။

တမန်တော် ၂၄:၁၅ ပါကတိတော်နှင့်ပတ်သက်၍ မည်သည့်အားရှိစရာကို သင်တွေ့ ရှိရသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၆၊ ၁၇ ပါ လေးထောင့်ကွက်နှင့်ရုပ်ပုံ]

 ကသောင်းကနင်း နိုင်သောခေတ်

ကသောင်းကနင်းနိုင်သောခေတ်–  ကမ္ဘာသစ်တစ်ခုအတွင်းစွန့်စားမှုများဟူသည် အယ်လန် ဂရင်းစပန်ရေးသော ၂၀၀၇ စာအုပ်တစ်အုပ်၏ခေါင်းစဉ်ဖြစ်သည်။ သူသည် အနှစ် ၂၀ နီးပါး အမေရိကန်ပြည်ထောင်စုဗဟိုထိန်းသိမ်းရေးအဖွဲ့၏ သဘာပတိဖြစ်သည်၊ ယင်းအဖွဲ့သည် တစ်နိုင်ငံလုံး၏ဗဟိုဘဏ်စနစ်ကို ကြီးကြပ်သည်။ ဂရင်းစပန်သည် ၁၉၁၄ ခုနှစ်မတိုင်မီနှင့် ယင်းနှစ်နောက်ပိုင်းကမ္ဘာ့အခြေအနေ သိသိသာသာခြားနားမှုကို ဤသို့အလေးပေးဖော်ပြသည်–

“၁၉၁၄ ခုနှစ်မတိုင်မီကမှတ်တမ်းအားလုံးအရ ယင်းခုနှစ်မတိုင်မီတွင် လူအများစုနှင့်နိုင်ငံအများစုတွင် အခြားသူတို့ကို ပို၍တလေးတစား ဆက်ဆံခဲ့ကြပုံရသည်၊ ယဉ်ကျေးမှုဆိုင်ရာ၊  နည်းပညာဆိုင်ရာတိုးတက်မှုလည်း ရှိခဲ့ပုံရသည်၊ လူ့အဖွဲ့အစည်း၏တိုးတက်မှုများသည်  ပြည့်စုံကောင်းမွန်လွန်းပုံရသည်။ ဆယ့်ကိုးရာစုသည် အလွန်စိတ်မချမ်းမြေ့ဖွယ်ကျွန်ကုန်ကူးခြင်းကို အဆုံးတိုင်စေခဲ့သည်။ လူမဆန်သောအကြမ်းဖက်မှု လျော့ပါးလာပုံရသည်။  . . . နည်းပညာတိုးတက်မှုများသည်  ဆယ့်ကိုးရာစုအတွင်း တိုးတက်လာခဲ့သည်၊ မီးရထားလမ်းများ၊ တယ်လီဖုန်း၊ လျှပ်စစ်မီး၊ ရုပ်ရှင်၊ မော်တော်ကားရှိလာခြင်းနှင့် အိမ်သုံးပစ္စည်းပစ္စယများ ဖော်ပြ၍မကုန်အောင်များပြားလွန်းလှသည်။ ဆေးသိပ္ပံပညာ၊ အာဟာရပို၍ကြွယ်ဝလာခြင်းနှင့် ရေသန့်ကို များစွာဖြန့်ဖြူးခြင်းတို့သည် လူ့သက်တမ်းကို တိုးမြှင့်စေခဲ့သည်။ ယင်းတိုးတက်မှုသည် ဆက်လက်တိုးတက်နေမည်ဟု လူတိုင်းယူဆခဲ့ကြသည်။”

