မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူနည်းစုသာ အုပ်စိုးသော်လည်း လူများစွာ အကျိုးကျေးဇူးခံစားရ

လူနည်းစုသာ အုပ်စိုးသော်လည်း လူများစွာ အကျိုးကျေးဇူးခံစားရ

လူနည်းစုသာ အုပ်စိုးသော်လည်း လူများစွာ အကျိုးကျေးဇူးခံစားရ

ဘုရားသခင်သည် တမန်တော်များလက်ထက်မှစ၍ အရေအတွက်ကန့်သတ်ထားသော သစ္စာရှိခရစ်ယာန်များကို လူသားများထဲမှရွေးချယ်ကာ သားများအဖြစ် မွေးစားခဲ့သည်။ ထိုမွေးစားသားများတွေ့ကြုံရသော အပြောင်းအလဲမှာ အလွန်ကြီးမားလှသောကြောင့် ကျမ်းစာတွင် ယင်းကို တစ်ဖန်မွေးဖွားခြင်းအဖြစ် ဖော်ပြထားသည်။ တစ်ဖန်မွေးဖွားခြင်း၏ရည်ရွယ်ချက်မှာ တစ်ဖန်မွေးဖွားခံရသော ဘုရားသခင့်ကျေးကျွန်များကို ကောင်းကင်တွင် ဘုရင်များဖြစ်လာစေရန် ပြင်ဆင်ပေးခြင်းဖြစ်သည်။ (၂ တိမောသေ ၂:၁၂) သူတို့သည် ဘုရင်များဖြစ်လာနိုင်ရန် သေခြင်းမှ ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ကြသည်။ (ရောမ ၆:၃-၅) ကောင်းကင်တွင် သူတို့သည် ခရစ်တော်နှင့်အတူ “ဘုရင်များအဖြစ် မြေကြီးကိုအုပ်စိုးရလိမ့်မည်။”—ဗျာ. ၅:၁၀; ၁၁:၁၅

သို့သော် ကျမ်းစာတွင် တစ်ဖန်မွေးဖွားခြင်းခံရသူများအပြင် အခြားသူတို့လည်း ထာဝရကယ်တင်ခြင်းခံရမည့်အကြောင်း ဖော်ပြသည်။ (ဟေဗြဲကျမ်းစာစောင်များအပြင် ခရစ်ယာန်ဂရိကျမ်းစောင်များတွင်) ဘုရားသခင်သည် လူအုပ်စုနှစ်စုကို ကယ်တင်ရန် ရည်ရွယ်ထားကြောင်းဖော်ပြသည်၊ ၎င်းတို့မှာ ကောင်းကင်တွင် ဘုရင်များအဖြစ်အုပ်စိုးမည့်အုပ်စုငယ်နှင့် မြေကြီးပေါ်နေထိုင်မည့် အုပ်ချုပ်ခံပြည်သားအုပ်စုကြီးဖြစ်သည်။ ဥပမာ၊ တမန်တော်ယောဟန်သည် တစ်ဖန်မွေးဖွားခံရသော ယုံကြည်သူချင်းများထံ အဘယ်အရာရေးသားခဲ့ကြောင်း သတိပြုပါ။ ယေရှုနှင့်ပတ်သက်၍ သူဤသို့ဆို၏– “ကိုယ်တော်သည် ငါတို့ [အုပ်စုငယ်] ၏အပြစ်များအတွက်သာမက တစ်လောကလုံး [အုပ်စုကြီး] အတွက် အပြစ်ဖြေရာယဇ် ဖြစ်တော်မူ၏။”—၁ ယောဟန် ၂:၂

