မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်ဖန်မွေးဖွားခြင်း—ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ရပ်လော

တစ်ဖန်မွေးဖွားခြင်း—ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ရပ်လော

တစ်ဖန်မွေးဖွားခြင်း—ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ရပ်လော

မည်သူသည် တစ်ဖန်မွေးဖွားခြင်းကို ဖြစ်ပေါ်စေသနည်း။ တရားဟောဆရာအချို့သည် ၎င်းတို့၏ပရိသတ်ကို တစ်ဖန်မွေးဖွားခြင်းခံရသော ခရစ်ယာန်များဖြစ်လာရန် တိုက်တွန်းသည့်အခါ “သင်တို့သည် တစ်ဖန်မွေးဖွားခြင်းကိုခံရမည်” ဟူသော ယေရှု၏စကားကို ကိုးကားကြသည်။ (ယောဟန် ၃:၇) အမှန်မှာ၊ ထိုတရားဟောဆရာများသည် “တစ်ဖန်မွေးဖွားခြင်းကိုခံကြ” ဟူ၍အမိန့်ပေးနေခြင်းဖြစ်၏။ ထို့ကြောင့် ယေရှု၏စကားကိုနာခံ၍ တစ်ဖန်မွေးဖွားခြင်းခံရဖို့ လိုအပ်ရာများကိုလုပ်ဆောင်မည်၊ မလုပ်ဆောင်မည်မှာ ယုံကြည်သူတစ်ဦးစီ၏ဆန္ဒသာဖြစ်သည်ဟု သူတို့ဟောပြောနေခြင်းဖြစ်၏။ ယင်းအဆိုအရ တစ်ဖန်မွေးဖွားခြင်းသည် ကိုယ်ပိုင်ရွေးချယ်ရမည့်ကိစ္စဖြစ်သည်။ သို့သော် ထိုရှုမြင်ချက်သည် နိကောဒင်ကို ယေရှုပြောဆိုခဲ့ရာနှင့် ကိုက်ညီပါသလော။

ယေရှု၏စကားများကို သေချာစွာဖတ်ရှုပါက တစ်ဖန်မွေးဖွားခြင်းခံမည်၊ မခံမည်ဆိုသည်မှာ ကိုယ်ပိုင်ရွေးချယ်ဆုံးဖြတ်ရမည့်ကိစ္စဖြစ်သည်ဟု ကိုယ်တော်သွန်သင်နေခြင်းမဟုတ်ကြောင်း ဖော်ပြသည်။ အဘယ်ကြောင့် ထိုသို့ပြောနိုင်သနည်း။ “တစ်ဖန်မွေးဖွားခြင်းကိုခံရသည်” ဟုပြန်ဆိုသောဂရိစကားလုံးကို “အထက်အရပ်မှမွေးဖွားခြင်းကို ခံသင့်သည်” ဟူ၍လည်း ပြန်ဆိုနိုင်သည်။ * ထိုပြန်ဆိုချက်အရ တစ်ဖန်မွေးဖွားခံရခြင်းသည် “အထက်အရပ်မှ၊” တစ်နည်းအားဖြင့် “အဖထံတော်မှ” အရင်းခံသည်။ (ယောဟန် ၁၉:၁၁; ယာကုပ် ၁:၁၇) မှန်ပါသည်၊ ယင်းကို ဘုရားသခင်ဖြစ်ပေါ်စေသည်။—၁ ယောဟန် ၃:၉

“အထက်အရပ်မှ” ဟူသော မူရင်းစကားလုံးကို ကျွန်ုပ်တို့စိတ်စွဲမှတ်ထားပါက လူတစ်ဦးသည် မိမိကိုယ်ကို တစ်ဖန်မွေးဖွားစေ၍မရနိုင်ကြောင်း နားလည်ဖို့ မခက်ပေ။ သင်၏ပကတိမွေးဖွားခြင်းကို စဉ်းစားကြည့်ပါ။ သင့်စိတ်ကြိုက်ရွေးချယ်မှုကြောင့် သင်မွေးဖွားလာခဲ့ခြင်းလော။ လုံးဝမဟုတ်ပါ။ သင့်ဖခင်က သင့်ကိုဖြစ်ဖွားစေသောကြောင့် သင်မွေးဖွားလာရခြင်းဖြစ်၏။ အလားတူ၊ ကောင်းကင်ဘုံ၌ရှိသော အဖဘုရားသခင်က ကျွန်ုပ်တို့ကိုဖြစ်ဖွားစေမှသာ ကျွန်ုပ်တို့သည် တစ်ဖန်မွေးဖွားခြင်းခံရနိုင်သည်။ (ယောဟန် ၁:၁၃) ထို့ကြောင့် တမန်တော်ပေတရုက ‘ငါတို့သခင် ယေရှုခရစ်၏ခမည်းတော် ဘုရားသခင်အပေါ် ကောင်းချီးသက်ရောက်ပါစေ။ ကိုယ်တော်သည် . . . ငါတို့အား တစ်ဖန်မွေးဖွားစေတော်မူ၏’ ဟူ၍ မှန်ကန်စွာမိန့်ဆိုခဲ့သည်။—၁ ပေတရု ၁:၃