သို့သော် . . . “ဒုတိယကမ္ဘာစစ်က ရုပ်ပိုင်းအရ ပို၍များစွာပျက်စီးစေခဲ့သည်ထက် ပထမကမ္ဘာစစ်က ယဉ်ကျေးသိမ်မွေ့မှုနှင့် ယဉ်ကျေးမှုကို ပို၍ပျက်စီးစေခဲ့သည်– ပထမတိုက်ပွဲက စိတ်ကူးစိတ်သန်းကို ဖျက်ဆီးခဲ့သည်။ လူတို့သည် မြန်မြန်ဆန်ဆန်၊ အကန့်အသတ်မရှိ တိုးတက်နေပုံရသောအခါ ပထမကမ္ဘာစစ်မတိုင်မီနှစ်များက စိတ်ကူးစိတ်သန်းကို ကျွန်ုပ်မမေ့ပျောက်နိုင်ပါ။ ယနေ့ ကျွန်ုပ်တို့၏ရှုမြင်ပုံသည် လွန်ခဲ့သောရာစုနှစ်နှင့် လုံးဝခြားနားသည်၊ သို့သော် အခြေအနေမှန်နှင့်ပို၍ကိုက်ညီပုံရသည်။ ပထမကမ္ဘာစစ်က ယင်းမတိုင်မီခေတ်ကို ပြောင်းလဲစေခဲ့သကဲ့သို့ ထိတ်လန့်ကြောက်ရွံ့မှု၊ ကမ္ဘာချီပူနွေးလာမှု သို့မဟုတ် အများအကျိုးကိုရည်မျှော်သည်ဟုဆိုသောဝါဒက မျက်မှောက်ခေတ် လူ့ဘဝတိုးတက်ရေး ကမ္ဘာလုံးဆိုင်ရာပေါင်းစပ်ဆောင်ရွက်မှုကို ပြောင်းလဲစေဦးမည်လော။ မည်သူမျှ အသေအချာမပြောနိုင်ပါ။”

ဂရင်းစပန်သည် မိမိကျောင်းသားဘဝတုန်းက စီးပွားရေးပါမောက္ခ ဘင်ဂျမင် အမ်. အဲန်ဒါဆင် (၁၈၈၆-၁၉၄၉) ၏ပြောဆိုချက်ကို မှတ်မိခဲ့သည်– “ပထမကမ္ဘာစစ်မတိုင်မီကကမ္ဘာ မည်သို့ရှိခဲ့သည်ကို မှတ်မိနားလည်နိုင်သော သက်ကြီးရွယ်အိုများသည် ယင်းကမ္ဘာကို ပြန်ပြောင်းတွေးကြည့်သောအခါ များစွာလွမ်းဆွတ်တမ်းတခဲ့ကြသည်။ ထိုအချိန်က လုံခြုံမှုရှိသည်ဟူသောခံစားချက်မျိုး ပထမကမ္ဘာစစ်ဖြစ်ခဲ့ချိန်ကတည်းက မရှိတော့ပါ။”—Economics and the Public Welfare.

၂၀၀၆ ခုနှစ်တွင်ထုတ်ဝေခဲ့သော ဂျီ. ဂျေ. မီရာရေးသားသည့် စာအုပ်တွဲ (A World Undone) တွင်အလားတူကောက်ချက်ချထားသည်ကို ဖော်ပြထားသည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “သမိုင်းဝင်အဖြစ်အပျက်များက ‘အရာရာကို ပြောင်းလဲစေခဲ့’ သည်ဟု ပြောဆိုလေ့ရှိသည်။ ယင်းသည် စစ်ပွဲကြီး [၁၉၁၄-၁၉၁၈] အဖြစ်တွင် တစ်ကြိမ်မှန်ကန်ခဲ့သည်။ စစ်က အရာရာကို တကယ်ပြောင်းလဲစေခဲ့သည်၊ နယ်နိမိတ်များ၊ အစိုးရများနှင့် နိုင်ငံများ၏ကြမ္မာသာမက စစ်ဖြစ်ချိန်ကတည်းက လူတို့သည် လောကနှင့် မိမိတို့ကိုယ်ကိုရှုမြင်ပုံကိုပါ ပြောင်းလဲခဲ့သည်။ အချိန်ရေစီးကြောင်းကို ဖြတ်တောက်လိုက်သကဲ့သို့ဖြစ်ပြီး စစ်ပြီးခေတ်နှင့် ယင်းမတိုင်မီခေတ်သည် မည်သည့်အရာမျှဆက်စပ်မှုမရှိအောင် ထာဝရပြတ်တောက်မှုကို ဖြစ်စေခဲ့သည်။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အာမဂေဒုန်တွင် ယေဟောဝါသည် တန်ခိုးကြီးသောကောင်းကင်တမန် အင်အားစုကို လွှတ်တော်မူမည်