မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့် နာမတော် အသုံးပြုခြင်းကို ပယ်ဖျက်ရန် ဗာတီကန် ကြိုးပမ်း

ဘုရားသခင့် နာမတော် အသုံးပြုခြင်းကို ပယ်ဖျက်ရန် ဗာတီကန် ကြိုးပမ်း

ဘုရားသခင့် နာမတော် အသုံးပြုခြင်းကို ပယ်ဖျက်ရန် ဗာတီကန် ကြိုးပမ်း

ကက်သလစ်ချာ့ခ်ျအာဏာပိုင်များသည် သူတို့၏ဝတ်ပြုစည်းဝေးပွဲများတွင် ဘုရားသခင့်နာမတော် အသုံးပြုခြင်းကို ပယ်ဖျက်ရန် ကြိုးပမ်းကြသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ဗာတီကန်ရှိ ဝတ်ပြုရေးနှင့် ခရစ်ယာန်ဓမ္မမင်္ဂလာလုပ်ထုံးလုပ်နည်းများကို ကြီးကြပ်သောဌာနသည် ကမ္ဘာတစ်ဝန်းရှိ ကက်သလစ်ဂိုဏ်းအုပ်များထံ ညွှန်ကြားချက်များကို လွန်ခဲ့သောနှစ်တွင် ပေးပို့ခဲ့သည်။ ယင်းကို ပုပ်ရဟန်းမင်း၏ “ညွှန်ကြားချက်အရ” ဆောင်ရွက်ခဲ့သည်။

၂၀၀၈၊ ဇွန် ၂၉ ရက်စွဲတပ်ထားသော ထိုညွှန်ကြားစာတွင် ညွှန်ကြားချက်များနှင့်ဆန့်ကျင်ကာ “အစ္စရေးလူမျိုးတို့ကိုးကွယ်သော ဘုရားသခင်၏ ဟေဗြဲသရလေးလုံး יהוה (YHWH သို့မဟုတ် ယဟဝဟ) ဖြင့်ရေးသားရသည့် တက်တြာဂရမ်မီတန်အဖြစ် လူသိများသော သင့်လျော်သည့်အမည်အား မကြာသေးမီနှစ်များမှစ၍ အသံထွက်ခေါ်ဆိုလာကြ” ခြင်းကို ပြစ်တင်ရှုတ်ချထားသည်။ ဘုရားသခင်၏နာမတော်ကို “ယာဝေး၊” “ယာဝါ၊” “ဂျာဝေး၊” “ဂျာဝါ၊” “ဂျာဗေး၊” “ယီဟိုဝါ” စသည်ဖြင့် အမျိုးမျိုးပြန်ဆိုထားကြောင်း ထိုညွှန်ကြားစာက ထောက်ပြသည်။ * သို့သော် ဗာတီကန်ညွှန်ကြားရေးမှူးရုံးသည် ကက်သလစ်တို့လိုက်နာကျင့်သုံးရသည့်ထုံးစံကို ပြန်လည်ချမှတ်လိုသည်။ ပြောရမည်ဆိုလျှင် တက်တြာဂရမ်မီတန်အစား “သခင်” ဖြင့်အစားထိုးရန်ဖြစ်သည်။ ထို့ပြင် ကက်သလစ်ဘာသာရေးအခမ်းအနားများ၊ ဓမ္မသီချင်းများ၊ ဆုတောင်းချက်များတွင် ဘုရားသခင့်နာမတော် “YHWH (ယဟဝဟ) ကို အသုံးမပြုရန် သို့မဟုတ် အသံထွက်မဆိုရန်” ဖြစ်သည်။