ယင်းသည် အမိန့်ပေးချက်တစ်ရပ်လော

‘တစ်ဖန်မွေးဖွားခြင်းခံရရန် မည်သူမျှ ကိုယ်တိုင်မဆုံးဖြတ်နိုင်သည်မှာမှန်လျှင် “သင်တို့သည် တစ်ဖန်မွေးဖွားခြင်းကိုခံရမည်” ဟူ၍ ယေရှု အဘယ်ကြောင့်အမိန့်ပေးသနည်း’ ဟုအချို့စဉ်းစားမိပေမည်။ ထိုသို့ မေးသင့်မေးထိုက်ပါသည်။ ယေရှု၏စကားများသည် အမှန်ပင် အမိန့်ပေးချက်ဖြစ်ပါက ကျွန်ုပ်တို့မတတ်နိုင်ရာကို လုပ်ဆောင်ရန် ကိုယ်တော်မိန့်မှာနေခြင်းဖြစ်ပေမည်။ ယင်းသည် ယုတ္တိမရှိပေ။ သို့ဆိုလျှင် သင်တို့သည် “တစ်ဖန်မွေးဖွားခြင်းကို” ခံရမည်ဟူသောစကားများကို မည်သို့နားလည်သင့်သနည်း။

မူရင်းဘာသာစကား၏ထိုစကားစုကို သေချာစွာလေ့လာပါက အမိန့်ပေးသံ သို့မဟုတ် အမိန့်ပေးသည့်ပုံစံဖြင့်မဟုတ်ဘဲ ဖော်ပြချက်တစ်ရပ်အဖြစ် ပြန်ဆိုထားကြောင်း သိနိုင်သည်။ တစ်နည်းအားဖြင့် သင်တို့သည် “တစ်ဖန်မွေးဖွားခြင်းကို” ခံရမည်ဟုယေရှုဆိုသောအခါ အမိန့်ပေးနေခြင်းမဟုတ်ဘဲ အကြောင်းအရာတစ်ခုကို ဖော်ပြနေခြင်းဖြစ်သည်။ ယန်း၏စာသားအတိုင်းပြန်ဆိုသော ခေတ်သုံးကျမ်းအရ “သင်တို့သည် အထက်အရပ်မှမွေးဖွားခြင်းခံဖို့လိုသည်” ဟုကိုယ်တော်မိန့်ဆို၏။—ယောဟန် ၃:၇

ယင်းသည် အမိန့်ပေးချက်လော သို့မဟုတ် ဖော်ပြချက်လောဆိုသည်ကိုသိနိုင်ရန် ပုံဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ စာသင်ကျောင်းများစွာရှိသော မြို့တစ်မြို့ကို မြင်ယောင်ကြည့်ပါ။ ကျောင်းတစ်ကျောင်းမှာ ထိုမြို့၏ရပ်ဝေးဒေသတွင်နေထိုင်သော တိုင်းရင်းသားတို့၏သားသမီးများအတွက် ဖွင့်လှစ်ထားသည့်ကျောင်းဖြစ်သည်။ တစ်နေ့၊ ထိုတိုင်းရင်းသားမဟုတ်သော လူငယ်တစ်ဦးက “ကျွန်တော် ဆရာ့ကျောင်းမှာ ကျောင်းအပ်ချင်တယ်” ဟုကျောင်းအုပ်ကြီးထံ ခွင့်တောင်းသည်။ ထိုအခါ ကျောင်းအုပ်ကြီးက “မင်း ဒီကျောင်းမှာ ကျောင်းအပ်ချင်ရင် တိုင်းရင်းသားတစ်ယောက်ဖြစ်ရမယ်” ဟုဆိုသည်။ အမှန်မှာ၊ ကျောင်းအုပ်ကြီး၏စကားများသည် အမိန့်ပေးချက်မဟုတ်ပေ။ “တိုင်းရင်းသားဖြစ်ပါ” ဟုထိုကျောင်းသားကို အမိန့်ပေးနေခြင်းမဟုတ်ပါ။ ထိုကျောင်းတွင်တက်ရောက်နိုင်ရန် လိုအပ်ချက်တစ်ရပ်ကို ထိုကျောင်းအုပ်ကြီးဖော်ပြနေခြင်းသာဖြစ်သည်။ အလားတူ၊ “သင်တို့သည် တစ်ဖန်မွေးဖွားခြင်းကိုခံရမည်” ဟုယေရှုဆိုသောအခါ ‘ဘုရားသခင့်နိုင်ငံတော်သို့ ဝင်’ နိုင်ရန် လိုအပ်ချက်တစ်ရပ်ကို ကိုယ်တော်ဖော်ပြနေခြင်းသာဖြစ်၏။

ဘုရားသခင်၏နိုင်ငံတော်ဟူသောအချက်သည် တစ်ဖန်မွေးဖွားခြင်း၏နောက်ကဏ္ဍတစ်ရပ်နှင့် ဆက်နွှယ်နေသည်။ ယင်းသည် တစ်ဖန်မွေးဖွားခြင်း၏ရည်ရွယ်ချက်ကား အဘယ်နည်းဟူသောမေးခွန်းနှင့် သက်ဆိုင်သည်။ ထိုမေးခွန်း၏အဖြေကိုသိခြင်းသည် တစ်ဖန်မွေးဖွားခြင်း၏အဓိပ္ပာယ်ကို တိကျမှန်ကန်စွာသိရှိစေနိုင်သော သော့ချက်ပေတည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဘာသာပြန်ကျမ်းအများစုသည် ယောဟန် ၃:၃ ကို ထိုသို့ပြန်ဆိုသည်။ ဥပမာ၊ စာသားအတိုင်းပြန်ဆိုထားသောကျမ်းစာတွင် “လူတစ်ဦးသည် အထက်အရပ်မှမွေးဖွားခြင်းကို မခံရလျှင် ဘုရားသခင်၏နိုင်ငံတော်ကို မမြင်နိုင်” ဟုဖော်ပြ၏။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

တစ်ဖန်မွေးဖွားခြင်းနှင့် ပကတိမွေးဖွားခြင်းတွင် အဘယ်ဆင်တူချက်ရှိသနည်း