အလားတူ၊ တမန်တော်ပေါလုက “ဖန်ဆင်းခံအရာများ [အုပ်စုကြီး] သည် ဘုရားသခင့်သားတို့ [အုပ်စုငယ်]၏ ပေါ်ထွန်းခြင်းကို အလွန်တောင့်တစောင့်မျှော်လျက်နေကြ၏” ဟုရေးခဲ့သည်။ (ရောမ ၈:၁၉-၂၁) တမန်တော်များဖြစ်သော ယောဟန်နှင့်ပေါလုတို့၏စကားများကို ကျွန်ုပ်တို့ မည်သို့နားလည်သင့်သနည်း။ တစ်ဖန်မွေးဖွားခံရသူများသည် ကောင်းကင်အုပ်ချုပ်မှုတွင် ပါဝင်မည်ဟုနားလည်သင့်သည်။ အဘယ်ရည်ရွယ်ချက်ဖြင့်နည်း။ ကမ္ဘာပေါ်နေထိုင်မည့် အုပ်ချုပ်ခံသန်းပေါင်းများစွာအတွက် ထာဝရအကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးရန်ဖြစ်သည်။ ထို့ကြောင့် “[ဘုရားသခင်၏]နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ” ဟူ၍ဆုတောင်းရန် တပည့်များကို ယေရှုသင်ပေးခဲ့သည်။—မဿဲ ၆:၁၀

ကယ်တင်ခြင်းရမည့် ထိုအုပ်စုနှစ်စုအကြောင်းကို ဟေဗြဲကျမ်းစာစောင်များတွင်လည်း တွေ့ရှိရသည်။ ဥပမာ၊ ယေရှု၏ဘိုးဘေးအာဗြဟံအား ယေဟောဝါပြောဆိုခဲ့ရာကို သတိပြုပါ– “သင်၏အမျိုးအနွယ်[အုပ်စုငယ်]အားဖြင့် လူမျိုးအပေါင်း [အုပ်စုကြီး] တို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်။” (ကမ္ဘာဦး ၂၂:၁၈) မှန်ပါသည်၊ အာဗြဟံ၏ “အမျိုးအနွယ်” အားဖြင့် လူမျိုးအပေါင်း ကောင်းချီးခံစားရမည်။

ထို “အမျိုးအနွယ်” ကား မည်သူနည်း။ ယေရှုခရစ်ဖြစ်ပြီး တစ်ဖန်မွေးဖွားခြင်းခံရသူများ၊ တစ်နည်းအားဖြင့် ဘုရားသခင့်သားများအဖြစ် မွေးစားခံရသူများလည်း ပူးပေါင်းပါဝင်သည်။ “သင်တို့သည် ခရစ်တော်နှင့်ဆိုင်ကြလျှင် အမှန်ပင် အာဗြဟံ၏အမျိုးအနွယ်ဖြစ်” သည်ဟု တမန်တော်ပေါလုရှင်းပြခဲ့သည်။ (ဂလာတိ ၃:၁၆၊ ၂၉) “အမျိုးအနွယ်” အားဖြင့် လူမျိုးအပေါင်းခံစားရမည့်ကောင်းချီးများကား အဘယ်နည်း။ ဘုရားသခင့်မျက်နှာသာ ပြန်လည်ရရှိခြင်းနှင့် ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခြင်း အခွင့်ထူးများဖြစ်သည်။ “ဖြောင့်မတ်သောသူတို့သည် [မြေကြီး]ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်” ဟုဆာလံဆရာဒါဝိဒ် ပရောဖက်ပြုသည်။—ဆာလံ ၃၇:၂၉; ဟေရှာယ ၄၅:၁၈; ဗျာ. ၂၁:၁-၅

မှန်ပါသည်၊ ကောင်းကင်အုပ်ချုပ်မှုသည် လူနည်းစုအတွက်သာဖြစ်သော်လည်း ထိုအုပ်ချုပ်မှုမှခံစားရမည့်အကျိုးကျေးဇူးဖြစ်သော မြေကြီးပေါ်ထာဝစဉ်အသက်ရှင်ခြင်းနှင့် အခြားကောင်းချီးအားလုံးမှာ လူများစွာအတွက်ဖြစ်၏။ သင်နှင့်သင့်မိသားစုသည် ဘုရားသခင့်နိုင်ငံတော်က ဆောင်ကြဉ်းပေးမည့် ထာဝရကောင်းချီးများကို ခံစားရမည့်သူများတွင် ပါဝင်နိုင်ပါစေ။

[စာမျက်နှာ ၁၂ ပါရုပ်ပုံ]

သန်းနှင့်ချီသောလူများသည် ကမ္ဘာပေါ်တွင် ထာဝစဉ်အသက်ရှင်ရမည့် ကောင်းချီးခံစားကြရမည်။ သင်လည်း အပါအဝင်ဖြစ်မည်လော