ထိုထုံးစံကိုထောက်ခံရန် ဗာတီကန်ညွှန်ကြားစာတွင် ကက်သလစ်တို့၏ “ရှေးခေတ်မှထုံးတမ်းစဉ်လာ” ကိုဖော်ပြထားသည်။ ခရစ်ယာန်ခေတ်မတိုင်မီအချိန်မှ ဟေဗြဲကျမ်းစာစောင်များ၏ စက်ပ်တွားဂျင့်ဘာသာပြန်ကျမ်းတွင်ပင် ဘုရားသခင့်နာမတော်ကို “သခင်” ဟုအဓိပ္ပာယ်ရှိသည့် ဂရိစကားလုံး ကီရီအော့စ္စဟုသာ အမြဲပြန်ဆိုသည်ဟု ထိုညွှန်ကြားစာတွင်ဆိုထားသည်။ ထို့ကြောင့် “ခရစ်ယာန်များသည်လည်း အသင်းတော်စတင်တည်ထောင်ချိန်မှစ၍ ဘုရားသခင့်နာမတော် တက်တြာဂရမ်မီတန်ကို အသံထွက်ခေါ်ဆိုခြင်းမပြုခဲ့” ဟုထိုစာကဆိုသည်။ သို့သော် ထိုညွှန်ကြားစာပါအချက်များသည် ရှင်းလင်းပြတ်သားလှသောအထောက်အထားကို လျစ်လျူရှုနေခြင်းဖြစ်သည်။ စက်ပ်တွားဂျင့်ကျမ်း၏ အစောပိုင်းမိတ္တူများတွင် ကီရီအော့စ္စမဟုတ်ဘဲ יהוה ဟူသောပုံစံဖြင့် ဘုရားသခင့်နာမတော်ပါရှိသည်။ ခရစ်တော်၏ ပထမရာစုမှနောက်လိုက်များသည် ဘုရားသခင့်နာမတော်ကို သိပြီး အသံထွက်ခေါ်ဆိုခဲ့ကြသည်။ ယေရှုသည် ခမည်းတော်ထံဆုတောင်းရာတွင် “ကိုယ်တော်၏နာမတော်ကို သူတို့အား ကြားသိစေပါပြီ” ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၁၇:၂၆) ထို့ပြင် ကျော်ကြားလှသော စံပြဆုတောင်းချက်တွင်လည်း “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ၊ ကိုယ်တော်၏နာမတော်သည် သန့်ရှင်းမြင့်မြတ်ခြင်းရှိပါစေ” ဟုဆုတောင်းရန် ကျွန်ုပ်တို့အား ယေရှုသင်ကြားပေးခဲ့သည်။—မဿဲ ၆:၉

ထို့ကြောင့် ဘုရားသခင့်နာမတော် သန့်ရှင်းမြင့်မြတ်ခြင်းရှိစေရန်မှာ ခရစ်ယာန်အားလုံး၏ဆန္ဒဖြစ်သင့်သည်။ ဗာတီကန်အနေဖြင့် ဘုရားသခင့်နာမတော်အားအသုံးပြုခြင်းကို ပယ်ဖျက်ရန်ကြိုးပမ်းခြင်းသည် “ထိုအမည်သည် အစဉ်ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမဖြစ်၏” ဟုမိန့်ဆိုခဲ့သော ယေဟောဝါအား မထီလေးစားပြုလိုက်ခြင်းပင်ဖြစ်သည်။—ထွက်မြောက်ရာ ၃:၁၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 အင်္ဂလိပ်ဘာသာစကားတွင် “ယေဟောဝါ [Jehovah]” ဟူသောအမည်ကို ရာစုနှစ်များစွာ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခဲ့ပြီး ဘာသာပြန်ကျမ်းများစွာတွင် အသုံးပြုထားသည်။

[စာမျက်နှာ ၃၀ ပါ အကျဉ်းဖော်ပြချက်]

“ထိုအမည်သည် အစဉ်ငါ့အမည် ဖြစ်၏။” —ထွက်မြောက်ရာ ၃:၁၅

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

အေဒီပထမရာစုရက်စွဲတပ်ထားသော စပ်တွားဂျင့်ကျမ်းအပိုင်းအစ။ များသောအားဖြင့် YHWH ဟု အက္ခရာလှယ်ထားသည့် ဟေဗြဲအက္ခရာလေးလုံးဖြင့် ကိုယ်စားပြုသည့် ဘုရားသခင့်နာမတော်ကို ဝိုင်းပြထား

[Credit Line]

Courtesy of the Egypt Exploration Society